မင်း ပေါ်လာမှာကို ငါ စောင့်နေတာ
Vol. 17 Ch. 238
“အူး...”
လူသားတို့၏ နားဖြင့် မခံမရပ်နိုင်လောက်အောင် စူးရှလှသည့် အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး မျက်လုံးကြီးတစ်ခုလုံးမှာလည်း ပေါက်ကွဲမှုကြောင့် ပွင့်ထွက်သွားသည်။
နတ်ဘုရားတု၏ အပြင်ဘက် အရေပြားများမှာ မီးလောင်ရာများဖြင့် ပြည့်နှက်သွားပြီး နောက်ကျိနေသည့် အဝါရောင် အက်ဆစ်များ ပွင့်ထွက်လာသည်။ သို့သော်လည်း... ၎င်း၏ အတွင်းကလီစာများမှာ သက်ရှိအငွေ့အသက် ကျန်ရှိနေသေး၏။
ဗွက်... ဗွက်...
ကလီစာကဲ့သို့ အသားစိုင်များသည် လျင်မြန်စွာ ပြန်လည်ဖြစ်ပေါ်လာပြီး သွေးများမှာ ရေတံခွန်ကဲ့သို့ စီးကျလာ၏။ ထို့နောက် လခြမ်းပုံစံ ဖဲကြိုးမျှင်နှင့်တူသည့် အာရုံခံလက်တံများ ထွက်ပေါ်လာကာ အားအင်ကုန်ခမ်းနေသည့် ဗင်းဆင့်ကို ထိုးဖောက်ကာ မြေပြင်ပေါ်သို့ ရိုက်နှက်ကပ်ထားလိုက်တော့သည်။
ပျက်စီးသွားသည့် မျက်လုံးတစ်သျှူးများမှာ်မျက်လုံးလေးများ အမြောက်အမြားအဖြစ် ပြောင်းလဲသွားကာ အလွန်ပင် ရွံရှာဖွယ်ကောင်းစွာဖြင့် တလှုပ်လှုပ် တယိမ်းယိမ်း ဖြစ်နေလေ၏။
သို့သော်လည်း ထိုအရာမှာ ၎င်း၏ နောက်ဆုံး ထွက်သက် ရုန်းကန်မှုသာ ဖြစ်သည်။ မီးတောက်ကြီးမှာ ဆက်လက် လောင်မြိုက်နေသဖြင့် ထိုမျက်လုံးလေးများမှာ တစ်ခုပြီးတစ်ခု ပေါက်ကွဲကာ အဝါရောင် ပြည်ပုပ်များက နေရာအနှံ့ စင်ထွက်ကုန်ပြီး အာရုံခံလက်တံများမှာလည်း လျင်မြန်စွာ ညှိုးနွမ်းသွားတော့သည်။
နတ်ဘုရားတုကြီးက နောက်ဆုံး ဒေါသတကြီး တိုက်ခိုက်မှုအဖြစ် ရန်သူတော်ကို သတ်ရန် လက်တံများကို မြှောက်လိုက်၏။
ထိုစဉ်... ရွှေရောင်ဓားတစ်ချက် လက်ခနဲ ဖြစ်သွားပြီး လေထုလှိုင်းများ ထွက်ပေါ်လာကာ နတ်ဘုရားတု၏ ခန္ဓာကိုယ်ကို ထက်ပိုင်း ပိုင်းဖြတ်လိုက်လေသည်။
နောက်ဆုံးတွင် တောက်ပလှသည့် ရွှေရောင်အလင်းတန်းမှာ ရပ်တန့်သွားပြီး ကောင်းကင်သို့ ထိုးတက်နေသော မီးတောက်များနှင့်အတူ ကြက်ခြေခတ်ပုံသဏ္ဌာန် ဖြစ်ပေါ်ကာ နတ်ဘုရားတုကို ထိုနေရာတွင်ပင် ရိုက်နှက် ချိပ်ပိတ်ထားလိုက်တော့သည်။
ဘုရားတု၏ လှုပ်ရှားမှုများမှာ ရပ်တန့်သွားပြီး မျက်လုံးများမှာ အရောင်မှိန်သွား၏။ ကျန်ရှိနေသော အာရုံခံလက်တံများမှာ ပျော့ခွေပြီး မြေပြင်သို့ ကျသွားတော့သည်။
သူ နောက်ဆုံးမြင်လိုက်ရသည့် မြင်ကွင်းမှာ ဓားကို မြှောက်ကိုင်ထားသည့် ခက်ထန်ထက်မြက်လှသော အဘိုးကြီးတစ်ဦး၏ ပုံရိပ်ပင် ဖြစ်သည်။ သူ၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ဆံပင်များမှာ သန်မာထွားကြိုင်းလှသော ခန္ဓာကိုယ်နှင့် သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူ့ကိုယ်မှ ထွက်ပေါ်နေသည့် အီသာစွမ်းအင်များမှာ ငြှိမ်းသတ်၍ မရနိုင်သည့် မီးတောက်များကဲ့သို့ တောက်လောင်နေသည်။
မဆုတ်မနစ် မြင့်မြတ်သော မီးလျှံ ဂျိုးဇက်...
