← Chapters

နန်းတော်ထဲသို့ ထိုးဖောက်ဝင်ရောက်သော ည။

Vol. 21 Ch. 231

နန်းတော်ထဲသို့ ထိုးဖောက်ဝင်ရောက်သော ည။

Vol. 21 Ch. 231

နေပြည်တော်ဟာ စစ်ရေးဗျူဟာအရ အရေးပါသည်။ နေပြည်တော်ထဲကို စစ်တပ်ကြီးတစ်တပ် ဝင်ရောက်ချင်လျှင် တစ်သားတွေနှင့် မလုံလောက်ပါ။ သူတို့ကို ဦးဆောင်ပေးမယ့် ယုံကြည်အားထားလောက်စရာ တပ်မှူးချုပ်တစ်ယောက်လည်း လိုအပ်သည်။

မဟုတ်ရင် စစ်တပ်ဟာ မြို့တော်တံတိုင်းတွေနားကို ရောက်သွားလျှင်တောင် ဂိတ်တံခါးအပြင်မှာ ရပ်တန့်တားဆီးခံရပြီး အတင်းအကြပ် တိုက်ခိုက်ဖို့သာ ရွေးချယ်နိုင်ပါလိမ့်မည်။

နေပြည်တော်ရဲ့ မြို့တံတိုင်းတွေက အလွန် မြင့်မားသလို အကာအကွယ်တွေကိုလည်း လျှော့တွက်လို့ မရပါ။ အင်အားသုံးလျှင်တောင် အချိန်အကြာကြီး ယူရလိမ့်မည် ဖြစ်ပြီး သွေးချောင်းစီးနိုင်ချေများသည်။

သို့သော် တပ်သားတွေကို တပ်မှူးချုပ်ရှု ဦးဆောင်ပေးလျှင်တော့ မတူကွဲပြားပါလိမ့်မည်။ လက်ရှိ စစ်သေနာပတိ ဖြစ်သလို ရုံးတော်တံဆိပ်တုံးလည်း သူ့လက်ထဲမှာ အဆင်သင့်ရှိနေတာကြောင့် ဂိတ်တံခါးကို ရှောရှူလွယ်ကူစွာ ဖွင့်နိုင်လိမ့်မည်။

ယိကျိုးစီရင်စုစစ်တပ်နှင့် မြောက်ပိုင်းနယ်စပ်စစ်တပ်တွေကို လီယောင် သတင်းပို့ပြီးပြီ ဟူသော စကားကို ကြားချိန်မှာ တော်ဝင်တပ်မှူးချုပ်ရှုတစ်ယောက် သဘောအကျကြီး ကျသွားလေသည်။

“ မင်း ဒီတစ်ခေါက် အပင်ပန်းခံပြီး ကြိုးစားပေးခဲ့တာပဲ လီယောင်။ ”

လီယောင်ကတော့ ဒီအရှုပ်အထွေးတွေကို‌ ဖြေရှင်းနိုင်ဖို့အတွက် နှစ်သစ်ကူးပွဲတော်ကို အိမ်မှာ ဖြတ်သန်းနိုင်မယ့် အခွင့်အရေးကိုတောင် လက်လွှတ်လိုက်ရတာမို့ သူမ တကယ်ပဲ အပင်ပန်းခံခဲ့တာပါဟု စိတ်ထဲက တွေးလိုက်သည်။

မကြာခင်မှာ ပြဿနာတွေအားလုံး ပြီးဆုံးသွားဖို့ မျှော်လင့်ရသည်။

ညအချိန်ရောက်သောအခါ သူတို့နှစ်ယောက်သည် ကိုယ်စီ လမ်းခွဲလာခဲ့ကြသည်။ တပ်မှူးချုပ်ရှုက မြောက်ဘက်ဂိတ်တံခါးမှာ စစ်‌တပ်တွေ ရောက်အလာကို သွားစောင့်နေပြီး လီယောင်ကတော့ နန်းတော်ထဲကို ခိုးဝင်လာခဲ့၏။

နန်းတော်ကို စစ်တပ် မရောက်ခင်အချိန်ထိ ဧကရာဇ် အသက်ရှင်တာ သေချာစေရမည်။ မဟုတ်ရင် သူမတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ အကုန်လုံး သဲထဲရေသွန် ဖြစ်သွားလိမ့်မည်။

