← Chapters

ကိုယ်ပျောက်နေသည့်သဖွယ်။

Vol. 21 Ch. 221

ကိုယ်ပျောက်နေသည့်သဖွယ်။

Vol. 21 Ch. 221

“ ဒီနေရာမှာ မြို့ဆောက်မလို့လား။ ”

စိတ်ကူးကောင်းသော်လည်း မြို့ဆောက်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ မရှိပါ။ လုံလောက်တဲ့ လူအင်အား မရှိသလို ရုံးတော်ကလည်း သူတို့အတွက် လုံလောက်တဲ့ ကုန်ကြမ်းပစ္စည်းတွေ ပေးဖို့ အလားအလာမရှိပေ။

“ ငါတို့ လောလောဆယ်မှာ မဆောက်နိုင်သေးတာက အနာဂတ်မှာလည်း မဆောက်နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။ ” ဟု လီယောင်က ပြောလိုက်သည်။ “ မနေ့တုန်းက ငါ ယိကျိုးမင်းသားဆီက သတင်းစကားရခဲ့တယ်။ ဘိလပ်မြေစက်ရုံက စပြီး လည်ပတ်နေပြီ ၊ မင်းရဲ့ စတုတ္ထဦးလေးနဲ့ အဖွဲ့ကလည်း မနားမနးနေ အလုပ်,လုပ်နေတယ်။ မကြာခင် ဘိလပ်မြေတွေ အများကြီး ထုတ်နိုင်တော့မှာပါ။ ဘိလပ်မြေတွေ ရောက်လာတာနဲ့ အိမ်ဆောက်ဖို့ လွယ်သွားပြီ။ ”

“ ဒါပေမဲ့ အဲ့အချိန်မတိုင်ခင် ဘယ်လိုလုပ်မှာလဲ။ ” ဟု ဝမ်စန်းအာက မေးလိုက်သည်။ “ ဘာလို့မှန်း မသိပေမဲ့ လူရိုင်းတွေက ဒီတစ်ခေါက် အသိစိတ်လွတ်နေသလို ပြုမူနေတယ်လို့ ခံစားရတယ်။ နှင်းတွေ အများကြီးကျပြီး မြက်ခင်းပြင်ကို ဖုံးအုပ်သွားရင်တောင် သူတို့ တပ်မဆုတ်လောက်ဘူးလို့ ကျွန်တော် ထင်တယ်။ အဲ့ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဖြေရှင်းနည်း ကူစဉ်းစားပေးပါလား အမေ။ ”

“ ဒါ မင်းရဲ့ စိတ်ကူးလား ၊ တပ်မှူးချုပ်ရဲ့ စိတ်ကူးလား။ ”

ဝမ်စန်းအာက မျက်နှာရဲသွားပြီး “ ဟို … တကယ်တော့ ကျွန်တော် သူ့ကို ကူညီပေးမယ်လို့ ပြောခဲ့တာပါ။ ” ဟု ပြန်ပြောသည်။

လီယောင် ခပ်ပြုံးပြုံးနှင့် ခေါင်းခါယမ်းလိုက်သော်လည်း ဝမ်စန်းအာကို အပြစ်မတင်ဖြစ်ပါ။ ထို့ကြောင့် ပင်မရွက်ဖျင်တဲကိုသာ တိုက်ရိုက် သွားပြီး တပ်မှူးချုပ်ရှုကို သွားရှာလိုက်သည်။

“ မင်းမှာ လူရိုင်းတွေရဲ့ တိုက်ခိုက်မှုတွေအတွက် ဖြေရှင်းနည်း ရှိလား လီယောင်။ ”

“ အင်း။ ”

“ ကျေးဇူးပြုပြီး ကျုပ်ကို ပြောပြပေးပါ။ ”

“ တကယ်တော့ အဲ့လောက် မခက်ပါဘူး။ အခုအချိန်မှာ ကျွန်မတို့ လူရိုင်းတွေကို မရှင်းနိုင်တာက သူတို့လှုပ်ရှားမှုတွေကို ခြေရာမခံနိုင်လို့ပဲ။ သူတို့ ဘယ်နေရာမှာ ရှိနေတာလဲ ၊ ဘယ်အချိန်မှာ သူတို့ဘက်က တိုက်ခိုက်လာမှာလဲဆိုတာ ကျွန်မတို့ မသိဘူး။ ”

