အရှင့်ကို ကယ်ဖို့ လာခဲ့တာပါ။
Vol. 21 Ch. 227
ကျူးကျစ်လင် ထွက်သွားသောအခါ သူနှင့်အတူ တည်းခိုခန်းက အစောင့်တွေလည်း ပါသွားသည်။
လီယောင်သည် သူမ အခု အိမ်ပြန်လို့ရပြီဟု ခံစားလိုက်ရသည်။ အပြေးမြန်သော မြင်းနှစ်ကောင်ကို တစ်လှည့်စီ စီးသွားလျှင် နေပြည်တော်ကနေ ယိကျိုးစီရင်စုကို လေးရက်တည်းနှင့် ရောက်လိမ့်မည်။
ထို့ကြောင့် မြင်းနှစ်ကောင်ကို ရွေးချယ်ဝယ်ယူရန် ရည်ရွယ်ချက်နှင့် မြင်းဈေးတန်းသို့ သွားနေတုန်းမှာပဲ ကျားကျန်းလျန့်က သူမဆီကို လူတွေအများကြီးနှင့် ရောက်ချလာခဲ့သည်။
“ တစ်ယောက်ယောက်က နင့်လုပ်ငန်းကို အခက်တွေ့အောင် လုပ်နေလို့လား။ ”
“ အဲ့လို မဟုတ်ဘူး။ ကျွန်တော်နဲ့ မဆိုင်ပေမဲ့ ပြဿနာအကြီးကြီးတက်နေပြီ။ အရှင်မင်းကြီးက တော်ဝင်တပ်မှူးချုပ်ရှုကို ရာထူးကနေ ဖယ်ရှားပြီး အကျဉ်းချထားတယ်။ ”
နယ်စပ်ဒေသမှာ စစ်ရေးအရ အောင်မြင်မှုတွေအများကြီး ဖော်ဆောင်ခဲ့တဲ့ တော်ဝင်တပ်မှူးချုပ်ကို ရာထူးကနေ ဖယ်ရှားပြီး အကျဉ်းချတယ်တဲ့လား … ။ ဘယ်လိုပဲကြည့်ကြည့် ဒီကိစ္စက ကျိုးကြောင်းဆီလျော်မှုမရှိတာပဲ … ။
သို့သော် လီယောင် ထိုအရာတွေကို ဂရုမစိုက်ချင်ပါ။ တော်ဝင်တပ်မှူးချုပ်ရှုရဲ့ စစ်ရေးအောင်မြင်မှုတွေက လူတိုင်းမျက်မြင်ပဲဖြစ်ကာ သူ့ရာထူးကလည်း အတော်လေး မြင့်တာမို့ အလွယ်တကူ ကွက်မျက်ခံရမှာတော့ မဟုတ်။ အလွန်ဆုံး သူတို့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းယူပြီး ပြည်နှင်ဒဏ်ပေးခံရရုံသာ ရှိလိမ့်မည်။
“ တကယ်တော့ ဒီပြဿနာက ကျွန်တော်တို့နဲ့လည်း ပတ်သက်ဆက်နွှယ်နေတယ် အမျိုးသမီးလီ။ ” ဟု ကျားကျန်းလျန့်က ပဟေဋိဆန်စွာ ပြောသည်။ “ မနက်တုန်းက လမ်းပေါ်မှာ ကျွန်တော် သတင်းကြားလာတယ် … အရှင်မင်းကြီးက … ”
လီယောင်က သူ တုံ့ဆိုင်းနေတာကို ကြည့်ကာ စိတ်မရှည်တော့ပေ။ “ ဘာဖြစ်တာလဲ။ ငါ့ကို ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ။ ”
“ အရှင်မင်းကြီးက တော်တော်လေး နာမကျန်းဖြစ်နေတယ်တဲ့ … သူ သိပ်ကြာကြာ မနေရလောက်တော့ဘူးလို့ ပြောနေကြတယ်။ ”
