← Chapters

အကောင်းဆုံး ကြိုးစားပါ။

Vol. 21 Ch. 229

အကောင်းဆုံး ကြိုးစားပါ။

Vol. 21 Ch. 229

လီယောင်သည် ဧကရာဇ် အစစအရာရာ အဆင်ပြေတာကို သေချာစေပြီးတော့မှ ဒီတစ်ခေါက်တော့ တကယ် ထွက်လာခဲ့လိုက်သည်။

သူမ နန်းတော်မှာ အကန့်အသတ်မရှိ နေလို့ မရပါ။ ပထမအချက်က အဲ့လို လုပ်လို့ ဘာမှ အကျိုးမရှိတာကြောင့် ဖြစ်ပြီး ဒုတိယအချက်ကတော့ ပစ္စည်းတချို့ ဝယ်ဖို့ လိုအပ်တာကြောင့် ဖြစ်သည်။

အကြင်နာတရားကင်းမဲ့တဲ့ အိမ်ရှေ့စံမင်းသားဟာ ဧကရာဇ်ကို အဆိပ်ကျွေးရုံသာမက ထမင်းတစ်လုတ် ၊ ရေတစ်မှုတ်တောင် မကျွေးဘဲ အငတ်ထားသည်။ ထို့ကြောင့် လီယောင်သည် ဆေးပင်တချို့ ဝယ်ယူကာ ဆေးရည်တွေဖြစ်အောင် ကျိုလိုက်ပြီး လူအိုကြီးအတွက် အစားအသောက်တချို့လည်း ဝယ်ယူလိုက်သည်။

ထိုညမှာပဲ သူမ နန်းတော်ထဲကို နောက်တစ်ကြိမ် ခိုးဝင်ဖြစ်ခဲ့သည်။ ဧကရာဇ်က အဆီရွှဲရွှဲ ကြက်ကင်ကို မြင်သည်နှင့် သူ့နှုတ်ခမ်းထောင့်စွန်းတွေက အားပါးတရ ကော့တက်သွားလေသည်။

“ ဟွမ်းကျစ်ရဲ့ ကြက်ကင်ကို ငါ ထပ်စားချင်နေတာ ဘယ်နှနှစ်တောင် ရှိသွားပြီလဲ မပြောတတ်ဘူး။ ဒါပေမဲ့ နန်းတွင်းစားဖိုမှူးက ငါ့ကို ဝယ်မပေးဘူး။ ”

ဘုရင်တစ်ပါးအဖို့ စားသောက်မှုပုံစံကအစ သိပ်မလွတ်လပ်ပါ။ နန်းတွင်းစားဖိုမှူးက သူ စားချင်သမျှ ဟင်းလျာတိုင်းကို ချက်ကျွေးသော်လည်း လမ်းဘေးဈေးဆိုင်တွေက အသင့်စား အစားအသောက်တွေကိုတော့ ဘယ်တော့မှ ဝယ်ကျွေးလေ့မရှိ။

ထို့ကြောင့် လီယောင် သူ့အတွက် ယူလာပေးသော ကြက်ကင်သည် သူ့ငယ်ဘဝအရသာတွေကို နောက်တစ်ကြိမ် မြည်းစမ်းခွင့်ပေးခဲ့သည်။

လီယောင်သည် ကြက်ကင်စားပြီးသွားသော ဧကရာဇ်အား သူ့ကို ကြာရှည်သတိလစ်သွားအောင် မလုပ်ခင် အကောင်းဆုံး ကျန်းမာရေးအခြေအနေကို ရရှိစေဖို့ ရည်ရွယ်ချက်ဖြင့် ခန္ဓာကိုယ်အား ပုံမှန်အတိုင်း လည်ပတ်စေသော ဆေးတချို့ ပေးလိုက်သည်။

သုံးရက်မြောက်နေ့မှာတော့ အိမ်ရှေ့စံမင်းသား ပေးထားသော အချိန်အကန့်အသတ်ရဲ့ နောက်ဆုံးနေ့ကို ရောက်လာ၏။ ဒီတစ်ခေါက်တော့ လီယောင်က ခေါင်မိုးပေါ်မှာ ပုန်းမနေဘဲ အိပ်ခန်းထဲမှာ ပုန်းကွယ်နေလိုက်သည်။

