← Chapters

လာခြင်းမကောင်းသော။

Vol. 21 Ch. 226

လာခြင်းမကောင်းသော။

Vol. 21 Ch. 226

လီယောင်သည် ဧကရာဇ် ဆင့်ခေါ်တာခံရဖို့ ငါးရက်လုံး ထိုင်စောင့်နေခဲ့သော်လည်း ဧကရာဇ်နှင့် တွေ့ရမည့်အစား အတိုင်ပင်ခံဝန်ကြီးနှင့် တွေ့ဆုံဖို့ ဆင့်ခေါ်ခံခဲ့ရသည်။ နန်းတွင်းအတွင်းဝန်ရဲ့ ‘ ဧကရာဇ်က သူမနှင့် တွေ့ချင်နေတယ် ’ ဆိုတဲ့ စကားကလည်း အလိမ်အညာဖြစ်နေ၏။

သူမနှင့် အမှန်တကယ် တွေ့ချင်သူက ဧကရာဇ် မဟုတ်ဘဲ လက်ယာအတိုင်ပင်ခံအမတ်ကြီး ကျူးကျစ်လင် ဖြစ်နေသည်။ အိမ်ရှေ့စံမင်းသားလည်း ဖြစ်ရင် ဖြစ်နေနိုင်သည်။

လက်ယာအမတ်ကြီးနှင့် အိမ်ရှေ့မင်းသားတောင် သူမကို သတိပြုမိလောက်တဲ့ထိ သူမဆီမှာ ဘယ်လို ကြီးမြတ်မှုတွေ ၊ အရည်အချင်းတွေ ရှိနေတာလဲ ဆိုတာကိုတော့ လီယောင်လည်း မသိတော့ပါ။

“ ဒါဆို ငါ ဒီတိုင်း အိမ်ပြန်သွားလို့ ရတာပဲ။ ငါ့ကို တွေ့ချင်တဲ့ လူက ဧကရာဇ် မဟုတ်ဘူး ဆိုရင် လက်ယာအမတ်ကြီးက ငါ့ကို ဘုရင့်အမိန့်ကို ဖီဆန်တယ်ဆိုပြီး စွပ်စွဲလို့ မရဘူးလေ။ ”

“ ကိစ္စတွေက အဲ့လောက် မရိုးရှင်းဘူး အမျိုးသမီးလီ။ ခုနတုန်းက ဆက်သားက မင်း လက်ယာအမတ်ကြီးနဲ့ မတွေ့ရင် ကျွန်တော်တို့ နေပြည်တော်မှာ စီးပွားရေးဆက်လုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြောသွားတယ်။ ”

သူမကို ရက်ပေါင်းများစွာ စောင့်ခိုင်းထားတဲ့အပြင် ခြိမ်းပါ ခြိမ်းခြောက်ရဲသေးတာလား … ။

“ ငါ ဘာလုပ်ရမလဲဆိုတာ သိပါတယ်။ စိတ်မပူပါနဲ့ … နင် နေပြည်တော်မှာ အခက်မတွေ့စေရဘူး။ ”

လီယောင်သည် အစားအသောက်တွေအများကြီးကို ထုပ်ပိုး၍ တည်းခိုခန်းသို့ ပြန်သွားကာ တစ်နေကုန် အိပ်နေခဲ့သည်။ လူခြေတိတ်ချိန် ညသန်းခေါင်ရောက်တော့မှ ပြတင်းပေါက်ကနေ နောက်တစ်ကြိမ် ခိုးထွက်လာခဲ့လိုက်သည်။

ကြီးမားကျယ်ဝန်းသော အဆောက်အအုံတွေကြားမှာ ထင်းထွက်နေသော လက်ယာအမတ်ကြီးရဲ့ အိမ်တော်ကို အလွယ်တကူပဲ ရှာတွေ့ပါသည်။

လက်ရှိ အတိုင်ပင်ခံဝန်ကြီးဖြစ်တဲ့အလျောက် ကျူးကျစ်လင်ရဲ့ အိမ်တော်မှာ အလွန် လုံခြုံရေးတင်းကြပ်သည်။ သို့သော် တံတိုင်းနိမ့်နိမ့် ၊ အဆောက်အအုံနိမ့်နိမ့်လေးတွေက လီယောင့်အတွက် မပြောပလောက်တာမို့ ဖျတ်ခနဲ ကိုယ်ဖော့၍ ခုန်ကျော်လာခဲ့လိုက်သည်။

