သေတ္တာထဲက စာများ။
Vol. 21 Ch. 224
စစ်တပ်ရွက်ဖျင်တဲထဲတွင် တော်ဝင်တပ်မှူးချုပ်ရှုရဲ့ မျက်နှာပေါ်မှာ စိုးရိမ်ပူပန်သော အမူအရာရှိနေခဲ့သည်။ “ ကျုပ်တို့ နေပြည်တော်ကို သွားရင် အရှင်မင်းကြီးက မင်းကို ဘာမှတော့ မလုပ်လောက်ပါဘူး လီယောင်။ ဒါပေမဲ့ နေပြည်တော်မှာ အခြေအနေတွေက လောလောဆယ် အရမ်း ရှုပ်ထွေးနေတာကိုတော့ မင်းကို သတိပေးထားချင်တယ်။ အတိုင်ပင်ခံ ကျူးကျစ်လင်က အိမ်ရှေ့မင်းသားနဲ့ အရမ်း ရင်းနှီးတယ်။ သူတို့ မင်းကို အန္တရာယ်ပေးရင် … ”
“ သူတို့က ကျွန်မကို ဘာလို့ အန္တရာယ်ပေးမှာလဲ။ ”
“ ဘာလို့လဲ ဆိုတော့ မင်းက ယိကျိုးမင်းသားနဲ့ ပုလဲနံပသင့်တာကိုး။ ” ဟု တော်ဝင်တပ်မှူးချုပ်ရှုက ပြောလိုက်သည်။ “ အခု ယိကျိုးမင်းသားက သူ့ကိုယ်ပိုင်နယ်မြေကို အုပ်ချုပ်နေပြီ ဆိုတော့ သူက အိမ်ရှေ့မင်းသားအတွက် ခြိမ်းခြောက်မှုကြီးတစ်ရပ် ဖြစ်နေပြီ။ ”
လီယောင် နားလည်သလိုလိုနှင့် နားမလည်ပါ။
အနာဂတ် ထီးနန်းဆက်ခံရမယ့် ဘုရင့်အလောင်းအလျာ အိမ်ရှေ့စံမင်းသားဟာ ဧကရာဇ် နတ်ရွာစံတဲ့အချိန်ထိ နာခံစွာ စောင့်ဆိုင်းပြီးမှ ထီးနန်းဆက်ခံရမှာလေ … ။ သူက ဘာလို့ နေ့တိုင်း ပြဿနာရှာချင်နေရတာလဲ … ။
အတိအကျကြီးတော့ မသေချာသေးပေမဲ့ သူက လူရိုင်းတွေနှင့်တောင် ပူးပေါင်းခဲ့သေးသည်။ နေရာတကာ မွှေနှောက်စွက်ဖက်ပြီး ဉာဏ်နီဉာဏ်နက်များလွန်းတဲ့ ဘယ်အိမ်ရှေ့မင်းသားမဆို တိုင်းပြည်ရဲ့ ဥပဒေအရ နောက်ဆုံးမှာ ဇာတ်သိမ်းမကောင်းတတ်ပေ။
ကြည့်ရတာ သူမလည်း ကိုယ့်ကိုယ်ကိုယ်အတွက် အရန် အစီအစဉ်တွေ ၊ အကာအကွယ်တွေ ပြင်ဆင်ထားမှ ဖြစ်တော့မည် ထင်သည်။
လီယောင်က ခဏလောက် စဉ်းစားပြီးမှ “ ကျွန်မတို့ နေပြည်တော်ကို ဘယ်အချိန် ထွက်ခွာမှာလဲ တပ်မှူးချုပ်ရှု။ ” ဟု မေးလိုက်သည်။
“ သုံးရက်အတွင်းပဲ။ ”
“ ရက်နည်းနည်းလောက် ရွေ့ဆိုင်းပေးလို့ မရဘူးလား။ ကျွန်မ စစ်တပ်သမားတော်တွေကို နောက်ထပ် ထိခိုက်ဒဏ်ရာကုသနည်းတချို့ ထပ်သင်ပေးခဲ့ချင်သေးတယ်။ ”
“ ရလောက်မှာပါ ၊ ကျုပ် ပြောကြည့်ပေးမယ်လေ။ အတွင်းဝန်က အိမ်ရှေ့မင်းသားရဲ့ လူဆိုပေမဲ့ ပါးစပ်အပြောပဲ ရှိတာပါ။ သူ ကျုပ်ကို အမိန့်တော့ မပေးရဲလောက်ပါဘူး။ ”
