← Chapters

အတွင်းစိတ်မှ ဘီလူးကြီးကို နှိုး

Vol. 17 Ch. 233

အတွင်းစိတ်မှ ဘီလူးကြီးကို နှိုး

Vol. 17 Ch. 233

အမှန်စင်စစ် ဂျိုးဇက် စာအုပ်ဝယ်ရန် သီးသန့်လာခြင်း ဟုတ်မဟုတ်ကို လင်ကျဲ အသေအချာ မသိပေ။ ဗင်းဆင့်တို့အဖွဲ့နှင့် အမိုးခုံး ဘုရားကျောင်းတော် တို့ကြားမှ အခြေအနေမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် မွန်းက သူ့ကို သတင်းပို့ထားပြီးသား ဖြစ်သည်။ နှစ်ဖက်စလုံးမှာ တိုက်ပွဲအတွက် အသင့်ပြင်နေကြပြီး တင်းမာမှုများမှာလည်း အမြင့်ဆုံးသို့ ရောက်ရှိနေကြသည်။

တစ်ဖက်က နောက်ဆုံးတိုက်စစ်အတွက် ပြင်ဆင်နေချိန်တွင် အခြားတစ်ဖက်ကလည်း နောက်ဆုံးယဇ်ပူဇော်ပွဲအတွက် ပြင်ဆင်နေကြသည်။

ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ဂျိုးဇက်အနေဖြင့် စာအုပ်ဝယ်ရန် သက်သက်လာစရာ အကြောင်းရင်း မရှိပေ။ သူသည် မိုက်ကယ်၊ မီးလျှံဓားလမ်းစဉ် တို့နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို မေးမြန်းရန်သာ လာခြင်းသာ ဖြစ်ပေလိမ့်မည်။

‘ဒါပေမဲ့ ငါတို့အားလုံးက တကယ့် လူယုံတွေ ဖြစ်နေကြပြီပဲ... ဆိုင်ထဲ ဝင်လာတာနဲ့ ရုံးကိစ္စတွေချည်းပဲ ပြောဖို့ ဘယ်လိုများ စိတ်ကူးနိုင်ရတာလဲ...’

‘ငါတို့ရဲ့ သံယောဇဉ်က ဒီလောက်တောင် ပါးလျနေလို့လား...’

‘ငါတို့ကြားက နက်နဲတဲ့ ရင်ဖွင့်မှုတွေက စာအုပ်တစ်အုပ်ဖိုးလောက်တောင် တန်ဖိုးမရှိဘူးလား...’

ထို့ကြောင့် ရုံးကိစ္စများ မပြောဆိုမီ လင်ကျဲက သူတို့ကြားရှ ခင်မင်ရင်းနှီးမှုကို ခိုင်မာစေရန်အတွက် ရောင်းဝယ်မှုတစ်ခု အရင်လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

ဘယ်လိုပဲ ဖာဖာ... အဓိက အကြောင်းရင်းကတော့ စာအုပ်ရောင်းလိုခြင်းသာ ဖြစ်ကြောင်းကိုတော့ သူ ဘယ်တော့မှ ဝန်ခံလိမ့်မည် မဟုတ်ချေ။

ဂျိုးဇက်အနေဖြင့် စာအုပ်ဝယ်ရန် အစီအစဉ်မရှိဘဲ လာခဲ့လျှင်ပင် ဤကဲ့သို့ မေးခွန်းထုတ်ခံလိုက်ရပါက လာရင်းကိစ္စကို တန်းပြောရန် အားနာသွားပေလိမ့်မည်။ စာအုပ်တစ်အုပ် ဝယ်ပြီးမှသာ လာရင်းကိစ္စကို ပြောဆိုပေလိမ့်မည်။

ဤနည်းစနစ်မှာ ရင်းနှီးပြီးသား ဖောက်သည်များ၊ အထူးသဖြင့် အကူအညီ လိုအပ်နေသူများကို ပစ်မှတ်ထားရာတွင် အလွန်ထိရောက်လှသည်။