အဆောက်အအုံတွေရဲ့ အခန်းဖွဲ့ပုံပေါ် မူတည်ပြီး ကျူးကျစ်လင် နေထိုင်တဲ့နေရာကို တွက်ဆလို့ ကသည်။ အိမ်တော်ရဲ့ အတွင်းပိုင်းကို ရောက်လာတာနှင့်အမျှ လုံခြုံရေးလျော့ရဲလာသည်။ သူမက ကျုးကျစ်လင်ရဲ့ အိပ်ခန်းထဲကို အလွယ်တကူ ခိုးဝင်ခဲ့လိုက်သည်။

ထို့နောက် သူ့ခုတင်ဘေးကို တိတ်တဆိတ် ချဉ်းကပ်သွားကာ သူ ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေရန်အတွက် အမွှေးထိုင်ထွန်းပေးလိုက်သည်။ ခဏနေတော့မှ လီယောင်က ကတ်ကြေးလေးတစ်ချောင်းကို ထုတ်ယူလိုက်သည်။

ကျူးကျစ်လင်ရဲ့ မုတ်ဆိတ်ရှည်ရှည် ၊ ဆံပင်ရှည်ရှည်တို့သည် အချိန်ခဏအတွင်းမှာပဲ ပြောင်ရှင်းသွားပြီး အမွေးငုတ်တိုတွေသာ ကျန်ခဲ့လေသည်။

ဒီလှည့်ကွက်ကို နန်းကျောက်တိုင်းပြည်ခံတပ်မှာ အသုံးပြုခဲ့ဖူးပေမဲ့ နောက်တစ်ကြိမ် ထပ်သုံးရလည်း ကိစ္စမရှိပါ။ လီယောင်သည် ကျူးကျစ်လင်မိန်းမရဲ့ ဆံပင်တွေကိုလည်း တိုသွားအောင် ညှပ်ပစ်လိုက်သည်။

ထိုကိစ္စအဝဝကို လုပ်ပြီးတော့မှ အမွှေးတိုင်ကို ဖယ်ပြီး တည်းခိုခန်းကို ပြန်လာခဲ့လိုက်သည်။

…

နောက်တစ်နေ့မှာတော့ အတိုင်ပင်ခံဝန်ကြီးအိမ်တော်ရှိ အစေခံများသည် ထူးခြားသော အဖြစ်အပျက်တွေကို ကြုံတွေခဲ့ရလေသည်။ အတိုင်ပင်ခံဝန်ကြီးက အရေးပါတဲ့ တရားရုံးတော်နေ့တွေ မဟုတ်လည်း အရုဏ်ချိန်ဆို အိပ်ရာထလေ့ရှိသည်။

ဒါပေမဲ့ ဒီနေ့တော့ နေမြင့်နေတာတောင် အတိုင်ပင်ခံဝန်ကြီးရော ၊ ဝန်ကြီးကတော်ရော နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံပေါ်သည်။

အစေခံတွေအများကြီးဟာ အတိုင်ပင်ခံဝန်ကြီးတို့ဇနီးမောင်နှံ မျက်နှာသစ် ၊ လက်ဆေးဖို့အတွက် ရေဇလုံတွေကို သယ်ထားခဲ့ကြပြီး သူတို့ရဲ့ ခြေထောက်တွေ ထုံကျင်လာတဲ့ထိ လှေကားထစ်မှာ ရပ်စောင့်ရင်း ရေတွေကို မကြာခဏ လဲနေခဲ့သည်။ အဆင့်နိမ့် အစေခံတွေမို့ တံခါးကိုလည်း မခေါက်ရဲပေ။

နောက်ဆုံးမှာတော့ အိမ်တော်ထိန်းက သတင်းကြားသွားပြီး အစောင့်တွေနှင့်အတူ ထိတ်လန့်တကြား ပြေးလာခဲ့သည်။

“ အတိုင်ပင်ခံဝန်ကြီးကျူး … ”

