← Chapters

အသိပညာ

Vol. 17 Ch. 234

အသိပညာ

Vol. 17 Ch. 234

ဂျိုးဇက်သည် စာအုပ်ထဲတွင် ပါဝင်သော အကြောင်းအရာများ၏ ဆွဲဆောင်မှုတွင် နစ်မျောနေခဲ့၏။ စာလုံးတစ်လုံးချင်းစီကို စိုက်ကြည့်လိုက်သည့် ခဏမှာပင် အချက်အလက်အားလုံးသည် သူ၏ အတွေးများထဲသို့ ရေပမာ စီးဝင်လာပြီး ပြည့်နှက်သွားသည်။ စဉ်းစားနေရန် မလိုသလို ဤအသိပညာများကို ရယူရန်လည်း အားထုတ်နေစရာ မလိုချေ။ ပင်ပန်းဆင်းရဲစွာ လေ့လာရခြင်းမျိုး လုံးဝမရှိဘဲ၊ စီးဝင်လာသမျှ အသိပညာများကို အမြဲတမ်း တက်ကြွစွာ လက်ခံရရှိနေခြင်း ဖြစ်သည်။

၎င်းမှာ အလွန်ပင် သာယာကြည်နူးဖွယ်ကောင်းသော ခံစားချက်မျိုး ဖြစ်၏။ ဂျိုးဇက်၏ အသိစိတ် အဆင့်ဆင့်နှင့် ဝိညာဉ်မှာ တဖြည်းဖြည်း ပြည့်နှက်လာပြီး ပြန့်ကားလာသကဲ့သို့ ခံစားရသည်။ သူ၏ ခွန်အားများမှာ အကန့်အသတ်မရှိ တိုးပွားနေသော်လည်း ထိန်းချုပ်မှုအောက်တွင် ရှိနေကာ အရာအားလုံးကို အလွယ်တကူ နားလည်သဘောပေါက်နိုင်လာသည်။

သို့သော်လည်း... ဂျိုးဇက်သည် ဤသိမြင်မှုလှိုင်းလုံးများကြားတွင် အသိစိတ် ပျောက်ဆုံးမသွားစေရန် စိတ်ကို တင်းထားလိုက်သည်။ သူ သတိပြန်ကပ်လိုက်ပြီး စာအုပ်မှ အကြည့်ကို ချက်ချင်း ခွာလိုက်သည်။ သူ ထိုသို့ လုပ်ဆောင်လိုက်သည်နှင့် တစ်ပြိုင်နက် အသိပညာများ စီးဝင်လာမှုမှာလည်း ရပ်တန့်သွားတော့သည်။

ဂျိုးဇက် အတွေးများကို အနည်းငယ် ပြန်လည် စုစည်းလိုက်၏။ "စိတ်ကူးယဉ် ဝိညာဉ်နယ်မြေ" ၏ စွမ်းအားမှာ စိတ်ပိုင်းဆိုင်ရာ သက်သက်သာ မဟုတ်ကြောင်း သူ နားလည်သွားသည်။ ၎င်းက ပထမဦးစွာ 'ဝိညာဉ်နယ်မြေ' ဟု အမည်ရသော နယ်ပယ်တစ်ခုကို တည်ဆောက်ပြီး ၎င်းအတွင်း၌ နိယာမ အသစ်များကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။

ထို့နောက် စိတ်ကူးစိတ်သန်းများကို အသုံးပြုကာ ပုန်းကွယ်နေသော စွမ်းအင်များကို ဖော်ထုတ်ပြီး မရေမတွက်နိုင်သည့် အစွမ်းထက် 'စိတ်ကူးပုံရိပ်' များကို ပေါင်းစပ်ကာ တိုက်ပွဲတွင် အသုံးပြုနိုင်သည်။ သို့သော်လည်း... တစ်ဖက်လူက ဤဝိညာဉ်နယ်မြေ၏ နိယာမများကို ထိုးဖောက် မြင်သွားပါက သို့မဟုတ် ဝိညာဉ်နယ်မြေကို ထိန်းထားရန် စွမ်းအင် မလုံလောက်ပါက ထိုစိတ်ကူးပုံရိပ်များသည် ခဏချင်းအတွင်း ပြိုလဲပျက်စီးသွားပေလိမ့်မည်။

