စစ်တပ်အတွက် ဆုလာဘ်။
Vol. 21 Ch. 222
မိုးပျံပူဖောင်းကို အောင်မြင်စွာ လွှတ်တင်နိုင်ခြင်းက တော်ဝင်တပ်မှူးချုပ်ရှုနှင့် တပ်သားတွေကို များစွာ စိတ်အားတက်သွားစေခဲ့သည်။
တော်ဝင်တပ်မှူးချုပ်ရှုသည် ကောင်းကင်ပေါ်မှာ ပျံသန်းခြင်းနှင့် အဝေးကြည့်မှန်ပြောင်းရဲ့ အံ့မခန်း အသုံးဝင်ပုံကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ပြီးသည်နှင့် တပ်မှူးတွေအားလုံးကို ချက်ချင်း စုရုံးစေကာ ‘ အဝေးကနေ ပြောဆိုဆက်သွယ်နည်း ’ ကို လီယောင်နှင့်အတူ ပူးပေါင်း၍ အဖြေရှာစေခဲ့သည်။
တပ်မှူးချုပ်ရှုက စစ်တပ်ထဲက သွက်လက်ထက်မြတ်သော တပ်သားတွေကို ရွေးချယ်ကာ အလံတွေကို အသုံးပြု၍ မတူညီသော အချက်ပြသင်္ကေတတွေ ပေးပို့နည်းကို သင်ကြားပေးခဲ့သည်။ လီယောင်ကတော့ သူတို့ကို ဆက်သွယ်ရေးတပ်သားဟူ၍ နာမည်ပေးထားသည်။
မိုးပျံပူဖောင်းတွေပေါ်က ဆက်သွယ်ရေးတပ်သားတွေဟာ အလံတွေကို အသုံးပြု၍ မြေပြင်ပေါ်မှာ သူတို့ မြင်တွေ့ရတဲ့ မြင်ကွင်းတွေကို အချက်ပြရသည်။ အဲ့ဒီနောက် အချက်ပြသင်္ကေတတွေကို အလံနှင့် ဝှေ့ယမ်းပုံဖော်၍ တခြား ဆက်သွယ်ရေးတပ်သားတွေအား တော်ဝင်တပ်မှူးချုပ်ရှုရဲ့ အမိန့်တွေကို လက်ဆင့်ကမ်းရသည်။
ရန်သူတွေဟာ လီ ( ၅၀ ) အကွာအဝေးအတွင်းမှာ ရှိနေသရွေ့ တော်ဝင်တပ်မှူးချုပ်ရှုသည် ထိုနည်းလမ်းဖြင့် သူ့တပ်သားတွေကို ကျွမ်းကျင်ပိုင်နင်စွာ စီမံပြီး ရန်သူတွေကို အလွယ်တကူ ဝိုင်းရံချေမှုန်းပစ်နိုင်သည်။
နှစ်ရက် ၊ သုံးရက်လောက် လေ့ကျင့်အပြီးမှာတော့ တပ်မှူးချုပ်ရှုက မိုးပျံပူဖောင်းတွေကို တိုက်ပွဲမှာ စမ်းသပ် အသုံးပြုကြည့်ဖို့ ဆုံးဖြတ်ခဲ့လေသည်။
ပထမအကြိမ် စမ်းသပ်မှုအပြီးမှာပဲ ရလဒ်တွေက အံ့ဩဖွယ်ကောင်းလောက်အောင် ထိရောက်ကောင်းမွန်ခဲ့သည်။
လီ ( ၃၀ ) အကွာအဝေးမှာ စခန်းချနေတဲ့ လူရိုင်းတပ်ဖွဲ့ငယ်နှစ်ဖွဲ့က မြင်းခွာသံသဲ့သဲ့ကြား၍ ထွက်ပြေးဖို့ ပြင်နေတုန်းမှာပဲ တာ့လင်မြင်းတပ်သားတွေအများကြီးက သူတို့ကို ဝိုင်းရံထားပြီး တစ်ယောက်မှ ထွက်ပြေးလွတ်မြောက်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ သိရှိနားလည်သွားလေသည်။ သူတို့ရဲ့ တည်နေရာက ဘယ်လို ပေါက်ကြားသွားတာလဲ ဆိုတာကိုတော့ သူတို့ သေတဲ့အထိ သိမသွားပေ။