သာမန်ဖောက်သည်တစ်ဦးအဖို့မူ ဤမေးခွန်းမှာ စာအုပ်ဆိုင်သို့ လာရောက်လည်ပတ်ခြင်းအပေါ် ရိုးရိုးသားသား မေးမြန်းခြင်းသာ ဖြစ်ပေလိမ့်မည်။

ဂျိုးဇက်မှာလည်း မျှော်လင့်ထားသည့်အတိုင်းပင် ခေတ္တမျှ မှင်တက်သွားပြီးနောက် ခေါင်းညိတ်လိုက်၏။

“ဟုတ်ပါတယ်... ဟုတ်ပါတယ်... စာအုပ်တစ်အုပ်လောက် ယူဖို့ လာတာပါ... အရင်တစ်ခေါက်က ကျွန်တော့်အတွက် ရွေးပေးခဲ့တဲ့ စာအုပ်က အရမ်းကောင်းပေမဲ့ အထဲက အကြောင်းအရာတွေက နက်နဲလွန်းနေတယ်”

“ကျွန်တော့်ရဲ့ နားလည်နိုင်စွမ်းက မမီသေးဘူးလို့ ပြောရမယ်... ဒါကြောင့် အဲ့ဒီစာအုပ်ကို အပြည့်အဝ အသုံးမချနိုင်ခင်မှာ နောက်ထပ် တိုးတက်မှုတွေ လိုအပ်နေသေးတယ်လို့ ထင်ပါတယ် ခင်ဗျာ”

ဂျိုးဇက် ပထမဆုံး ရရှိခဲ့သည့် စာအုပ်မှာ တိုက်ခိုက်ရေးတွင် အလွန် အထောက်အကူ ပြုသော်လည်း ကိုယ်ပိုင်စွမ်းအားကို မြှင့်တင်ရာတွင်မူ များစွာ ထိရောက်မှု မရှိချေ။ ဒုတိယစာအုပ်မှာမူ အီသာကို အလွန်အမင်း ကုန်ခမ်းစေပြီး ခန့်မှန်းရ ခက်လွန်းလှသည်။ ဟိုညက ဝတ်ရုံဝါခြုံထားသည့် ပုဂ္ဂိုလ်ကို ခေါ်ယူလိုက်ခြင်းကပင်လျှင် ဂျိုးဇက်၏ ခန္ဓာကိုယ်အတွင်းရှိ အီသာ အားလုံးကို ချက်ချင်း ကုန်ခမ်းသွားစေခဲ့သည်။ သာမန်အခြေအနေမျိုးတွင် ထိုသို့လုပ်ဆောင်ခြင်းက သူ့ကို တိုက်ပွဲ ဆက်လက်မဆင်နွှဲနိုင်အောင် ဖြစ်သွားစေပေလိမ့်မည်။

စာအုပ်နှစ်အုပ်လုံးကို သာမန်အခြေအနေများတွင် အသုံးချရန် ခက်ခဲနေလေရာ နှမြောစရာ ကောင်းလှသည်။ ယခုအခါ သူသည် အဆင့်အတန်း မြင့်တက်လာပြီး ယုံကြည်မှုများ ရရှိလာပြီဖြစ်ရာ ရှင်းလင်းသော ရည်မှန်းချက်တစ်လည်းခု ရှိလာခဲ့သည်။ ၎င်းကား အခရာအဆင့် သို့ ရောက်ရှိရန်ပင် ဖြစ်သည်။

‘ဒါတွေကို မစ္စတာလင် သိနေတာပေါ့... အံ့သြနေဖို့ မလိုပါဘူး၊ ဒါက ပုံမှန်ပါပဲ...’