အိမ်တော်ထိန်းက တံခါးရှေ့မှာ အကြိမ်ပေါင်းများစွာ အော်ခေါ်နေသော်လည်း အထဲက တုံ့ပြန်သံမကြားရသောကြောင့် သူ့နှလုံးသားထဲမှာ ထိတ်ခနဲ တုန်လှုပ်သွားသည်။

“ တံခါးကို မြန်မြန် ဖျက်လိုက်။ ”

အစောင့်နှစ်ယောက်က တံခါးဘောင်ကွက်ကို ကမန်းကတန်း ဖြုတ်လိုက်ကာ အစေခံနှစ်ယောက်က မျက်နှာဖြူဖတ်ဖြူရော်နှင့် အခန်းထဲကို ပြေးဝင်သွားခဲ့သည်။

ခုတင်ပေါ်မှာ အကောင်းပကတိအတိုင်း လဲလျောင်းနေတဲ့ အတိုင်ပင်ခံဝန်ကြီးတို့ဇနီးမောင်နှံကို တွေ့တော့မှ သူတို့နှလုံးသားပေါ်က ကျောက်တုံးကြီး ပေါ့သွားသလို ခံစားလိုက်ရသည်။

“ ဒါပေမဲ့ အတိုင်ပင်ခံဝန်ကြီးကျူးရဲ့ မုတ်ဆိတ်မွေးနဲ့ ဆံပင်တွေ … မရှိတော့ပါလား။ ”

“ ဝန်ကြီးကတော်ရဲ့ ဆံပင်တွေရော မရှိတော့ဘူး။ ”

“ ဘာ … ”

အိမ်တော်ထိန်းရဲ့ မျက်နှာက သွေးမရှိတော့သလို ဖြူဖတ်ဖြူ‌ရော်ဖြစ်သွားကာ စည်းမျဉ်းတွေ အားလုံးကို မေ့ထားပြီး အခန်းထဲကို တခြားလူတွေနှင့်အတူ အမြန် ဝင်ခဲ့လိုက်သည်။

သူတို့ ချဲ့ကားပြောနေတာ မဟုတ်ဘူးလား … ။

အိမ်တော်ထိန်းသည် ကြောက်ဒူးတုန်လာမိသည်။ ဒီအိမ်တော်ရဲ့ အိမ်တော်ထိန်းတစ်ယောက်အနေနှင့် အစောင့်တွေဟာ သူ့တာဝန်ယူမှုအောက်မှာ ရှိသည်။ အခုတော့ အတိုင်ပင်ခံဝန်ကြီးရဲ့မုတ်ဆိတ်တွေ၊ ဆံပင်တွေ အပြောင်ရိတ်ခံနေရချိန်မှာ သူတို့က အေးအေးချမ်းချမ်း အိပ်ပျော်နေပြီး ဖြစ်ပျက်သွားတာတွေကို ဘယ်သူမှ မသိလိုက်။

ဒါက တာဝန်ကို အကြီးအကျယ် ချိုးဖောက်တာပဲ ဖြစ်သည်။ အတိုင်ပင်ခံဝန်ကြီး နိုးလာရင် သူ ခေါင်းအဖြတ်ခံရမှာများလား … ။

အိမ်ထောင်‌ထိန်းသည် သူ့အသက်ဘေးအတွက် စိတ်ပူနေသော်လည်း နန်းတွင်းသမားတော်ကို ပင့်ဖိတ်လိုက်ပါသည်။ ကံကောင်းထောက်မစွာဖြင့် အတိုင်ပင်ခံဝန်ကြီးရော ၊ ဝန်ကြီးကတော်ရော ဘာမှ မထိခိုက်ဘဲ ခဏအကြာမှာ နိုးလာခဲ့ကြသည်။

ကျူးကျစ်လင်က သူတို့ဇနီးမောင်နှံရဲ့ ဆံပင်တွေ သူတို့ မသိအောင် အရိတ်ခံလိုက်ရတာကို သိသွားသည်နှင့် အတွေးထဲမှာ တစ်စုံတစ်ယောက်က ချက်ချင်း ပေါ်လာသည်။