ချိုမြိန်တဲ့ အောင်မြင်မှုအရသာကို သိရှိသွားသော တော်ဝင်တပ်မှူးချုပ်ရှုကလည်း သူ့တပ်သားတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ စီမံပြီး လီ ( ၅၀ ) အကွာအဝေးအတွင်းက လူရိုင်းတပ်ဖွဲ့တွေကို အဆက်မပြတ် ရှင်းလင်းချေမှုန်းပစ်ခဲ့သည်။
အထူးသဖြင့် မြို့စောင့်တပ်အစွန်အဖျားမှာ ရိက္ခာသယ်ယူပို့ဆောင်ရေးကို နှောင့်ယှက်နေတဲ့ လူရိုင်းမြင်းတပ်ဖွဲ့တွေကို တစ်ယောက်မကျန် ရှင်းလင်းနိုင်ခဲ့ပြီး နောက်ပိုင်းမှာ ရိက္ခာတွေရဲ့ လုံခြုံရေးကို ခိုင်မာသေချာစေခဲ့သည်။
တော်ဝင်တပ်မှူးချုပ်ရှုသည် အလွန် ကျေနပ်နေပြီး စစ်တပ်ကို ဆုချသည့်အနေဖြင့်ရော ၊ စိတ်အားတက်ကြွအောင် အားပေးသည့်အနေဖြင့်ရော စားသောက်ပွဲကြီးတစ်ပွဲ ကျင်းပဖို့ ပြင်ဆင်ခဲ့သည်။
တပ်သားတွေအဖို့ ဒီလို စိတ်အားတက်စရာ တိုက်ပွဲကို မကြုံရတာ ကြာခဲ့ပြီဖြစ်ကာ သူတို့ကို လူရိုင်းတွေ ရုတ်တရက် အလစ်ဝင်တိုက်မှာကို စိတ်ပူစရာမလိုတော့ပါ။ ဒီနေ့ အရသာရှိသော အသားဟင်းတွေကို စားရမှာမို့ လူတိုင်း တက်ကြွနေကြ၏။
အဓိက ပါဝင်ကူညီပေးခဲ့သူတစ်ယောက်အနေဖြင့် လီယောင့်ကို တော်ဝင်တပ်မှူးချုပ်ဘေးမှာ တလေးတစား ထိုင်ခုံနေရာ စီစဉ်ပေးထားသည်။
အရင်တုန်းက ဝမ်စန်းအာ သူ့အမေကို အလွန် တော်ကြောင်း ချီးကျူးတုန်းက ဘယ်သူမှ မယုံကြည်ခဲ့သော်လည်း သူမနှင့် တစ်လကြာ ဖြတ်သန်းကုန်ဆုံးပြီးချိန်မှာတော့ အမျိုးသမီးလီဟာ အမှန်တကယ်ပဲ သူမတူအောင် ထူးခြားထက်မြတ်တာကို အကုန်လုံး နားလည်သွားခဲ့ကြသည်။
သူမဟာ ဒဏ်ရာရနေသူတွေကို ဆေးကုပေးကာ အသက်ကယ်နိုင်ရငံသာမက ကောင်းကင်ပေါ်မှာ ပျံသန်းနိုင်သော ပစ္စည်းတွေကိုလည်း တီထိုင်နိုင်သည်။ ပါးစပ်အဟောင်းသားဖြစ်စရာအကောင်းဆုံး အရာကတော့ အဝေးကြည့်မှန်ပြောင်းပါပဲ။ မြေပြင်ပေါ်ကနေ ကြည့်လျှင်တောင် မိုင်ပေါင်းများစွာအဝေးက လူတွေကို ရှင်းလင်းပြတ်သားစွာ ပြင်နိုင်သည်။
အဲ့ဒါထက် ပိုပြီး ပါးစပ်အဟောင်းသားဖြစ်စရာကောင်းတာကတော့ သူမဟာ မိန်းမလှလေးတစ်ယောက်ဖြစ်ပြီး ဝမ်စန်းအာရဲ့ အမေလို့ လုံးဝ ထင်ရက်စရာမရှိဘဲ ဝမ်စန်းအာရဲ့ ညီမနှင့် တူနေတာပဲ ဖြစ်သည်။