အိမ်ရှေ့စံမင်းသားက ဒီတစ်ခေါက်လည်း တစ်ယောက်တည်းပဲ ရောက်လာပြီး ဧကရာဇ်ရဲ့ စာရွက်တစ်ရွက်လို ဖြူစုတ်နေသော မျက်နှာကို မြင်သောအခါ ဖုံးကွယ်ထားတဲ့ အပြုံးက သူ့မျက်နှာပေါ်ကို ကြွတက်လာခဲ့သည်။

“ စဉ်းစားပြီးပြီလား ခမည်းတော်။ ” ဟု အိမ်ရှေ့စံမင်းသားက မေးလိုက်သည်။ “ ခမည်းတော် အခုအချိန်မှာ ထီးနန်းစွန့်ရင် ခမည်းတော်ရဲ့ ကျန်ရှိနေတဲ့ ဘဝသက်တမ်းကို သက်သောင့်သက်သာ ဖြတ်သန်းခွင့်ပေးပါ့မယ်။ ”

“ ငါ … ငါ … ထီးနန်းမစွန့်ရင်ရော … ”

“ ထီးနန်းမစွန့်ရင်လား … ။ အဲ့ဒါဆိုရင်တော့ ဒီညက အရှင်မင်းကြီး ဒီလောကထဲက ထွက်ခွာသွားတဲ့ နောက်ဆုံးည ဖြစ်သွားမှာပေါ့။ ”

“ မင်း … လူစိတ်မရှိဘူး … အဟွတ် အဟွတ် … ”

ဧကရာဇ်က လီယောင် သင်ပေးထားတဲ့အတိုင် ဒေါသကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေဟန် ဟန်ဆောင်ပြီးနောက် သည်းသည်းထန်ထန် ချောင်းဆိုးကာ သွေးစတချို့ပါ ပါလာခဲ့သည်။ ထို့နောက် အသက်ရှူလို့ မရတော့ပုံဖြင့် အမောဆိုက်နေပြီး သတိလစ်သွားခဲ့သည်။

“ နန်းတွင်းသမားတော်တွေ … ခမည်းတော်ကို မြန်မြန် လာကြည့်ပေးကြစမ်း။ ”

နန်းတွင်းသမားတော် သုံး ၊ လေးယောက်က ခေါင်းငုံ့လျက် အပြေးအလွှား ရောက်လာပြီး ဧကရာဇ်ရဲ့ လက်ကောက်ဝတ်သွေးကြောကို စမ်းသပ်ကာ “ စိုးရွံ့မိပါတယ် မင်းသား။ အရှင်မင်းကြီးရဲ့ သွေးခုန်နှုန်းက အရမ်း အားနည်းနေပါတယ်။ ” ဟု လျှောက်တင်သည်။

“ သူ ဘယ်နှရက်လောက် ခံဦးမလဲ။ ”

“ အလွန်ဆုံး နှစ်ရက် ၊ သုံးရက်ပါ။ ”

“ ဟွန်း … မင်းတို့ရဲ့ ဆေးဝါးတွေက သိပ်မထိရောက်တဲ့ပုံပဲ။ ” ဟု အိမ်ရှေ့စံမင်းသားက ပြောလိုက်သည်။ “ နှစ်ရက် ၊ သုံးရက်လောက်ကတော့ ငါ စောင့်နိုင်ပါတယ်။ ဒီရက်ပိုင်းအတွင်း ခမည်းတော်ကို ဆက်ဂရုစိုက်ထားပေးပါ။ ”

အိမ်ရှေ့စံမင်းသားက ခဏ စကားရပ်သွားပြီးမှ အေးစက်စွာ ဆက်ပြောလိုက်သည်။ “ သူ သောက်ရမယ့် ဆေးကိုတော့ ဆက်‌တိုက်လိုက်။ ”

“ မှန်လှပါ။ ”

အိမ်ရှေ့စံမင်းသားနှင့် နန်းတွင်းသမားတော်တွေ ပြန်သွားတော့မှ ဧကရာဇ်က မျက်လုံးပြန်ဖွင့်လိုက်သည်။ အခုလေးတင် သူ သေခြင်း‌ချောက်ကမ်းပါးဝကို အလည်တစ်ခေါက် ရောက်သွားခဲ့တာမို့ ‌အမှန်အတိုင်း ပြောရလျှင် အခုထိ ကြောက်စိတ်မပြေသေးပါ။