ဒီအတောအတွင်း နန်းတော်ထဲကို ဆယ်ကြိမ်ထက်မနည်း ဝင်လိုက် ၊ ထွက်လိုက် လုပ်ခဲ့ဖူးတာကြောင့် နန်းတော်ဖွဲ့စည်းကို အလွတ်ရနေခဲ့ပြီ ဖြစ်သည်။ အိမ်ရှေ့စံမင်းသားက ဒီည ပြဿနာရှာချင်၍ လုံခြုံရေးတွေကို တိုးမြှင့်ထားသော်လည်း သူမက အစောင့်တွေကို အလွယ်တကူ ဖြတ်ကျော်လာနိုင်ဆဲပင်။

လီယောင်သည် ဧကရာဇ်အိပ်ဆောင်ကို ရောက်သောအခါ ဧကရာဇ်ရဲ့ နှာခေါင်းဝမှာ ပရုတ်လုံးတချို့ကို တေ့ပေးလိုက်လျှင် အိပ်ချင်မူးတူးနှင့် နိုးလာခဲ့သည်။

“ အခြေအနေ ဘယ်လိုရှိလဲ။ ”

“ စစ်တပ်တွေ မကြာခင် ရောက်လာတော့မယ်။ ”

“ ကောင်းတယ်။ သူတို့ ရောက်လာတာနဲ့ အားလုံး အဆင်ပြေသွားတော့မှာပါ။ ”

ရက်ပေါင်းများစွာကြာအောင် ကြံ့ကြံ့ခံပြီးနောက် ဧကရာဇ်ဆီမှာ အရင်တုန်းက တွေ့ခဲ့ရတဲ့ စိတ်ဓာတ်ကျ အားငယ်မှုမျိုး မရှိတော့ဘဲ ဆန့်ကျင်ဘက်အနေဖြင့် အရင်တုန်းကထက်တောင် ရှင်သန်ချင်စိတ် ပြင်းပြလာခဲ့သည်။ မဟုတ်ရင် သူ ခံစားရတဲ့ မကျေနပ်ချက်တွေအကုန်လုံး အလကားဖြစ်သွားမည် မဟုတ်လား။

သို့သော် ထိုအချိန်မှာပဲ အိပ်ဆောင်အပြင်ဘက်ကို လူတွေ ၊ မြင်းတွေ အများကြီး ရောက်လာတဲ့ ဆူဆူညံညံ အသံတွေကို ကြားလိုက်ရသည်။ အိမ်ရှေ့စံမင်းသားလည်း မကြာခင် ရောက်လာတော့မည် ထင်သည်။

ဧကရာဇ်က “ ကြည့်ရတာ ‌မိုးနတ်မင်းက ငါ့ကို အခွင့်အရေးမပေးချင်သေးတဲ့ပုံပဲ။ ” ဟု ပြောသည်။

“ အခြေအနေတွေက အဲ့လောက်တော့ မဆိုးသေးပါဘူး။ ” လီယောင်က ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်သည်။ “ ကျွန်မတို့ ခဏလောက်တော့ ပုန်းနေလို့ ရမှာပါ။ ”

“ ဘယ်နေရာမှာ ပုန်းမှာလဲ။ ”

“ အရှင်မင်းကြီးက ကျွန်မထက်စာရင် နန်းတော်နဲ့ ပိုအကျွမ်းတဝင်ရှိမှာပါ။ ဘယ်နေရာကို ပုန်းဖို့ အကောင်းဆုံးနေရာလို့ ထင်လဲ။ ”

ဧကရာဇ်က တွေးတာစဉ်းစားလိုက်သည်။ “ နန်းတွင်းစားဖိုဆောင်ထဲမှာ ပုန်းရအောင်။ ဒါပေမဲ့ ငါတို့ ဒီထဲက ဘယ်လို ထွက်မှာလဲ။ ”

လီယောင်က မျက်နှာကျက်ပေါ်ကနေ တွဲလောင်းကျနေတဲ့ ကြိုးကို ညွှန်ပြသောကြောင့် ဧကရာဇ်သည် တွန့်ခနဲဖြစ်သွားမိသည်။ အရိုးနဲ့ အရေပဲ ကျန်တော့တဲ့ သူ့ကို ခေါင်မိုးပေါ်ကို တက်စေချင်နေတာလား … ။

