← Chapters

နတ်ဘုရားအတု ဆင်းသက်လာခြင်း

Vol. 17 Ch. 237

နတ်ဘုရားအတု ဆင်းသက်လာခြင်း

Vol. 17 Ch. 237

ဂျိုးဇက်နှင့် ဝင်စတန်မှာ ရဲဘော်ဟောင်းများ ဖြစ်ကြသဖြင့် ဂျိုးဇက်မှာ အကြိမ်းခံရသော်လည်း စိတ်မဆိုးပေ။ သူက အားရပါးရ ရယ်မောရင်း....

"ခွေးအိုကြီး ဘာတွေ စိတ်ပူနေတာလဲ... ငါက အဟောင်းတွေကို ခဏလောက် ပြန်သတိရချင်လို့ပါကွာ... ငါ့ရဲ့ အရင်စွမ်းအားတွေ ပြန်ရခဲ့ရင်တောင် မင်းရာထူးကို ငါမလုပါဘူး... နောက်ပြီး ထောက်လှမ်းရေးဌာနက တိုက်ခိုက်ရေးဌာနထက် အမြတ်အစွန်း ပိုများတယ်ကွ..."

ဂျိုးဇက်မှာ ဝင်စတန်၏ အခွင့်အာဏာကို ကျော်လွန်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်... ဝင်စတန် စိတ်ဆိုးသည်မှာ မလွန်ချေ။ သို့သော် ဂျိုးဇက် ဝင်စတန်၏ စိတ်ဓာတ်ကို သိသည်။ ဝင်စတန်၏ ဒေါသနောက်ကွယ်တွင် တိုက်ခိုက်ရေးဌာန အကြီးအကဲဟောင်း ပြန်လာမည်ကို စိုးရိမ်ခြင်းနှင့် မိမိကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့နေခြင်းတို့ ရှိနေသည်။

ထိုအရာက... ရှေ့ကလူနှင့် နှိုင်းယှဉ်လျှင် မိမိ၏ ရာထူး၊ ဂုဏ်သတင်းနှင့် စွမ်းအားအပေါ် ဝင်စတန် မယုံကြည်ခြင်းကို ဖော်ပြနေသည်။ သို့သော်လည်း... ဒေါသကြီးတတ်သည်မှအပ ဝင်စတန်မှာ ထက်မြက်သည့် သူရဲကောင်းတစ်ဦး ဖြစ်နေဆဲ ဖြစ်ပြီး အနည်းဆုံးတော့ လွန်ခဲ့သည့် နှစ်နှစ်က မိမိကိုယ်ကိုယ် မိမိ ပြည်နှင်ဒဏ်ပေးခဲ့သည့် ဂျိုးဇက်ထက် ပို၍ တာဝန်သိတတ်သူ ဖြစ်သည်။

ဝင်စတန် ခဏတာ ဆွံ့အသွားပြီးနောက် ခပ်တိုးတိုး ရေရွတ်လိုက်၏။

"ဒါဆိုလည်း မင်းရဲ့ ထောက်လှမ်းရေးဌာနမှာပဲ အေးအေးဆေးဆေး နေစမ်းပါ..."

"ဘာလို့ ဒီလောက် တင်းနေတာလဲ..."

ဂျိုးဇက်က ရယ်မောလိုက်၏။

"ငါတို့အားလုံးက လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ရဲ့ သူရဲကောင်းတွေပဲလေ... နော်ဇင် ရဲ့ ငြိမ်းချမ်းရေးကို ကာကွယ်သူတွေပဲလေ... ဒါဆိုရင် လုံလောက်ပါပြီ မလား..."

ဝင်စတန် တိတ်ဆိတ်သွားပြီးနောက် နှာခေါင်းတစ်ချက် ရှုံ့ကာ ဆက်သွယ်ရေးစက်ကို ပိတ်ပစ်လိုက်သည်။ ထို့နောက်... သူ ဝေခွဲမရသော စိတ်ခံစားမှုများဖြင့် မီးလောင်နေသည့် ဘုရားကျောင်းတော် တိုက်ပွဲမြေပြင်ကို အဝေးမှ ငေးကြည့်နေမိသည်။

'ဂျိုးဇက်... မင်း တကယ်ပဲ အရင်က စွမ်းအားတွေ ပြန်ရနေပြီပဲ... မင်းရဲ့ စကားပြောပုံက အရင်အတိုင်း တစ်ပုံစံတည်းပဲ...'

