အမိုးခုံးထက်မှ ဘုရားတု
Vol. 17 Ch. 235
လင်ကျဲသည် အခန်းအလယ်တွင် ရပ်နေမိသည်။ သူ့ရှေ့မှ မြင်ကွင်းမှာ ယခင်အတိုင်းပင် ဖြစ်၏။
သစ်သားကြမ်းခင်း၊ စာအုပ်စင်များ၊ ဟောင်းနွမ်းနေသော စာအုပ်များထံမှ ထွက်ပေါ်လာသည့် မှိုနံ့သင်းသင်းနှင့် ပြတင်းပေါက်မှ ဖြတ်သန်းလာသော နေရောင်ခြည်အောက်မှ သစ်ပင်ရိပ်များ...
ပထမဆုံး ဖန်တီးခဲ့သည့် အိမ်မက်နှင့် မတူသည့် အရာ တစ်ခုက ယခု အိမ်မက်၏ အသေးစိတ် ကျနမှုနှင့် ပြီးပြည့်စုံမှုမှာ အခြားတစ်ဆင့်သို့ ရောက်ရှိနေခြင်းပင်...။
ပုံရိပ်ပြတ်သားမှုမှာ (1080p) အဆင့်သို့ မြှင့်တင်ထားသကဲ့သို့ ရှိပြီး လက်တွေ့လောကနှင့် ဘာမျှ မခြားနားတော့ချေ။
ထို့အပြင် ဆိုဖာဘေးရှိ ကော်ဖီစားပွဲပေါ်တွင် ဓားတစ်လက်၊ မှတ်တမ်းမှတ်ရာ စာရွက်စာတမ်း အထပ်လိုက်နှင့် စာအုပ်တစ်အုပ် ရှိနေသည်။
ထိုအရာမှာ သူ၏ 'အိမ်မက် လက်တွေ့နယ်ပယ် ချဲ့ထွင်ခြင်း' ကြိုးပမ်းမှု၏ ရလဒ်ပင် ဖြစ်သည်။ ပို၍ ရှင်းရှင်းလင်းလင်း ဆိုရလျှင်... လက်တွေ့လောကမှ ပစ္စည်းများကို အိမ်မက်ထဲသို့ ထည့်သွင်းခြင်းပင် ဖြစ်၏။ စာရွက်စာတမ်းများ အခိုးခံရမည်ကို စိုးရိမ်ခြင်း၊ ဓားကို အမြဲတစေ သယ်ဆောင်သွားရန် ခဲယဉ်းခြင်းတို့ကြောင့် လင်းကျဲသည် ၎င်းတို့ကို အိမ်မက်ထဲသို့ ပုံရိပ်ယောင်အဖြစ် ထည့်သွင်းကာ အိပ်ပျော်နေစဉ်အတွင်း လေ့လာဆန်းစစ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ကိုယ်ပိုင် အိပ်မက်ဘုံ အဆောက်အအုံကို အောင်မြင်စွာ တည်ဆောက်ပြီးနောက်တွင် လင်ကျဲသည် အိပ်ပျော်သွားတိုင်း အခြား အိမ်မက်များ မက်လေ့မရှိတော့ဘဲ ဤအိမ်မက်ကမ္ဘာထဲ၌သာ နိုးထ လာတော့သည်။ ဤနေရာမှာ သူ့အတွက် ဂိမ်းထဲမှ ဆေ့ဗ်ပွိုင့် သို့မဟုတ် လုံခြုံရာ ဂေဟာတစ်ခုကဲ့သို့ပင်။
လင်ကျဲ အောက်ထပ်သို့ ဆင်းလာပြီး တံခါးဆီသို့ လျှောက်သွားကာ ဖွင့်လိုက်သည်။
လငပုပ် တမန်တော် ဘတ်ခ် တစ်ယောက် မည်သို့မျှ ဖွင့်မရခဲ့သော ထိုတံခါးမှာ လင်ကျဲအတွက်မူ အလွယ်တကူပင် ပွင့်သွား၏။ သို့သော်လည်း... တံခါးအပြင်ဘက်တွင် သူ့ကို စောင့်ကြိုနေသည်မှာ တောက်ပသော နေရောင်ခြည် မဟုတ်သလို အပေါ်ထပ် ပြတင်းပေါက်မှ မြင်နေရသည့် လေသာပင်ကြီးလည်း မဟုတ်ပေ။
၎င်းအစား ဖြူဖွေးအေးစက်နေသည့် စင်္ကြံလမ်းရှည်ကြီးတစ်ခုကိုသာ တွေ့လိုက်ရသည်။