ဒါပေမဲ့ အိမ်ရှေစံမင်းသားက သူ့မှာ အသက်ဆက်ရှင်ဖို့ အချိန်သိပ်မကျန်တော့ကြောင်း သိလျှင် လက်သွေးအစွန်းမခံတော့ဘဲ ရက်အနည်းငယ် ထပ်စောင့်ဖို့ ရွေးချယ်လိမ့်မည် ဆိုတာကို သိသော လီယောင်က ကံကောင်းထောက်မစွာဖြင့် ဖြစ်နိုင်ချေရှိသော အရေးပေါ်ကိစ္စအားလုံးအတွက် ပြင်ဆင်ထားသည်။

သို့သော်လည်း သလွန်ပေါ်မှာ လဲလျောင်းကာ သတိမေ့ချင်ယောင်ဆောင်ရမည့်အကြောင်း ၊ သို့မဟုတ် လီယောင်က သူ့ကို အမှန်တကယ် သတိမေ့သွားအောင် လုပ်မည့်အကြောင်းကို တွေးမိသောအခါ မပျော်ပါ။

နောက်နှစ်ရက် ၊ သုံးရက်လောက်ထိ လီယောင်က နန်းတော်ထဲကို ညတိုင်း ခိုးဝင်ပြီး ဧကရာဇ်အတွက် အစားအသောက်နှင့် ဆေးဝါးတွေ ယူပေးနေဆဲပင်။

အိမ်ရှေ့စံမင်းသားကလည်း ဧကရာဇ်ရဲ့ ကျန်းမာရေးအခြေအနေကို နေ့တိုင်းနီးပါး မေးသည်။ နန်းတွင်းသမားတော်တွေက ဧကရာဇ် မကြာခင် နတ်ရွာခံတော့မှာပါဟု ပြောမြဲပြောသော်လည်း ဧကရာဇ်ကတော့ မသေနိုင်သေးပေ။ ထိုအဖြစ်က အိမ်ရှေ့စံမင်းသားကို အလွန် ဒေါသထွက်စေ၏။

နန်းတွင်းသမားတော်တွေအား သူ့ကို လိမ်ပြောနေတာဟု သံသယဝင်သောကြောင့် ဧကရာဇ်ကို သူကိုယ်တိုင် သွားရောက်စစ်ဆေးကြည့်ခဲ့သော်လည်း သလွန်ပေါ်မှာ မလှုပ်မယှက် လဲလျောင်း၍ မကြာခင် နောက်ဆုံးထွက်သက် ရောက်လာတော့မည့်ဟန် အားနည်းဖျော့တော့စွာ အသက်ရှူနေသော ဧကရာဇ်ကိုသာ တွေ့ရသည်။

ဒီအဘိုးကြီးက ဘာလို့ ဒီလောက် သက်ဆိုးရှည်နေရတာလဲ … ။

ဘယ်လိုပဲဖြစ်ဖြစ် အိမ်ရှေ့စံမင်းသားရဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတာမို့ နောက်ငါးရက်ထက် ပိုမစောင့်ဖို့ ဆုံးဖြတ်လိုက်သည်။ ငါးရက်အတွင်း နှစ်သစ်ကူးပွဲတော် ရောက်လာလိမ့်မည်။ သူ ထီးနန်းဆက်ခံဖို့ နောက်နှစ်အထိ မစောင့်နိုင်ပါ။

နှစ်သစ်ကူးပွဲတော်ရောက်သည်ထိ ဧကရာဇ် မသေသေးလျှင် သူလည်း ဒီတိုင်း ငြိမ်မနေတော့။

…

လီယောင်သည် ထိုနေ့မှာ နန်းတော်ကနေ ပြန်လာပြီးနောက် တည်းခိုခန်းကို ချက်ချင်း ပြန်မသွားခဲ့ပါ။ မနက်ဖြန်က နှစ်သစ်ကူးပွဲတော်နေ့မို့ အိမ်ရှေ့စံမင်းသားက မနက်ဖြန်ညမှာ စတင်လှုပ်ရှားလိမ့်မည်။

အိမ်ရှေ့စံမင်းသားနှင့် လက်ယာအမတ်ကြီးက ပြင်ဆင်မှုတွေကိုလည်း ကြိုတင် ပြုလုပ်ထားခဲ့သည်။ လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက မြို့တော်ဂိတ်တံခါးတွေကို ပိတ်ထားလေရာ ပြင်ပက ဘယ်သတင်းမှ မြို့ထဲကို မဝင်နိုင်သလို မြို့ထဲက သတင်းတွေလည်း ပြင်ပကို မရောက်နိုင်တော့ပေ။