အခြားတစ်ဖက်တွင်လည်း ဂျိုးဇက်သည် ဆက်သွယ်ရေးစက်ကို ပိတ်ကာ လွင့်မျောနေသော ငွေရောင်မိစ္ဆာကြီးကို လှမ်းကြည့်လိုက်သည်။ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးတွင် ဧရာမ မျက်လုံးကြီး တစ်လုံးနှင့် ကောင်းကင်ယံကို ဖုံးလွှမ်းထားသည့် အာရုံခံလက်တံ အမြောက်အမြား ရှိနေသည်။ ထိုလက်တံတစ်ခုစီမှာ အနည်းဆုံး ပေဝက်ခန့် ကျယ်ဝန်းကာ မျှော်စင်မှ သူရဲကောင်းများနှင့် အပြင်းအထန် တိုက်ခိုက်နေသည်။

ဝုန်း...

ဗဟိုဝတ်ပြုဆောင်၏ အမိုးပိုင်းနှင့် ထောက်တိုင်များမှာ ဆွဲဖြဲခံလိုက်ရကာ အမိုးခုံးတစ်ခုလုံး မြေပြင်သို့ ပြိုကျပျက်စီးသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်ရှိသမျှက... မီးလောင်နေသော အပျက်အစီးများသာ ဖြစ်တော့သည်။

ပတ်ဝန်းကျင်ရှိ လူသားများမှာ ထိုသတ္တဝါကြီးနှင့် နှိုင်းယှဉ်လျှင် သေးငယ်လွန်းလှပြီး မည်သည့် အသံမျှ မထွက်နိုင်ဘဲ မီးပင်လယ်အတွင်း ပျောက်ကွယ်သွားကြသည်။

အိမ်မက်သားရဲများနှင့် တိုက်ခိုက်သည့်အခါ လူသားများမှာ အမြဲတစေ သေးငယ်ကာ စွမ်းအားမဲ့သကဲ့သို့ ထင်ရသည်။ အစွမ်းကုန် ကြိုးစားလျှင်ပင် အလွယ်တကူ ငြှိမ်းသတ်ခံရနိုင်သည့် ကောက်ရိုးမီးလေးများ ကဲ့သိ့ ဖြစ်၏။

နတ်ဘုရား အတုကြီးသည် အသိဉာဏ်မရှိသည့် ကလေးတစ်ဦးက ပုရွက်ဆိတ်များကို နင်းခြေဖျက်ဆီး နေသကဲ့သို့ တဟီးဟီး ကြောက်မက်ဖွယ် ရယ်သံကြီးဖြင့် ရမ်းကားသတ်ဖြတ်နေသည်။

ထိုစဉ် တောက်ပလှသည့် မီးတောက်ကြီးတစ်ခု ဝုန်းကနဲ ထွက်ပေါ်လာပြီး ထိုအာရုံခံလက်တံများကို ဖမ်းဆုပ်ကာ ဧရာမ သတ္တဝါကြီးကို အောက်သို့ အားဖြင့် ဆွဲချလိုက်လေသည်။

"အူး..."

နတ်ဘုရားတုကြီးမှာ နာကျင်စွာ အော်ဟစ်လိုက်ကာ ဧရာမ မျက်လုံးကြီးများဖြင့် မီးတောက်များ လွှမ်းခြုံထားသော သေးငယ်သည့် ပုံရိပ်လေးဆီသို့ လှည့်ကြည့်လိုက်သည်။ ထို့နောက််အာရုံခံလက်တံများကို ဖြန့်ကျက်လိုက်၏။ ၎င်းတို့က လမင်း၏ အဆင့်ဆင့်သော ပုံရိပ်ယောင်များဖြင့် တောက်ပလာတော့သည်။

ဆိတ်ငြိမ် နယ်မြေ...

မိစ္ဆာဒိဋ္ဌိ စစ်ဆေးခြင်း...

ငွေလရောင် တောက်ပခြင်း...

မြင့်မြတ်သော ကောင်းချီး...

လမင်း၏ ပုံရိပ်ထင်ဟပ်ခြင်း...