နံရံဆေးဖြူများ သုတ်လိမ်းထားသည့် ထိုစင်္ကြံလမ်းမှာ အလွန်ပင် လက်ရာမြောက်လှပြီး မြင့်မြတ်သော အငွေ့အသက်များဖြင့် လွှမ်းခြုံထားသည်။ မျက်နှာကျက်မှာ ဆယ်မီတာခန့် မြင့်မားကာ အလွန်ပင် ကျယ်ဝန်းလှသည်။
ဘေးတစ်ဖက်တစ်ချက်ရှိ နံရံများတွင် နှင်းဆီပုံဖော်ထားသည့် ရောင်စုံမှန်ပြတင်းများ၊ နံရံဆေးရေးပန်းချီများ၊ ကျောက်ခက်နွယ်များ၊ ရုပ်ထုများဖြင့် တန်ဆာဆင်ထား၏။ တောက်ပြောင်နေသည့် ကြမ်းပြင်သည် ကျူးကျော်ဖျက်ဆီး၍ မရနိုင်လောက်အောင် သန့်စင်မွန်မြတ်သည့် မြင်ကွင်းတစ်ခုကို ဖန်တီးထားသည်။
ဤနေရာသည်ကား အမိုးခုံး ဘုရားကျောင်းတော် ဗဟိုဝတ်ပြုဆောင်၏ မြင့်မြတ်လှသော စင်္ကြံဆောင်ပင် ဖြစ်သည်။
အပေါ်စီးမှ ကြည့်လျှင် အဆောက်အအုံတစ်ခုလုံး၏ ညာဘက် အောက်ခြေတွင် ရှိနေသည်။ ဤနေရာကို အလှအပအတွက် သီးသန့်ရည်ရွယ် တည်ဆောက်ထားခြင်းဖြစ်ပြီး တော်ဝင် မျိုးနွယ်ဝင် ဝတ်ပြုသူများ ရောက်ရှိလာပါက မမေ့နိုင်စရာ ပထမဆုံး အထင်အမြင်ကို ပေးစွမ်းရန် အသုံးပြုလေ့ရှိသည်။
ထိုမှတစ်ဆင့် ရှေ့သို့ ဆက်သွားပါက ဘုရားကျောင်းတော်၏ အဓိက ဝတ်ပြုဆောင်သို့ ရောက်ရှိမည် ဖြစ်သည်။ ထို့အပြင် ပုပ်ရဟန်းမင်းကြီး၏ ဘာသာရေး ရုပ်တုများနှင့် အမွေအနှစ် ပစ္စည်းများ ထိန်းသိမ်းရာ နေရာများ၊ သာသနာ့ဝန်ထမ်းများ နေထိုင်ရာ နေရာများလည်း ပါဝင်သည်။
ဘုရားကျောင်းတော် တစ်ခုလုံး၏ ပုံသဏ္ဌာန်မှာ လခြမ်းပုံစံ ရှိပြီး ထိုလခြမ်း၏ ထိပ်ဖျားပိုင်းတွင် ပုပ်ရဟန်းမင်းကြီးနှင့် တမန်တော်များသာ ဝင်ခွင့်ရှိသည့် အတွင်းခန်းတစ်ခု ရှိလေသည်။
ထိုအရာကား... လင်ကျဲ ဖန်တီးထားသည့် ဒုတိယမြောက် အိပ်မက်ဘုံဖြစ်ပြီး သူ၏ အိမ်မက်မူဘောင်အပြင်ဘက်မှ ပထမဆုံးသော ဆုံမှတ်တစ်ခုလည်း ဖြစ်သည်။
အမှန်စင်စစ် ဤနေရာသည် အိမ်မက်မျှသာ ဖြစ်သေး၏။
အခြားသူများ၏ အိမ်မက်ထဲသို့ ဝင်ရောက်ခြင်း၊ လွှမ်းမိုးခြင်း၊ လမ်းညွှန်ခြင်းနှင့် သိမ်းပိုက်ခြင်း အစရှိသည့် အဆင့်ဆင့်ကို လုပ်ဆောင်ရန် လင်ကျဲ နှစ်ပတ်ခန့် အချိန်ယူခဲ့ရသည်။
ပထမဆုံး အဆင့်နှစ်ဆင့်ကို အချိန်အကြာဆုံး ပေးခဲ့ရသည်။ အကြောင်းမှာ လင်ကျဲအနေဖြင့် တမန်တော်တစ်ဦး၏ အိမ်မက်ထဲသို့ တိတိကျကျ ရောက်ရှိရန်အတွက် အတိုင်းအဆမရှိသော အိမ်မက်များကြားမှ မှန်ကန်သော ဆက်သွယ်မှုကို ရှာဖွေခဲ့ရသောကြောင့် ဖြစ်သည်။
