← Chapters

အကွက်ရွေ့မှု စတင်ခြင်း။

Vol. 21 Ch. 223

အကွက်ရွေ့မှု စတင်ခြင်း။

Vol. 21 Ch. 223

လျို့ယွင်ကို မြင်သည်နှင့် တော်ဝင်တပ်မှူးချုပ်ရှုရဲ့ မျက်နှာကြီးက အိုကျသွားသည်။ အန္တရာယ်များလှသော နယ်စပ်ဒေသကို ရဲတင်းစွာ မကြောက်မလန့် လာခဲ့တဲ့ လီယောင့်ကြောင့် သူက အစကတည်းက ခေါင်းခဲနေခဲ့ရတာပင်။

ဒါပေမဲ့ လျို့ယွင်ကတော့ ယိကျိုးစီရင်စုရဲ့ မင်းသားဖြစ်သည်။ မင်းသားတွေဟာ ဧကရာဇ်ရဲ့ အမိန့်ပြန်တမ်းမရှိဘဲ သူတို့အုပ်ချုပ်ရာ နယ်မြေထဲကနေ ထွက်သွားပိုင်ခွင့်မရှိပါ။ ထွက်သွားပါက ပုန်ကန်ရန် ကြိုးစားခြင်းဟု ယူဆတာမို့ ဥပဒေကို ချိုးဖောက်ရာကျသည်။

ဒီကလေးကတော့ ရိက္ခာသယ်ယူပို့ဆောင်တာပါဆိုတဲ့ ဆင်ခြေကို အသုံးပြုပြီး ဒီနေရာကို သူကိုယ်တိုင် လာခဲ့တဲ့အပြင် တပ်သားထောင်ချီကိုပါ ခေါ်ဆောင်လာသေးတာမို့ သတ္တိကောင်းချက်က လက်ဖျား‌ခါလောက်သည်။

“ ဘာလို့ ဒီနေရာထိ အပင်ပန်းခံ ၊ ဒုက္ခခံပြီး လာခဲ့တာလဲ ယိကျိုးမင်းသား။ ” ဟု တော်ဝင်တပ်မှူးချုပ်ရှုက မေးလိုက်သည်။ “ ဘုရင်မင်းမြတ်သာ ဒီကိစ္စကို သိသွားရင် … ဖြေရှင်းရခက်တဲ့ ပြဿနာတွေ ဖြစ်လာလိမ့်မယ်။ ”

“ အဲ့ဒါ ဘာအရေးလဲဗျာ။ ” လျို့ယွင်က ရယ်မောလိုက်သည်။ “ ကျွန်တော်က တပ်မှူးချုပ်ရှုတို့ဆီကို ယိကျိုးစီရင်စုကနေ ပစ္စည်းတွေအများကြီး လှူထားတာလေ။ ကျွန်တော့်မှာ အခြေအနေ ဘယ်လိုရှိလဲလို့ လာကြည့်ခွင့်လေးတောင် မရှိဘူးလား။ ”

သူ့စကားက တော်ဝင်တပ်မှူးချုပ်ရှုအား ပြောစရာစကား ပျောက်ဆုံးသွားစေခဲ့သည်။

ဒီအတောအတွင်း စစ်တပ်တစ်တပ်လုံးဟာ ယိကျိုးစီရင်စုက ပို့လိုက်တဲ့ ရိက္ခာတွေကို စားသုံးနေခဲ့တာ ဖြစ်သည်။ မြို့တံတိုင်းတွေအတွက် ဆောက်လုပ်ရေးပစ္စည်း ကုန်ကြမ်းတွေအားလုံးကိုလည်း ယိကျိုးရုံးတော်ကနေ ပိုက်ဆံတစ်ပြားတစ်ချပ်မှ မတောင်းဘဲ ဒီနေရာကို ပို့ဆောင်ပေးထားသည်။

ပိုက်ဆံတောင်းရင်တောင် ဘယ်သူမှ ပေးမှာ မဟုတ်ပါ။ ထို့ကြောင့် ယိကျိုးမင်းသား အခြေအနေလာကြည့်တာ ကျိုးကြောင်းဆီလျော်သည်။