သို့သော်လည်း... ၎င်း၏ စွမ်းအားမှာ အဆပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ ပွားများနိုင်သဖြင့် တိုက်ပွဲကို အချိန်တိုအတွင်း အပြတ်အသတ် အနိုင်ယူနိုင်သည်။ ဤဝိညာဉ်နယ်မြေအတွင်း တည်မြဲနိုင်မည့် အချိန်မှာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အီသာ ပမာဏအပေါ်တွင်သာ မူတည်သည်။

ဂျိုးဇက်သည် ဖျက်ဆီးခြင်းအဆင့် နှင့် အခရာအဆင့် ကြားရှိ နယ်ခြားစည်းမှာ "နိယာမ" များပင် ဖြစ်ကြောင်း မှေးမှိန်စွာ ခံစားလိုက်ရသည်။ နိယာမများကို ကျွမ်းကျင်ပိုင်နိုင်ခြင်းကသာလျှင် အခရာအဆင့်သို့ တက်လှမ်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်၏။

ဥပမာအားဖြင့်… ဟိုတစ်လောက နော်ဇင်တွင် သောင်းကြမ်းခဲ့သည့် အခရာအဆင့်ရှိ မိုးနတ်မင်းသည် မိုးကြိုးနှင့် လျှပ်စီး၏ နိယာမများကို ပိုင်ဆိုင်ထားသည်။ အမိုးခုံး ဘုရားကျောင်းတော်၏ ပုပ်ရဟန်းမင်းကြီးသည်လည်း နတ်ဘုရားများထံမှ တိုက်ရိုက် အာဏာကို အပ်နှင်းခံထားရသည်။ သို့သော် ၎င်းသည်လည်း နိယာမများဖြင့် ဖွဲ့စည်းထားသော စွမ်းအားတစ်ခုပင် ဖြစ်သည်။

မစ္စတာလင် ယခု ပေးလိုက်သည့်အရာမှာ ထိုတံခါးကို ဖွင့်နိုင်မည့် သော့ချက်တစ်ခု ဖြစ်ကြောင်း ဂျိုးဇက် နားလည်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ အတွေးများမှာလည်း ရှင်းလင်းသွားသည်။ ဤစာအုပ်များထဲမှ အသိပညာများမှာ လူများ လာရောက်သင်ယူသည်ကို စောင့်ဆိုင်းနေခြင်း မဟုတ်ဘဲ တစ်ဦးတစ်ယောက်၏ လိုလားချက်အပေါ် မူတည်၍ ထုတ်ပေးနေခြင်း ဖြစ်သည်။

မစ္စတာလင် ယခင်က ပြောခဲ့ဖူးသလိုပင်။

"မင်းက စာအုပ်ကို ဖတ်နေတဲ့ အချိန်မှာ စာအုပ်ကလည်း မင်းကို ပြန်ကြည့်နေတာပဲ..."

ဤအသိပညာများမှာ သက်ရှိများ ဖြစ်ကြသည်။ ၎င်းတို့ စိတ်ထဲသို့ စီးဝင်လာသည့်အခါ ခန္ဓာကိုယ် အတွင်း သွေးအသစ်များ ထိုးသွင်းလိုက်သကဲ့သို့ပင်။ ၎င်းတို့မှာ တစ်နေရာရာတွင် ပုန်းအောင်းနေကာ အရာရာကို ဝါးမြိုရန် စောင့်ဆိုင်းနေသကဲ့သို့ ခံစားရသည်။

အခြားတစ်ဖက်တွင်မူ... လင်ကျဲမှာ ဂျိုးဇက် စာအုပ်အား စိတ်ဝင်တစား ဖတ်နေသည်ကို ကြည့်ရင်း လျှို့ဝှက် ဆန်းကြယ်သည့််အပြုံးကို ထိန်းထားရလွန်းသဖြင့် မျက်နှာကြွက်သားများပင် တောင့်တင်းနေပြီ ဖြစ်သည်။ ဤလူကြီးကို အနှောင့်အယှက် မပေးသင့်ဟု ယူဆကာ သူ ရေတစ်ခွက် သောက်ရန် ထလိုက်သည်။