ကျားကျန်းလျန့်က နောက်ဆက်တွဲ စကားတွေကို ဆက်မပြောသော်လည်း လီယောင်ကတော့ သူ ပြောချင်တဲ့ စကားကို တန်းသိလိုက်သည်။ ဧကရာဇ်က နတ်ရွာစံတော့မှာ ဖြစ်သည်။
တိုက်ဆိုင်လိုက်တာ … ။
လူရိုင်းတွေရဲ့ အချိတ်အဆက်လုပ်ထားတဲ့ စာထဲမှာ အိမ်ရှေ့မင်းသားက နှစ်ကုန်ပိုင်းမှာ သူ ထီးနန်းဆက်ခံနိုင်လိမ့်မည်ဟု ပြောထားသည်။ ဒါပေမဲ့ ထိုစာကို နွေဦးမကျသေးခင်ကတည်းက ရေးထားတာပင်။ သူက ဧကရာဇ် နတ်ရွာစံမယ့် အချိန်ကို ဘယ်လိုလုပ် တွက်ချက်နိုင်တာလဲ … ။
အမှန်တကယ်ပဲ ဧကရာဇ် နတ်ရွာစံရတော့မည်ဆိုလျှင် ဖြစ်နိုင်ချေက တစ်ခုပဲ ရှိသည်။ အိမ်ရှေ့စံမင်းသားက သူ့ကို တိတ်တဆိတ် လုပ်ကြံတာ ဖြစ်သည်။
တကယ်လို့သာ အိမ်ရှေ့စံမင်းသားက ထီးနန်းဆက်ခံပြီး ဘုရင်ဖြစ်လာရင် ယိကျိုးမင်းသားလျို့ယွင်ကို သေချာပေါက် အန္ဆရာယ်ပေးလိမ့်မည်။ ယိကျိုးမင်းသားရဲ့ ပိုင်နက်ကိုတောင် ထိပါးပြီး ယိကျိုးစီရင်စုကို သူ့အုပ်ချုပ်မှုအောက်သို့ ပြန်ယူနိုင်သည်။
သူမအနေဖြင့်လည်း ထိုအချိန်မှာ ဧကရာဇ်ဖြစ်သွားပြီ ဖြစ်တဲ့ အိမ်ရှေ့မင်းသားကို ရင်ဆိုင်ဖြေရှင်းဖို့ လွယ်ကူမှာ မဟုတ်ပေ။ ကြည့်ရတာ သူမလက်ထဲမှာ ရှိတဲ့ ပစ္စည်းကို ချပြဖို့ အချိန်ကျလာပြီ ထင်သည်။
လီယောင်က ကျားကျန်းလျန့်ကို “ အရင်ဆုံး နင့်မိသားစုကို ခေါ်ပြီး နေပြည်တော်က ထွက်သွားလိုက်ပါ။ တခြားတစ်နေရာမှာ ခဏလောက် ရှောင်နေလိုက်။ နေပြည်တော်မှာ ဒီရက်ပိုင်း အခြေအနေတွေက ကမောက်ကမတွေ ဖြစ်နိုင်တယ်။ ” ဟု ပြောလိုက်သည်။
“ အမျိုးသမီးလီကရော ဘယ်လိုလုပ်မှာလဲ။ နေပြည်တော်အစွန်အဖျားမှာ ကျွန်တော် စံအိမ်တစ်လုံး ဝယ်ထားတာ ရှိတယ်။ အမျိုးသမီးလီလည်း ဒီအခြေအနေတွေကို ရှောင်တဲ့အနေနဲ့ ကျွန်တော်နဲ့ လိုက်ခဲ့ပါလား။ ”
“ မလိုဘူး။ ” လီယောင်က ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်သည်။ “ ငါ့အတွက် ယုံကြည်ရတဲ့ လူတွေ ရှာပြီး စာတချို့ကို တတ်နိုင်သမျှ အမြန်ဆုံး ပို့ပေးပါ။ ”
“ အမျိုးသမီးလီ ပြောတဲ့အတိုင်း ဖြစ်စေရမယ်။ ”
ထိုနေ့က လီယောင် မြင်းလည်း မဝယ်ဖြစ်တော့ဘဲ နောက်ထပ် တည်းခိုခန်းတစ်ခုမှာ ပြောင်းရွှေ့တည်းခိုကာ ညသန်းခေါင်ရောက်တော့မှ စာလွှာတွေကို ယူလျက် မှောင်ရိပ်၏ အကာအကွယ်ကို အသုံးချ၍ နန်းတော်နားသို့ ခိုးကြောင်ခိုးဝှက် ချဉ်းကပ်လာခဲ့သည်။