တော်ဝင်တပ်မှုူးချုပ်ရှုက “ စစ်တပ်ထဲမှာ အရက်သောက်တာ မသင့်လျော်ဘူး အမျိုးသမီးလီ။ အဲ့ဒါကြောင့် ကျုပ်ရဲ့ ကျေးဇူးသိတတ်မှုကို ဖော်ပြတဲ့အနေနဲ့ မင်းအတွက် လက်ဖက်ရည်ငှဲ့ပေးပါရစေ။ အမျိုးသမီးလီသာ ရောက်မလာရင် စစ်တပ်က တိုက်ပွဲတွေအများကြီးကို နိုင်ဖို့နေနေသာသာ ယုဟန်စစ်တပ်ကို ဟိုးအရင်ကတည်းက ဆုတ်ခွာသွားရလောက်မှာပါ။ ”
“ တပ်မှူးချုပ်ရှုက သဘောကောင်းလွန်းနေပါပြီ။ ဒါတွေက စကားထဲ ထည့်ပြောနေစရာတောင် မလိုတဲ့ အသေးအဖွဲ ကိစ္စလေးတွေပါ။ ”
တော်ဝင်တပ်မှူးချုပ်ရှုက မွှေးပျံ့သော သိုးနို့လက်ဖက်ရည်ကို တစ်ငုံ သောက်ပြီးမှ “ အမျိုးသမီးလီက နှိမ့်ချလွန်းနေပါပြီ။ ” ဟု ပြောလိုက်သည်။ “ ဒါပေမဲ့ ကျုပ်တို့ လူရိုင်းတွေရဲ့ ပင်မတပ်အင်အားစုကို တိုက်ခိုက်ချင်ရင် လိုအပ်နေတဲ့ အရာတွေ ရှိသေးတယ်။ အမျိုးသမီးလီမှာ အကြံကောင်းလေးတွေ ၊ ဘာလေးတွေများ ရှိသလား။ ”
“ ကျွန်မက အဲ့နယ်ပယ်မှာတော့ အသုံးမဝင်ပါဘူး။ ” ဟု လီယောင်က ရယ်သံတစ်ဝက်ဖြင့် ပြန်ပြောလိုက်သည်။ “ နည်းဗျူဟာဆွဲတာက ရှင့်အပေါ်ပဲ မူတည်ပါတယ် တပ်မှူးချုပ်ရှု။ ”
တကယ်တော့ သူမမှာ အကြံမရှိတာ မဟုတ်ဘဲ သူမတို့ရဲ့ လက်ရှိအခြေအနေနှင့်ပင် လုံလောက်နေပြီလို့ ခံစားရတာကြောင့် ဖြစ်သည်။
“ ကျုပ် လောဘကြီးမိသွားတယ်။ ” ဟု တော်ဝင်တပ်မှူးချုပ်ရှုက သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။ “ ဒါပေမဲ့ ရာသီဥတုကို ကြည့်ရသလောက် နောက်ရက်ပိုင်းလောက်ဆို နှင်းတွေ သည်းသည်းထန်ထန် ကျလာတော့မယ်ထင်တယ်။ ”
မြက်ခင်းပြင်နယ်မြေပေါ်မှာ နှင်းကျသည်နှင့်တစ်ပြိုင်နက် ဘာအလုပ်မှ လုပ်လို့ မရတော့ပေ။ လူတိုင်းဟာ ရွက်ဖျင်တဲတွေထဲမှာ နေ့တိုင်း အောင်းနေရုံသာ တတ်နိုင်သည်။ ဘာအလုပ်မှ လုပ်စရာမလိုသော်လည်း ထိုနေ့ရက်တွေက အလွန် ကြမ်းတမ်းပြီး လူတွေကို စိတ်ဓာတ်ကျ ပျင်းရိစေသည်။
နှင်းကျချိန်ပြီးသွားတဲ့အခါ လူရိုင်းတွေ ဆုတ်ခွာသွားမှာ ဖြစ်သလို တာ့လင်စစ်တပ်လည်း ယုဟန်ခံတပ်မှာ အနားယူဖို့ ဆုတ်ခွာရလိမ့်မည်။ နောက်နှစ် နွေဦးရာသီ ရောက်လာလျှင်တော့ သူတို့ဟာ မြက်ခင်းပြင်နယ်မြေမှာ လူရိုင်းတွေနှင့် နောက်တစ်ကြိမ် ပြန်လည်တိုက်ခိုက်ရပါလိမ့်မည်။