ရန်သူကို ခြေရာမခံနိုင်ခြင်းက ပြောက်ကျားတိုက်ခိုက်ခြင်းရဲ့ အနှစ်သာရပင်။

“ ဒါပေမဲ့ ကျုပ်တို့ ထောက်လှမ်းရေးသမားတွေ လွှတ်လိုက်ရင်တောင် သူတို့ ရှိနေတဲ့နေရာကို ထောက်လှမ်းနိုင်ဖို့ မလွယ်ဘူး လီယောင်။ ”

“ ‘အဝေးကြီးကို မြင်နိုင်ဖို့အတွက် အမြင့်ကို တက်ရမယ်’ ဆိုတဲ့ စကားပုံကို ရှင် ကြားဖူးလား တော်ဝင်တပ်မှူးချုပ်ရှု။ ”

“ ကျုပ်တို့ မျှော်စင်အမြင့်ကြီး ဆောက်ရမယ်လို့ မင်း ပြောချင်တာလား။ ”

လီယောင်က ခေါင်းခါယမ်းလိုက်သည်။ “ မျှော်စင်က အရမ်း နိမ့်လွန်းတယ်။ ကျွန်မတို့ အဲ့ထက် ပိုမြင့်တာကို ဆောက်ဖို့ လိုတယ်။ ”

တော်ဝင်တပ်မှူးချုပ်ရှု : …

အရာရှိများနှင့် တပ်သားများ : …

တစ်စုံတစ်ယောက်က ကောင်းကင်အမြင့်ထိ တက်လှမ်းနိုင်တယ်ဆိုလျှင် လူမဟုတ်တော့ဘဲ နတ်ဖြစ်သွားပါလိမ့်မည်။ လီယောင်ကို အမြဲ ယုံကြည်လာခဲ့သော တော်ဝင်တပ်မှူးချုပ်ရှုပင်လျှင် ဒီတစ်ခေါက်တော့ သံသယတချို့ဝင်သွားမိသည်။

ဝမ်စန်းအာကပဲ အမေဖြစ်သူကို ထုံးစံအတိုင်း ဆက်လက်၍ အားပေးထောက်ခံသည်။ “ အမေက ကျွန်တော်တို့ ကောင်းကင်အထိ ရောက်နိုင်တယ်လို့ ပြောရင် သေချာပေါက် ရောက်နိုင်လို့ပါပဲ။ ”

“ ဒါပေမဲ့ အဲ့ဒါမတိုင်ခင် သိုးသားရေ ၊ နွားသားရေနဲ့ ခိုင်ခံ့တဲ့ ကြိုးတွေ အများကြီး လိုအပ်တယ်။ ”

“ ကောင်းပြီ။ ကျုပ် စီစဉ်ပေးပါ့မယ်။ ”

မြက်ခင်းပြင်နယ်မြေထဲမှာ သိုးသားရေနှင့် နွားသားရေကို ရှာရတာ အလွန် ရိုးရှင်းလွယ်ကူပါသည်။ တော်ဝင်တပ်မှူးရှုက ထိုပစ္စည်းတွေကို ရုံးတော်ကနေ မတောင်းခံဘဲ သူ့လူတွေကို ယုဟန်ခံတပ်သို့ ပိုက်ဆံနှင့်အတူ စေလွှတ်ကာ နွားကျောင်းသား ၊ သိုးကျောင်းသားတွေဆီက ဝယ်ယူစေခဲ့သည်။

သုံး ၊ လေးရက်အကြာမှာတော့ သိုးသားရေ ၊ နွားသားရေနှင့် ကြိုးတွေ တင်ထားသော လှည်းတွေအများကြီး ပြန်ရောက်လာခဲ့သည်။

လီယောင်သည် လက်ရှိနည်းပညာအရ လေယာဉ်ပျံမဆောက်နိုင်သော်လည်း မိုးပျံပူဖောင်းတစ်လုံးတော့ ဖန်တီးနိုင်သည်။

