အမိုးခုံး၏ နိဂုံး
Vol. 17 Ch. 236
ဝုန်း...
နောက်ဆုံးတွင် အတွင်းခန်းမ တံခါးကြီးမှာ ပေါက်ကွဲကာ ပွင့်ထွက်သွား၏။ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် အလင်းတန်းများမှာ အခန်းထဲသို့ လွှမ်းသွား၏။ ဘုရားကျောင်းတော် အပြင်ဘက်မှာမူ ပရမ်းပတာ အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။
ဗင်းဆင့်၏ ခန္ဓာကိုယ်အနှံ့တွင် မီးတောက်များ လောင်ကျွမ်းနေပြီး သူ၏ ခန္ဓာကိုယ်မှာ ချော်ရည်များနှင့် မီးလောင်ထားသည့် မြေသားများ ရောယှက်နေသကဲ့သို့ ရှိနေသည်။
သူ သူတော်စင်မ၏ အလောင်းကို ဘေးသို့ ပစ်ချလိုက်ပြီး ရှေ့သို့ တက်လာ၏။ သူ၏ မျက်တွင်းနှစ်ဖက်မှာ ပြင်းထန်သော ဒေါသမီးများဖြင့် တောက်လောင်နေ၏။
သူ့နောက်တွင် အသီးနား၊ ဂျိုးဇက် နှင့် အခြားသူများ ပါလာကြသည်။ သူတို့နောက်ဖက်ရှိ မီးပင်လယ်ထဲတွင်မူ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် မှ တိုက်ခိုက်ရေးသမားများနှင့် ဘုရားကျောင်းတော်မှ ဘုန်းတော်ကြီးများ တိုက်ခိုက်နေကြသည်ကို တွေ့ရ၏။
ရော့ဒ်နီက ပြုံးလျက် လက်ကို ဆန့်တန်းလိုက်၏။
"ဗင်းဆင့်... ငါ့သားတော်... မင်း ပြန်လာတာကို ကြို..."
စကားမဆုံးမီမှာပင် ဗင်းဆင့်၏ ခန္ဓာကိုယ်မှာ မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး ရော့ဒ်နီ၏ မျက်နှာကို အားပြင်းသော လက်သီးဖြင့် ထိုးနှက်လိုက်လေတော့သည်။
ဘုန်း...
မီးတောက်များ ပွင့်ထွက်သွားပြီး ရော့ဒ်နီမှာ ယဇ်ပလ္လင်ပေါ်သို့ လွင့်စဉ်ကျသွား၏။
ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...
ဗင်းဆင့်မှာ မနားတမ်း ဆက်တိုက် ထိုးနှက်နေတော့သည်။ သူ၏ မျက်တွင်းများမှ မီးတောက်များ ထွက်ပေါ်နေပြီး အံကြိတ်ထားသဖြင့် မီးပွားများပင် ထွက်နေသကဲ့သို့ ရှိသည်။
"မင်း... ဘယ်သူ့ကို... ငါ့သား... လို့... ခေါ်နေတာလဲ!"
ရော့ဒ်နီသည် အခရာ အဆင့် တစ်ဦး ဖြစ်သော်လည်း ပြင်းထန်စွာ အထိုးခံရသဖြင့် ဦးနှောက်မှာ ဗွက်ပေါက်မတတ် ဖြစ်သွားခဲ့သည်။ ခေါင်းတွင် ဒဏ်ရာရနေသော်လည်း ရော့ဒ်နီက ဗင်းဆင့်ကို မော့ကြည့်ကာ ရယ်မောနေဆဲပင်။
"အဟွတ်... အဟွတ်... ဟား... ဟား... ဒါက မင်း ကိုးကွယ်တဲ့ အစွန်းရောက် နတ်ဘုရား ပေးထားတဲ့ စွမ်းအားလား... ဒီလောက်ပဲလား..."
ဗင်းဆင့်က သူ့ကို စိုက်ကြည့်လိုက်၏။
"ငါ မင်းကို သူ့ရဲ့ စစ်မှန်တဲ့ စွမ်းအားကို ပြမယ်... နာမည်ကို မှတ်ထား... ထာဝရ ပျက်စီးခြင်းရဲ့ စွမ်းအားတဲ့"
ဗင်းဆင့်က လက်သီးကို တင်းတင်းဆုပ်လိုက်ရာ လေထု အတွင်း၌ လောင်မြိုက်နေသေည့် မီးတောက် စွမ်းအားများ ပေါ်ထွက်လာသည်။
ဝုန်း...
"အား..."