ဘေးတွင် ရပ်နေသည့် မွန်းမှာ လင်ကျဲ၏ လှုပ်ရှားမှုကို မြင်လိုက်ရသောအခါ ရေငှဲ့ပေးရန် ကြိုးစားလိုက်သော်လည်း လင်ကျဲက လက်ပြတားလိုက်ပြီး သူကိုယ်တိုင် လုပ်နိုင်ကြောင်း ပြုံးပြလိုက်သည်။

မည်သို့ပင် ဆိုစေ... မွန်းမှာ မကြာသေးမီက အတော်လေး အလုပ်များနေခဲ့သည်။ သူမသည် ဘေးအိမ်မှ စာအုပ်ကဖေးကိုလည်း ကောင်းမွန်စွာ စီမံနေသလို အမိုးခုံး ဘုရားကျောင်းတော်အား ကိုင်တွယ်ရန် အစီအစဉ်များ ချမှတ်ရာတွင်လည်း ဗင်းဆင့်ကို ကူညီပေးနေရသည်။ သူမသည် အိမ်မှုကိစ္စတွင်ရော လူမှုရေးနယ်ပယ်တွင်ပါ ထူးချွန်သည့် မိန်းကလေးတစ်ဦး ဖြစ်ရ် လင်ကျဲအနေဖြင့် သူမကို အမြဲတမ်း အခိုင်းခံနေရသူအဖြစ် ထားရှိရန် အားနာမိသည်။

‘အဟမ်း...’

ထို့ပြင်... ဤရက်ပိုင်းအတွင်း စာအုပ်ကဖေးမှ ရရှိသော ဝင်ငွေမှာ သူ နှစ်ပေါင်းများစွာ စာအုပ်ရောင်း၍ ရသော ဝင်ငွေထက်ပင် ပိုများနေသေးသည်။ ယုံကြည်သူများ စုဝေးရာ နေရာဖြစ်သော်လည်း လက်ဖက်ရည်ဖိုးကိုတော့ ကောက်ခံရသည် မဟုတ်ပါလား...။ ဤမျှ အရည်အချင်းရှိသည့် လက်ထောက်ကို ကောင်းကောင်း ဆက်ဆံရပေမည်။

လင်ကျဲသည် ရေတစ်ခွက်နှင့် ပြန်လာသောအခါ ဂျိုးဇက်မှာ စာအုပ်ကို စိုက်ကြည့်ရင်း ငိုင်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။

‘ဟင်း... အလေးအနက် ဖတ်တာ ကောင်းပေမဲ့... ဒီအတိုင်းဆိုရင် ရုံးကိစ္စ ပြောဖို့ အချိန်ရတော့မှာ မဟုတ်ဘူး...’

လင်ကျဲ ပြတင်းပေါက် အပြင်ဘက်မှ ကောင်းကင်ယံကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဂျိုးဇက်အနားသို့ တိုးသွားကာ မေးလိုက်သည်။

“ဦးကြီး... ဘယ်လိုလဲ... တစ်ခုခု သိမြင်သွားတာမျိုး ရှိလား... ဒါမှမဟုတ် နားလည်ရ ခက်နေလား... ကိုယ့်ကိုယ်ကို အတင်းအကျပ် မလုပ်ပါနဲ့... ဒီလိုအရာမျိုးတွေက ဇွတ်လုပ်လို့ မရဘူး... သဘာဝအတိုင်းပဲ လွှတ်ထားလိုက်၊ မဟုတ်ရင် ပင်ပန်းရုံတင်မကဘဲ ရလဒ်ကလည်း ပြောင်းပြန် ဖြစ်သွားလိမ့်မယ်”

လင်ကျဲသည် ထိုသို့ပြောရင်း ဂျိုးဇက်၏ ပုခုံးကို အသာအယာ ပုတ်လိုက်၏။ ဂျိုးဇက် ချက်ချင်းပင် သတိပြန်ဝင်လာပြီး နဖူးတွင် ချွေးစေးများ ပျံနေတော့သည်။

‘တကယ့်ကို ကြောက်စရာကောင်းလိုက်တာ...’