တိုက်ပွဲမြေပြင် အစွန်အဖျားသို့ ဆုတ်ခွာသွားခဲ့ကြသည့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် မှ အသက်ရှင်ကျန်ရစ်သူများမှာ လေထုထဲရှိ ထိုပုံရိပ်ကို ငေးကြည့်ရင်း ဂျိုးဇက်၏ အမည်ကို တိုးတိုးလေး ရေရွတ်နေကြ၏။
သူ့လက်ထဲတွင် မိစ္ဆာဓား မရှိတော့သော်လည်း သူ၏ ဝိညာဉ်ကမူ ထိုဓားထက်ပင် ပို၍ ထက်မြက်သော ဓားတစ်လက်ကို ကိုင်စွဲထားနိုင်ခဲ့ပြီ ဖြစ်သည်။
ဝုန်း...
မီးတောက်ကြီး ငြိမ်းသွားပြီး ဓားချက်ရာများလည်း ကွယ်ပျောက်သွား၏။ နောက်ဆုံးတွင် နတ်ဘုရားတုကြီး၏ အလောင်းမှာ မြေပြင်သို့ ပြိုကျသွားတော့သည်။
ဂျိုးဇက် အသက်မဲ့သွားသည့် ထိုအသားဆိုင်ကြီးကို စိတ်မချနိုင်ဘဲ အတန်ကြာ စိုက်ကြည့်နေမိ၏။ နောက်ဆုံးတွင်မှ သူ သက်ပြင်းတစ်ချက် ချလိုက်ကာ အီသာစွမ်းအင်များကို ရုပ်သိမ်းလိုက်တော့သည်။ တိုက်ခိုက်မှု တစ်ခုတည်းသာ ဖြစ်သော်လည်း ၎င်းကပင် သူ၏ အားအင် အားလုံးကို ကုန်ခမ်း စေခဲ့သည်။
အခရာ အဆင့် တစ်ဦးသည် သေခါနီးအချိန်တွင်ပင် ဖျက်ဆီးခြင်း အဆင့် တစ်ဦးထက် အဆပေါင်း ရာချီ၍ ပိုမို အစွမ်းထက်နေဆဲ ဖြစ်သည်။ ၎င်းကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ရန်မှာ သူ အရာအားလုံးကို ရင်းနှီးခဲ့ရသည်။
ကံကောင်းထောက်မစွာပင်... အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဂျိုးဇက် ယိုင်တိုင်တိုင်ဖြင့် ဗင်းဆင့်ဘေးသို့ ဆင်းသက်လိုက်၏။ ထို့နောက်... သူက ဗင်းဆင့်ကို ထူပေးရန် လက်ကမ်းပေးလိုက်သည်။
"မင်း အဆင်ပြေရဲ့လား"
ဗင်းဆင့်မှာ မူလပုံစံသို့ ပြန်ရောက်သွားပြီ ဖြစ်သော်လည်း သူ၏ မျက်လုံးများမှာ ဟောင်းလောင်းပေါက် ဖြစ်နေဆဲဖြစ်ကာ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့မှာလည်း ပြဲအာနေသည်။ သူက ချောင်းတဟွတ်ဟွတ် ဆိုးလိုက်ရင်း အားယူ ပြုံးပြလိုက်၏။ ထို့နောက်... လက်ကမ်းလိုက်ရင်း...