ရော့ဒ်နီ တစ်ယောက် ချက်ချင်းပင် မီးတောက်များအတွင်း နစ်မြုပ်သွား၏။ သူ အသည်းအသန် ရုန်းကန်နေရသော်လည်း သူ့ ခန္ဓာကိုယ်ထဲရှိ လမင်း၏ နတ်ဘုရား စွမ်းအားများမှာ တောက်လောင်လာပြီး ဆက်တိုက် ပေါက်ကွဲနေတော့သည်။ တစ်ချိန်တည်းမှာပင် ထိုစွမ်းအားများက သူ့ကို ပြန်လည် ကုသပေးနေပြန်သည်။
အခရာ အဆင့် စွမ်းရည်များကပင် သူ၏ ဝေဒနာကို ပို၍ ရှည်ကြာစေရန်သာ အထောက်အကူ ပြုနေတော့သည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင်တော့ သူ သေဆုံးသွားခဲ့တော့သည်။
သို့သော်လည်း... သေခါနီးအချိန်တွင် ရော့ဒ်နီ၏ မီးလောင်ထားသော မျက်နှာထက်၌ ကြောက်မက်ဖွယ်ကောင်းသည့် အပြုံးတစ်ခု ပေါ်လာ၏။
"ငါလည်း... လပြည့်ဝန်း အဆီအနှစ် ကို... စားသုံးခဲ့တာပဲ... ဟဲဟဲ..."
ရော့ဒ်နီ၏ နောက်ဆုံး ရယ်သံမှာ သူ၏ အသံ မဟုတ်တော့ဘဲ လူပေါင်းများစွာ၏ အသံများ ထပ်နေသကဲ့သို့ ဖြစ်နေသည်။ ထိုအသံများထဲတွင် ကလေးတစ်ယောက်၏ စူးရှသော အသံမှာ ပို၍ ထင်ရှားနေသည်။
ဗင်းဆင့် ရော့ဒ်နီ၏ အလောင်းဆီသို့ လျှောက်သွားကာ တကယ် သေ၊ မသေ စမ်းလိုက်သည်။ ရုတ်တရက်... ဗင်းဆင့် သူ၏ လက်ဖဝါးပေါ်တွင် သေးငယ်သည့် အာရုံခံလက်တံ များစွာ လှုပ်ရှားနေသည်ကို ခံစားလိုက်ရလေရာ သူ လန့်ကာ ရော့ဒ်နီ၏ အလောင်းကို လွှတ်ချလိုက်မိ၏။
ချက်ချင်းပင် ဖောင်းကြွနေသည့် ငွေရောင်အချင်းတိုင်မှာ ချက်ကြိုး ခုနစ်ကြိုးကို လျင်မြန်စွာ ပြန်လည်ရုပ်သိမ်းလိုက်သည်။ ချက်ကြိုးများမှာ အာရုံခံလက်တံများကဲ့သို့ လှုပ်ရှားကာ ရော့ဒ်နီ၏ အလောင်းကို ဗင်းဆင့်ထံမှ ဆွဲယူသွား၏။ အချင်းတိုင်၏ အောက်ခြေတွင် ကြီးမားသည့် ပါးစပ်တစ်ခု ပေါ်လာပြီး ရော့ဒ်နီ၏ အလောင်းကို ဝါးမျိုလိုက်တော့သည်။
အာရုံခံလက်တံများ လေထဲတွင် ကခုန်နေစဉ် အချင်းတိုင်မှာ ယဇ်ပလ္လင်ပေါ်မှ ကွာကျလာကာ အထက်သို့ ပျံတက်သွားသည်။
ထိုအချိန်မှာပင် ကောင်းကင်ရှိ မီးခိုးရောင် တိမ်တိုက်များ ကင်းစဉ်သွားကာ လပြည့်ဝန်းနှင့် ထပ်တူကျမည့် နေရာသို့ ရောက်ရှိသွား၏။
ဂျိုးဇက်တို့ တစ်စုမှာမူ ကြောက်မက်ဖွယ်ကောင်းသော ရယ်သံကြောင့် စိတ်မသက်မသာ ဖြစ်နေကြ၏။ ကောင်းကင်ကို မော့ကြည့်ရင်း သူတို့ ပို၍ ထိတ်လန့် လာကြသည်။
“အဲ့တာက ဘာကြီးလဲ...”
သူတို့ထဲမှ အချို့က ထိတ်လန့်တကြား မေးကြသည်။
ဗင်းဆင့်က နောက်သို့ ဆုတ်လိုက်ရင်း လေးနက်သောအသံဖြင့် ကြေညာလိုက်၏။
"လမင်းရဲ့ အခွင့်အာဏာကို လုယူပြီး လမင်းရဲ့ အရေခွံကို ဝတ်ဆင်ထားတာပဲ... ဒါဟာ အမိုးခုံး ဘုရားကျောင်းတော် က အမြဲ ကိုးကွယ်ခဲ့တဲ့ ဘုရားတုပဲ..."