ဘောလုံးကို သိုးသားရေ ၊ နွားသားရေတို့နှင့် ချုပ်ပြီးသောအခါ ဘောလုံးဖောင်းပွလာတာကို ထိန်းညှိထောက်ပံ့ဖို့အတွက် မီတာနှစ်ဆယ်ကျော်မြင့်သော ငြမ်းတစ်ခုကို အောက်ကနေ ဆင်ထားလိုက်သည်။

အလွန် ကြီးမားသော မိုးပျံပူဖောင်းကြီးတစ်လုံး ပြုလုပ်ပြီးစီးသွားသောအခါ လီယောင်က သူမရဲ့ ရွက်ဖျင်တဲထဲက အလုံပိတ်ထားတဲ့ စည်းပိုင်းနှစ်လုံးကို ထုတ်ယူလာခဲ့သည်။ ထိုစည်ပိုင်းတွေထဲမှာ သိုးသားရေကြားက ကွာဟမှုတွေကို ယာယီ ပိတ်ဆို့ပေးနိုင်တဲ့ သားရေကြမ်းတွေ ပါဝင်သည်။

ထို့နောက် လူတွေက မိုးပျံပူဖောင်းကြီးကို ငြမ်းပေါ်မှာ တွဲလွဲချိတ်ထားလိုက်ကာ အောက်က လူစီးလို့ရတဲ့ ခြင်းတောင်းကို ကြိုးတွေနှင့် မြဲမြံနေအောင် ချည်လိုက်လေသည်။

လူတွေက ထူးခြားဆန်းကြယ်လှသော မိုးပျံပူဖောင်းကြီးကို ကြည့်ကာ ‘ ဒီပစ္စည်းက ကောင်းကင်ပေါ်ကို တကယ်ရော ပျံနိုင်ပါ့မလား ’ ဟု တအံ့အဩ တွေးနေခဲ့ကြသည်။

“ ငါက အတောင်ပံကြီးတစ်စုံ ဖြစ်လိမ့်မယ်လို့ ထင်ထားတာ။ လတ်စသတ်တော့ ဘောလုံးကြီး ဖြစ်နေတာပဲ။ ”

“ ငါကတော့ စက္ကူစွန်တစ်ခု ဖြစ်လိမ့်မယ်လို့ ထင်ထားတာ။ မဟုတ်ဘူး … စက္ကူစွန် ဆိုတာထက် တိရစ္ဆာန်သားရေနဲ့ လုပ်ထားတဲ့ စွန်ပေါ့။ ”

တော်ဝင်တပ်မှူးချုပ်ရှုက ဇဝေဇဝါမျက်လုံးတွေနှင့် ဘေးကနေ ရပ်ကြည့်နေရာမှ လီယောင့်ကို လာမေးသည်။ “ လီယောင် … ဒီဘောလုံးကြီးက တကယ်ရော ပျံသန်းနိုင်မှာ ဟုတ်ရဲ့လား။ ”

“ နောက်ထပ် ပစ္စည်းတစ်ခု လိုပါသေးတယ်။ ”

လီယောင်က ဓာတ်ငွေ့ဖွဲ့စက်လေးတစ်လုံးကို ရွက်ဖျင်တဲထဲက တွန်းထုတ်လာခဲ့လိုက်သည်။ ဒါက ကျောက်မီးသွေးကို လောင်စာအဖြစ် အသုံးပြုနိုင်သော ၊ ရှားရှန့် ပြုလုပ်ပေးထားတဲ့ ဓာတ်ငွေ့ဖွဲ့စက် ဖြစ်သည်။ အောက်မှာ လက်လှည့်လေမှုတ်စက်ကိုလည်း တပ်ဆင်ထားသည်။

ဓာတ်ငွေ့ဖွဲ့စက်ထဲကို ကျောက်မီးသွေးတွေထည့်ကာ လောင်ကျွမ်းစေပြီးနောက် ဝမ်စန်းအာက လက်လှည့်လေမှုတ်စက်ကို အားသွန်ခွန်စိုက် လှည့်လိုက်၏။ ထိုအခါ ကျောက်မီးသွေးထဲကို လေတွေအများကြီး ဝင်သွားလျက် အရှိန်ပြင်းပြင်း လောင်ကျွမ်းကာ ရလဒ်အနေဖြင့် လေပူတွေက မိုးပျံပူဖောင်းထဲကို လျင်မြန်စွာ ဝင်သွားခဲ့သည်။