လီယောင် … ။

“ အဲ့ဒီအမျိုးသမီးက မြောက်ပိုင်းနယ်စပ်ကိုတောင် တစ်ယောက်တည်း သွားလာရဲတဲ့အထိ အကြောက်အလန့်မရှိဘူးလို့ သတင်းကြားထားတာ။ ကြည့်ရတာ ကောလဟာလတွေက အမှန်ပဲ ထင်တယ်။ ” ဟု ကျူးကျစ်လင်က တင်းမာခက်ထန်စွာ ပြောလိုက်သည်။ “ သူ့မှာ ငါနဲ့ လာတွေ့ဖို့ ရည်ရွယ်ချက်မရှိတဲ့ ပုံပဲ။ ”

အိမ်ထောင်ထိန်းက သူ့အတွက် အပြစ်ပေါ့လျော့အောင် ကြိုးစားသည့်အနေဖြင့် အကြံပေးလိုက်သည်။ “ ဆရာ … သာမန် အရပ်သူတစ်ယောက်က ဒီလောက် စော်ကားမောက်နေတာ ၊ ကျွန်တော် လူတွေခေါ်ပြီး သူ့ကို အခုချက်ချင်း သွားရှင်းပစ်လိုက်ရမလား။ ”

“ ရှင်းပစ်မယ် … ” ကျူးကျစ်လင်က ခေါင်းခါယမ်းလိုက်သည်။ “ လီယောင်က အိမ်ရှေ့မင်းသားကိုယ်တိုင် သူ့ဘက်တော်သားဖြစ်အောင် စည်းရုံးချင်နေတဲ့ လူတစ်ယောက်ပဲ။ ဒီလို လုပ်တာပေါ့ … သူက ငါ့ကို လာတွေ့ဖို့ ငြင်းဆန်နေမှတော့ ငါကပဲ သူ့ကို သွားတွေ့လိုက်မယ်။ ”

…

လီယောင်တစ်ယောက် သူမရဲ့ အခန်းထဲမှာ ချိုချဉ်သကြားလုံးတွေကိာ စားနေတုန်းမှာပဲ တစ်စုံတစ်ယောက်က သူမရဲ့ အခန်းတံခါးကို ခပ်ကြမ်းကြမ်း လာထုသည်။

“ လီယောင် … တော်ဝင်တပ်မှူးချုပ် ရောက်နေတယ်။ အခန်းထဲက မြန်မြန် ထွက်လာပြီး သူ့ကို ရိုရိုသေသေ နှုတ်ဆက်လိုက်။ ”

နေ့လယ်တောင် မရောက်သေးပါဘဲ ကျူးကျစ်လင်က စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်ဆုံးသွားကာ သူမကို သူ့ဘက်ကအရင် လာရှာတာလား … ။ အတိုင်ပင်ခံဝန်ကြီးတစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းတွေ ၊ ဉာဏ်ပညာတွေနှင့် ပြည့်စုံပါပေသည်။

လီယောင်က စားလို့မကုန်သေးသော ချိုချဉ်သကြားလုံးတွေကို ကိုင်ထားလျက် တံခါးကို တွန်းဖွင့်လိုက်ပြီး အစောင့်နှစ်ယောက်နှင့်အတူ အောက်ထပ်ကို လိုက်လာခဲ့လိုက်လျှင် ကျယ်ဝန်းသော သီးသန့်အခန်းတစ်ခန်းထဲမှာ အတိုင်ပင်ခံဝန်ကြီး ကျူးကျစ်လင်ကို တွေ့ရသည်။

“ မင်းက အခုထိ အစားမပျက်ဘူးလား။ ” အစောင့်က သည်းမခံနိုင်တော့ဘဲ အော်ပြောလိုက်သည်။ “ အတိုင်ပင်ခံဝန်ကြီးကိုတောင် မနှုတ်ဆက်ဘဲ အစားမပျက်ဘူးဆိုတော့ မင်းက … ”

“ သူ့ကို စားခွင့်ပေးလိုက်ပါ။ ” မျှော်လင့်မထားစွာဖြင့် ကျူးကျစ်လင်က လုံးဝ ဒေါသမထွက်ဘဲ ပြုံးတောင် ပြုံးနေခဲ့သည်။ “ လီယောင့်ကို အရင်ဆုံး ပြီးအောင် စားခိုင်းလိုက်ပါ။ ပြီးမှ ငါတို့ အေးအေးဆေးဆေး စကားပြောလို့ ရပါတယ်။ အလျင်မလိုပါဘူး။ ”