“ ကောင်းပါပြီ။ ဒါပေမဲ့ ယိကျိုးမင်းသား တပ်စခန်းထဲမှာပဲ နေတာ အကောင်းဆုံးပဲ။ ဘယ်မှ လျှောက်မသွားပါနဲ့။ ” ဟု တော်ဝင်တပ်မှူးချုပ်ရှုက ပြောလိုက်သည်။ “ မင်းသား ရက်ပိုင်းလောက်ပဲ နေပြီး ပြန်သွားရင်တော့ အကောင်းဆုံးပါပဲ။ ”

လျို့ယွင်က ကောင်းကင်ပေါ်မှာ ပျံသန်းလွင့်မျောနေတဲ့ မိုးပျံပူဖောင်းကြီးကို မော့ကြည့်ပြီး စိတ်အားထက်သန်စွာ ပြောလိုက်သည်။ “ ကျွန်တော် အဲ့ဒီပေါ်ကို တက်ပြီး အောက်ကို ငုံ့ကြည့်ချင်တယ်။ ”

“ အဲ့ဒီပေါ်မှာ အရမ်း အေးပါတယ် မင်းသား။ ”

“ ကျွန်တော်မှ အအေးမကြောက်တာ။ ”

နောက်ဆုံးမှာတော့ လျို့ယွင်သည် လိုအင်ဆန္ဒပြည့်သွားကာ မိုးပျံပူဖောင်းပေါ် တက်ပြီး မီတာ ( ၈၀၀ ) ကျော်အမြင့်မှာ ပျံသန်းခဲ့သည်။ အဲ့ဒီနောက် ခွေးတစ်ကောင်လိုပဲ အေးခဲသွားခဲ့သည်။

အောက်ကို ပြန်ဆင်းလာချိန်မှာတော့ သူ့လက်တွေ ၊ ခြေထောက်တွေအကုန်လုံး အေးခဲတောင့်တင်းနေပါသည်။ သို့သော် မိုးပျံပူဖောင်းစီးရတာက တောင်ထိပ်ကို တက်ပြီး ဟိုးအဝေးကို ငေးကြည့်ရတာထက် ပိုပြီး သည်းထိတ်ရင်ဖိုဖြစ်စရာကောင်းတာကြောင့် သူ အလွန် စိတ်လှုပ်ရှားမိသည်။

အရေးကြီးဆုံးကတော့ မိုးပျံပူ‌ဖောင်းတွေက လူရိုင်းတွေရဲ့ အလစ်ဝင်တိုက်မှုကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သည်။

“ ကျွန်တော်သာ နေပြည်တော်ကို ပြန်ဖို့ ပိတ်ပင်မခံထားရဘူး ဆိုရင် ဘုရင်မင်းမြတ်ကို ရှာပြီး လီယောင့်အတွက် ဆုတော်လာဘ်တော်တွေ သေချာပေါက် တောင်းခံပေးတယ်။ ”

လျို့လွင်ရော ၊ တော်ဝင်တပ်မှူးချုပ်ရှုရော လီယောင့်အတွက် ဆုတော်လာဘ်တော်တွေ တောင်းခံပေးဖို့ ဆုံးဖြတ်ချက်ချထားကြသည်။

ဒါပေမဲ့ လီယောင်ကတော့ အဲ့ဒါတွေကို လုံးဝ ဂရုမစိုက်ဘဲ ရှားရှန့် ယူဆောင်လာတဲ့ ရေနွေးငွေ့ စက်အင်ဂျင်လေးတွေနှင့် တူညီမွှေစက်တွေကို တပ်ဆင်ဖို့ လူတွေကို စတင် အမိန့်ပေးနေခဲ့သည်။

ရှေးအကျဆုံး အကြမ်းသုံး မွှေစက် အလုံး ( ၂၀ ) ကို တပ်ဆင်ကာ ပြစ်ချက်ရှာဖို့အတွက် တစ်ရက်ကြာ အချိန်ယူလိုက်ရသည်။

စမ်းသပ်ကြည့်ပြီးသွားသောအခါ ထိုဘိလပ်မြေမွှေစက်တွေရဲ့ အသုံးဝင်မှုက ထင်မှတ်မထားလောက်အောင် မြင့်မားထိရောက်နေတာကို တွေ့ရ၏။