"အဆင်ပြေပါတယ်... ကျုပ်တို့ နိုင်သွားပြီ"
ဂျိုးဇက်က ဗင်းဆင့်၏ လက်ကို ဆွဲယူကာ ထူပေးလိုက်သည်။
“ဟုတ်တယ်... ငါတို့ နိုင်ပြီ...”
ဖြောင်း... ဖြောင်း... ဖြောင်း...
တိတ်ဆိတ်နေသော စစ်မြေပြင်တွင် ရုတ်တရက် လက်ခုပ်တီးသံများ ထွက်ပေါ်လာသည်။ ဗင်းဆင့်နှင့် ဂျိုးဇက်တို့သည် အသံလာရာသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ရာ မျက်လုံးများ ကျဉ်းမြောင်းသွားကြ၏။ တဖြည်းဖြည်း လွင့်ပြယ်သွားသည့် ဖုန်မှုန့်များ ကြား၌ ငွေရောင်မျက်လုံးများနှင့် ချောမောသော လူငယ်တစ်ဦး ရှိနေသည်ကို မြင်လိုက်ရသည်။ သူက တောက်ပသော အပြုံးဖြင့် လေထဲတွင် ဝဲပျံနေခြင်း ဖြစ်သည်။
"တကယ့်ကို အံ့ဩစရာကောင်းတဲ့ ဖျော်ဖြေမှုပဲ... အခရာ အဆင့် ရန်သူကို အနိုင်ယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်... အတုအယောင်ကြီး ဆိုရင်တောင်မှပေါ့လေ..."
အနက်ရောင်ဝတ်ရုံတွင် မီးတောက်ဓားပုံစံ တန်ဆာဆင်ထားသည့် ထိုလူငယ်က သူတို့နှစ်ဦးကို စိုက်ကြည့်လိုက်၏။
"ငါ ထင်ထားတာ မှန်တာပဲ... စစ်မှန်တဲ့ လမင်းက သေမသွားဘဲ အိမ်မက်ထဲမှာပဲ နတ်ဘုရား စွမ်းအားတွေကို ဖန်တီးထားခဲ့တာကိုး... ဒါကြောင့်ပဲ ကမ္ဘာဦး စုန်းမကြီးတွေက အိပ်မက်ဘုံထဲမှာ တစ်ညီတစ်ညွတ်တည်း ပုန်းအောင်းနေခဲ့ကြတာပေါ့..."
"ဟုတ်တယ်မလား... ညဉ့်နက်ပိုင်းကို အုပ်စိုးတဲ့ လေဒီ ဝါပူးဂစ်..."
ငွေရောင်ဆံပင်နှင့် လူငယ်က အဝေးတွင် လွင့်မျောနေသည့် မိန်းမငယ်လေးနှင့် သူမနောက်ကွယ်မှ ဝိညာဉ်ပုံရိပ်ကို လှမ်းကြည့်လိုက်သည်။ ပုံသဏ္ဌာန်မရှိသည့် အီသာလှံများမှာ သူတို့နှစ်ဦးကို ဝန်းရံပိတ်ဆို့ထားပြီးသား ဖြစ်သည်။
ဝါပူးဂစ်က သူ့ကို သေချာစိုက်ကြည့်လိုက်၏။
"မင်းကို ငါ မှတ်မိတယ်..."
"ကျုပ် မှတ်မိနေတာ တကယ်ကို ဂုဏ်ယူစရာပဲ...."
လူငယ်က ခပ်ဖွဖွ ဦးညွှတ်လိုက်၏။ ထို့နောက် သူက ဂျိုးဇက်တို့ဘက်ကို ပြန်လှည့်လိုက်သည်။
"ဒါနဲ့ ငါ့ကိုယ်ငါပဲ မိတ်ဆက်လိုက်တော့မယ်... ငါက အမိုးခုံး ဘုရားကျောင်းတော် ရဲ့ ပထမဆုံး ပုပ်ရဟန်းမင်းကြီးပါ... အခုတော့ ဂါဘရီရယ်လို့ ခေါ်ကြတာပေါ့..."