နာရီဝက်အကြာမှာတော့ မူလတုန်းက လျော့တိလျော့ရဲဖြစ်နေတဲ့ မိုးပျံပူဖောင်းဟာ လူတိုင်းမျက်စိရှေ့မှာပဲ ဖောင်းကားလာလျက် လေပေါ်ကို စတင် မြောက်တက်သွားပြီး မြေကြီးပေါ်မှာ မိုးပျံပူဖောင်းနှင့် တွဲချည်ထားတဲ့ ကြိုးတွေကို ခပ်တင်းတင်း ဆွဲဆန့်သွားခဲ့သည်။

“ ပျံသန်းဖို့အတွက် အဆင်သင့်နီးပါးလောက် ဖြစ်ပါပြီ။ ” ဟု လီယောင်က ပြောလိုက်သည်။ “ တပ်မှူးချုပ်က အားလုံးထက်အရင် တစ်ခေါက်လောက် စမ်းစီးကြည့်ပါလား။ ”

အမှန်အတိုင်း ဝန်ခံရလျှင်တော့ တပ်မှူးချုပ်ရှုတစ်ယောက် အနည်းငယ် စိုးရိမ်ပူပန်မိပါသည်။ ဒီပစ္စည်းက အမှန်တကယ် ပျံသန်းနိုင်မည့်ပုံမပေါ်ပေမဲ့ တကယ်လို့သာ အရမ်းအမြင့်ကြီးကို ပျံတက်သွားပြီး အောက်ကို ပြန်ဆင်းမလာတော့ရင် ၊ ဒါမှမဟုတ် ကောင်းကင်ပေါ်ကို ရောက်နေတုန်း ပေါက်ထွက်သွားရင် ဘယ့်နှယ့်လုပ်မလဲ … ။

“ အဟမ်း အဟမ်း … ကျုပ် ဒီမှာပဲ ကျန်ခဲ့ပြီး အခြေအနေကို ခြုံငုံစောင့်ကြည့်ပေးပါ့မယ်။ ”

“ ဒါဆို ကျွန်မကိုယ်တိုင်ပဲ သွားလိုက်ပါ့မယ်။ ”

လီယောင်က မိုးပျံပူဖောင်းနှင့် တွဲချည်ထားတဲ့ ခြင်းတောင်းထဲကို ဝင်ခဲ့လိုက်သည်။ ဒီလို အခြေခံကျလွန်းတဲ့ အကြမ်းထည် မိုးပျံပူဖောင်းကို အခုမှ ပထမဆုံးအကြိမ် စီးဖူးတာ ဖြစ်သော်လည်း ဘာပြဿနာမှ မရှိနိုင်ဘူးလို့ ယုံကြည်မိသည်။ မိုးပျံပူဖောင်းကနေ လေတွေ ယိုစိမ့်ထွက်လာလျှင်တောင် မြေပြင်ပေါ်ကို အရှိန်နှင့် ရုတ်တရက် မပြုတ်ကျဘဲ ဖြည်းဖြည်းချင်း ဆင်းသက်လိမ့်မည်။

ခြင်းတောင်းထဲကို ကျောက်မီးသွေးတွေ သယ်ပြီးသွားချိန်မှာတော့ လီယောင်ရော ၊ ဝမ်စန်းအာရော ကောင်းကင်ပေါ်ကို ပျံတက်ဖို့ အဆင်သင့်ဖြစ်နေခဲ့ကြပါပြီ။

“ မင်း ကြိုးတွေကို သေချာ ဂရုစိုက်ရမယ်နော် လျှို့ဟူ။ ” ဟု ဝမ်စန်းအာက သတိပေးလိုက်သည်။ “ မဟုတ်ရင် လေတိုက်နှုန်းကြောင့် ငါတို့သားအမိ ဟိုးအဝေးကြီးကို လွင့်ပါသွားလိမ့်မယ်။ ”

“ နားလည်ပြီ။ ”

လျှို့ဟူနှင့် ကာကွယ်ရေးခေါင်းဆောင်ကျန်းတို့က တခြားလူတွေနှင့်အတူ မြေပြင်ပေါ်က ကြိုးတွေကို ဖြည်းဖြည်းချင်း ဖြေလျှော့ပေးလိုက်သည်။