သူမအတွက်ကတော့ မြို့ထဲက ထွက်ဖို့ မခက်သော်လည်း ယိကျိုးစီရင်စုစစ်တပ်နှင့် မြောက်ပိုင်းနယ်စပ် စစ်တပ်တွေကတော့ သူတို့ ရောက်လာလျှင်တောင် မြို့တော်ဂိတ်တံခါးတွေရဲ့ အပြင်ဘက်မှာ စခန်းချလို့ မရပါ။ အိမ်ရှေ့စံမင်းသားတို့ သတိမပြုမိစေရန်အတွက် အနည်းဆုံး ဆယ်မိုင်အဝေးမှာ ရှိနေဖို့ လိုသည်။

သို့သော် မြို့ထဲက သတင်းတွေ ပြင်ပကို မရောက်နိုင်လျှင် သူတို့ ဘယ်အချိန်မှာ ဘာလုပ်ရမှန်း သိမှာ မဟုတ်တာကြောင့် လီယောင်သည် သူတို့ကို သတင်းပို့ဖို့အတွက် တစ်စုံတစ်ယောက်ကို ရှာဖို့ ဖြစ်လာခဲ့သည်။

ဒါပေမဲ့ ဘယ်သူ့ကို ရှာရမှာလဲ … ။

မြို့တော်တစ်ခုလုံးထဲမှာ သူမ သိတဲ့လူက လက်တစ်ဆုပ်စာသာ ရှိ၏။ ကျားမိသားစုကလည်း မြို့ထဲကနေ ထွက်သွားပြီ။ တော်ဝင်တပ်မှူးချုပ်ရှုကလည်း မြေအောက်အကျဉ်းတိုက်ထဲမှာ အကျဉ်းချခံထားရသည်။

နောက်ဆုံးမှာတော့ သူမ စုန့်မိသားစုက တစ်ယောက်ယောက်ကို သွားရှာဖို့ ဆုံးဖြတ်လိုက်တော့သည်။

လက်ဝဲအမတ်ကြီးစုန့်အန်းက အုပ်ချုပ်ရေးမှူးစုန့်ရဲ့ ဦးလေးဖြစ်ပြီး လက်ယာအမတ်ကြီးကို အမြဲတမ်း အတိုက်အခံလုပ်ခဲ့သူပင်။ အိမ်ရှေ့စံမင်းသားရဲ့ ယခု ထီးနန်းလုမှု ဖြစ်ရပ်မှာလည်း မပါဝင်ခဲ့ပါ။

သူ့ဘက်ကသာ ကူညီမယ်ဆို မြို့ပြင်ကို သတင်းတချို့ ပေးပို့နိုင်ဖို့ မခက်လောက်ဘူးဟု လီယောင် ခံစားရသည်။ ထို့ကြောင့် လက်ဝဲအမတ်ကြီးရဲ့ အိမ်ကို သူမ သွားခဲ့သည်။

လက်ဝဲအမတ်ကြီးရဲ့ အိမ်ကလည်း အလွန် ကြီးမားသော်လည်း လက်ယာအမတ်ကြီးရဲ့ အိမ်လောက်တော့ ကြီးကျယ်ခမ်းနားမှုမရှိပေ။

“ ဘယ်သူလဲ … ဘာကိစ္စနဲ့ လာတာလဲ။ ” အစောင့်တစ်ယောက်က လီယောင့်ကို သတိပြုမိသည်နှင့် အော်မေးသည်။

“ ကျွန်မမှာ လက်ဝဲအမတ်ကြီးနဲ့ အရေးတကြီး ဆွေးနွေးတိုင်ပင်စရာ ကိစ္စလေးရှိလို့ လာခဲ့တာပါ။ ”

“ ညသန်းခေါင်အချိန်တောင် ရောက်နေပြီ။ လက်ဝဲအမတ်ကြီးလည်း အိပ်နေတာ ကြာလှပြီ။ မင်း သူနဲ့ တွေ့ချင်ရင် မနက်ဖြန်မှ ပြန်လာခဲ့တော့။ ”

“ အခု တွေ့မှ ဖြစ်မှာမို့လို့ပါ။ ”