"မင်းတို့ မသိတာ တစ်ခု ရှိသေးတယ်..."
ဂါဘရီရယ်က ရူးသွပ်သော အကြည့်များဖြင့် နှုတ်ခမ်းကို သပ်လိုက်သည်။
"ဒီသားရဲကြီးက အရင်တုန်းက ပျင်းစရာကောင်းပြီး ထုံအတဲ့ သတ္တဝါလေး တစ်ကောင်ပဲ... ငါပဲ သူ့ကို မြှောက်ပေးခဲ့တာ... အိပ်မက်ဘုံရဲ့ နောက်ဘက်မှာ လှပတဲ့ အဝတ်အစားတစ်ခု ရှိတယ် ဆိုပြီးတော့ပေါ့လေ... အဲဒီနောက် သူ အဲဒီကို သွားပြီး လမင်းရဲ့ အရေခွံကို ခွာယူလိုက်တယ်... ပြီးတော့ သူ့ကိုယ်ပေါ်မှာ ဝတ်ဆင်လိုက်ပြီး မူလပိုင်ရှင်ကို ပိတ်လှောင်လိုက်တာပေါ့လေ..."
"ဒါ ငါလုပ်ခဲ့တာ... ငါက နတ်ဘုရားတစ်ပါးကို ဖန်တီးခဲ့တာ..."
ဂါဘရီရယ်က ကြည်နူးစွာ ပြောလိုက်၏။ ထို့နောက် သူက ဝါးပူဂစ်ဘက်သို့ ပြန်လှည့်လိုက်သည်။
"ခင်ဗျားလို မြင့်မြတ်တဲ့ အရှင်သခင် တစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး... တကယ်ကို သဘောထားကြီးပြီး ခွင့်လွှတ်တတ်တဲ့ သူမျိုးပေါ့လေ... ကျုပ်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ မျှော်လင့်ပါတယ်... ကျုပ်လည်း ခင်ဗျားလိုမျိုး နတ်ဘုရားတစ်ပါး ဖြစ်ချင်လို့ပါ..."
ဂါဘရီရယ်က ပြုံးလိုက်၏။
"နောက်ဆုံးမှာတော့ ခင်ဗျားတို့ ဘယ်မှာ ရှိနေလဲဆိုတာကို ရှာဖွေခဲ့တဲ့ ကျုပ်ရဲ့ ကြိုးစားမှုတွေ၊ ခင်ဗျားတို့ ရောက်လာဖို့ အတွက် ဒီလောက်ကြာအောင် ကျုပ် စီစဉ်ခဲ့တာတွေ အားလုံးက အချည်းနှီး မဖြစ်တော့ဘူးပေါ့..."
မြေပြင်တွင် ဖုန်မှုန့်များ ကင်းစင်သွားသောအခါ မီးလောင်ထားသည့် မြေပေါ်တွင် ငွေရောင် အစီအရင်တစ်ခု ဝေဝါးစွာ ပေါ်လာတော့၏။
ဂါဘရီရယ်မှာ ဘုရားကျောင်းတော်၏ စွမ်းအားကို အသုံးပြု၍ ဤနေရာတွင် အစွမ်းထက် အစီအရင်တစ်ခုကို ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
ဂျိုးဇက်နှင့် ဗင်းဆင့်တို့ မျက်နှာပျက်သွားကြပြီး ဝါပူးဂစ်မှာလည်း မျက်နှာညှိုးသွား၏။ မွန်းကမူ သူမ၏ လက်ရှိစွမ်းအားဖြင့် ထွက်ပြေးနိုင်ခြင်း ရှိမရှိကို နှုတ်ခမ်း ကိုက်ကာ တွေးတောနေမိသည်။
သို့သော် အစီအရင်ကြီး စတင် အသက်ဝင်လာခါနီးအချိန်မှာပင် ခပ်တိုးတိုး အသံတစ်ခု ပဲ့တင်ထပ်သွား၏။
"မင်း ပေါ်လာမှာကို ငါ စောင့်နေတာ..."