ထိုအတိုင်း နောက်ထပ် အနည်းငယ် ဆက်သွားခဲ့လျှင် ထိုအသိပညာများ၏ ဝါးမြိုခြင်း ခံလိုက်ရမည်မှာ အသေအချာပင် ဖြစ်သည်။ သို့သော်လည်း... သူ မသေချာသည်မှာ အသိပညာများက သူ့ကို ဝါးမြိုနေခြင်းလား သို့မဟုတ် သူ၏ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းများကပင် သူ့ကို ပြန်လည် ဝါးမြိုနေခြင်းလား ဆိုသည်ကိုပင်။

‘ဒီအသိပညာတွေက... လူသားတွေကို ပြန်ဖမ်းစားနေသလိုပဲ...’

အမှန်စင်စစ် စွမ်းအားကြီးလေလေ အန္တရာယ် ပိုများလေလေပင်။ အထူးသဖြင့် မစ္စတာလင်ဆီက စာအုပ်များမှာ ပို၍ အန္တရာယ်များသည်။ မစ္စတာလင်၏ အချိန်မီ သတိပေးချက်သာ မရှိပါက ဂျိုးဇက် သေဆုံးသွားနိုင်ပေသည်။

ဂျိုးဇက်က အလျင်အမြန် ခေါင်းညိတ်ပြီး ပြောလိုက်၏။

“မစ္စတာလင် ပြောတာ မှန်ပါတယ်... ကျွန်တော် နည်းနည်း စိတ်လောသွားတယ်... ပိုပြီး သတိထားသင့်တာပါ... ဒါမျိုးတွေက တဖြည်းဖြည်းချင်းပဲ လုပ်ဆောင်သွားရမှာပါ”

လင်ကျဲက ခေါင်းညိတ်လိုက်၏။

“ဟုတ်တာပေါ့... ခင်ဗျား ပြောတာ မှန်ပါတယ်... သတိမလွတ်ပါစေနဲ့... ဒါဆို ဒီစာအုပ်ကို...”

ဂျိုးဇက်က လင်ကျဲ၏ အလိုကို ချက်ချင်း နားလည်လိုက်သည်။

“ကျွန်တော် ယူပါ့မယ်...”

လင်ကျဲ၏ အပြုံးမှာ ပိုမို တောက်ပသွားပြီး စာအုပ်ကို ယူကာ ကျွမ်းကျင်စွာ ထုပ်ပိုးပေးလိုက်၏။ ငွေကို တစ်ဖက်က လက်ခံရင်း စာအုပ်ကို ကမ်းပေးကာ မှာကြားလိုက်သည်။

“ဒီစာအုပ်ထဲမှာ ပြောထားသမျှကိုပဲ အကြွင်းမဲ့ မယုံကြည်ပါနဲ့ဦး... ခင်ဗျားမှာ ကိုယ်ပိုင် အတွေးအခေါ်လည်း ရှိရမယ်... မျက်ကန်းယုံကြည်မှုက လမ်းဆုံးကိုပဲ ရောက်သွားစေလိမ့်မယ်...”

ဂျိုးဇက်က လင်ကျဲ၏ ဆုံးမစကားကို နှလုံးသွင်းထားမည်ဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ စကားပြောနေသည်မှာ အတန်ကြာသွားသဖြင့် လင်ကျဲမှာ ဂျိုးဇက် ပြောချင်နေသော 'ရုံးကိစ္စ' ကို သတိရသွားသည်။ ဂျိုးဇက်ကမူ လင်ကျဲ ပြောသမျှကိုသာ ခေါင်းညိတ်နေပြီး လင်ကျဲက မမေးမချင်း ပြောမည့်ပုံ မပေါ်ချေ။

ထို့ကြောင့် လင်ကျဲက ချောင်းတစ်ချက်ဟန့်ရင်း မေးလိုက်၏။

“ဒါနဲ့ ဦးကြီးတို့ဘက်က အခြေအနေ ဘယ်လိုလဲ... ပြင်ဆင်မှုတွေ အဆင်ပြေရဲ့လား...”