“ ကျေးဇူးတင်ပါတယ်။ ”
“ လီယောင်။ ” တော်ဝင်တပ်မှူးချုပ်ရှုက လီယောင်ဟာ သမားတော်တွေကို ဆေးကုသနည်းတွေ သင်ပေးချင်တာ မဟုတ်မှန်း သိသည်။ “ သတိတော့ထားပါ။ ”
လီယောင်သည် တော်ဝင်တပ်မှူးချုပ်ရှုရဲ့ စိုးရိမ်စိတ်တို့ ပျော်ဝင်နေသော မျက်လုံးတွေကို ကြည့်ကာ ခေါင်းညိတ်ရုံသာ ကြည့်ပြီး အမြန် ပြေးထွက်လာခဲ့လိုက်သည်။
ညမှောင်ရီပျိုးချိန်မှာတော့ လီယောင်သည် အပြေးမြန်သော မြင်းနှစ်ကောင်နှင့် သုံးမီတာကျော် ရှည်လျားသော စွပ်ဖားလှည်းတစ်စီးကို ဝမ်စန်းအာထံမှ ယူခံလိုက်သည်။
“ ကျွန်တော်ရော အမေနဲ့ လိုက်ခဲ့လို့ မရဘူးလား။ ”
“ မင်းပါ လိုက်ရင် ငါ့ပြဿနာတွေထဲ မင်းပါ ဆွဲထည့်ခံလိုက်ရလိမ့်မယ်။ ” လီယောင်က ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်သည်။ “ ဒီရက်ပိုင်း ငါ ပျောက်နေတာကိုပဲ ဘယ်သူမှ မသိအောင် ဖုံးဖိထားပေးပါ။ ငါ မကြာခင် ပြန်လာခဲ့မယ်။ ”
စစ်မြင်းနှစ်ကောင်ရဲ့ ခွာတွေကို နှင်းကိုက်နာမဖြစ်အောင် ဝါဂွမ်းစ ၊ သားရေအစွပ်ပါးပါးလေးတို့နှင့် ရစ်ပတ်ဖုံးအုပ်ထားသည်။ စွပ်ဖားလှည်းကို စစ်မြင်းနှစ်ကောင် ဆွဲသွားပုံက အလွန် လွယ်ကူပေါ့ပါးပြီး အရှိန်ကလည်း လုံးဝ မနှေးပါ။
လီယောင်သည် စွပ်ဖားလှည်းပေါ်မှာ နေရာယူကာ အနောက်မြောက်အရပ်သို့ ဦးတည်ထွက်ခွာလာခဲ့လိုက်သည်။
သူမရဲ့ ရည်ရွယ်ချက်ကတော့ တောင်တန်းတွေကြားမှာ ရှိသည်ဟု သတင်းကြားထားသော်လည်း အတိအကျ ဘယ်နေရာမှာ ရှိမှန်းမသိသော လူရိုင်းဘုရင်ရဲ့ ရုံးတော်ကို ရှာဖွေဖို့ ဖြစ်သည်။
အခုအချိန်ထိ တာ့လင်တိုင်းပြည်မှာ လူရိုင်းတွေရဲ့ တော်ဝင်တရားရုံးတော်ကို ရောက်ဖူးသူ အနည်းအကျဉ်းပဲ ရှိသည်။ သံတမန်တွေ စေလွှတ်လိုက်လျှင်တောင် တော်ဝင်တရားရုံးတော်မှာ မဟုတ်ဘဲ မြက်ခင်းပြင်နယ်မြေထဲက ရွက်ဖျင်တဲကြီးတွေမှာသာ အမြဲတမ်းနီးပါး လက်ခံတွေ့ဆုံလေ့ရှိသည်။
ဒီခရီးက အောင်မြင်မှာလား ၊ ကျရှုံးမှာလား ဆိုတာကတော့ လီယောင့်ရဲ့ ကိုယ်ပိုင် အရည်အချင်းအပေါ်ပဲ မူတည်ပါသည်။