လရောင် ဝန်းကျင်...

အီသာ ဒီရေ....

မိစ္ဆာ သတ္တဝါကြီးမှာ လမင်း၏ အဆင့် (၇) ဆင့်မှ ရရှိသည့် စွမ်းရည် (၇) မျိုးလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုလာခဲ့ပြီ ဖြစ်သည်။

ဗင်းဆင့်မှာ ပြင်းထန်သော ဖိအားများကို ခံစားလိုက်ရ၏။ ဝေဝါးပြီး ညစ်ညမ်းလှသည့် လရောင်များသည် သူ့ပတ်ဝန်းကျင်သို့ ကျရောက်လာကာ ရုပ်လုံးပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို ထိုးဖောက်တော့သည်။ ပတ်ဝန်းကျင်ရှိ မီးတောက်များ မှေးမှိန်သွားပြီး ပြင်းထန်လှသည့် အီသာလှိုင်းလုံးများက သူ့ကို ရိုက်ခတ်ကာ ပတ်ဝန်းကျင်ရှိ မီးလောင်ထားသော မြေသားများကိုပင် တိုက်စားသွားသည်။

ထိုနတ်ဘုရားတုမှာ လမင်း၏ စွမ်းအားကို နှစ်ပေါင်းထောင်ချီ၍ ခိုးယူလာခဲ့ခြင်း ဖြစ်ရာ ၎င်း၏ ကြီးမားလှသော စွမ်းအားများမှာ အသစ်စက်စက် မွေးဖွားလာသည့် နေမင်း ဗင်းဆင့်အနေဖြင့် ယှဉ်နိုင်ရန် ခဲယဉ်းလှသည်။

"စွမ်းရည် ရုပ်သိမ်းခြင်း..."

ရုတ်တရက်... နုနယ်လှသည့် မိန်းမငယ်လေး တစ်ဦးသည် လေထုထဲတွင် တိတ်ဆိတ်စွာ ပေါ်လာကာ ဖြူဖွေးသော လက်ဖဝါးလေးကို ဆန့်ထုတ်ကာ ဆုပ်ကိုင်လိုက်၏။

သူမကတော့ မွန်းပင်...။

လခြမ်းကွေးပေါ်တွင် ထိုင်နေသည့် အနက်ရောင် ဝတ်စုံဝတ် မိန်းမလှလေး တစ်ဦး၏ ဝိညာဉ်ပုံရိပ်မှာ ထိုမိန်းကလေး၏ နောက်တွင် ရုတ်တရက် ပေါ်လာ၏။ သူမ၏ မျက်နှာမှာ ဝမ်းနည်းရိပ်သန်းနေပြီး မျက်လွှာချကာ သက်ပြင်းတစ်ချက် ခပ်ဖွဖွ ချလိုက်သည်။

ထို့နောက် သူမသည်လည်း ချစ်လှစွာသော သမီးငယ်ကို လမ်းပြသကဲ့သို့ လက်ဝါးလေးကို နူးညံ့စွာ ဆန့်ထုတ်လိုက်၏။

"အူး... အူး..."

ဝါပူးဂစ်၏ ဝိညာဉ်ပုံရိပ်ကို မြင်လိုက်ရသည်နှင့် နတ်ဘုရားတုကြီးမှာ ထိတ်လန့်တကြား ဖြစ်သွားပြီး ထွက်ပြေးရန် အသည်းအသန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။

မိခင်ကို ပြန်တွေ့လိုက်ရသည့် ပျောက်ဆုံးနေသော ကလေးများကဲ့သို့ပင် လမင်း၏ ပုံရိပ်ယောင် စွမ်းအားများမှာ ဝါပူးဂစ်၏ လက်ဖဝါးဆီသို့ လွင့်ပျံလာကြပြီး သေးငယ်ကာ ပြီးပြည့်စုံသည့် လမင်းလေးတစ်ခုအဖြစ် စုစည်းသွားတော့သည်။

နတ်ဘုရားတုကြီးမှာ ခဏတာ ကြောင်အသွားပြီးနောက် တစ်ဖန် အော်ဟစ်ကာ ထွက်ပြေးရန် ကြိုးစားပြန်၏။ သို့သော်လည်း... သူ နေရာတစ်ခုတွင် ပိတ်လှောင်ခံထားရကြောင်း သတိပြုမိသွားပြီး အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ မီးတောက်များ လွှမ်းခြုံထားသည့် လူသားကို တွေ့လိုက်ရသည်။