အားနည်းချက်ဆိုလို့ ကုန်ကြမ်းပစ္စည်းတွေကို ကိုယ်တိုင် လောင်းထည့်ဖို့ လိုတာပဲ ရှိသည်။ ဒါပေမဲ့ အဲ့ဒါကလည်း ဘိလပ်မြေကို မြေကြီးပေါ်မှာ ရောနှောနယ်စပ်တာထက် အဆပေါင်းများစွာ ပိုမြန်ပါသေးသည်။

သဲ ၊ ကျောက်နှင့် ရေကဲ့သို့သော ကုန်ကြမ်းပစ္စည်းတွေ အကုန်လုံး ရောက်လာသောအခါ တော်ဝင်တပ်မှူးချုပ်ရှုက သူ့လူတွေကို မြို့တံတိုင်းတွေအတွက် အုတ်မြစ်‌တွေ စတင်တူးဖော်ခိုင်းခဲ့သည်။ ဘိလပ်မြေခပ်ထူထူ တစ်လွှာကို အရင်ဆုံး ခင်းပြီး ထိုဘိလပ်မြေအလွှာကို ပုံစံကျန သိပ်သည်းသွားအောင် တုန်ခါစက်တွေအစား သစ်သားပြားထူထူတွေနှင့် ဖိပေးရသည်။

အုတ်မြစ်အခြောက်ခံပြီးသောအခါ တခြား ကုန်ကြမ်းပစ္စည်းတွေကို အနီးအနား‌ ဒေသတွေနှင့် ယိကျိုးစီရင်စုဆီကနေ သယ်ယူခဲ့သည်။

ထောင်ချီသော တပ်သားတွေဟာ သံမဏိအလုပ်သမားတွေ ၊ လက်သမားတွေအဖြစ် ပြောင်းလဲသွားပြီး သံမဏိချောင်းတွေနှင့် အုပ်သွပ်ပုံသွင်းတုံးတွေကို စတင်ပြုလုပ်ခဲ့ကြသည်။

လူထောင်ချီ စည်းလုံးညီညွှတ်စွာ အလုပ်,လုပ်နေသော မြင်ကွင်းကို လီယောင်ပင်လျှင် တစ်ခါမှ မမြင်ဖူးပေ။ ကံကောင်းစွာဖြင့် ထိုအလုပ်တွေက မခက်ခဲသောကြောင့် တပ်သားတွေဟာ လျင်လျင်မြန်မြန်ပဲ ကျင့်သားရ တတ်ကျွမ်းသွားခဲ့သည်။

အုပ်သွပ်ပုံသွင်းတုံး တစ်လွှာကို တွယ်ဆက်ပြီးချိန်မှာတော့ ဘိလပ်မြေတွေကို လောင်းချလို့ ရပြီ ဖြစ်သည်။ သုံးရက်အတွင်းမှာပဲ သုံးမီတာအမြင့်ရှိသော ပထမ တံတိုင်းတစ်လွှာကို ဆောက်လုပ်ပြီးစီးသွားကာ ဒုတိယနှင့် တတိယ တံတိုင်းတွေကို ဆက်လက်ဆောက်လုပ်ခဲ့သည်။ လဝက်အကြာမှာတော့ မြို့တံတိုင်းတွေအားလုံး နေရာကျသွားခဲ့ပြီ ဖြစ်လေသည်။

တော်ဝင်တပ်မှူးချုပ်ရှုနှင့် လျို့ယွင်ကတော့ ဘေးပတ်ပတ်လည်မှာ လျင်မြန်စွာ ဆောက်လုပ်ပြီးစီးသွားသော မြို့တံတိုင်းတွေကို ကြည့်ကာ နေ့တိုင်း အံ့အားသင့်နေခဲ့ရသည်။

လီယောင်သာ မရှိရင် ဒီကမ္ဘာပေါ်မှာ ဘယ်သူက ဒီလို နည်းလမ်းတွေကို တီထွင်နိုင်မှာတဲ့လဲ … ။

ဆောင်းရာသီမှာ ရာသီဥတုက အေးတာကြောင့် ဘိလပ်မြေတွေက အခြောက်နှေးသည်။ လီယောင်က ဘေးကင်းလုံခြုံမှုရှိစေဖို့အတွက် ရက်နှစ်ဆယ်တိတိ စောင့်ဆိုင်းပြီးမှ အုပ်သွပ်ပုံတံတိုင်းတွေကို ဖယ်ရှားခွင့်ပြုခဲ့သည်။