သို့သော် အခြေအနေတွေက ဒီအနေအထားထိ ရောက်နေမှတော့ သူ့မှာ စွန့်စားကြည့်ဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ပါ။ လီယောင်က ခေါင်မိုးပေါ်ကို သွက်လက်စွာ တွယ်တက်သွားပြီးမှ ဧကရာဇ်ရဲ့ ခါးကို ကြိုးနှင့် ပတ်ချည်ကာ ဖြည်းဖြည်းချင်း ဆွဲတင်လိုက်သည်။

သူ့တစ်ဘဝလုံးကို နန်းတော်မှာ နေထိုင်လာခဲ့သည့်တိုင် ခေါင်မိုးပေါ်ကို ရောက်ဖူးတာ ဧကရာဇ်အတွက် ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။ လီယောင့်ရဲ့ အကူအညီနှင့်အတူ ခေါင်မိုးအစွန်းကို သူတို့နှစ်ယောက် တွားသွားလာခဲ့ပြီး ခန္ဓာကိုယ်ကို ဝပ်ကာ ပုန်းကွယ်နေခဲ့ကြသည်။

အိမ်ရှေ့စံမင်းသားက ခဏအကြာမှာ မျက်နှာမည်းမှောင်စွာ ရောက်လာခဲ့သည်။ သို့သော် အိပ်ဆောင်ထဲကနေ ဧကရာဇ် ပျောက်ချင်းမလှပျောက်သွားတာကို သိချိန်မှာတော့ အမျက်ချောင်းချောင်းထွက်သွားခဲ့လေသည်။

“ အရှင်မင်းကြီး ဘယ်ရောက်သွားတာလဲ။ ”

ဧကရာဇ်အိပ်ဆောင်ကို စောင့်ကြည့်ဖို့ တာဝန်ပေးခံထားရသော အစောင့်များသည် ကြောက်ရွံ့မှုကြောင့် မျက်နှာဖြူရော်သွားပြီး မြေပြင်ပေါ်မှာ ဒူးထောင်ထိုင်ချကာ စကားတစ်ခွန်းမှ မပြောရဲတော့ပေ။

“ သောက်သုံးမကျတဲ့ ကောင်တွေ။ နန်းတော်တစ်ခုလုံးကို အခုချက်ချင်း အဝင်အထွက်ပိတ်ပြီး သူ့ကို မြေလှန်ရှာကြစမ်း။ ”

အစောင့်တွေက လျင်မြန်စွာပဲ လူစုခွဲသွားကာ တချို့က ဂိတ်တံခါးအသီးသီးကို သွားပိတ်ပြီး တချို့ကတော့ ခန်းမဆောင်တိုင်းမှာ ဧကရာဇ်ရဲ့ သဲလွန်စတွေကို လိုက်ရှာနေခဲ့ကြသည်။

အချိန်ကျပြီဆိုတာကို နားလည်သော လီယောင်က ကြိုးကို ချ၍ မြေပြင်ပေါ်ကို လျှောဆင်းလာခဲ့လိုက်သည်။ ဧကရာဇ်ကလည်း သတ္တိစုစည်း၍ ကိုးရိုးကားရား လျှောဆင်းလာသည်။ ထို့နောက် နေရာစုံက အစောင့်တွေကို ရှောင်ရှားပြီး နန်းတွင်းစားဖိုဆောင်သို့ အမြန် ပြေးလာခဲ့ကြသည်။

တခြား ခန်းမဆောင်တွေနှင့် ယှဉ်လျှင် စားဖိုဆောင်ကို အရေးမကြီးဘူးဟု သတ်မှတ်ထားတာ သိသာသည်။

လူတိုင်းက ဧကရာဇ်ဟာ ကြင်ရာတော်နန်းဆောင်တွေထဲက တစ်ခုခုမှာ ပုန်းနေတာ ဖြစ်နိုင်သည်ဟု အထင်မှားနေခဲ့ကြပြီး စားဖိုဆောင်ထဲကို လာရှာဖို့ ဘယ်သူမှ မတွေးမိပါ။