အချင်းတိုင်မှာ မနားတမ်း လှုပ်ရှားနေ၏။ ၎င်းမှာ သန္ဓေသားတစ်ခုကို ထည့်ထားသည့် အမြှေးပါးနှင့် တူလှသည်။ ထို့နောက်တွင်တော့ ထိုကြီးမားပြီး ရုပ်ဆိုးလှသည့် အသားဆိုင်ကြီး၏ အောက်တွင် အချင်းတိုင်တစ်ခုလုံး နီးပါး အရွယ်အစားရှိသည့် မျက်လုံးကြီး တစ်လုံး ပွင့်လာသည်ကို အားလုံး ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်။
ထို့နောက်တွင်တော့... အာရုံခံလက်တံများစွာမှာ လိမ်ယှက်ရင်း အချင်းတိုင် အနှံ့အပြားတွင် မျက်နှာ၊ ပါးစပ်၊ ဦးခေါင်းနှင့် ခန္ဓာကိုယ် ပုံသဏ္ဌာန်များ စတင် ပေါ်ပေါက်လာ၏။ ထို့နောက်တွင်တော့... ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းနေသည့် ထိုသတ္တဝါကြီးမှာ မြေကမ္ဘာ တုန်ဟည်းသွားလောက်အောင် အော်ဟစ်ကာ ကောင်းကင်ယံမှ ဆင်းသက်လာတော့သည်။
"အားလုံး အသင့်ပြင်... အကာအကွယ် အစီအရင်ကို တည်ဆောက်ကြ..."
ဂျိုးဇက်က အသက်ကို ပြင်းပြင်းရှူရင်း အမိန့်ပေးလိုက်လေသည်။
"အစီအရင်ရဲ့ အလံတွေကို အရမ်းဝေးဝေး မထားမိဖို့ သတိထား... ဒါက အရင်က ရင်ဆိုင်ခဲ့ဖူးတဲ့ အိမ်မက်သားရဲတွေနဲ့ မတူဘူး... ရော့ဒ်နီက သူ့ကိုယ်သူ စတေးပြီး အမိုးခုံး ဘုရားကျောင်းတော် ကိုးကွယ်တဲ့ နတ်ဘုရားကို ပင့်ဖိတ်လိုက်တာ..."
"သူ့ဆီမှာ ရော့ဒ်နီရဲ့ စွမ်းအားတွေ ရှိနေနိုင်ရုံတင်မကဘူး... ရော့ဒ်နီထက် အဆပေါင်းများစွာ ပိုအစွမ်းထက်နိုင်တယ်..."
"မင်းတို့အားလုံး ရော့ဒ်နီရဲ့ တိုက်ကွက်ဖော်ဆောင်ပုံတွေနဲ့ တိုက်ခိုက်ရေးပုံစံတွေကို လေ့ကျင့်ထားကြတယ်မလား... နှစ်နှစ်အတွင်းမှာပဲ တိုက်ခိုက်ရေးဌာနက တခြားအဖွဲ့အစည်းတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မသင်ကြားပေးတော့လောက်အောင် ယိုယွင်းသွားပြီလို့တော့ ငါ့ကို မပြောနဲ့ဦး..."