လီယောင်သည် မြင့်မားသော မြို့တံတိုင်းထိပ်ကို နင်းရင်း ၊ အသစ်စက်စက် ဘိလပ်မြေပြင်ပေါ်မှာ ရပ်ရင်း ကိုယ့်ကိုယ်ကိုယ် အတိတ်ဘဝကို ပြန်ရောက်သွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။ သို့သော် ဒါက ကွန်ကရစ်လမ်း မဟုတ်ဘဲ နိုင်ငံခြားသားတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ကာကွယ်ဖို့ တည်ဆောက်ထားတဲ့ ခံတပ် ဖြစ်သည်။

တော်ဝင်တပ်မှူးချုပ်ရှုနှင့် လျို့ယွင်ရဲ့ ခံစားချက်တွေကိုတော့ ဖော်ပြစရာ စကားလုံးတောင် မရှိပေ။ ဒီလို မြင့်မားခိုင်မာတဲ့ မြို့တံတိုင်းတွေဟာ လူရိုင်းတွေ သုံးရက်သုံးညတိတိ သစ်ပင်ကြီးတွေနှင့် ထုရိုက်ဖြိုဖျက်တာကိုတောင် အက်ရာတစ်ခုမှ မဖြစ်ပေါ်ဘဲ ခံနိုင်ရည်ရှိလောက်သည်။

အံ့ဩစရာအကောင်းဆုံးကတော့ ကြီးမားလွန်းတဲ့ သံမဏိဂိတ်တံခါး လေးခု ဖြစ်သည်။ မူလတုန်းက နှစ်မီတာဝန်းကျင်သာ ကျယ်ဝန်ရှည်လျားသော လေးထောင့် သံမဏိပြားလေးတွေကို လီယောင်က သံမဏိဘောင်ကိုယ်ထည်ကြီးတွေမှာ ဝက်အူလို့ ခေါ်သည့် အရာလေးတွေနှင့် ချိတ်ဆက်ပြီး ဖျက်ဆီးမှုမှန်သမျှကို ကြံ့ကြံ့ခံနိုင်သော သံမဏိဂိတ်တံခါးတွေအဖြစ် ပြောင်းလဲခဲ့သည်။

အဲ့ဒီလို ထူးချွန်ပြောင်မြောက်တဲ့ အရည်အချင်းတွေက လီယောင်က လွဲလို့ တခြား ဘယ်သူ့မှာ ရှိဦးမှာလဲ … ။

မြို့တော်ရှို့ရဲ့ တံတိုင်းတွေ ဆောက်လုပ်ပြီးစီးသွားသောအခါ တပ်သားတွေက မြို့ထဲကို အားမာန်အပြည့်ဖြင့် တက်ကြွစွာ ဝင်ရောက်လာခဲ့ကြသည်။ အခုထိ မြို့ထဲမှာ အိမ်တစ်လုံးမှ မရှိသေးဘဲ ရွက်ဖျင်တဲတွေသာ စိုက်ထူထားသော်လည်း မြင့်မားသော မြို့တံတိုင်းတွေက လေအေးတွေကို ကာကွယ်ပေးနိုင်သည်။ သူတို့လည်း ညတိုင်း လူရိုင်းတွေ အလစ်ဝင်တိုက်မှာစိုး၍ စိတ်‌မဖြောင့်နိုင်ဘဲ အိပ်စရာမလိုတော့ပါ။

အခုဆို လူတိုင်းက အားလပ်ချိန်မှာ မြေကွက်လပ်တွေထဲတွင် စိတ်လွတ်ကိုယ်လွတ် ထိုင်နိုင်သည် ၊ နေပူစာလှုံနိုင်သည် ၊ ကူဂျူ ( တရုတ်ရိုးရာဘောလုံးကစားနည်း ) ကစားနိုင်သည် ၊ မြင်းလည်းစီးနိုင်ပြီး မြားပစ်ပြိုင်ပွဲတွေတောင် ကျင်းပ‌နိုင်သေးသည်။