ဗင်းဆင့်၏ မျက်လုံးများမှာ ပိုမိုတောက်ပလာပြီး အားကုန်သုံး ဆွဲချလိုက်ရာ နတ်ဘုရားတုကြီး မြေပြင်ပေါ်သို့ ဝုန်းကနဲ ကျလာတော့၏။ ထို့နောက် ဗင်းဆင့်က တောက်ပနေသော မျက်လုံးများဖြင့် လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ကာ ဟိန်းဟောက်လိုက်တော့သည်။

"ထာဝရ... ပျက်စီးခြင်း...”

ဂျိန်း... ဂျိန်း...

မိုးခြိမ်းသံကြီးကဲ့သို့ ကျယ်လောင်လှသည့် အသံနှင့်အတူ တောက်ပလှသော အလင်းတန်းတစ်ခုမှာ မှောင်မည်း အုံ့မှိုင်းနေသည့် ကောင်းကင်ယံကို ဖောက်ထွက်လာ၏။ နေမင်း ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေပြင်ကို လင်းထိန်သွားစေသကဲ့သို့ပင်။

ဝုန်း... ဝုန်း...

ကောင်းကင်ယံ၌ ပြင်းထန်စွာ တောက်လောင်နေသည့် စွမ်းအင်များ စုစည်းလာကာ ဧရာမ မီးလုံးကြီး တစ်လုံးအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ၎င်းမှာ အောက်သို့ အရှိန်အဟုန်ဖြင့် ဆင်းသက်လာရာ ပြင်းထန်လှသည့် လေဖိအားကြောင့် အောက်ခြေရှိ မြေပြင်များပင် အက်ကွဲကာ အပျက်အစီးများ လေထဲသို့ လွင့်ပျံလာတော့သည်။

ကောင်းကင်ယံတစ်ခုလုံး တောက်လောင်နေပြီ ဖြစ်လေသည်။

နေမင်းကြီးမှာ... အောက်သို့ ပျက်ကျလာနေပြီ ဖြစ်သည်။

ဝုန်း...

ဧရာမ မီးလုံးကြီးမှာ တိမ်တိုက်များကို ဖောက်ထွက်ကာ လေထုလှိုင်းများကို တွန်းကန်လျက် အရှိန်အဟုန်ဖြင့် ဆင်းသက်လာ၏။ ကောင်းကင်ယံတစ်ခုလုံးကို မီးဟုန်းဟုန်းတောက်စေပြီးနောက် ဘုရားတုကြီးပေါ်သို့ စူးရှသော အလင်းတန်းများနှင့်အတူ အင်အားပြင်းစွာ ကျရောက်ပေါက်ကွဲတော့သည်။

စစ်မြေပြင်တစ်ခုလုံးမှာ ပြင်းထန်သည့် ငလျင်တစ်ခု လှုပ်ခတ်သွားသကဲ့သို့ တုန်ခါသွား၏။

"အူး..."

လိမ်ယှက်နေသည့် အာရုံခံလက်တံ အမြောက်အမြားမှာ ကျောက်တုံးဖြင့် အထုခံလိုက်ရသည့် အသားစိုင်များကဲ့သို့ ကြေမွသွားပြီး သွေးနှင့် အသားစိုင်များမှာ အရပ်ရှစ်မျက်နှာသို့ လွင့်စဉ် သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် မြေပြင်မှာ အက်ကွဲသွားပြီး ဗဟိုချက်မှ ပြင်းထန်လှသည့် အပူလှိုင်းနှင့် လေဖိအားများ ပေါက်ကွဲထွက်လာ၏။ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများမှာ ပြိုကျပျက်စီးကာ အပျက်အစီးများ၊ သစ်ပင်များနှင့် အရာအားလုံးမှာ လွင့်စဉ်သွားသည်။အကာအကွယ် အစီအရင်ကို အရှိန်ပြင်းစွာ ရိုက်ခတ်မိသဖြင့် အစီအရင်ထက်တွင် ရေလှိုင်းသဏ္ဌာန်များ ထင်ကျန်ရစ်၏။

ထိုအရာက ပထမဆုံး တိုက်ခိုက်မှုသာ ရှိသေး၏။ လေထဲတွင် ရှိနေသော ဗင်းဆင့်သည် လက်နှစ်ဖက်ကို စုစည်းကာ အောက်သို့ အားဖြင့် ဆွဲချလိုက်ပြန်သည်။

ဝုန်း...