ညဘက်မှာ လူရိုင်းမျိုးနွယ်စုအကြီးအကဲရဲ့ ရွက်ဖျင်တဲထဲကို ခိုးဝင်ရတာ ၊ လက်ယာအတိုင်ပင်ခံအမတ်ကြီးရဲ့ အိမ်တော်ထဲကို ခိုးဝင်ရတာတွေက သူမအတွက် မခက်ပါ။
သို့ပေမဲ့ နန်းတော်လို နေရာက ကမ္ဘာပေါ်မှာ လုံခြုံရေးအတင်းကြပ်ဆုံးနေရာ ဖြစ်သည်။ ထိုနေရာမျိုးကို ဖောက်ထွင်းဝင်ရတော့မည်မို့ အတော်လေး စိတ်လှုပ်ရှားနေမိပြီး ဒီလုပ်ရပ်က စိန်ခေါ်မှုကြီးတယ် ဆိုတာကိုတော့ သူမ ဝန်ခံရမည်။
ခြေလှမ်း သုံးလှမ်း ၊ ငါးလှမ်းစာ အကွာအဝေးတိုင်းမှာ ကင်းလှည့်နေတဲ့ အစောင့်တွေကို လျှော့တွက်လို့ မရ။
အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လီယောင်သည် သွေးပူလေ့ကျင့်ခန်းလုပ်ပြီးနောက် သံဆူးချိတ်တွေကို အသုံးပြု၍ နန်းတော်တံတိုင်းပေါ်သို့ လျင်မြန်ဖျတ်လတ်သော ကြောင်နက်တစ်ကောင်ကဲ့သို့ သွက်လက်စွာ တွယ်တက်လာခဲ့လိုက်သည်။
အရင်တုန်းက လျို့ယွင်က သူမအား ရည်ရွယ်ချက်ရှိရှိ ပြောတာလား ၊ ဒီတိုင်း ဘာရယ်မဟုတ် ပြောပြတာလား မသိပေမဲ့ နန်းတော်ရဲ့ အခန်းဖွဲ့ပုံတချို့အကြောင်း ပြောပြဖူးသလို သူမကလည်း ထိုအခန်းဖွဲ့ပုံတွေကို မှတ်စုစာအုပ်ထဲမှာ မှတ်ထားဖူးသည်။
အခုတော့ အဲ့ဒါတွေက အသုံးဝင်လာခဲ့ပါပြီ။
လီယာင်သည် သစ်ပင်တွေ ၊ ကျောက်တုံးကြီးတွေနောက်မှာ ပုန်းကွယ်၍ ကင်းလှည့်အစောင့်တွေကို တစ်ယောက်ပြီး တစ်ယောက် ရှောင်ရှားဖြတ်ကျော်ကာ အိမ်ဆောင်ပတ်ဝန်းကျင်သို့ ရောက်လာခဲ့သည်။
ဧကရာဇ်ရဲ့ အိပ်ဆောင်က ဒီည နည်းနည်းလေး ထူးခြားနေပုံပေါ်၏။
အိပ်ဆောင်ထဲမှာ မီးရောင်တွေ ထိန်လင်းတောက်ပနေပြီး အိပ်ဆောင်တံခါးအပြင်ဘက်မှာ ရာချီသော အစောင့်တွေ ရှိကာ နန်းတွင်းအစေခံတွေ ၊ မိန်းမစိုးတွေက မြေကွက်လပ်မှာ အစီအတန်းလိုက် ဒူးထောက်ထားကြသည်။
စိုးရိမ်ပူပန်သော အမူအရာတွေနှင့် အိပ်ဆောင်အပြင်မှာ စိတ်မသက်မသာ ရပ်စောင့်နေတဲ့ နန်းတွင်းသမားတော်တွေလည်း အများကြီး ရှိသည်။ ဧကရာဇ် အပြင်းအထန် နာမကျန်းဖြစ်နေတယ် ဆိုတဲ့ သတင်းက အမှန်လို့ ထင်ရပေမဲ့ ပြန်တွေးကြည့်လိုက်လျှင် မဖြစ်နိုင်ပါ။