ခေါင်းဆောင်စားဖိုမှူးနှင့် လက်အောက်ငယ်အား စားဖိုမှူးတွေက နန်းတော်ထဲမှာ ပွက်လောရိုက်နေသော အခြေအနေတွေကြောင့် ကြောက်လန့်နေကာ တံခါးနားမှာ လူစု၍ တီးတိုးစကားတွေ ပြောနေခဲ့ကြသည်။

လီယောင်နှင့် ဧကရာဇ်က ထိုအခွင့်အရေးကို အသုံးချ၍ စားဖိုဆောင်ထဲကို ခိုးဝင်လာခဲ့သည်။ သို့သော် ကံဆိုးချင်တော့ ထိုအချိန်မှာ စားဖိုမှူးဝမ်ကလည်း စားဖိုဆောင်ထဲက ထွက်လာသောကြောင့် သူတို့နှစ်ယောက်နှင့် ပက်ပင်းတိုးသွားခဲ့သည်။

လီယောင်က ဓားမြှောင်တစ်လက်ကို လက်ထဲမှာ အဆင်သင့်ပြင်ထားပြီးမှ ထိုစားဖိုမှူးကို ရင်းနှီးနေသလို ခံစားရကာ “ စားဖိုမှူးဝမ်လား။ ” ဟု အံ့ဩတကြီး ရေရွတ်လိုက်မိသည်။

“ အမျိုးသမီးလီလား။ ” စားဖိုမှူးဝမ်က လျို့ယွင်ကို ဟင်းချက်ပေးဖို့အတွက် လီယောင့်အိမ်မှာ တာဝန်ကျဖူးသည်။ လီယောင့်ဆီက အချက်အပြုတ်ပညာတချို့ကိုတောင် သင်ယူခဲ့ဖူးတာကြောင့် သူမကို တန်းမှတ်မိသည်။

သို့သော်လည်း သူ ဘယ်လောက်ပဲ ဦးနှောက်ကို ဖျစ်ညှစ်စဉ်းစားပါစေ ၊ လီယောင်က နန်းတော်ထဲကို ဘယ်လို ရောက်လာတာလဲ ဆိုတာ စဉ်းစားမရပေ။ သူမက အားနည်းတုန်ချိနေသော လူအိုကြီးတစ်ယောက်ကိုလည်း တွဲထားသေးသည်။

စားဖိုမှူးဝမ်သည် သူပဲ အိပ်မက်,မက်နေတာလားလို့ သူ့မျက်လုံးကို မယုံကြည်နိုင်စွာ ပွတ်လိုက်မိသည်။

“ ဒီလူက ဘယ်သူလဲ … ”

“ သူက အရှင်မင်းကြီးပဲ။ ” ဟု လီယောင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

စားဖိုမှူးဝမ် : ……

ဒါတွေအားလုံးက ရှုပ်ထွေးပွေလီလိုက်တာ … ။ မိုင်ပေါင်းထောင်ချီအဝေးမှာ ရှိနေရမယ့် လီယောင်က နန်းတွင်းစားဖိုဆောင်ထဲမှာ ပေါ်လာတဲ့အပြင် အရှင်မင်းကြီးကိုပါ သူမနဲ့အတူ ခေါ်လာတယ်တဲ့လား … ။

“ လောလောဆယ် ရှင်းပြနေဖို့ အချိန်မရှိဘူး။ ကျွန်မတို့ကို ပုန်းဖို့ နေရာသာ ရှာပေးပါ။ ”

“ ကောင်းပြီ ၊ ကျုပ်နောက်ကို လိုက်ခဲ့ပါ။ ” စားဖိုမှူးဝမ်သည် အလျင်အမြန်ပဲ သတိဝင်လာပြီး လီယောင်နှင့် ဧကရာဇ်ကို သူ တာဝန်ကျချိန်တွေမှာ ခဏတဖြုတ် အနားယူလေ့ရှိတဲ့ အခန်းထဲကို ချက်ချင်း ခေါ်သွားပေးလိုက်သည်။