ဒီလို အရာတွေကို အတိတ်တုန်းက စိတ်ကူးယဉ်ကြည့်လို့တောင် မရခဲ့ပါ။ ရှေ့နှစ်ထဲမှာ တခြား မြို့ ( ၄ ) မြို့ကိုပါ တည်ဆောက်ပြီးစီးသွားလျှင်တော့ မြောက်ပိုင်းခံတပ်ဟာ ဘယ်ရန်သူမှ တိုးမပေါက်နိုင်အောင် သန်မာသွားလိမ့်မည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ အိမ်ကနေ ထွက်လာခဲ့တာ နှစ်လကျော်သွားသည်။ နောက်လဆို နှစ်သစ်ကူးပြီ ဖြစ်ကာ ထိုအချိန်က မြောက်ပိုင်းမှာ တစ်နှစ်တာရဲ့ အအေးဆုံးအချိန်လည်း ဖြစ်သည်။

တစ်ပေကျော်ကျော် ထုထည်ရှိသော နှင်းတွေဟာ ညတွင်းချင်းပဲ မြေပြင်ပေါ်မှာ ဖုံးလွှမ်းသွားခဲ့သည်။ မြက်ခင်းပြင်နယ်မြေထဲမှာ ရှိသမျှ အရာအားလုံးဟာ အေးခဲသွားပုံပေါ်ပြီး လူရိုင်းတွေပင်လျှင် လီ ရာပေါင်းများစွာ အကွာအဝေးသို့ တပ်ဆုတ်ခွာလျက် တောင်တန်းတွေထဲမှာ ဆောင်းခိုနေခဲ့သည်။

မြို့တော်ရှို့တပ်သားတွေကလည်း အကြွင်းအကျန် ဆောက်လုပ်ရေးကုန်ကြမ်းပစ္စည်းတွေကို အသုံးပြု၍ အိမ်တချို့နှင့် ကုန်လှောင်ရုံတွေ တည်ဆောက်ထားသည်။ ဆောင်းရာသီအတွက် ရိက္ခာတွေကို မြို့တံတိုင်းတွေထဲမှာ သိုလှောင်သိမ်းဆည်းပြီး ကောင်းကောင်း ကာကွယ်ထားသည်။

မြို့တံတိုင်းကြီးတွေရဲ့ နောက်ကွယ်က နေ့ရက်တွေဟာ ရယ်မောသံတွေသာ ဝေဆာနေပြီး မွှေးပျံ့သော ထမင်းဟင်းရနံ့တွေက လေထဲမှာ ပျံ့လွင့်နေခဲ့လေသည်။ အပြင်ဘက်မှာ ရစ်ပတ်ဝေ့ဝဲနေတဲ့ နှင်းမှုန်နှင်းစက်တွေက သူတို့နှင့် ဘာမှ မသက်ဆိုင်သလိုမျိုးပါပဲ။

လျို့ယွင်ကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက ပြန်သွားပြီဖြစ်ပြီး သူနှင့်အတူ ယိကျိုးတပ်သားတွေကိုပါ ခေါ်သွားသည်။

မြို့တော်ရှို့ကို လျင်လျင်မြန်မြန် တည်ဆောက်နိုင်ခဲ့တဲ့အပေါ် လျို့ယွင်နှင့် ယိကျိုးတပ်သားတွေက ဂုဏ်ပြုမှုအရသင့်ဆုံး ဖြစ်သည်။ ရုံးတော်ကိုတောင် ရိက္ခာတွေအကြောင်း သတင်းမပို့ဘဲ အုပ်ချုပ်ရာနယ်မြေထဲက တရားမဝင် ခိုးထွက်လာတဲ့ လျို့ယွင်ကတော့ ဆုတော်လာဘ်တော်တွေကို သူကိုယ်တိုင် မတောင်းခံနိုင်တာ အသေအချာပင်။

လီယောင်က ရေခဲတမျှ အေးစက်နေသော ရာသီဥတုကို သဘောကျသော်လည်း အကြာကြီး မနေနိုင်ပါ။ ဒါပေမဲ့ သူမ ယိကျိုးစီရင်စုကို ပြန်ဖို့ ပြင်နေတုန်းမှာပဲ အောင်လံတံခွန်တွေ တလူလူ လွှင့်ထူထားသော တန်ဖိုးကြီး ရထားလုံးများစွာက နှင်းမုန်တိုင်းကြားကနေ မြို့တော်ရှို့ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။