သို့သော် ဤအလုပ်၏ ခက်ခဲပုံကို သူက ဆစ်ဗာကို ညည်းပြသည့်အခါ ဆစ်ဗာက ဘာမျှ ပြန်မပြောဘဲ ထုံအသည့် ကလေးတစ်ယောက်ကို ကြည့်သကဲ့သို့ စိတ်ပျက်လက်ပျက် အကြည့်မျိုးဖြင့်သာ ကြည့်ခဲ့သည်။ ထိုအစောပိုင်း အဆင့်များမှာ အမှန်တကယ်တွင် အလွန်လွယ်ကူသင့်သော်လည်း သူကသာ အချိန်အလွန်အကျွံ ပေးခဲ့မိခြင်း ဖြစ်ကြောင်း နောက်ပိုင်းတွင်မှ လင်ကျဲ သဘောပေါက် သွားခဲ့သည်။
ဆစ်ဗာအနေဖြင့် သူ့ကို ပါရမီမရှိသူဟုပင် မှတ်ယူပေလိမ့်မည်။ ကံကောင်းထောက်မစွာပင်... ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးထားသည့် တပည့်ဖြစ်နေသဖြင့် ဆစ်ဗာအနေဖြင့် ဤအချက်ကို မတတ်သာဘဲ လက်ခံထားရပုံရသည်။
နောက်ပိုင်း အဆင့်များမှာမူ ရှေ့နှစ်ဆင့်ထက်စာလျှင် ပို၍ လွယ်ကူလှသည်။
အိမ်မက်အများစုမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေတတ်သဖြင့် သတင်းအချက်အလက် ရရှိရန် ခဲယဉ်းသော်လည်း တမန်တာ် တစ်ဦး၏ အိပ်မက်ဘုံကို အတည်ပြုနိုင်ပြီးသည်နှင့် သူ ချက်ချင်းပင် မှတ်သားထားလိုက်သည်။ ထို့နောက် ထိုအိမ်မက်ကို စတင်လမ်းညွှန်မှု ပြုတော့သည်။
အမိုးခုံး ဘုရားကျောင်းတော်မှ တမန်တော်တစ်ဦးအဖို့ အိမ်မက်ထဲတွင် ဘုရားကျောင်းတော် ပေါ်လာခြင်းမှာ ထူးဆန်းသည်မဟုတ်။ ထိုတမန်တော်၏ အိမ်မက်ထဲတွင် ဘုရားကျောင်းတော် ပုံရိပ် ထပ်ခါတလဲလဲ ပေါ်လာစေရန် လင်ကျဲ လမ်းညွှန်ပြီး ပြည့်စုံသော အိပ်မက်ဘုံတစ်ခု ဖြစ်ပေါ်လာသည်အထိ လုပ်ဆောင်ခဲ့သည်။
သို့သောလေည်း... တစ်စုံတစ်ခုသော အကြောင်းကြောင့် လင်ကျဲ ထိုအိမ်မက်ကို အောင်မြင်စွာ ခွဲထုတ် သိမ်းပိုက်ပြီးနောက်တွင် ထိုတမန်တော်၏ တည်ရှိမှုကို ရှာမတွေ့နိုင်တော့ချေ။
ထိုအရာကို လင်ကျဲ ဇဝေဇဝါ ဖြစ်မိသော်လည်း သူ၏ ရည်မှန်းချက်မှာ အောင်မြင်သွားပြီ ဖြစ်လေရာ သိပ်တော့ ဂရုမစိုက်တော့ပေ။ ယခုအခါ နောက်ဆုံးအဆင့် တစ်ခုသာ ကျန်တော့သည်။ ၎င်းကား အိပ်မက်ဘုံကို လက်တွေ့လောကနှင့် ထပ်တူကျစေခြင်းပင် ဖြစ်သည်။
အိမ်မက်ဆိုသည်မှာ အနတ္တမျှသာ ဖြစ်သည်။ မည်မျှပင် လက်တွေ့ကျနေပါစေ အိမ်မက်သည် စိတ်ကူးယဉ် နယ်မြေထဲ၌သာ ရှိနေသည်။ အိမ်မက်များကို တည်ဆောက်ရာတွင် အသုံးပြုသည့် 'အီသာ' သည် ကောင်းကင်ယံကို ကိုယ်စားပြုနေသည့် အလား အထက်အမြင့်၌ ရှိနေသော လေထုနှင့် တူသည်။
လွင့်မျောနေသော အိပ်မက်ဆိုးများကို ဖမ်းယူရန် အိမ်မက်ဖမ်းကိရိယာများကို ဦးခေါင်းအထက်တွင် ထားရှိရသကဲ့သို့ပင်။ ယခုအခါ၌ လင်ကျဲသည် ဤအိပ်မက်ဘုံကို အောက်သို့ ဆင်းသက်စေတော့မည် ဖြစ်သည်။
လက်တွေ့လောကထဲအထိ အရောက် ဆင်းသက်စေတော့မည် ဖြစ်သည်။
...