“ ဒီနေရာထိုင်ခင်းက တော်တော်လေး နိမ့်ကျလို့ စိုးရွံ့မိပါတယ် အရှင်မင်းကြီး။ ” ဟု စားဖိုမှူးဝမ်က တောင်းတောင်းပန်ပန် လျှောက်တင်လိုက်သည်။

ဧကရာဇ်ကတော့ “ ဒီလို အချိန်မှာ ပုန်းစရာ နေရာရတာနဲ့တင် လုံလောက်တာထက် ပိုနေပါပြီ။ ” ဟု ကိုယ့်ကိုယ်ကိုယ် ပျက်ရယ်ပြုစွာ ပြောလိုက်၏။

“ ရှင် အမြန် ပြန်သွားသင့်ပြီ စားဖိုမှူးဝမ်။ ” ဟု လီယောင်က တိုက်တွန်းလိုက်သည်။ “ ပြီးတော့ မှတ်ထားပါ … ဘယ်သူ ဘာမေးမေး ရှင့်ပါးစပ်က လွှတ်ခနဲ ထွက်မသွားစေနဲ့နော်။ ”

“ စိတ်ချပါ။ ” စားဖိုမှူးဝမ်သည် သူ့ဘိုးဘေးတွေရဲ့ အုတ်ဂူတွေထဲကနေ အစိမ်းရောင်မီးခိုးတွေ ထွက်လာတော့မလို ခံစားလိုက်ရသည်။ သူတို့ ဒီညကိုသာ ဖြတ်ကျော်နိုင်ရင် အနာဂတ်မှာ သူ့အတွက် စောင့်ကြိုနေတဲ့ ဂုဏ်ကျက်သရေနှင့် စည်းစိမ်ဥစ္စာတွေက အကန့်အသတ်မရှိပါ။

ဒါပေမဲ့ သူ ဒီလို ကူညီတာက ဂုဏ်ကျက်သရေနှင့် စည်းစိမ်းဥစ္စာရဖို့အတွက် မဟုတ်ဘဲ တာ့လင်တိုင်းပြည်အတွက် ဖြစ်လေသည်။

…

နန်းဆောင်တိုင်းမှာ ဧကရာဇ်ကို လိုက်ရှာသော်လည်း မတွေ့သောအခါ မကြာခင်မှာပဲ အစောင့်တွေရဲ့ အာရုံက နန်းတော်အစေခံတွေနှင့် မိန်းမစိုးတွေ နေတဲ့ နန်းဆောင်တွေနှင့် အဝတ်လျှော်ဆောင် ၊ စားဖိုဆောင်တို့ဆီ မြားဦးလှည့်လာခဲ့သည်။

စားဖိုမှူးဝမ် ရင်တမမဖြစ်နေတုန်းမှာပဲ စားဖိုဆောင်ထဲကို အစောင့်တွေအများကြီး တဟုန်ထိုး ဝင်လာကာ အရာအားလုံးကို မွှေနှောက်ရှာဖွေခဲ့သည်။ သူ့တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ ဒီလောက်မှ မကြောက်ဖူးပါ။

အစောင့်တွေက သူ အနားယူတဲ့ အခန်းလေးကို ရောက်ခါနီးချိန်မှာ သူ့ခန္ဓာကိုယ်တစ်ခုလုံး ချွေးစီးတွေ စီးကျပြီး ခြေထောက်တွေက ထိန်းချုပ်မှုကင်းမဲ့စွာ တုန်ယင်လာခဲ့သည်။

အစောင့်တစ်ယောက်က သူ့အခန်းတံခါးကို ဝုန်းခနဲ တွန်းဖွင့်လိုက်ချိန်မှာပဲ စားဖိုမှူးဝမ်သည် မျက်လုံးစုံမှိတ်ပြီး ‘ ငါတော့ သွားပြီ ’ ဟု တွေးနေမိသည်။ သူတို့ကို ရှာတွေ့ပြီဟု တစ်ယောက်ယောက် အော်ပြောသံကို ကြားရလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့သည်။

သို့သော် အချိန်ခဏကြာသည်ထိ ထိုအော်သံကို မကြားရသောကြောင့် မျက်လုံးပြန်ဖွင့်လိုက်လျှင် သူ့အခန်းကို စစ်ဆေးနေသော အစောင့်က အခန်းထဲက ပြန်ထွက်လာပြီး နောက်အခန်းတွေ ဆက်ရှာနေတာကို တွေ့ရသည်။