ဧကရာဇ်သာ အမှန်တကယ်ပဲ နာမကျန်းဖြစ်နေရင် နန်းတွင်းအစေခံတွေနဲ့ မိန်းမစိုးတွေက သူ လိုအပ်တာ ပြုစုပေးဖို့အတွက် သူ့ဘေးမှာ အခစားဝင်နေရမှာလေ … ။ ဘာကိစ္စ အပြင်မှာ ဒူးထောက်နေမှာလဲ … ။
လီယောင်သည် လုံခြုံရေးလျော့ရဲသော အိပ်ဆောင်အနောက်ဘက်က ခေါင်မိုးပေါ်ကို တက်ကာ ခေါင်မိုးအုပ်ကြွပ်ပြား တချို့ကို အသာလေး မကြည့်လိုက်သည်။
နန်းတော်ဟာ ခမ်းနားကြီးကျယ်စွာ တည်ဆောက်ထားသော်လည်း ကံကောင်းထောက်မစွာဖြင့် မျက်နှာကျက်မရှိသဖြင့် လီယောင်သည် အိပ်ဆောင်ထဲက အခြေအနေတွေကို သေချာ မြင်နေရသည်။
ဧကရာဇ်က ပုံမှန် အဝတ်အစားတွေကို ဝတ်ဆင်ထားကာ မျက်တွင်းများ ချောင်ကျ၍ အားနည်းနေသော မျက်နှာဖြင့် သလွန်တော်ပေါ်မှာ နွမ်းလျစွာ လဲလျောင်းနေခဲ့သည်။
သလွန်ဘေးမှာတော့ အဝါရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အသက်ငါးဆယ်လောက် ရှိမည်ဟု ထင်ရသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ရပ်နေသည်။ သူမရဲ့ ယူဆချက်သာ မလွဲမှားလျှင် ထိုလူက လက်ရှိ အိမ်ရှေ့စံမင်းသား ဖြစ်ပါလိမ့်မည်။
“ ခမည်းတော်။ ” ဟု အိမ်ရှေ့စံမင်းသားက အေးစက်စက် ခေါ်လိုက်သည်။ “ ခမည်းတော် ဘာလို့ ဒီလောက်တောင် ခေါင်းမာနေရတာလဲ။ ခမည်းတော် နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့ပြီးပြီပဲ။ အခု ခမည်းတော်ရဲ့ ကျန်းမာရေးကလည်း ယုတ်လျော့လာပြီ ၊ အမြင်အာရုံကလည်း ဇရာကြောင့် မှုန်ဝါးလာပြီ။ အဲ့ဒါတောင် ထီးနန်းကို ဘာလို့ သားတော်ဆီ မလွှဲပြောင်းပေးဘဲနဲ့ ဖက်တွယ်ထားတာလဲ။ ”
“ မင်းက စိတ်မရှည်ဖြစ်နေတာကိုး။ ” ဧကရာဇ်က လှောင်ရယ်လိုက်သည်။ “ ငါ မသေသေးသရွေ့ မင်းဆန္ဒပြည့်ဝဖို့ မျှော်လင့်မနေနဲ့။ ဒီကမ္ဘာကြီးကို မင်းလက်ထဲ ထည့်ပေးလိုက်ရင် ကမောက်ကမတွေ ဖြစ်ကုန်မှာ ငါ စိုးရိမ်တယ်။ တာ့လင်တိုင်းပြည်ရဲ့ ဘုရင်တစ်ပါးအနေနဲ့ ငါက အဲ့လို ဖြစ်မှာကို ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ။ ”
“ ဟုတ်တယ် ၊ ကျုပ် စိတ်မရှည်တော့ဘူး။ ကျုပ် ဆယ့်လေးနှစ်သားအရွယ်ကတည်းက အိမ်ရှေ့မင်းသားဘွဲ့ကို ရခဲ့တာ ၊ အခု ကျုပ်အသက် ( ၅၅ ) နှစ် ဖြစ်နေပြီ။ ( ၄၄ ) နှစ် … ( ၄၄ ) နှစ်လုံးလုံး စောင့်လာခဲ့ပြီးပြီ။ မေးပါရစေဦး … ဒီကမ္ဘာပေါ်မှာ တစ်စုံတစ်ခုကို ရဖို့အတွက် ( ၄၄ ) နှစ် စောင့်တဲ့လူ ရှိမယ် ထင်လို့လား။ ”