ထိုအသံမှာ အေးစက်သော်လည်း ကောင်းကင် အမြင့်ဆုံးမှ ကျရောက်လာသည့် မိုးခြိမ်းသံကဲ့သို့ လောကတစ်ခုလုံးကို တုန်ဟည်းသွားစေသည်။
ဂါဘရီရယ်နှင့် လူတိုင်းမှာ အပေါ်သို့ တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်ကြရာ တိမ်တိုက်များ ကင်းစင်နေသည့် ကောင်းကင်ယံတွင် ဧရာမ အနက်ရောင် ပုံရိပ်ကြီးတစ်ခုကို တွေ့လိုက်ရ၏။
ထိုအနက်ရောင် ပုံရိပ်ကြီးမှာ ကောင်းကင်ယံပင် မဆံ့နိုင်လောက်အောင် ကြီးမားလှသည်။ ၎င်းမှာ စစ်တုရင်ခုံကို ငုံ့ကြည့်နေသည့် ဘီလူးကြီးတစ်ဦးနှင့် တူလှပြီး ၎င်း၏ ဦးခေါင်း၊ လည်ပင်းနှင့် ပုခုံးတို့ကိုသာ မြင်တွေ့ရသည်။ ကျန်ရှိသော အစိတ်အပိုင်းများမှာမူ ကြယ်ရောင်စုံသည့် ကောင်းကင်ယံကြီး၏ နောက်ကွယ်တွင် ပုန်းကွယ်နေသကဲ့သို့ ရှိသည်။
ထိုအနက်ရောင် ပုံရိပ်ကြီးမှာ တိမ်တိုက်များကို ဖောက်ထွက်ကာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ဂါဘရီရယ်ကို ဖမ်းဆုပ်လိုက်လေတော့၏။
ချွမ်...
ဖန်ခွက် တစ်ခွက် ကွဲအက်သွားသည့်အသံကဲ့သို့ ထွက်ပေါ်လာပြီး ကမ္ဘာကြီးတစ်ခုလုံးမှာ ပြိုကျ ပျက်စီးသွားတော့၏။ မီးလောင်ပျက်စီးနေသည့် မြေပြင်၊ မှောင်မည်းနေသည့် ကောင်းကင်နှင့် နတ်ဘုရားတုကြီး၏ အလောင်းတို့မှာ အပိုင်းပိုင်းအစစ ပြတ်ထွက်ကုန်၏။
လူတိုင်း၏ မြင်ကွင်းမှာ ခဏတာမျှ မှောင်အတိ ကျသွားပြီးနောက် သူတို့ကိုယ် သူတို့ ဗဟိုဝတ်ပြုဆောင်ထဲတွင် ပြန်လည်ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
"ဘာတွေ ဖြစ်ကုန်တာလဲ..."
ဂျိုးဇက်သည် လန့်နိုးလာသကဲ့သို့ ဝုန်းကနဲ ထရပ်ကာ ပတ်ဝန်းကျင်ကို သတိကြီးစွာ စစ်ဆေးကြည့်လိုက်၏။ သူက ဝတ်ပြုဆောင်၏ အတွင်းခန်းမထဲတွင် ပြန်ရောက်နေခြင်း ဖြစ်သည်။ သူ့ရှေ့ရှိ ယဇ်ပလ္လင်ပေါ်တွင် ငွေရောင်အချင်းတိုင်မှာ ခြောက်သွေ့နေပြီး ဘေးတွင်တော့ ရော့ဒ်နီ၏ မီးလောင်ထားသော အလောင်းရှိနေ၏။
သို့သော်လည်း... ပတ်ဝန်းကျင်ရှိ နံရံများနှင့် အဆောက်အအုံများမှာမူ ပျက်စီးခြင်းမရှိဘဲ အပေါ်ဘက်ရှိ စက်ဝိုင်းပုံ ပြတင်းပေါက်မှတစ်ဆင့် ငြိမ်သက်သော လရောင်များသာ ကျရောက်နေသည်။
ထိုအချိန်တွင် ဂျိုးဇက်၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိနေတော့၏။
'အဲဒီအသံက... ဆိုင်ရှင်လင်ရဲ့ အသံနဲ့ တူနေပါလား...'
***