နေမင်းသဏ္ဌာန် မီးလုံးကြီးသည် ပိုမိုနက်ရှိုင်းစွာ နစ်ဝင်သွားပြီး ပြင်းထန်လှသော အပူရှိန်၊ များပြားလှသော မီးတောက်များဖြင့် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အရည်ပျော်စေတော့သည်။

မြေပြင်မှာ ချော်ရည်များအဖြစ် ပြောင်းလဲသွားပြီး လေထုထဲရှိ ရေငွေ့များမှာလည်း... တရှဲရှဲ အသံမြည်ကာ ပွက်ပွက်ဆူလာ၏။ ထို့နောက် မီးလုံးကြီးမှာ တဖြည်းဖြည်း ပြိုကွဲစပြုလာ၏။

မီးလုံး၏ ဗဟိုချက်တွင် အမည်းစက်လေးတစ်ခု ပေါ်လာပြီး မှိုတစ်ပွင့် ပုံသဏ္ဌာန်ဖြင့် ပျံ့နှံ့သွား၏။ ထိုမီးလုံးမှာ အတွင်းသို့ ကျုံ့ဝင်သွားပြီး အနက်ရောင်နှင့် အနီရောင် ရောယှက်နေသည့် ဖရိုဖရဲ စွမ်းအင်အစုအဝေးကြီးအဖြစ် ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် မီးလုံးမှာ မူလအရွယ်အစား၏ သုံးပုံတစ်ပုံခန့်သာ ကျန်တော့၏။

ယခုအခါ မြေပြင်မှာ ပေ ၃၀၀ (မီတာ ၁၀၀) ခန့် နက်ရှိုင်းစွာ နစ်ဝင်သွားခဲ့ပြီး ဧရာမ ကျင်းကြီးတစ်ခု အဖြစ်သာ ကျန်ရစ်နေခဲ့သည်။

ဗင်းဆင့်၏ နားထင်တွင် သွေးကြောများ ဖောင်းကြွနေပြီး နဖူးမှ ချွေးများ တဖြိုက်ဖြိုက် စီးကျနေ၏။ သူက ထိုမီးလုံးကို သူ ခံနိုင်ရည်ရှိသမျှ အစွမ်းကုန် ချုံ့လိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။

ထို့နောက်... ဗင်းဆင့်က အသက်ကို ပြင်းပြင်းရှူကာ လက်ကို လွှတ်လိုက်ပြီး နောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။

ဘုန်း...

အနီနှင့် အနက်ရောင် ရောယှက်နေသည့် မီးလုံးသည် ဗဟိုချက်မှနေ၍ ချက်ချင်းပင် ပေါက်ကွဲထွက်သွားပြီး စက်ဝိုင်းပုံ လှိုင်းများ အရပ်ရပ်သို့ ပြန့်ကားသွားခဲ့သည်။ မီးတောက်ကြီး တစ်ခုမှာ ကောင်းကင်ယံသို့ ထိုးတက်သွားကာ အောက်ဘက်ရှိ နတ်ဘုရားတုကြီးဆီသို့လည်း အင်အားပြင်းစွာ ကျရောက်သွားတော့၏။

မြေပြင် တုန်ခါသွားသည်နှင့်အမျှ နော်ဇင် မြို့အောက်ရှိ လူလုပ် အုတ်မြစ်များ ပေါ်လာသည်အထိ မြေပြင်ကြီး အက်ကွဲသွားခဲ့သည်။

မီးတောက်ကြီးမှာ နတ်ဘုရားတုကြီးကို ဖောက်ထွက်သွားရုံတင်မကဘဲ မြေအောက် အနက်ရှိုင်းဆုံးနေရာအထိပါ ထိုးဖောက်ဝင်ရောက်သွားခဲ့လေတော့သည်။

***

All Chapters