ဧကရာဇ်က အိမ်ရှေ့မင်းသားကို ကြည့်တောင် မကြည့်တော့ဘဲ မျက်နှာလွှဲသွားသည်။ အဓိပ္ပာယ်ကတော့ ရှင်းလင်းပါသည်။ ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဘက်က နန်းစွန့်ဖို့ ဆန္ဒမရှိပါ။
အိမ်ရှေ့စံမင်းသားက ခေါင်းမာလွန်းတဲ့ ဧကရာဇ်ကို ကြည့်ပြီး အနည်းငယ် ဒေါသထွက်သွားပုံပေါ်သည်။ “ သုံးရက် … ကျုပ် သုံးရက်ကြာရင် ထပ်လာခဲ့မယ်။ ခမည်းတော် အဲ့အချိန်ထိ နန်းစွန့်ဖို့ သဘောမတူဘူး ဆိုရင်တော့ ကျုပ်ကို ကျေးဇူးမသိတတ်တဲ့သား ဆိုပြီး အပြစ်မတင်နဲ့။ ”
အိမ်ရှေ့စံမင်းသားသည် ရက်စက်လှသော စကားကို ဆိုခဲ့ပြီးနောက် ချာခနဲ လှည့်ထွက်သွားသည်။
သလွန်ပေါ်က ဧကရာဇ်က မျက်လုံးတွေကို မှိတ်ထားသော်လည်း မျက်လုံးထောင့်မှာ မျက်ရည်စတွေ စိုလဲ့နေခဲ့သည်။ ထီးနန်းအတွက်ဆို ဖခင်ရင်းကိုတောင် ပြန်သတ်ရဲတဲ့ တော်ဝင်မိသားစုရဲ့ ခါးသီးတဲ့ အမှန်တရားပင်။
အိမ်ရှေ့မင်းသားက အိပ်ဆောင်ထဲကနေ ခြေလှမ်းကျဲတွေနှင့် ထွက်လာသည်။ သူ ဒေါသထွက်နေတာကိုလည်း အကုန်လုံးကလည်း ကြောက်ရွံ့စွာ ခေါင်းငုံ့လိုက်ကြသည်။
“ အရှင်မင်းကြီးရဲ့ အိပ်ဆောင်ကို စောင့်ကြပ်ဖို့ နောက်ထပ် အစောင့်တွေအများကြီး ချထားလိုက်။ ယင်တစ်ကောင်တောင် အဝင်မခံစေနဲ့။ ”
“ မှန်လှပါ။ ”
အစောင့်ခေါင်းဆောင်က “ ကျွန်တော်တို့ ဒီနန်းတွင်းအစေခံတွေကို ဘာလုပ်လိုက်ရမလဲ အရှင့်သား။ ” ဟု မေးလိုက်သည်။
“ အရှင်မင်းကြီးက နာမကျန်းဖြစ်နေတော့ ဆူညံသံတွေက သူ့ကို အနှောင့်အယှက်ဖြစ်စေတယ်။ အဲ့တော့ နန်းတွင်းအစေခံတွေနဲ့ မိန်းမစိုးတွေက အခု အသုံးမဝင်တော့ဘူး။ ”
နန်းတွင်းအစေခံတွေနှင့် မိန်းမစိုးတွေက ထိုစကားကို ကြားသောအခါ ချက်ချင်းပဲ ဝပ်တွားခယပြီး အသနားခံခဲ့ကြသည်။ “ အိမ်ရှေ့မင်းသား … ကျေးဇူးပြုပြီး ကျွန်မတို့ရဲ့ အသက်တွေကို ချမ်းသာပေး … ”