အပူချိန် မြင့်တက်လာသည်နှင့်အမျှ မိုးပျံပူဖောင်းဟာ ကောင်းကင်ပေါ်ကို လျင်လျင်မြန်မြန် ပျံတက်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပဲ မီတာ ( ၅၀ ) ဝန်းကျင် အမြင့်ထိ ရောက်သွားခဲ့သည်။

“ ဒီလောက် အမြင့်ဆို မလုံလောက်သေးဘူးလားဟင် အမေ။ ” ဝမ်စန်းအာက သူတို့အောက်က အမြင့်ကို ငုံ့ကြည့်ရင်း မနေနိုင်မထိုင်နိုင် မေးလိုက်မိသည်။

“ မလုံလောက်သေးဘူး။ ငါတို့ တကယ် ပျံသန်းချင်ရင် ဒီ့ထက် အဆပေါင်းများစွာ ပိုမြင့်‌တဲ့အထိ ဆက်တက်ရဦးမယ်။ ”

“ ဘယ်လောက် အမြင့်ထိလဲ။ ”

လူစီးတဲ့ မိုးပျံ‌ပူဖောင်းတွေရဲ့ ပုံမှန်အမြင့်က တစ်ကီလိုမီတာဝန်းကျင်ရှိတာကြောင့် လီယောင်က ထိုအမြင့်အတွက် ကြိုးတွေ ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း လက်တွေ့မှာတော့ ကောင်း‌ကင်ပေါ်မှာ တိုက်ခတ်နေတဲ့ လေတွေက ပြင်းလွန်းတာကြောင့် သူတို့ အဲ့ဒီလောက် အမြင့်ကြီးထိ သွားလို့မရပေ။ မိုးပျံပူဖောင်းက အန္တရာယ်များတဲ့ အမြင့်တစ်ခုထိ ရောက်နေပြီမို့ နောက်ထပ် မီတာအနည်းငယ်လောက်ပဲ ထပ်တက်တာက လုံလောက်လိမ့်မည်။

မိုးပျံဖူးဖောင်းက အတော်မြင့်မြင့်ကို ရောက်သောအခါ ကြိုးတွေပေါ်က ဖိအားကလည်း တိုးလာခဲ့သည်။ သတ္တိကောင်းသော ဝမ်စန်းအာပင်လျှင် ဒီအမြင့်မှာတော့ အောက်ကို ငုံ့ကြည့်ဖို့ မဝံ့မရဲဖြစ်ရလေသည်။

လီယောင်က မိုးပျံပူဖောင်းပေါ်ကနေ အဝေးကို လှမ်းကြည့်လိုက်သည်။ ဒီနေ့ ရာသီဥတုက အကွာအဝေး ( ၁၀ ) လီကျော်လောက်ထိ ရှင်းလင်းပြတ်သားစွာ မြင်နိုင်လောက်အောင် ကြည်လင်နေတာမို့ သူမက အလံလေးကို သုံး ၊ လေးကြိမ်လောက် ဝှေ့ယမ်းပြလိုက်သည်။

ဒါက သူမနှင့် တော်ဝင်တပ်မှူးချုပ်တို့ ပြုလုပ်ထားတဲ့ အချိန်းအချက် ဖြစ်သည်။ မိုးပျံပူဖောင်းပေါ်ကနေ သူမ အလံဝှေ့ယမ်းပြလိုက်လျှင် တပ်မှူးချုပ်ရှုက မြင်းတပ်ဖွဲ့လေးတစ်ဖွဲ့ကို ယုဟန်ခံတပ်သို့ စေလွှတ်လိုက်လိမ့်မည်။ လီယောင်သည် ဒီပေါ်က‌နေ သူမ ဘယ်အကွာအဝေးထိ မြင်နိုင်မလဲဆိုတာ စမ်းသပ်ကြည့်ချင်သည်။