ထို့ကြောင့် တော်ဝင်တပ်မှူးချုပ်ရှုသည် ‘ နှစ်နဲ့ချီပြီး တစ်နှစ်ပြီးတစ်နှစ် ဒီလိုမျိုး တိုက်ခိုက်နေတာက ဘာအတွက်လဲ ’ ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကိုယ် မကြာခဏ ပြန်မေးလေ့ရှိသည်။
တစ်နှစ်ကို မရေမတွက်နိုင်အောင် ဆုံးရှုံးရတဲ့ တပ်သားတွေ ၊ အဆုံးမရှိ ကုန်ခမ်းရတဲ့ ပိုက်ဆံနှင့် ရိက္ခာတွေအကြောင်း တွေးမိတိုင်း တော်ဝင်တပ်မှူးချုပ်ရှုသည် အတော်လေး နှမြောတသ စိတ်မကောင်းဖြစ်ရသည်။
“ လူရိုင်းတွေကို တစ်ခါတည်းနဲ့ အမြစ်ပြတ်သွားအောင် ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိရင် ရှုဆိုတဲ့ ကျုပ်က အနှစ် ( ၂၀ ) စောပြီး သေပေးရမယ်ဆိုလည်း ကျေနပ်ပါတယ်။ ”
“ ကျွန်မမှာ နည်းလမ်းတော့ ရှိတယ်။ ” ဟု လီယောင်က ပြောလိုက်သည်။ “ လူရိုင်းတွေကို အမြစ်ပြတ်အောင်တော့ မရှင်းနိုင်ပေမဲ့ အနည်းဆုံးတော့ သူတို့ကို နောက်တစ်ခေါက် လက်လွတ်စပယ် မကျူးကျော်ရဲတော့အောင် လုပ်ပေးနိုင်မယ့် နည်းလမ်းပေါ့။ ”
တော်ဝင်တပ်မှူးချုပ်ရှုက အလွန် စိတ်ဝင်စားသွားပြီး “ ကျေးဇူးပြုပြီး ကျုပ်ကို ပြောပြပေးပါလား အမျိုးသမီးလီ။ ကျုပ် သေချာ နားထောင်နေပါတယ်။ ” ဟု ပြောလိုက်သည်။
“ မြို့တွေ ဆောက်ရမယ်။ စစ်တပ်တစ်တပ်စာ စခန်းချဖို့အတွက် လုံလုံလောက်လောက် ကျယ်ဝန်းတဲ့ ၊ လူရိုင်းတွေ ဖောက်ဝင်လို့ မရမယ့် မြို့မျိုးပေါ့။ မြို့ဆောက်ပြီး မိုးပျံပူဖောင်းတွေနဲ့ ရန်သူတွေကို စောင့်ကြည့်ရင် အနည်းဆုံး နှစ် ( ၂၀ ) လောက်ထိ လူရိုင်းတွေရဲ့ အန္တရာယ်ကို စိတ်ပူစရာမလိုတော့ဘူး။ ”
တော်ဝင်တပ်မှူးချုပ်ရှုက ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ သူလည်း အဲ့ဒီလို အခြေခံအကြောင်းအရာလောက်တော့ သိပါသည်။ ဒါပေမဲ့ မြက်ခင်းပြင်နယ်မြေမှာ မြို့တည်ဆောက်ဖို့ ဆိုတာ မလွယ်ရေးချ မလွယ်ပါ။
လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ဟိုးအဝေးကြီးကနေ သယ်ယူပို့ဆောင်ရမည်မို့ လူအင်အားလည်း အများကြီး လိုလိမ့်မည်။ ပြီးတော့ မြို့တစ်မြို့ တည်ဆောက်ချိန်က အနည်းဆုံး နှစ်နှင့်ချီပြီး ကြာတတ်လေရာ အပြီးအစီး တည်ဆောက်ဖို့ဆို ဆယ်နှစ်ကျော်လောက် ကြာနိုင်သည်။
လီယောင်က “ ကျွန်မတို့ မြို့ကို အခုလောလောဆယ်တော့ အရမ်းကြီး ပြီးပြည့်စုံနေအောင် ဆောက်စရာမလိုသေးဘူး။ မြို့တံတိုင်းတွေကိုပဲ အရင်ဆုံး ဆောက်တာပေါ့ ၊ အထဲက အဆောက်အအုံတွေအတွက် နောက်မှ စဉ်းစားမယ်။ ” ဟု ပြောလိုက်သည်။
“ တံတိုင်းတွေက ဆောက်ရအခက်ဆုံးပဲ။ ကျောက်တုံးတွေ အများကြီး သုံးရမှာ ၊ ဒီအထိ ရောက်ဖို့ဆို လီပေါင်း ထောင်ချီပြီး သယ်လာရမှာ။ အဲ့တစ်မျိုးတည်းနဲ့တင် ဘုရင့်ဘဏ္ဍာတိုက်ထဲက ငွေတွေ ကုန်သွားနိုင်ချေရှိတယ် အမျိုးသမီးလီ။ ”
“ ရှင် ဘိလပ်မြေဆိုတဲ့ ပစ္စည်းအကြောင်း ကြားဖူးလား တပ်မှူးချုပ်ရှု။ ”
တော်ဝင်တပ်မှူးချုပ်ရှု : ???
…
စားသောက်ပွဲအပြီး နှစ်ရက်အကြာမှာတော့ ကောင်းကင်ပေါ်ကနေ နှင်းမှုန်လေးတွေ တဖွဲဖွဲကျလာခဲ့သည်။
သူတို့လူတွေ အတုံးအရုံး သေဆုံးထားလို့ အားပျော့နေတဲ့ လူရိုင်းတွေကလည်း တာ့လင်စစ်တပ် တပ်စခန်းရဲ့ လီ ( ၅၀ ) အတွင်းမှာ လက်လွတ်စပယ် ပေါ်မလာတော့ဘဲ သူတို့ဘာသာ လုံခြုံသည်ဟု တွက်ချက်ထားသော အဝေးတစ်နေရာမှာ သွားနေ,နေပုံပေါ်သည်။
ထိုနှစ်ရက်အတွင်းမှာ တော်ဝင်တပ်မှူးချုပ်ရှုက လီယောင်နှင့်အတူ မြေပုံတွေကို အသေးစိပ် ကြည့်ရှုပြီး မြို့ငါးမြို့အတွက် တည်နေရာ ရွေးချယ်စီစဉ်နေခဲ့သည်။
အတိအကျ ပြောရလျှင်တော့ မြို့လို့ နာမည်တပ်လို့ မရဘဲ တပ်စခန်းအကြီးစားတွေနှင့် ပိုတူသည်။ ဒါပေမဲ့ ရိုးရှင်းသော ရွက်ဖျက်တဲတွေသာ ရှိသည့် တပ်စခန်းမျိုးတွေ မဟုတ်တော့ဘဲ မာကျောသော တံတိုင်းအမြင့်ကြီးတွေ ပါဝင်လာသည့် တပ်စခန်းအကြီးစားတွေ ဖြစ်သည်။
တည်နေရာ တစ်ခုချင်းစီကို ဂရုတစိုက် ရွေးချယ်ထားပြီး ရေအရင်းအမြစ်နှင့် နီးစပ်သော နေရာတွေမှာ တွက်ချက်၍ နေရာချထားသည်။ မိုးပျံပူဖောင်းတွေကနေတစ်ဆင့် အချိန်ပြည့် ဆက်သွယ်နိုင်စေရန်အတွက် တပ်စခန်း ငါးခုကြားက အကွာအဝေးကလည်း လီ ( ၅၀ ) ကျော်မှာ မဟုတ်ပေ။