ကံကောင်းစွာဖြင့် သူမက ခြေရာခံတဲ့နေရာမှာ တော်သည်။ နှင်းထု တစ်ပေကျော်လောက် ထုတက်နေသော်လည်း နှင်းတွေအောက်မှာ သဲလွန်စတွေက အေးခဲနေတာကြောင့် ခြေရာလက်ရာမပျက် ကျန်ရှိနေသေးသည်။
လီယောင်က လူရိုင်းစစ်တပ်ရဲ့ ခြေရာလက်ရာတွေကို လမ်းတစ်လျှောက်လုံး ခြေရာကောက်သွားခဲ့ပြီး နှစ်ရက်နှင့် နှစ်ညအကြာ နောက်ဆုံးမှာတော့ မြင့်မားမတ်စောက်စွာ စီတန်းတည်ရှိနေသော တောင်တန်းတွေရဲ့ တောင်ခြေကို ရောက်သွားခဲ့လေသည်။
ဒီတောင်တန်းရဲ့ အမည်ကို သူမ မသိသလို လူရိုင်းတွေရဲ့ တော်ဝင်တရားရုံးတော်က အမှန်တကယ်ပဲ ဒီတောင်တန်းပေါ်မှာ ရှိတာလား ဆိုတာလည်း မသေချာပါ။
မြင်းနှစ်ကောင်နှင့် စွပ်ဖားလှည်းက တောင်ပေါ်ကို မတက်နိုင်တာကြောင့် လီယောင်က မြင်းတွေကို အရိပ်တစ်နေရာမှာ ကြိုးချည်ပြီး စွပ်ဖားလှည်းထဲက မြင်းစာတွေ ချကျွေး၍ မြင်းတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဝါဂွမ်းအိပ်ရာခင်း ထူထူထဲထဲတွေကို လွှမ်းခြုံပေးထားလိုက်သည်။
သူမအတွက် ပြန်စရာနည်းလမ်းမရှိတော့မှာစိုး၍ ဒီမြင်းနှစ်ကောင်မှာ ထိခိုက်ဒဏ်ရာနည်းနည်းလေးတောင် ရလို့ မဖြစ်။
လီယောင်သည် နေ့တစ်ဝက် အနားယူပြီးနောက် အားအင်ပြည့်ဝ စိတ်လက်တက်ကြွလာကာ ကျောပိုးအိတ်တစ်လုံးနှင့် တောင်တန်းတွေထဲသို့ စတင် ခရီးထွက်လာခဲ့လိုက်သည်။
နောက်ထပ် နေ့တစ်ဝက်လောက် လမ်းလျှောက်အပြီးမှာတော့ လူတွေ လှုပ်ရှားသွားလာာထားတဲ့ ခြေရာလက်ရာတွေကို ရှာတွေ့သွားကာ သူမရဲ့ ခန့်မှန်းချက်အတွက်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးလာခဲ့သည်။
အဖြူရောင်အဝတ်အစားတွေကို ဝတ်ဆင်ထားသော လီယောက်သည် ညအချိန်ကို အားကိုး၍ တောနက်ပိုင်းထဲသို့ တဖြည်းဖြည်း တိုးဝင်လာရင်း နောက်ဆုံးမှာတော့ အရုဏ်တက်ချိန် မတိုင်ခင်မှာပဲ တောင်ကြားချိုင့်ဝှမ်းကြီးတစ်ခုကို ရောက်သွားခဲ့လေသည်။
သို့သော် ထိုချိုင့်ဝှမ်းကို သဘာဝ ချိုင့်ဝှမ်းလို့တောင် အမည်တပ်လို့ မရတော့ဘဲ တောင်နှစ်လုံးကြားရှိ ဆယ်မိုင်ကျယ်ဝန်းသော မြေကွက်လပ်မှာ သိန်းချီသော ရွက်ဖျင်တဲတွေကို တည်ဆောက်ထားတာ တွေ့ရသည်။