ရထားလုံးတွေက အရှေ့ဘက်ဂိတ်တံခါးရဲ့ အပြင်ဘက်မှာ ရပ်တန့်သွားပြီး ရထားလုံးတစ်စီးပေါ်ကနေ မိန်းမစိုး ( ကုန်းကုန်း ) တစ်ယောက် ဆင်းလာခဲ့သည်။ ထိုမိန်းမစိုးက မြင့်မားသော မြို့တံတိုင်းတွေ ၊ ဂိတ်တံခါးတွေနှင့် ဂိတ်တံခါးတွေပေါ်က “ မြို့တော်ရှို့ ” ဟူသည့် ခမ်းနားကြီးကျယ်လှသော အက္ခရာတွေကို ကြည့်ကာ အစကတည်းက တွန့်ချိုးထား၍ အရေးအကြောင်းတွေ ပေါ်နေသော သူ့မျက်ခုံးတွေက ပို့လို့တောင် တွန့်ချိုးသွားသည်။

ဘယ်သူမှ သူတို့ကို လာမနှုတ်ဆက်တာမို့ ကိုယ်ရံတော်တစ်ယောက်က မြို့တံတိုင်းပေါ် တက်ကာ “ တော်ဝင်တပ်မှူးချုပ်ရှုကို မြန်မြန် အသိပေးလိုက်ကြစမ်း။ ဧကရာဇ်ရဲ့ အမိန့်ပြန်တမ်း ရောက်လာပြီ။ ” ဟု အော်ပြောလိုက်သည်။

‘ ဧကရာဇ်ရဲ့ အမိန့်ပြန်တမ်း ’ ဟူသော စကားကို ကြားသည်နှင့် တော်ဝင်တပ်မှူးချုပ်ကလည်း လုပ်လက်စ အလုပ်တွေ အကုန်လုံးကို ပစ်ချထားကာ မြို့တော်ဂိတ်တံခါးတွေဆီသို့ အလျင်အမြန် ထွက်လာခဲ့လိုက်သည်။

“ လတ်စသတ်တော့ မိန်းမစိုး ဆရာလျူ ဖြစ်နေတာပဲ။ ဒီလောက် ပြင်းထန်နေတဲ့ နှင်းမုန်တိုင်းကြားကနေ ဘုရင့်အမိန့်ပြန်တမ်းကို ယူဆောင်လာပေးတာ ဆိုတော့ ပင်ပန်းလာမှာပဲ။ ”

“ ဘုရင်မင်းမြတ်အတွက် တာဝန်ထမ်းဆောင်ရတာ ပင်ပန်းစရာအကြောင်းမရှိပါဘူး။ ” ဆရာလျူက တော်ဝင်တပ်မှူးချုပ်ရှုကို မြင်တော့ အပြုံးတုတစ်ခုကို ဖျစ်ညှစ် ပြုံးပြလိုက်သည်။ “ ဘုရင့်အမိန့်ပြန်တမ်းကို နာယူပါ တပ်မှူးချုပ်ရှု။ ”

အားလုံးက နှင်းတွေကြားထဲမှာ ချက်ချင်း ဒူးထောက်လိုက်ကြသည်။ ထို့နောက် ဆရာလျူက ဘုရင့်အမိန့်ပြန်တမ်းကို ထုတ်ယူပြီး ခပ်ကျယ်ကျယ် ဖတ်ပြလိုက်သည်။

“ ဘုရင့်အမိန့်ပြန်တမ်း : တော်ဝင်တပ်မှူးချုပ်ရှုဟာ လူရိုင်းတွေကို တွန်းလှန်တိုက်ခိုက်ခဲ့တဲ့အတွက် ချီးကျူးထိုက်ပါပေတယ် ၊ ဒါပေမဲ့ မြောက်ပိုင်းမှာ မြို့တော်တွေ မတည်ဆောက်ခင်မှာ ဧကရာဇ်ကို သတင်းပို့ဖို့ ပျက်ကွက်ခဲ့တယ်။ ‌အဲ့ဒါက နဂါးမင်းရဲ့ အမျက်ဒေါသကို ဆွလိုက်တာပဲ။ ဒါ့ကြောင့် တော်ဝင်တပ်မှူးချုပ်ကို နေပြည်တော်ကို အခုချက်ချင်း ပြန်ပြီး ဘုရင်မင်းမြတ်ရဲ့ အပြစ်ဒဏ်ကို ခံယူဖို့ အမိန့်ချမှတ်လိုက်တယ်။ ဒီအမိန့်ပြန်တမ်းကို လိုက်နာစေ။ ”