ဂျိုးဇက်သည် သူ ဆိုင်ထဲဝင်ခါနီးတွင်မှ မစ္စတာလင်က မွန်းအား တံခါးပိတ်ခိုင်းလိုက်သည်ကို ရုတ်တရက် သတိရသွားသည်။ မစ္စတာလင်မှာ သူလာမည်ကို ကြိုသိနေပြီး သူ့ကို တမင် စနောက်လိုက်ခြင်းသာ ဖြစ်ကြောင်း သူ ယခုမှ နားလည်သွားတော့သည်။

ဂျိုးဇက်၏ အတွေးများကို လင်ကျဲ မဖတ်နိုင်သော်လည်း သူ့ ကြိုးပမ်းမှု အထမြောက်သွားသဖြင့် ကျေနပ်နေမိသည်။

‘ဒီဦးကြီးကို ကြည့်စမ်း... အခုတော့ ပျာပျာသလဲ ဖြစ်နေပြီ... အရင်ကတော့ ရုံးကိစ္စ ပြောဖို့ လာတာ... ဒါပေမဲ့ တိုက်ရိုက် မပြောနိုင်ဘဲ ငါ့ရဲ့ လမ်းကြောင်းနောက်ကို လိုက်ပြီး စာအုပ်တွေအကြောင်း လျှောက်ပြောနေရပြီ... အခုတော့ အခြေအနေနဲ့ လိုက်လျော ညီထွေအောင်တောင် အတင်း ရှင်းပြနေရပြီ...’

၎င်းမှာ လူကျင့်ဝတ်နှင့် မညီသော်လည်း လင်ကျဲကတော့ ဤအမြတ်ထုတ်မှု အကြောင်းကို တွေးတောရင်း မျက်လုံးများကို မှေးစင်းလျက် လူယုတ်မာ အပြုံးကို ပြုံးလိုက်မိ၏။

“အဟမ်း...”

လင်ကျဲ ချောင်းတစ်ချက် ဟန့်လိုက်ရင်း တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။

“ဒီလို ကိုယ့်ကိုယ်ကိုယ် သိမြင်လာတာက ကောင်းတဲ့ လက္ခဏာတစ်ခုပါပဲ... ဒါပေမဲ့ နောင်ကိုလည်း ခဏခဏ လာခဲ့ပါဦး... လူဆိုတာ အသက်ရှင်နေသရွေ့ သင်ယူနေရဦးမှာပဲ မဟုတ်လား... ဦးကြီး...”

“ကျွန်တော့်ရဲ့ စာအုပ်စုဆောင်းမှုတွေက မနည်းလှပါဘူး... ဒါကြောင့် ဦးကြီး လိုချင်တာကို ပြောရုံပါပဲ... တကယ်လို့ ဦးကြီး လမ်းပျောက်နေတယ်လို့ ခံစားမိရင် စာအုပ်ဆိုင်ကို လာပြီး ကျွန်တော့်ကို ရှာဖို့ ဝန်မလေးပါနဲ့”

လင်ကျဲသည် သူ့ စာအုပ်ဆိုင် ဂုဏ်သတင်းကို မြှင့်တင်ပြောဆိုနေခြင်း ဖြစ်သော်လည်း အမှန်တကယ်တွင်လည်း... ကမ္ဘာပေါ်ရှိ စာပေအားလုံး ရှိနေသဖြင့် ၎င်းမှာ အပိုပြောခြင်းလည်း မဟုတ်ပေ။

ဂျိုးဇက်က စိတ်ရင်းမှန်ဖြင့် ခေါင်းညိတ်လိုက်၏။

“မစ္စတာလင်က အရမ်း နှိမ့်ချလွန်းပါတယ်ဗျာ... မစ္စတာလင်ရဲ့ စာအုပ်ဆိုင်မှာ ရှိတဲ့ စုဆောင်းမှုတွေက ကျွန်တော် အိပ်မက်တောင် မမက်ဖူးတဲ့ အရာတွေပါ”

‘ဒီဦးကြီးကတော့ တကယ်ကို မြှောက်ပင့်ပြောတတ်တာပဲ...’