ဒီနေရာက လူရိုင်းတွေ ဆောင်းရာသီကို ဖြတ်သန်းတဲ့ နေရာဖြစ်ပြီး လူရိုင်းတရားရုံးတော်ရဲ့ တည်ရှိရာနေရာ ဆိုလည်း မမှားပေ။
ဘယ်သူမှ ဒီနေရာကို ရှာမတွေ့နိုင်ဘူးလို့ ထင်လို့လား ၊ ဒါမှမဟုတ် ရှာတွေ့ခဲ့လျှင်တောင် သူတို့ကို အန္တရာယ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ထင်လို့လားတော့ မပြောတတ်ဘဲ ပတ်ဝန်းကျင်မှာ အစောင့်အကြပ် မရှိသလောက်ပင် နည်းသည်။
လူရိုင်းတိုင်းက အတိုက်အခိုက်ကျွမ်းကျင်တဲ့ စစ်သည်တွေမို့ သူမအနေဖြင့် နေရာတိုင်းမှာ သတိကြီးကြီးထားရမည်လို့တော့ ပြောလို့ရသည်။ သူတို့စခန်းထဲကို ဟန်တရုတ်လူမျိုးတစ်ယောက် လျှောက်ဝင်သွားလျှင် သုံးစက္ကန့်အတွင်း သရုပ်မှန်ကို ခွဲခြားဖော်ထုတ်နိုင်ပါလိမ့်မည်။
လီယောင်က နှင်းတွေထဲမှာ တစ်နေ့လုံး ပုန်းကွယ်နေခဲ့ပြီး ပိန်းပိတ်အောင် မှောင်မည်းသော ညအချိန် ရောက်လာတော့မှ ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့လိုက်၏။ ဘယ်သူမှ အမဲလိုက်ခွေးတွေ မွေးမထားဘဲ ရွက်ဖျက်တဲတွေရဲ့ ဘေးပတ်ပတ်လည်မှာ ကျွဲ ၊ နွား ၊ သိုးတွေကိုသာ အများကြီး မွေးမြူထားလို့ တော်သေးရဲ့။
သူတို့ရဲ့ အနံ့ပြင်းပြင်းတွေနှင့် ဆူညံသော အသံဗလံတွေက လီယောင့်ခြေလှမ်းတွေကို ပြီးပြည့်စုံစွာ ကာကွယ်ပေးထားသည်။
လီယောင်သည် စခန်းရဲ့ အလယ်ဗဟိုကို ရောက်ဖို့ ညတစ်ဝက်လောက် အချိန်ယူခဲ့ရသည်။ ထိုနေရာမှာကတော့ လုံခြုံရေးပိုမိုတင်းကြပ်ကာ ညသန်းခေါင်အချိန်ကြီးမှာတောင် ချပ်ဝတ်တန်ဆာ အပြည့်အစုံဝတ်ဆင်ထားသော လူရိုင်းတပ်သားများစွာ ကင်းလှည့်နေကြသည်။
အကြီးမားဆုံးနှင့် အခမ်းနားဆုံး ရွက်ဖျင်တဲထဲကို ခိုးဝင်နိုင်ဖို့ ကြိုးစားခြင်းက အခက်အခဲတချို့ ရှိသော်လည်း သူမအတွက်တော့ သိပ်မခက်ခဲပေ။
လီယောင်က လမ်းကြောင်းတွေနှင့် ကင်းလှည့်တပ်သားတွေရဲ့ ချိန်သားကိုက်မှုကို တွက်ချက်ကာ ဟာကွက်ကို မိမိရရ အသုံးချ၍ ရွက်ဖျင်တဲကြီးနောက်သို့ အမြန် သွားလိုက်သည်။ ထို့နောက် ရွက်ဖျင်တဲအစကို သူမရဲ့ ဓားနှင့် ညင်သာစွာ ထိုးခွဲပြီး အထဲကို ဝင်ခဲ့လိုက်သည်။