အစောင့်က လီယောင့်ကို ခေါင်းစခြေဆုံး ကြည့်ပြီး “ မင်းက ဘယ်သူလဲ။ ” ဟု မေးလိုက်သည်။

“ ကျွန်မက ယိကျိုးစီရင်စုက အုပ်ချုပ်ရေးမှူးစုန့်ရဲ့ အသိမိတ်ဆွေပါ။ ”

အုပ်ချုပ်ရေးမှူးစုန့်ရဲ့ အသိမိတ်ဆွေ ဟူသော စကားကို ကြားသည်နှင့် အစောင့်က စိတ်အေးသွားသော်လည်း အပြည့အဝတော့ စိတ်မအေးနိုင်ပါ။ အခုရက်ပိုင်း နေပြည်တော်မှာ အုတ်အော်သောင်းတင်း အခြေအနေတွေ ဖြစ်တော့မယ် ဆိုတဲ့ သတင်းထွက်နေတာမို့ အစောင့်တွေက ဒီည ပို၍ သတိထားနေရသည်။

“ ဒီမှာ စောင့်နေပါ။ ကျုပ် အိမ်တော်ထိန်းကို တစ်ချက် သွား‌မေးကြည့်ပေးမယ်။ ”

လီယောင်သည် လမ်းမပေါ်မှာ ဆယ်မိနစ်ကျော် ရပ်စောင့်နေခဲ့ရ၏။ ကံကောင်းစွာဖြင့် အစောင့် ပြန်ရောက်လာပြီး လက်ဝဲအမတ်ကြီးကလည်း သူမနှင့် တွေ့ချင်နေသည်ဟု ပြောသည်။ ထိုအစောင့်နှင့်အတူ စာကြည့်ခန်းထဲကို လိုက်ခဲ့သောအခါ အထဲမှာ စုန့်အန်းက သူမကို စောင့်နှင့်နေတာကို တွေ့ရသည်။

စုန့်အန်းက သူမကို တစ်ချက် ကြည့်ရုံနှင့် တန်းသိပြီး တအံ့တဩ မေးလိုက်သည်။ “ မင်း လီယောင် မဟုတ်လား။ ”

“ လက်ဝဲအမတ်ကြီးက ဘယ်လိုလုပ်ပြီး ကျွန်မကို သိနေတာလဲ။ ”

“ အစတုန်းကတော့ ကျုပ်လည်း မင်းကို မသိပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်လတုန်းက စုန့်ဖန်က မင်းရဲ့ ပုံတူပန်းချီကို ပို့ပေးခဲ့တယ်။ အကယ်၍ မင်း နေပြည်တော်ကို ရောက်လာရင် ကျုပ် အတတ်နိုင်ဆုံး ကူညီပေးနိုင်အောင်လို့တဲ့။ ”

အုပ်ချုပ်ရေးစုန့်က ရှေ့ဖြစ်ဟောသူလား … ။ လွန်ခဲ့တဲ့ တစ်လတုန်းက သူမ မြောက်ပိုင်းနယ်စပ်မှာပဲ ရှိသေးတာလေ။ သူမ နေပြည်တော်ကို ရောက်လာမယ်ဆိုတာ သူက ဘယ်လိုလုပ် သိနေတာလဲ။ ထားလိုက်ပါတော့ … လောလောဆယ်က အဲ့အကြောင်းကို တွေးပူနေရမယ့် အချိန် မဟုတ်ဘူး … ။

စုန့်အန်း သူမကို သိနေခြင်းကြောင့် အလုပ်ရှုပ်သက်သာသွားသည်ဟု ပြောရမည်။

“ ကျုပ်ကို ဘာလို့ လာရှာတာလဲ အမျိုးသမီးလီ။ ”

“ အိမ်ရှေ့စံမင်းသားက အရှင်မင်းကြီးကို လုပ်ကြံပြီး ထီးနန်းလုချင်‌နေတယ်။ သူ ပြင်ဆင်မှုတွေတောင် လုပ်ပြီးနေပြီ။ ”

“ အဟွတ် အဟွတ် … ”

ရေသောက်နေသော စုန့်အန်းသည် ရေသီးကာ အသက်ရှူမရ ဖြစ်သွားလေသည်။

ဒီအမျိုးသမီးလီက သိပ်ကို စကားပြောပွင့်လင်းကာ တည့်တိုးဆန်လွန်းသည်။ အရှင်မင်းကြီး ၊ သို့မဟုတ် အိမ်ရှေ့စံမင်းသားသာ ကြားသွားလျှင် ချက်ချင်း ခေါင်းဖြတ်ခံရနိုင်တာမို့ ဒီလို စကားတွေကို လက်လွတ်စပယ် မပြောသင့်ပါ။