ထိုအမိန့်ပြန်တမ်းကို ကြားချိန်မှာ တော်ဝင်တပ်မှူးချုပ်ရှုရဲ့ နှလုံးသားက ရေခဲတမျှ အေးစက်သွားပြီး နှင်းမုန်တိုင်းထက်တောင် အေးစက်သွားလေသည်။

သူကတော့ နယ်စပ်ဒေသမှာ ကြိုးစားပမ်းစား တိုက်ခိုက်ပြီး မြို့တစ်မြို့ကို တည်ဆောက်လိုက်ရတာ … ။ အခုကျ ကြိုတင် သတင်းမပို့မိတာနဲ့ပဲ အပြစ်ပေးခံရမယ်တဲ့လား … ။

သို့သော်လည်း အမိန့်ပြန်တမ်းက သူ့မျက်စိရှေ့တည့်တည့်မှာ ရှိနေတာမို့ သူ မကျေနပ်လျှင်တောင် အာဏာမဖီဆန်နိုင်ပါ။

“ အရှင့်လက်အောက်ငယ်သားက အရှင့်အမိန့်ပြန်တမ်းအတိုင်း လိုက်နာပါ့မယ်။ ”

ဆရာလျူက အမိန့်ပြန်တမ်းကို ခေါက်သိမ်းပြီး ထိုအမိန့်ပြန်တမ်းကို တစ်စုံတစ်ယောက်အား တော်ဝင်တပ်မှူးချုပ်ရှုထံ သွားပေးစေလိုက်သည်။ “ အမြန် ထုပ်ပိုးသိမ်းဆည်းပြီး ကျုပ်တို့နဲ့ ပြန်လိုက်ခဲ့ပါ တပ်မှူးချုပ်ရှု။ ”

“ ကျုပ်ရဲ့ တပ်သားတွေကို အခုချက်ချင်း ပြင်ဆင်ခိုင်းလိုက်ပါ့မယ်။ ”

“ အင်း။ ” ဆရာလျူက သူ့ရဲ့ အလွယ်တကူ နာခံလိုက်နာသော သဘောထားကို ကြည့်ပြီး ထပ်ပြောလိုက်သည်။ “ ပြီးတော့ ပိုင်ချွမ်းခရိုင် ဟဲဝမ်ရွာက အမျိုးသမီးလီလည်း စစ်တပ်စခန်းထဲကို ရောက်နေတယ်လို့ ဘုရင်မင်းမြတ်က သတင်းကြားထားတယ်။ အဲ့သတင်းက တကယ် အမှန်ပဲလား။ ”

သူ တခြား ဘာပြောနိုင်ဦးမှာလဲ … ။ ဧကရာဇ်က သိထားတဲ့နောက်မှတော့ ဖုံးကွယ်နေလည်း အသုံးမဝင်တော့။ ဒါပေမဲ့ လီယောင့်မှာ ချီးကျူးစရာ လုပ်ရပ်တွေသာ ရှိပြီး ဘာအမှားမှ ကျူးလွန်မထားတာမို့ စိတ်တော့မပူမိပါ။

“ အမှန်ပါပဲ။ သူ ဒီမှာ ရှိပါတယ်။ ”

“ ဘုရင်မင်းမြတ်က အမျိုးသမီးလီကိုလည်း ကျုပ်တို့နဲ့အတူ လိုက်လာဖို့ အမိန့်ပါးလိုက်တယ်။ ဘုရင်မင်းမြတ်က သူနဲ့ တွေ့ချင်နေတယ်။ ”

ဧကရာဇ်က သူမနဲ့ တွေ့ချင်တယ် ……. ။

တပ်သားတွေကြားထဲမှာ ပုန်းကွယ်နေသော လီယောင်သည် ရင်ထဲမှာ ထိတ်ခနဲ တုန်လှုပ်သွားမိသည်။ တကယ်လို့ သူမသာ ဟိုရက်တုန်းက လျို့ယွင်နှင့်အတူ ပြန်သွားခဲ့ရင် အခုအချိန်မှာ မိုးမီးလောင်ပြီဖြစ်သည်။

…

All Chapters