ရွက်ဖျင်တဲထဲမှာ အပူချိန်က သိသိသာသာ မြင့်ကာ အလယ်မှာ မီးလင်းဖိုကြီးတစ်လုံးကို ချထားပြီး လေထဲမှာ အသားကင်နံ့တွေ ၊ အရက်နံ့တွေ တထောင်းထောင်းထနေသည်။ ခုတင်ပေါ်မှာတော့ အသက်လေးဆယ်ကျော်လောက် ရှိမည်ဟု ထင်ရသော လူထွားကြီးတစ်ယောက်က တခေါခေါဟောက်သံပေး၍ အိပ်ပျော်နေ၏။
ဒီလူက လူရိုင်းမျိုးနွယ်စုအကြီးအကဲလား … ။
သူမသာ လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဖြစ်နေသေးလျှင် တစ်ချက်လောက် ဓားနှင့် သာသာလေး ထိုးစိုက်လိုက်ရုံနှင့် ဒီလူ့အသက်ကို အလွယ်တကူ နှုတ်ယူနိုင်မှာမို့ အလွန် စိတ်လှုပ်ရှားမိလိမ့်မည်။ အခုကတော့ သူမက အငြိမ်းစားယူပြီးနေတာ နှမြောစရာကောင်းသည်။
ပြီးတော့ မျိုးနွယ်စုအကြီးအကဲကို သတ်လိုက်လည်း လူရိုင်းတွေက အကြီးအကဲအသစ် ရွေးချယ်တင်မြှောက်မည်ဖြစ်၍ သူမကိုယ်သူမ အလကားသက်သက် ထွက်ပေါ်စေရုံသာ ရှိလိမ့်မည်။
လီယောင်သည် သူမရဲ့ အိတ်ထဲက အမွှေးတိုင်တစ်ချောင်းကို ထုတ်ယူကာ ခုတင်ပေါ်မှာ ထွန်းလိုက်သည်။
ဒီအမွှေးတိုင်က အိပ်စက်မှုကို အထောက်အကူပြုသည်။ ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ ဒီအမွှေးတိုင်ရနံ့ကို နည်းနည်းလောက် ရှူလိုက်မိရုံနှင့် နားရွက်နားမှာ ကပ်ပြီး မိုးခြိမ်းသံထွက်ပေါ်မလာမချင်း ၊ မျက်နှာပေါ်ကို ရေအေးတွေနှင့် လောင်းချမခံရမချင်း တစ်နေ့လုံး ၊ တစ်ညလုံး အိပ်မောကျနေလေ့ရှိသည်။
လီယောင်သည် အမွှေးတိုင်ကို မျိုးနွယ်စုအကြီးအကဲရဲ့ ခေါင်းအုံးဘေးမှာ ထွန်းကာ မိနစ်ပိုင်းလောက် စောင့်နေပြီးမှ ပစ္စည်းတွေကို အသံမထွက်စေဘဲ စတင်ရှာဖွေလိုက်သည်။
သေတ္တာကြီးတစ်လုံးကို ဖွင့်ကြည့်လိုက်တော့ ရွှေတွေအပြည့် တွေ့ရသည်။ နောက်ထပ် သေတ္တာတစ်လုံးထဲမှာလည်း ရွှေတွေပဲ တွေ့ရသည်။ တတိယမြောက် သေတ္တာထဲမှာတော့ ပုလဲတွေ ၊ မဟူရာကျောက်တွေနှင့် ရွှေ ၊ ငွေ လက်ဝတ်လက်စားတွေကို တွေ့ရသည်။
မျိုးနွယ်စုအကြီးအကဲတစ်ယောက်အတွက်တော့ ဒီလောက် ချမ်းသာတာ မထူးဆန်းပါ။