လီယောင်ကတော့ သူ့အပြုံးဟာ နှုတ်ခမ်းပေါ်မှာသာ ရှိပြီး မျက်လုံးတွေထဲမှာ မရှိတာ သတိထားမိသည်။ ကျူးကျစ်လင်က အပေါ်ယံအပြုံးတွေကို ဟန်ဆောင်လုပ်ယူတဲ့ နေရာမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်ပုံရသည်။

လီယောင်က နောက်ဆုံးလက်ကျန် ချိုချဉ်သကြားလုံးနှစ်လုံးကို ခပ်သွက်သွက် စားလိုက်ပြီး ဗလုံးထွေး ပြောလိုက်သည်။ “ ရပြီ … ရှင် အခု ပြောစရာရှိတာပြောလို့ ရပြီ။ ”

“ မင်းတို့အားလုံး အခန်းထဲက ထွက်သွားတော့။ ”

ကျုးကျစ်လင်က အစောင့်တွေကို ထွက်သွားခိုင်းပြီးမှ အပြုံးမျက်နှာဖြင့် ဆက်ပြောသည်။ “ လီယောင့်ရဲ့ သူမတူတဲ့ အလှတရားအကြောင်း ကျုပ် ကြားဖူးတယ် ၊ မင်းနဲ့ ဒီနေ့ တွေ့လိုက်ရတော့မှ ကောလဟာလတွေက အပိုမဟုတ်ဘူး ဆိုတာ နားလည်သွားတယ်။ ”

“ အတိုင်ပင်ခံဝန်ကြီးကျူး။ ” လီယောင့်မှာ စကားစမြည်ပြောနေဖို့ အချိန်မရှိပါ။ “ ရှင် ကျွန်မကို ငါးရက် ၊ ခြောက်ရက်လောက် စောင့်ခိုင်းထားတာ ကျွန်မကို ချီးကျူးဖို့တော့ မဖြစ်နိုင်ပါဘူး။ ”

“ ဟားဟား … ဒါပေါ့။ ပိုအရေးကြီးတဲ့ အကြောင်းအရင်းတွေ ရှိပါတယ်။ ”

“ ဒါဆိုလည်း ပွင့်ပွင့်လင်းလင်း ပြောပါ။ ကျွန်မ နှစ်သစ်ကူးချိန်အတွက် အိမ်ပြန်ချင်သေးတယ်။ ”

“ ကောင်းပြီ … ကျုပ် ဝေ့ဝိုက်ပြောမနေတော့ဘူး။ နေပြည်တော်ကို မင်းတို့မိသားစု ပြောင်းလာဖို့ စဉ်းစားဖူးလား လီယောင်။ တိုက်ဆိုင်ချင်တော့ ကျုပ်ရဲ့ အိမ်ဘေးမှာ အရင်တုန်းက မှူးမတ်တစ်ယောက် နေခဲ့တဲ့ စံအိမ်တစ်လုံး ရှိတယ်။ အိမ်ရှေ့မင်းသားက အဲ့ဒီအိမ်တော်ကို မင်းကို လက်ဆောင်အဖြစ် ချီးမြှင့်ချင်နေတယ်။ ”

“ အဲ့လို နေရာက ကျွန်မလို သာမန် အရပ်သူတစ်ယောက် နေနိုင်မယ့် နေရာမျိုး မဟုတ်ပါဘူး။ ”

“ ကိစ္စမရှိပါဘူး။ တာ့လင်တိုင်းပြည်အတွက် လီယောင့်ရဲ့ ပံ့ပိုးဆောင်ရွက်ပေးမှုတွေနဲ့ဆိုရင် ( ၂ ) နှစ်အတွင်း ပထမအဆင့် အမျိုးသမီးစွမ်းဆောင်ရှင် ဖြစ်မလာနိုင်စရာအကြောင်းမရှိဘူး။ အဲ့အချိန်ဆို မင်းရဲ့ ရာထူးဂုဏ်ဝါတွေ လုံလောက်နေပါပြီ။ ”