တစ်စခန်းငါးခုထဲက တစ်ခုကို တာ့လင်စစ်တပ် လက်ရှိအချိန်မှာ စခန်းချ တပ်စိုက်ထားတဲ့ နေရာမှာ တည်ဆောက်မှာ ဖြစ်သည်။ ထိုတပ်စခန်းကို အရင်ဆုံး တည်ဆောက်ပြီး တစ်လအတွင်း အပြီးဆောက်ဖို့ ရည်ရွယ်ထားသည်။ မဟုတ်ရင် ရာသီဥတုက ဘိလပ်မြေကို အသုံးပြုဖို့ မဖြစ်နိုင်အောင် အရမ်း အေးစက်သွားလိမ့်မည်။
တော်ဝင်တပ်မှူးချုပ်ရှုက ပထမဆုံး တပ်စခန်းအတွက် ‘ မြို့တော်ရှို့ ’ ဟူ ၍ နာမည်တောင် ရွေးချယ်ပြီးသွားပြီ ဖြစ်သည်။ လီယောင်က ထိုနာမည်ကို ကန့်ကွက်သော်လည်း အရာမထင်ဘဲ နောက်ဆုံးမှာ လက်ခံလိုက်ရသည်။
မြို့တော်ရှို့က ( ၂ ) လီ ရှည်လျားပြီး ( ၂ ) လီ ကျယ်ဝန်းလိမ့်မည်။ တံတိုင်းတွေကတော့ သုံးထပ်တိုက်တစ်လုံးရဲ့ အမြင့်ဝန်းကျင်ဖြစ်သော ( ၃ ) ကျန်း အမြင့်ရှိလိမ့်မည်။ အကောင်းဆုံး အခြေအနေတွေအောက်မှာ တည်ဆောက်မယ် ဆိုရင်တောင် ဒီလို ဆောက်လုပ်ရေးအကြီးကြီးကို ပြီးစီးဖို့ နှစ်နှင့်ချီ၍ ကြာလိမ့်မည်။ တံတိုင်းဆောက်ဖို့အတွက် ကျောက်တုံးတွေကို စုဆောင်းခြင်းကပင် အချိန်ရော ၊ လူအားရော အများကြီး လိုအပ်လိမ့်မည်။
ဒါပေမဲ့ ဘိလပ်မြေနှင့်ဆိုလျှင် အခြေအနေတွေက အများကြီး လွယ်ကူမြန်ဆန်သွားပါလိမ့်မည်။
သုံးရက်အကြာမှာ ယုဟန်ခံတပ်ဘက်ကနေ လှည်းတန်းကြီး ရောက်လာခဲ့သည်။ ထိုလှည်းတန်းက ဧကရာဇ်ရုံးတော်က စေလွှတ်လိုက်တဲ့ ရိက္ခာလှည်းတန်း မဟုတ်ဘဲ ယိကျိုးစီရင်စုကနေ ခရီးဝေးကြီး ဖြတ်ကျော်လာခဲ့ရတဲ့ လှည်းတန်းကြီး ဖြစ်သည်။
ရိက္ခာနှင့် မြင်းစာအနည်းငယ်က လွဲလို့ ကျန်တာက သံမဏိ ၊ ဘိလပ်မြေ ၊ သစ်သားနှင့် ကျောက်မီးသွေးတွေ ဖြစ်ပြီး ရှားရှန့်နှင့် လီယောင်တို့ရဲ့ “ အထူးပစ္စည်း ” လည်း ပါဝင်သည်။
အထောက်အပံ့ပစ္စည်းတွေ တင်ဆောင်လာသည့် ဒီလှည်းတန်းကို ယိကျိုးစစ်တပ်က အစောင့်အကြပ်အဖြစ် လမ်းခရီးမှာ လိုက်ပါပို့ဆောင်ပေးခဲ့၏။ ထို့ပြင် တစ်လမ်းလုံး မျက်နှာမပြတဲ့ တစ်စုံတစ်ယောက်လည်း လိုက်ပါလာခဲ့သည်။
ဝတ်ရုံထူထူထဲထဲကို ဝတ်ဆင်ထားသော လျို့ယွင်က တဖွဲဖွဲကျနေသည့် နှင်းတွေအောက်မှာ ရထားလုံးပေါ်ကနေ ခုန်ဆင်းလာခဲ့သည်။
“ တပ်မှူးချုပ်ရှူနဲ့ အမျိုးသမီးလီ … ကျွန်တော်တို့ မတွေ့တာ ကြာပြီနော်။ ”
…