မြင်းတပ်ဖွဲ့က လျင်မြန်စွာပဲ အဝေးကို ရောက်သွားသည်။ သူတို့ရဲ့ ပုံရိပ်တွေ တဖြည်းဖြည်း ဝေဝါးကာ သေချာ မြင်နိုင်ဖို့ မလွယ်ကူတော့မှ ဝမ်စန်းအာက အကြမ်းဖျင်း တွက်ချက်လိုက်သည်။ “ ( ၃၀ ) လီထက် နည်းလောက်တယ်။ အဲ့လောက် အကွာအဝေးဆို လုံလောက်မှာပါ။ ”

“ မလုံလောက်ဘူး။ ”

( ၃၀ ) လီ ဆိုတဲ့ အကွာအဝေးက အလွန်ဆုံးမှ စစ်မြေပြင်မှာ အနည်းငယ်မျှ အသာစီးရရုံလောက်သာ ကူညီပေးလိမ့်မည်။ သူမတို့ဘက်က လွှမ်းမိုးချုပ်ကိုင် အနိုင်ယူနိုင်တဲ့ အနေအထားကို ရောက်ဖို့ အဝေးကြီးလိုသေးသည်။

လီယောင်က သူမရဲ့ ကျောပိုးအိတ်လေးထဲက ဆလင်ဒါရှည်ရှည်လေးကို ထုတ်ယူလိုက်၏။ ရှားရှန့် သွန်းလုပ်ပေးထားတဲ့ ကြည်လင်ပြတ်သားမှုအမြင့်ဆုံး ဖန်ထည်တချို့ကို သူမကိုယ်တိုင် ရွေးချယ်ကာ ရိုးရှင်းသော အဝေးကြည့်မှန်ပြောင်းတွေ ပြုလုပ်ထားသည်။

ဗဟိုအချက်အချာကို အနည်းငယ် ချိန်ညှိပြီးသွားတော့ မြင်းတပ်ဖွဲ့ရဲ့ ပုံရိပ်က အဝေးကြည့်မှန်ပြောင်းထဲမှာ ပေါ်လာခဲ့သည်။

နောက်ဆုံး စစ်ဆေးမှုတွေကို ပြုလုပ်အပြီးမှာတော့ မိုးပျံပူဖောင်းနှင့် အဝေးကြည့်မှန်ပြောင်းကို ပေါင်းစပ်လိုက်လျှင် လီ ( ၅၀ ) အကွာအဝေးမှာ ရှိတဲ့ မြင်းတပ်ဖွဲ့ကို ကောင်းကောင်း မြင်နိုင်ကြောင်း သိရှိလာခဲ့သည်။ ထိုအကွာအဝေးက ခန့်မှန်းချေ ( ၂၅ ) ကီလိုမီတာနီးပါးလောက် ရှိလိမ့်မည်။

သို့သော်လည်း ( ၁၀၀ ) ကီလိုမီတာရဲ့ အကွာအဝေးအယူအဆနှင့် ယှဉ်လိုက်လျှင် ထိုအကွာအဝေးက စိတ်ကျေနပ်လောက်စရာ အကွာအဝေးမျိုး မဟုတ်ပါ။ အဓိကပြဿနာက အဝေးကြည့်မှန်ပြောင်းတွေရဲ့ မှန်ဘီလူးမှာ ကြည်လင်ပြတ်သားမှုမရှိဘဲ အလှမ်းဝေးတဲ့ အကွာအဝေးကို ကြည့်ဖို့ရာ မှုန်ဝါးစေတာပင်။

ဘယ်လိုပဲဖြစ်ဖြစ် သာမန်နှုန်းအရ မြင်းတပ်ဖွဲ့တစ်ဖွဲ့အတွက် လီ ( ၅၀ ) အကွာအဝေးကို ရောက်ဖို့ဆို အချိန်တစ်နာရီဝန်းကျင် ကြာသည်။

ရန်သူနှင့် သူတို့ကြား အင်အားကွာဟချက်က အရမ်း မကြီးသရွေ့ ရန်သူ့လှုပ်ရှားမှုကို တစ်နာရီတိတိ ကြိုတင်သိရှိထားပြီး သူတို့ရဲ့ လုပ်ရပ်တိုင်းကို စောင့်ကြည့်ကာ အလိုက်သင့် တုံ့ပြန်နိုင်လျှင် တာ့လင်စစ်တပ်ဟာ ကိုယ်ပျောက်နေသည့်သဖွယ် ဖြစ်သွားပါလိမ့်မည်။

….

All Chapters