သိပြီ … ဒီလူက ငါ့ကို ဂုဏ်သိက္ခာတွေ ၊ ရာထူးအဆင့်အတန်းတွေနဲ့ ဝယ်ချင်နေတာပဲ။

ကံမကောင်းစွာဖြင့် လီယောင်ကတော့ ထိုမက်လုံးတွေကို နည်းနည်းလေးတောင် စိတ်မလှုပ်ရှားမိပါ။ သူမရဲ့ ဟဲဝမ်ရွာက လွတ်လပ်သော အငြိမ်းစားဘဝနှင့် ယှဉ်လိုက်လျှင် နေပြည်တော်က စံအိမ်ကြီးရော ၊ ပထမအဆင့် အမျိုးသမီးစွမ်းဆောင်ရှင် ဆိုတဲ့ ရာထူးဂုဏ်ဝါတွေရောက ဖွဲနှင့်ဆန်ကွဲပင်။

“ အိမ်ရှေ့မင်းသားနဲ့ အတိုင်ပင်ခံဝန်ကြီးရဲ့ သဘောထားရက်ရောမှုကို ကျွန်မ ကျေးဇူးတင်ပါတယ်။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ဒါပေမဲ့ ကျွန်မအိမ်မှာ ကြက်တွေ ၊ ဘဲတွေ ၊ နွားတွေ ၊ သိုးတွေ ရှိသေးတယ်။ ကျွန်မ သူတို့ကို ထားခဲ့ဖို့ စိတ်မချဘူး။ ”

“ မင်း … သေချာ စဉ်းစားပါ။ ဒီအခွင့်အရေးကို တစ်ခါ လွတ်သွားတာနဲ့ နောက်တစ်ခါ ပြန်မရတော့ဘူးနော်။ ”

“ ကျွန်မ သေချာ စဉ်းစားပြီးသွားပါပြီ။ အတိုင်ပင်ခံဝန်ကြီးမှာ တခြား ပြောစရာမရှိရင် ကျွန်မလည်း နှစ်သစ်ကူးချိန်အတွက် အိမ်ပြန်တော့မယ်။ ”

ကျူးကျစ်လင်က လီယောင့်ကို စိုက်ကြည့်နေခဲ့သည်။ သူမရဲ့ သဘောထားက ရပ်တည်ချက်ခိုင်မာပြီး စည်းရုံးသိမ်းသွင်းလို့ မရဘူး ဆိုတာ နားလည်သွားချိန်မှာတော့ သူ့မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တွေ ယှက်သန်းသွားသည်။

သို့သော် ထိုအရိပ်အယောင်တွေက လျင်လျင်မြန်မြန်ပဲ ပျောက်ကွယ်သွားပါသည်။

အစောင့်တွေအများကြီးနှင့် ဝိုင်းထားလျှင်တောင် လီယောင် ထွက်ပြေးလွတ်မြောက်နိုင်တာကို သူ သိပါသည်။ လွတ်မြောက်သွားသည်နှင့်တစ်ပြိုင်နက် သူတို့ကို သေချာပေါက် ပြန်လည်တိုက်ခိုက်လိမ့်မည်။ သူ့မုတ်ဆိတ်နှင့် ဆံပင်တို့ကို သူ မသိအောင် အပြောင်ရိတ်သွားသော လီယောင့်အကြောင်း တွေးကြည့်ရုံနှင့် ကျောချမ်းသည်။

“ မင်းက ကိုယ့်လမ်းကိုယ် ရွေးချယ်လိုက်တာပဲ လီယောင်။ ”

ပညာတတ်ပုဂ္ဂိုလ်တစ်ယောက်ဆီက မျှော်လင့်ထားတဲ့အတိုင်း ယဉ်ကျေးသော စကားဖြစ်သော်လည်း ထိုစကားရဲ့ နောက်ကွယ်မှာ ခြိမ်းခြောက်မှုတွေ ပါနေတာကို ခံစားရသည်။

ကျူးကျစ်လင် ထွက်သွားဖို့ ပြင်နေတုန်းမှာပဲ သူ့နောက်ကျောဘက်ကနေ လီယောင့်စကားသံ ထွက်ပေါ်လာသည်။ “ ရှင်လည်း ကိုယ့်လမ်းကိုယ် ရွေးချယ်လိုက်တာပါပဲ အတိုင်ပင်ခံဝန်ကြီးကျူး။ ”

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။

…

All Chapters