"ပြီးတော့ တစ်ယောက်ယောက်ကို လွှတ်ပြီး အကြီးအကဲများကောင်စီကို အကြောင်းကြားလိုက်... အဲဒီ အဘိုးကြီးတွေလည်း တစ်ခါတစ်လေတော့ နိုးနိုးကြားကြားနဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်သင့်ပြီ"
'ငါက တိုက်ခိုက်ရေးဌာန အကြီးအကဲလား... သူကလား'
ဂရေရှမ် ဝင်စတန် တစ်ယောက် ဂျိုးဇက်၏ သွက်လက်ပြတ်သားလှသော အမိန့်သံများကို ဆက်သွယ်ရေး ကိရိယာမှ တစ်ဆင့် ကြားလိုက်ရချိန်တွင် တွေးမိလိုက်သည်။
သို့သော်လည်း... ဂျိုးဇက်၏ အမိန့်ပေးပုံမှာ သူကိုယ်တိုင်ထက်ပင် ပို၍ သဘာဝကျနေသကဲ့သို့ ရှိ၏။
ထို့အပြင်... အမိန့်များကို ကြားသည်နှင့် လက်အောက်ငယ်သားများထံမှ တက်ကြွလှိုက်လှဲသော ထောက်ခံသံများနှင့် အော်ဟစ်သံများ ချက်ချင်း ထွက်ပေါ်လာသည်။ ဤလူများမှာ ဂျိုးဇက်၏ ဌာနဟောင်းမှ လူယုံတော်များနှင့် ဂျိုးဇက်ကို အထူးကြည်ညိုသူများ ဖြစ်ကြောင်း ထင်ရှားလှသည်။ ဂျိုးဇက် အနားယူခဲ့သည်မှာ နှစ်နှစ်ကြာခဲ့ပြီ ဖြစ်သော်လည်း ယခင်ဂုဏ်သတင်းကြောင့်ပင် ယခု အချိန်အထိ အားပေးသူ အမြောက်အမြား ရှိနေဆဲပင်။
'ဒီလူကြီးက အနားယူနေရာကနေ ပြန်လာပြီး ငါ့ရာထူးကို လုဖို့ ကြံနေတာလား'
သို့သော်လည်း... ဝင်စတန် နှုတ်ခမ်းကို တင်းတင်းစေ့ကာ လူတိုင်းကို တာဝန်များ ခွဲဝေပေးလိုက်ပြီး တိုက်ပွဲမစမီ စိတ်ဓာတ်မြှင့်တင်ရေး စကားကို ပြောကြားလိုက်သည်။
"အားလုံးပဲ... ဒါက ခက်ခဲတဲ့ တိုက်ပွဲတစ်ခု ဖြစ်လိမ့်မယ်... ဒါပေမဲ့ ငါတို့နောက်ကွယ်မှာ ငါတို့ရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ငါတို့သိတဲ့ လူတွေအားလုံးရှိတဲ့ ဒီနော်ဇင် မြို့ကြီး ရှိနေတယ်... ငါတို့ရဲ့ တိုက်ပွဲတိုင်း၊ ငါတို့ရဲ့ ဓားချက်တိုင်းဟာ သူတို့ကို ကာကွယ်ဖို့အတွက်ပဲ... ငါတို့ တစ်လှမ်းဆုတ်လိုက်တာနဲ့ ငါတို့ တန်ဖိုးထားရတဲ့ အပြုံးတစ်ခု ပျောက်ကွယ်သွားနိုင်တယ်"
"မင်းတို့တွေ ဒီစာသား အရှည်ကြီးတွေ နားထောင်ရတာ ငြီးငွေ့နေပြီဆိုတာ ငါသိပါတယ်... ဒါပေမဲ့ မှတ်ထားကြစမ်း..."
"မင်းတို့ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ဘူးဆိုရင် အဆိုးဆုံးတွေ ချက်ချင်း ဖြစ်လာနိုင်တယ်... မင်းတို့ကတော့ တစ်နည်းနည်းနဲ့ အသက်ရှင်ကောင်း ရှင်နိုင်ပေမဲ့ မင်းတို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေမှာတော့ မင်းတို့လို စွမ်းအားမျိုး မရှိကြဘူး"
ဝင်စတန် ဓားကို ဆွဲထုတ်ကာ ကောင်းကင်ယံမှ အာရုံခံလက်တံများစွာ ရှိသည့် လမင်းသားရဲကြီးဆီသို့ ချိန်ရွယ်လိုက်သည်။
"အဲဒီ ရုပ်ဆိုးမွဲပြာကျနေတဲ့ အကောင်ကြီးဟာ မင်းတို့ တန်ဖိုးထားသမျှ အရာအားလုံးကို လက်တစ်ချက် လှုပ်လိုက်ရုံနဲ့ အသားစိုင်တုံးတွေ ဖြစ်အောင် လုပ်ပစ်နိုင်တယ်... အားလုံး နားလည်ကြလား..."
"နောက်ဆုတ်ဖို့ လမ်းမရှိဘူး... ငါတို့လုပ်နိုင်တာက တိုက်ဖို့ပဲ..."
သူရဲကောင်းများကို စိတ်ဓာတ်မြှင့်တင်ပေးပြီးနောက် အကာအကွယ် အစီအရင်ကြီး လင်းထိန်လာသည်ကို မြင်ရသောအခါမှ သူ သီးသန့် ဆက်သွယ်ရေးလိုင်းသို့ ပြောင်းကာ ကြိမ်းမောင်းလိုက်သည်။
"ဂျိုးဇက်... ကောင်စုတ်... တိုက်ခိုက်ရေးဌာန အကြီးအကဲက ငါလား... မင်းလား... မင်းက သတင်းထောက်လှမ်းရေးဌာနက လူလေ... ဘာလို့ ဒီမှာ အမိန့်တွေ လာပေးနေတာလဲ..."
***