လီယောင်က တခူးခူးတခေါခေါနှင့် အိပ်မောကျနေသူကို ဂရုစိုက်မနေတော့ဘဲ တန်ဖိုးအကြီးဆုံး ရတနာ ( ၅ ) မျိုးကို ယူကာ သူမရဲ့ အိတ်ထဲ ထည့်လိုက်သည်။
နောက်ဆုံးမှာတော့ ဘယ်သူမှ အလွယ်တကူ မမြင်နိုင်အောင် ဝှက်ထားသော သေတ္ထာတစ်လုံးထဲမှာ လီယောင် ရှာဖွေနေသော စာလွှာအထပ်လိုက်ကို ရှာတွေ့သွားခဲ့သည်။
ခပ်သွက်သွက် စစ်ဆေးကြည့်လိုက်သောအခါ စာလွှာတစ်ဝက်က လက်ရှိ နန်းတွင်းအတိုင်ပင်ခံ ကျူးကျစ်လင်နှင့် နေပြည်တော်ရှိ ရာထူးအာဏာကြီးသော အရာရှိတွေရဲ့ စာလွှာတွေ ဖြစ်ပြီး ကျန်တစ်ဝက်ကတော့ မထူးဆန်းစွာပဲ အိမ်ရှေ့စံမင်းသားရဲ့ စာလွှာတွေ ဖြစ်နေတာကို တွေ့ရသည်။ အိမ်ရှေ့စံမင်းသား ပေးပို့ထားသော စာတစ်စောင်ကို အမြန် ဖတ်ကြည့်လိုက်ပါသည်။
စာလွှာ ရေးသားပေးပို့ခဲ့ချိန်က ဒီနှစ် နွေဦးရာသီမတိုင်ခင်တုန်းက ဖြစ်ပြီး လိုရင်းကတော့ လူရိုင်းစစ်တပ်အား မြောက်ပိုင်းနယ်စပ်ရှိ တာ့လင်စစ်တပ်ကို အဆက်မပြတ် တိုက်ခိုက်ပြီး တော်ဝင်တပ်မှူးချုပ်ရှုနှင့် သူ့တပ်သားတွေကို မြက်ခင်းပြင်နယ်မြေတိုက်ပွဲမှာ ကျရှုံးအောင် လုပ်သင့်ကြောင်း တိုက်တွန်းထားတာ ဖြစ်သည်။ အိမ်ရှေ့စံမင်းသားက နှစ်ကုန်ပိုင်းမှာ သူ ထီးနန်းဆက်ခံတဲ့အခါ ယုဟန်ခံတပ်အပြင်ဘက်ရှိ နယ်မြေတွေကို လူရိုင်းတွေအား အပိုင်စားပေးမည်ဟု ကတိပြုထားသည်။
ဒီနှစ်မှာ လူရိုင်းတွေ အရင်နှစ်တွေလို မဟုတ်ဘဲ နွေဦးကတည်းက ထူးထူးခြားခြား သောင်းကျန်းတိုက်ခိုက်နေခြင်းက ဒီစာကြောင့်ပဲဆိုတာ သေချာသည်။ တာ့လင်စစ်တပ်ဆီ ဘာရိက္ခာမှ ရောက်မလာတာလည်း အိမ်ရှေ့စံမင်းသားရဲ့ အကြံအစည်ပဲ ဖြစ်လိမ့်မည်။
လီယောင် နားမလည်တဲ့အရာက အိမ်ရှေ့စံမင်းသားဟာ နှစ်ကုန်ပိုင်းမှာ ထီးနန်းဆက်ခံရမယ်လို့ ဘာလို့ အရမ်းသေချာနေတာလဲ ဆိုတာပါပဲ။
သိပ်ကို အသုံးဝင်သော သတင်းတွေ ဖြစ်သည်။
လီယောင်သည် စာလွှာတွေအကုန်လုံးကို သူမရဲ့ အိတ်ထဲ ထည့်ပြီး လာရာလမ်းအတိုင်း ပြန်ထွက်လာခဲ့လိုက်သည်။ သို့သော်လည်း အလာတုန်းက အရမ်း အချိန်ကြာသွားတာကြောင့် လူရိုင်းမျိုးနွယ်စုအကြီးအကဲရဲ့ ရွက်ဖျင်တဲထဲက ပြန်ထွက်လာချိန်မှာ ကောင်းကင်က လင်းနေပါပြီ။
…