သို့သော် သူတို့စကားတောင် မဆုံးသေးခင်မှာပဲ သူတို့နောက်က အစောင့်တွေက ဓားတွေဆွဲထုတ်ပြီး သူတို့ကို ရှင်းလင်းပစ်လိုက်သည်။ သူတို့ရဲ့ အပြုအမူက ပြတ်သားလျင်မြန်ပြီး ထိုသို့ လုပ်ချိန်မှာ မျက်တောင်တစ်ချက်တောင် မခတ်ပေ။
“ နန်းတွင်းသမားတော်တွေ။ ”
“ အမိန့်ရှိပါ အရှင့်သား။ ”
“ ခင်ဗျားတို့ ဒီရက်ပိုင်း အလုပ်ရှုပ်လိမ့်မယ်။ ခမည်းတော်ကို အကောင်းဆုံးဆေးဝါးတွေပဲ သေချာပေါက် တိုက်ပါ။ ” ဟု အိမ်ရှေ့စံမင်းသားက ပြောလိုက်သည်။ “ သုံးရက်အတွင်း ခမည်းတော် နေပြန်ကောင်းလာတာပဲ မြင်ချင်တယ်။ ”
“ မှန်လှပါ။ ”
အိမ်ရှေ့စံမင်းသား ထွက်သွားသောအခါ အစောင့်ခေါင်းဆောင်က ရာချီသော အစောင့်တပ်သားတွေကို ထပ်ခေါ်ပြီး အိပ်ဆောင်ဘေးပတ်ပတ်လည်မှာ လုံခြုံရေးတင်းကြပ်စွာ နေရာချထားခဲ့သည်။
လီယောင်သည် မြင်တွေ့ရသော ကိစ္စတွေကြောင့် စိတ်ထဲကနေ သက်ပြင်းချလိုက်မိသည်။ အစောင့်တွေက နန်းတွင်းအစောင့်တွေပီသစွာပဲ အရည်အချင်းပြည့်ဝ ကျွမ်းကျင်သည်။
သို့သော် သူမမှာ နောက်ကြောင်းပြန်လှည့်ဖို့ ရည်ရွယ်ချက်တော့ မရှိပါ။ ခေါင်မိုးပေါ်မှာ ခဏလောက် ထပ်စောင့်နေပြီးမှ အုပ်ကြွပ်ပြားတချို့ကို မ,ကာ အိပ်ဆောင်ထဲကို သံဆူးချိတ်တွေ ၊ ကြိုးတွေနှင့် လျှောဆင်းလာခဲ့လိုက်သည်။
နံဘေးမှာ ထွက်ပေါ်လာတဲ့ ခြေသံတရှပ်ရှပ်ကြောင့် ဧကရာဇ်က မျက်လုံးပိတ်ထားရာမှ ဖျတ်ခနဲ ဖွင့်ကြည့်သည်။ လီယောင့်ဝတ်စုံကို မြင်ချိန်မှာတော့ သူ့မျက်နှာပေါ်မှာ လှောင်ပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။ “ အိမ်ရှေ့စံမင်းသားက ငါ့ကို သတ်ဖို့ မင်းကို လွှတ်လိုက်တာလား။ ”
“ မဟုတ်ဘူး။ ”
မဟုတ်ဘူး …… ။
ဧကရာဇ်က အနည်းငယ် အံ့အားသင့်သွားသည်။ ဒီအချိန်ကြီး နန်းတော်ထဲကို အနက်ရောင်အဝတ်အစားတွေနှင့် ခိုးဝင်လာရုံသာမက လက်ထဲမှာလည်း တောက်ပနေသော ဓားမြှောင်တစ်လက်ကို ကိုင်ထားပါလျက်နှင့် သူ့ကို သတ်ဖို့ လာတာ မဟုတ်ဘူးတဲ့လား။
“ ငါ မင်းကို မယုံဘူး။ ”
“ အရှင် ယုံယုံ မယုံယုံ … ကျွန်မက အရှင့်ကို သတ်ဖို့ လာတာ မဟုတ်ဘူး ၊ ကယ်ဖို့ လာခဲ့တာ။ ”
ဧကရာဇ်သည် ထိုစကားဟာ သူ ကြားဖူးသမျှထဲမှာ အဓိပ္ပာယ်မရှိဆုံး စကားပဲလို့ ခံစားလိုက်ရသည်။
ဒီကမ္ဘာပေါ်က ဘယ်သူကများ သူ့ကို ကယ်တင်ပေးနိုင်မှာတဲ့လဲ … ။
…