ဂျိုးဇက် လက်ရှိ အခြေအနေအားလုံးကို မစ္စတာလင်အား ရှင်းပြလိုက်သည်။ နောက်ထပ် လုပ်ဆောင်ရမည့် အဆင့်မှာ ချယ်ရီ ရရှိထားသော အရေးကြီး သက်သေများကို ထုတ်ပြန်ရန်နှင့် အမိုးခုံး ဘုရားကျောင်းတော်မှာ ယုံကြည်သူများကို ထိန်းချုပ်ရန် လပြည့်ဝန်း အဆီအနှစ်ကို အသုံးပြုနေကြောင်း ဖွင့်ချရန် ဖြစ်သည်။ ထို့နောက်... အမိုးခုံး ဘုရားကျောင်းတော်၏ ဗဟိုဝတ်ပြုဆောင်ကို ဝိုင်းရံပိတ်ဆို့ကြမည် ဖြစ်သည်။

လင်ကျဲက ခေါင်းညိတ်ပြပြီး အရိပ်အမြွက် အချို့ ပေးလိုက်၏။

“ဦးကြီးတို့ အကောင်းဆုံး ကြိုးစားရုံပါပဲ... ဂါဘရီရယ် ဆိုတဲ့ လူနဲ့ ပတ်သက်လို့တော့ သူက သိပ်ပြီး ကြီးမားတဲ့ ခြိမ်းခြောက်မှု မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်... ဒါကြောင့် စိတ်မပူပါနဲ့...”

ဂျိုးဇက်နှင့် ကျန်ရှိသူများအား ယုံကြည်မှု ရှိစေရန် သူက အရင်ပြောလိုက်ခြင်း ဖြစ်သည်။ တိုက်ပွဲ မစတင်ခင် အခြားသူများကိုမူ စိတ်ဓာတ်မကျစေချင်ပေ။ ကျန်ရှိသော ကိစ္စများအတွက်မူ သူကိုယ်တိုင်အပေါ်မှာသာ မူတည်တော့သည်။

...

ဂျိုးဇက်ကို ပြန်လည် ပို့ဆောင်ပေးပြီးနောက် မိုးချုပ်လာပြီ ဖြစ်သဖြင့် လင်ကျဲ ဆိုင်ပိတ်ရန် ဆုံးဖြတ်လိုက်သည်။ ယနေ့တွင် သူသည် စမ်းသပ်မှုတစ်ခုကို စတင်တော့မည် ဖြစ်သည်။ ၎င်းမှာ အိပ်မက်ဘုံကို လက်တွေ့ကမ္ဘာအတွင်းသို့ ချဲ့ထွင်ရန် ကြိုးစားခြင်း ဖြစ်သည်။

ယခင်က လင်ကျဲ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးသော်လည်း အသေးစား ကြိုးစားမှုများသာ ဖြစ်သည်။ အစပိုင်းတွင် သူ အိပ်ခန်းအတွင်း၌ လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် စာအုပ်ဆိုင်အတွင်း ထို့နောက် အခြားသူများ၏ အိပ်မက်များအတွင်းသို့ ကူးပြောင်းကာ နယ်မြေချဲ့ထွင်ရန် သင်ယူခဲ့သည်။

စမ်းသပ်မှုမှာ အလွန် အောင်မြင်ခဲ့သည်။ ယခုအခါ၌ သူသည် တမန်တော်တစ်ဦး၏ အိပ်မက်အတွင်းမှတစ်ဆင့် ဗဟိုဝတ်ပြုဆောင်၏ တည်နေရာကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်ရာ ထိုဗဟိုဝတ်ပြုဆောင် တစ်ခုလုံးကို သူ၏ ကိုယ်ပိုင် အိပ်မက်အတွင်းသို့ ထည့်သွင်းရန် ကြိုးစားတော့မည် ဖြစ်သည်။

ဤလုပ်ငန်းစဉ်မှာ ရက်အနည်းငယ် ကြာမြင့်နိုင်သဖြင့် သူသည် မွန်းအား အိပ်ခန်းအနားသို့ မလာရန် ကြိုတင် အသိပေးထားလိုက်သည်။

သူသည် တံခါးပိတ် ကျင့်ကြံခြင်း အခြေအနေထဲသို့ ဝင်ရောက်တော့မည် ဖြစ်သည်။

***

All Chapters