လင်ကျဲ စိတ်ထဲမှ ကျေနပ်အားရစွာ တွေးလိုက်မိ၏။ ထို့နောက်... လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ပိုက်လျှက် ပုံမှန်ကိုယ်ဟန်ကို ယူလိုက်ကာ ပြုံးလျက် ဆိုလိုက်သည်။

“ဦးကြီး အခု ရောက်နေတဲ့ အဆင့်မှာ သာမန်နည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ဖို့ ကြိုးစားတာက ထူးခြားတဲ့ ရလဒ်တွေ ထွက်လာမှာ မဟုတ်ဘူး... အထူးသဖြင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းမှာပေါ့...”

“ဒါကြောင့် ဦးကြီးရဲ့ အတွင်းစိတ်ထဲမှာ ကိန်းအောင်းနေတဲ့ စွမ်းအင်တွေကို ဖော်ထုတ်ဖို့အတွက် ကျွန်တော် အထူး အကြံပြုလိုပါတယ်...”

လင်ကျဲသည် သူ့ ဘေးရှိ စာအုပ်စင်ပေါ်မှ ‘စိတ်ထဲမှ ဘီလူးကြီးကို နှိုးပါ’ ဟု အမည်ရသည့် စာအုပ်ကို ထုတ်ယူလိုက်သည်။

ဤစာအုပ်၏ စာရေးဆရာမှာ အန်တိုနီ ရော်ဘင် ဖြစ်ပြီး သူသည် စိတ်ဓာတ်မြှင့်တင်ရေး ဟောပြောသူ (Motivational speaker) တစ်ဦး ဖြစ်သည်။ သူ့ကို ကမ္ဘာ့အဆင့်မီ အရည်အချင်းမြှင့်တင်သူ၊ ကမ္ဘာ့ထိပ်တန်း အောင်မြင်မှု လမ်းပြဆရာ နှင့် လူသားတို့၏ စွမ်းအင်များကို ဖော်ထုတ်ပေးသည့် ဆရာသခင် စသည်ဖြင့် ဘွဲ့ထူးများစွာ ပေးအပ်ထားကြသည်။ မည်သို့ပင်ဆိုစေကာမူ အန်တိုနီ ရော်ဘင်မှာ သူ၏ နယ်ပယ်တွင် ဆရာတစ်ဦး ဖြစ်ကြောင်း ပြောစမှတ် ပြုကြသည်။

သူသည် ကမ္ဘာတစ်ဝန်းရှိ သမ္မတများ၊ ခေါင်းဆောင်များနှင့် ကျော်ကြားသူများကို တိုင်ပင်ဆွေးနွေးမှုများနှင့် စိတ်ဓာတ်မြှင့်တင်ရေး သင်တန်းများ ပေးခဲ့သူ ဖြစ်သည်။ ထို့ပြင် အမေရိကန် စစ်တပ်ကိုပင် စိတ်ဓာတ်မြှင့်တင်ရေး သင်တန်း ပေးခဲ့ဖူးသည်။ ဟောပြောချက်များအား အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုအဖြစ် ပြောင်းလဲ၍ အောင်မြင်စွာ ရပ်တည်နိုင်ခြင်းမှာ မလွယ်ကူလှပေ။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင် သူ၏ အပြောကောင်းမှုကို ခန့်မှန်းကြည့်နိုင်ပေသည်။ ထို့ပြင် သူ၏ အောင်မြင်မှုများမှာ လင်ကျဲ ယခု လုပ်ဆောင်နေသည့် အရာများနှင့် များစွာ ဆင်တူနေသည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် သူတို့နှစ်ဦးစလုံးမှာ လူများကို သိပ္ပံနည်းကျ၊ ဖွဲ့စည်းပုံကျကျနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာ အခြေခံများဖြင့် ဆွဲဆောင်နေခြင်းသာ ဖြစ်သည်။ အကယ်၍ အနာနှင့်ဆေး တည့်သွားပါက ရရှိလာနိုင်သည့် အကျိုးအမြတ်များမှာ ကြောက်စရာ ကောင်းလွန်းလှသည်။