ဗဟိုဝတ်ပြုဆောင်၊ အတွင်းခန်းမ...
ထုံးစံအတိုင်း ရော့ဒ်နီသည် ခန့်ညားထည်ဝါသော ရွှေဖြူရောင် ပုပ်ရဟန်းမင်းကြီး ဝတ်ရုံကို ဆင်မြန်းထားသည်။ လက်ထဲတွင် ရာဇလှံတံကို ကိုင်ဆောင်ရင်း အပေါ်ဘက်ရှိ အမိုးဖွင့် စက်ဝိုင်းပုံ ကောင်းကင်ပြတင်းမှတစ်ဆင့် အထက်သို့ မော့ကြည့်နေ၏။
ကောင်းကင်ယံမှာ မီးခိုးရောင် တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေပြီး တိမ်များ ရွေ့လျားသွားသည့်အခါတိုင်း ဝေဝါးနေသည့် လမင်း၏ ပုံသဏ္ဌာန်ကို ခပ်ရေးရေး မြင်တွေ့နေရသည်။
သူ့အောက်ရှိ ယဇ်ပလ္လင်ပေါ်တွင်မူ လတ်ဆတ်သော်လည်း ညစ်ညမ်းနေသည့် သွေးများက အထပ်ထပ် အခဲလိုက် ရှိနေသည်။ သွေးများအား ယဇ်ပလ္လင်က စုပ်ယူသွားလျှင်ပင် ကျန်ရစ်ခဲ့သော သွေးစွန်းရာများကိုမူ သုတ်သင်၍ မရနိုင်ချေ။ ကျန်ရစ်နေသည့် အနီရင့်ရောင် သွေးစက်များမှာ လှုပ်ရှားနေသကဲ့သို့ ထင်မှတ်ရပြီး ဖြူဖွေးသော ယဇ်ပလ္လင်ပေါ်တွင် သိသိသာသာ ထင်ရှားနေသည်။
ရော့ဒ်နီ၏ မျက်နှာတွင် ရူးသွပ်မှုများ လွှမ်းမိုးနေ၏။
"မကြာတော့ဘူး... မကြာခင်မှာပဲ... သူ ပေါ်ထွန်းလာတော့မယ်... ငါ သူ့ရဲ့ တည်ရှိမှုကို ခံစားနေရတယ်... သူ ပြင်ဆင်နေပြီ၊ သူ တိုးတိုးလေး ပြောနေတယ်၊ သူ တစ်ဖန် ပြန်လည်မွေးဖွားဖို့ ဆာလောင်နေပြီ..."
သူက တတွတ်တွတ် ရေရွတ်နေရင်း တစ်ခါတစ်ရံ လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ကာ အော်ဟစ်နေတတ်သည်။ သူ အသိပြန်ဝင်လာသည့် အခါတိုင်းတွင်လည်း အဆောက်အအုံများ ပြိုကျသံနှင့် တိုက်ပွဲဖြစ်ပွားသံများက ကျယ်လောင်စွာ ထွက်ပေါ်နေသည်။
တစ်ချိန်တည်းမှာပင် ထူထပ်သော မီးခိုးလုံးများက ကောင်းကင်သို့ လွင့်တက်နေပြီး ညကောင်းကင်ယံကို သွေးရောင်ကဲ့သို့ နီရဲစေသည်။
ကပြ အသုံးတော် ခံတော့မည့် ဇာတ်ကောင်များနှင့် စင်မြင့်မှာ အဆင်သင့် ဖြစ်နေလေပြီ။ နောက်ဆုံး တိုက်ပွဲကြီးဖြစ်သည့် ဇာတ်သိမ်းခန်းအတွက် ကုလားကာကို ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
အမိုးခုံး ဘုရားကျောင်းတော်၊ နေမင်း ယုံကြည်ကိုးကွယ်မှုနှင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် တို့အတွက် ဤနောက်ဆုံးတိုက်ပွဲမှာ အရေးအကြီးဆုံး အချိန်အခါပင်။ တစ်ပတ်ကြာ တိုက်ခိုက်နေရသော အသေးစား တိုက်ပွဲများကြောင့် အဖွဲ့အစည်း သုံးခုလုံးမှာ စိတ်မရှည်နိုင်တော့ချေ။
"ဟမ့်... နေမင်း ယုံကြည်ကိုးကွယ်မှုတဲ့လား... လမင်းကို အတုအယောင် နတ်ဘုရားလို့ ခေါ်တာလား... ရယ်စရာကောင်းလိုက်တာ... ကျရှုံးခဲ့တဲ့ သမိုင်းကြောင်းရှိပြီး လူလေလူလွင့်တွေ စုစည်းထားတဲ့ အဖွဲ့အစည်းကများ နတ်ဘုရား ဖြစ်ဖို့ ကြိုးစားနေတာလား"
ရော့ဒ်နီက လှောင်ပြုံးပြုံးလိုက်၏။
"ဒီနေ့ သူတို့ကို စိတ်ပျက်အားငယ်မှုရဲ့ အစစ်အမှန် အဓိပ္ပာယ်ကို ပြရမှာပေါ့... စစ်မှန်တဲ့ နတ်ဘုရားတစ်ပါးရဲ့ ရှေ့မှောက်မှာ တခြားအရာအားလုံးက အတုအယောင်တွေပဲ..."