“ ဒီစကားက တော်တော်လေး အဓိပ္ပာယ်မရှိဘူး ဆိုတာ ကျွန်မ သိပါတယ်။ ” လီယောင်က စုန့်အန်းရဲ့ အံ့အားသင့်စွာ ကြောင်အနေမှုကို ဂရုမစိုက်ဘဲ ဆက်ပြောသည်။ “ ဒါပေမဲ့ ဒါက အမှန်တရားပဲ။ ပြီးခဲ့တဲ့ ညတွေအတွင်း ကျွန်မ အရှင်မင်းကြီးကို အသက်ဆက်နိုင်အောင် နန်းတော်ထဲမှာ ကူညီပေးခဲ့ရတယ်။ ဒါပေမဲ့ ထပ်မစောင့်နိုင်တော့တဲ့ အိမ်ရှေ့စံမင်းသားက မနက်ဖြန်ညမှာ လှုပ်ရှားဖို့ စီစဉ်နေတယ်။ ”

ပြောသွားတဲ့ စကားလုံးတိုင်းက မယုံကြည်နိုင်စရာကောင်းသောကြောင့် စုန့်အန်းသည် အာစေးမိသလို ဘာပြောလို့ ပြောရမှန်းမသိတော့ဘဲ လီယောင့်ကို ခဏ စိုက်ကြည့်နေမိသည်။

“ ဒါဆို ကျုပ်ဆီ လာလို့ ဘာအသုံးဝင်မှာလဲ။ ကျုပ်က သာမန် ဘုရင့်အမှုထမ်းတစ်ယောက်ပဲ။ လက်ယာအမတ်ကြီးလောက်တောင် ကျုပ်က အာဏာမရှိဘူး။ တရားရုံးတော်မှာ ကျုပ်ဘက်ကလူတွေလည်း မရှိဘူး။ ”

“ ယိကျိုးစီရင်စုစစ်တပ်တွေနဲ့ မြောက်ပိုင်းနယ်စပ်က စစ်တပ်တွေက မကြာခင် ရောက်တော့မှာပါ။ ဒါပေမဲ့ မြို့တော်ဂိတ်တံခါးကို ပိတ်ထားတော့ အခု ဘာသတင်းမှ အပြင်ကို ပို့လို့ မရဘူး။ ” လီယောင်က ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်သည်။ “ လက်ဝဲအမတ်ကြီးသာ သူတို့နဲ့ ဆက်သွယ်ပေးရင် အခြေအနေတွေကို ပြောင်းပြန်လှန်နိုင်မယ့် အခွင့်အရေးရှိဦးမှာပါ။ ”

ယိကျိုးစီရင်စုစစ်တပ်နဲ့ မြောက်ပိုင်းနယ်စပ် စစ်တပ်က နေပြည်တော်ရဲ့ အစွန်အဖျားကို ရောက်နေပြီတဲ့လား … ဟုတ်လား … ။

အိမ်ရှေ့စံမင်းသား ထီးနန်းလုတဲ့ သတင်းထက် ထိုသတင်းက စုန့်အန်းအတွက် ပိုလို့တောင် အံ့အားသင့်စရာကောင်းသည်။ စစ်တပ်တွေ နေပြည်တော်ကို လျှို့ဝှက်တိုးတိတ်စွာ ရောက်လာတာက ပုန်ကန်ခြင်းနှင့် ညီမျှသည်။

သို့သော်လည်း သူ လီယောင့်ရဲ့ စကားတွေကိုပဲ ပိုယုံကြည်ချင်သည်။ အကြောင်းကတော့ တစ်နေ့မှာ အိမ်ရှေ့စံမင်းသား ထီးနန်းလုလိမ့်မယ်ဆိုတာကို လူတိုင်းရဲ့ နှလုံးသားထဲမှာ ကြိုသိနေတာ အချိန်တချို့ ကြာခဲ့ပြီမို့ပဲ ဖြစ်သည်။

“ ကောင်းပြီ။ ကျုပ် အစွမ်းကုန် ကူညီပေးပါ့မယ်။ ”

…

All Chapters