အချုပ်အားဖြင့် ဆိုရသော်... စိတ်ဓာတ်မြှင့်တင်ရေး နယ်ပယ်တွင် ဤမျှအဆင့်အထိ ရောက်ရှိနေခြင်းကို ကြည့်ပါက ရော်ဘင်တွင် ထူးခြားသည့် နည်းလမ်းအချို့ ရှိနေမည်မှာ အသေအချာပင်။ ယခု လင်ကျဲက ထိုနည်းလမ်းများကို အသုံးပြုကာ ဦးကြီး ဂျိုးဇက်ကို ဆွဲဆောင်ရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

“လူသားတစ်ယောက်ရဲ့ စွမ်းအင်တွေဟာ တကယ်တော့ ကိုယ့်နောက်ကွယ်မှာရှိတဲ့ အကန့်အသတ်မရှိတဲ့ ဖန်တီးနိုင်စွမ်းတွေထဲမှာပဲ ရှိနေတာပါ... ခန္ဓာကိုယ်ထဲမှာ မဟုတ်ဘဲ ဝိညာဉ်နဲ့ စိတ်ဆန္ဒထဲမှာပေါ့...”

“ဦးကြီးအနေနဲ့ ခန္ဓာကိုယ် ကြံ့ခိုင်ဖို့အတွက် အများကြီး အားစိုက်ခဲ့တယ်ဆိုတာ ကျွန်တော် မြင်နိုင်ပါတယ်... အဲ့ဒါကလည်း တကယ် အကျိုးရှိခဲ့ပါတယ်...”

“ဒါပေမဲ့ အခုချိန်မှာတော့ ဦးကြီးဟာ အတားအဆီးတစ်ခုနဲ့ ကြုံနေရပြီဖြစ်လို့ အတွင်းစိတ်ကို ပြန်ကြည့်ပြီး မိမိကိုယ်ကို ပြန်လည် ရှာဖွေဖို့ လိုအပ်နေပါပြီ...”

‘ဘာပဲဖြစ်ဖြစ်... ဦးကြီးရဲ့ အခုလောက် အသက်အရွယ်ကို ရောက်ရင် နာမည်ကျော် မင်းသားကြီး အာနိုး တောင် ဝိတ်တက်နေလောက်ပြီဗျ...’

ဂျိုးဇက်မှာ ယခင်က ရဲအရာရှိတစ်ဦး ဖြစ်သော်လည်း ယခုအခါ အနားယူထားသူ ဖြစ်ရာ ဤအချိန်ကို မိမိကိုယ်ကိုယ် ပြန်လည် ပျိုးထောင်ရန် အသုံးချသင့်သည်။ ဖြစ်နိုင်လျှင် အာနိုး ဆီကနေ သင်ခန်းစာယူပြီး နိုင်ငံရေးလောကထဲကိုတောင် ခြေစုံပစ် ဝင်ကြည့်သင့်သည်။

လင်ကျဲ စာအုပ်ကို ဂျိုးဇက်ထံ ကမ်းပေးလိုက်ပြီး စိတ်ဓာတ်မြှင့်တင်ရေး စကားများကို ဆက်ပြောလိုက်၏။

“ဘဝမှာ လူတစ်ယောက် ဂရုစိုက်ရမယ့် ပန်းတိုင် နှစ်ခုပဲ ရှိသင့်တယ်... အဲ့ဒါတွေကတော့ ဆင်းရဲဒုက္ခကို ရှောင်ရှားဖို့နဲ့ ပျော်ရွှင်မှုကို ရှာဖွေဖို့ပါပဲ”

“ဒီကိစ္စတွေ အားလုံး ပြီးသွားရင် ဦးကြီးအနေနဲ့ ဘယ်ဘက်ကို ဆက်သွားချင်သလဲဆိုတာကို စဉ်းစားဖို့ ကျွန်တော် အကြံပြုလိုပါတယ်... ဦးကြီး ဆုံးဖြတ်ချက် ခိုင်မာသွားပြီဆိုရင်တော့ ဦးကြီးရဲ့ အတွင်းစိတ်ထဲမှာ ရှိနေတဲ့ ဘီလူးကြီးကို နှိုးထပြီး နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းနိုင်ပါလိမ့်မယ်”