ရော့ဒ်နီ ရေရွတ် နေစဉ်မှာပင် ယဇ်ပလ္လင်ပေါ်ရှိ အချင်းတိုင်၏ ပုံသဏ္ဌာန်က စတင်ပြောင်းလဲလာခဲ့သည်။ သွေးကြောများနှင့် အဖုအကျိတ်များ ဖောင်းကြွလာကာ လိမ်ယှက် ဆန့်ထွက်လာပြီး ယဇ်ပလ္လင်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။
၎င်း၏ ငွေရောင် အရေပြားအောက်တွင် သွေးစွန်းရာများ ပေါ်လာသည်။ အချင်းတိုင်အတွင်းမှ အသားစိုင်များမှာ မငြိမ်မသက် လှုပ်ရှားနေပြီး လက်များ၊ ခြေထောက်များနှင့် ဦးခေါင်းများဟု ထင်ရသည့် အစိတ်အပိုင်းများစွာ စုပြုံတိုးထွက်လာသည်။
ဤယဇ်ပလ္လင်ထက်၌ မတရားသဖြင့် ယဇ်ပူဇော်ခံခဲ့ရသည့် ဘုန်းတော်ကြီးများ၏ ဝိညာဉ်များမှာ အချင်းတိုင်အတွင်း၌ စုစည်းနေသကဲ့သို့ပင်။
ထို့အပြင်... အချင်းတိုင်မှ ချက်ကြိုး ခုနစ်ကြိုး ထွက်ပေါ်လာပြီး ခန်းမ တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ ချက်ကြိုး တစ်ခုစီ၏ အဆုံးတွင် ပင့်ကူအိမ်ကဲ့သို့ ဖြန့်ကျက်နေသည့် သွေးကြောမျှင်များ ရှိနေသည်။ ထိုအခိုက်၌... အတွင်းခန်း တစ်ခုလုံးသည် သားသတ်ရုံတစ်ခုနှင့်ပင် တူလှသည်။
ခန်းမအပြင်ဘက်၌ မယ်တော်၏ ဖျောင်းဖျသံကို ကြားနေရပြီး ဝတ်ပြုသူများမှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ လူအများမှာ ဤထုံးတမ်းစဉ်လာကို သံသယဝင်လာကြပြီး ထွက်ပြေးရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
ဂျောက်... ဂျောက်...
ရော့ဒ်နီ ကိုင်ဆောင်ထားသော လမင်းပုံသဏ္ဌာန် ရာဇလှံတံမှ အဆင်တန်ဆာများမှာ တစ်ခုပြီးတစ်ခု ကျိုးပဲ့သွား၏။ ၎င်းမှာ တမန်တော်များ တစ်ဦးပြီးတစ်ဦး သေဆုံးသွားခြင်းကို ကိုယ်စားပြုပေသည်။
"အား..."
တံခါးအပြင်ဘက်မှ ထွက်ပြေးရန် ကြိုးစားနေသည့် ဝတ်ပြုသူများ၏ ကြောက်လန့်တကြား အော်ဟစ်သံများ၊ မယ်တော်၏ စူးရှသော အော်သံနှင့် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ခရက်...
လခြမ်းပုံစံ နှစ်ခု ထပ်နေသော အဆင်တန်ဆာမှာ ပုံပျက်သွားသည်။ ၎င်းမှာ မယ်တော်တို့၏ နိဂုံးပင် ဖြစ်သည်။
***