စဉ်းစားရမည့် လမ်းကြောင်းနှင့် ပတ်သက်၍မူ... ဘဝလမ်းပြ ဆရာကြီး လင်ကျဲသည် ထိုအချက်ကို လောလောဆယ် ဝေဝါးစွာသာ ချန်ထားလိုက်သည်။

ဂျိုးဇက်၏ အံ့သြတုန်လှုပ်နေသည့် မျက်နှာနှင့် တစ်စုံတစ်ခုကို သိမြင်သွားသော အမူအရာကို မြင်လိုက်ရသောအခါ လင်ကျဲ ပြုံးလိုက်မိ၏။

‘အရောင်းအဝယ် အောင်မြင်သွားပြီ...’

စာအုပ် ရောင်းရခြင်း၊ မရောင်းရခြင်းက သူ့အတွက် အရေးမကြီးပေ။ အမှန်တကယ် အရေးကြီးသည်မှာ ဂျိုးဇက်ကဲ့သို့ အထီးကျန်နေပြီး လမ်းမှားနေသောသူကို စာဖတ်ခြင်းဖြင့် သူ၏ ဘဝကို မြှင့်တင်နိုင်ကြောင်း အရိပ်အမြွက် ပြောပြနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

ဂျိုးဇက်မှာ ရင်ခုန်သံများ မြန်ဆန်နေပြီး ပါးစပ်များ ခြောက်ကပ်လာသည်။ သူရဲကောင်းတစ်ဦး ဖြစ်လာရန် အရည်အချင်းရှိကြောင်း ပထမဆုံး သိရှိခဲ့ရစဉ်က ခံစားချက်မျိုးကို သူ ပြန်လည် ခံစားလိုက်ရသည်။

ဂျိုးဇက် စာအုပ်ကို ဖွင့်ကြည့်လိုက်၏။ စာအုပ်၏ နာမည်မှာ စိတ်ကူးယဉ် ဝိညာဉ်နယ်မြေ ဖြစ်သည်။ အထဲတွင် ပါဝင်သည့် အကြောင်းအရာများမှာ အလွန်ပင် ဆန်းကြယ်လှပြီး ဂျိုးဇက်၏ ရှေ့မှောက်တွင် မရင်းနှီးသည့် ကမ္ဘာသစ်ဆီသို့ ဦးတည်နေသည့် ဧရာမ တံခါးကြီးများ အသာအယာ ပွင့်လာသကဲ့သို့ ခံစားလိုက်ရသည်။

၎င်းမှာ သူ တစ်ခါမျှ မတွေ့ဖူးသည့် လေ့ကျင့်မှု ပုံစံတစ်ခု ဖြစ်ပြီး ယခင်က သိရှိထားသမျှ အရာအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်သည်။ ၎င်းမှာ စိတ်ဝိညာဉ်ကို အသုံးပြုကာ အီသာကို ပျိုးထောင်ခြင်း ဖြစ်ပြီး စိတ်ကူးစိတ်သန်းများကို အသုံးပြုကာ မိမိ၏ ပုန်းကွယ်နေသော စွမ်းအင်များကို ဖော်ထုတ်ခြင်း ဖြစ်သည်။ ထိုလုပ်ငန်းစဉ်ကို အကြိမ်ကြိမ် ပွားများခြင်းဖြင့် ဝိညာဉ်အတွင်း၌ ခိုင်မာလှသော ခံတပ်ကြီးတစ်ခုကို တည်ဆောက်လာနိုင်မည် ဖြစ်ကာ ၎င်းကို အခြေခံ၍ သူ၏ စွမ်းအားများကို တိုးမြှင့်နိုင်မည် ဖြစ်သည်။

ထိုအရာမှာ အခရာအဆင့် တစ်ဦး၏ စွမ်းအားနှင့်ပင် နှိုင်းယှဉ်နိုင်သည် မဟုတ်ပါလား...။

***

All Chapters