ဘာတွေ ဖြစ်ကုန်တာလဲ … ။ လီယောင်နဲ့ ဧကရာဇ်တို့ လွတ်မြောက်သွားတာလား … ။

သူတစ်ယောက်တည်း သံသယတွေနှင့် ယောက်ယပ်ခတ်နေတုန်းမှာပဲ အစောင့်တွေက စားဖိုဆောင်တစ်ခုလုံးကို နှံ့နှံ့စပ်စပ် စစ်ဆေးကြည့်ရှုပြီးသွားသည်။

“ သူတို့ ဒီမှာ မရှိဘူး။ သွားကြမယ်။ ”

အစောင့်တွေအားလုံး ပြန်သွားသောအခါ စားဖိုမှူးတွေရဲ့ တိုးတိုးကျိတ်ကျိတ် မှတ်ချက်ပေးသံတွေ ထွက်ပေါ်လာသည်။

“ သူတို့ ဘယ်သူ့ကို လာရှာတာလဲ။ ”

“ လုပ်ကြံသူတွေ နေမှာပေါ့။ ”

“ နင် လမ်းပေါ်က ပြဇာတ်တွေ အကြည့်လွန်နေပြီ။ ဘယ်လို အကြောက်အလန့်မရှိတဲ့ လုပ်ကြံသူမျိုးက နန်းတော်ထဲကို ညဘက်ကြီး ခိုးဝင်ရဲမှာလဲ။ ”

…

ထိုအချိန်မှာပဲ စားဖိုမှူးဝမ်သည် စကားပြောနေကြသော စားဖိုမှူးအဖွဲ့ထဲမှာ သူ တစ်ခါမှ မမြင်ဖူးသည့် ပဟေဋိဆန်ဆန် မျက်နှာစိမ်းနှစ်ယောက်ကို သတိထားမိသွားသောကြောင့် ထိုနှစ်ယောက်ကို သူ့အခန်းထဲကို အမြန် ခေါ်လာခဲ့လိုက်သည်။

လတ်စသတ်တော့ အစောင့်တွေ မလာသေးခင်မှာ လီယောင်က သူ့ကိုယ်သူရော ၊ ဧကရာဇ်ကိုရော အလှကုန်ပစ္စည်းတွေနှင့် ရုပ်ဖျက်ကာ စားဖိုမှူးဝတ်စုံတချို့ကို ငှားဝတ်ထားခဲ့တာပင်။ ထိုနည်းလမ်းဖြင့် သူတို့ဟာ တခြား စားဖိုမှူးတွေနှင့် တစ်သားတည်းကျကာ လူအုပ်ထဲမှာ ရောနှောပျောက်ကွယ်သွားခဲ့သည်။

အလွန် အန္တရာယ်များသော လုပ်ရပ် ဖြစ်သော်လည်း ဂရုတစိုက် စဉ်းစားကြည့်လျှင် အံ့ဩဖွယ်ရာကောင်းလောက်အောင် ဘေးကင်းလုံခြုံပါသည်။

ပိန်းပိတ်အောင် မှောင်မည်းနေတဲ့ အမှောင်ထုထဲမှာ လူတိုင်းက ရောထွေးနေတာမို့ လူအပိုနှစ်ယောက် တိုးလာတာကို ဘယ်သူမှ သတိမပြုမိပါ။ စားဖိုမှူးဝမ်ရဲ့ အကူအညီကြောင့် ထိုလှည့်ကွက်ဟာ ပြီးပြည့်စုံစွာ အောင်မြင်သွားခဲ့သည်။

ဧကရာဇ်သည် အစောင့်တွေရဲ့ ရှာဖွေမှုကို ရှောင်ရှားပြီးတော့မှ စိတ်အေးသွားသော သက်ပြင်းမောလေးကို မှုတ်ထုတ်နိုင်တော့သည်။

အခုတော့ တော်ဝင်တပ်မှူးချုပ်ရှု ဦးဆောင်တဲ့ စစ်တပ်တွေ နန်းတော်ထဲ ရောက်လာမှာကိုပဲ စောင့်ဆိုင်းရပါတော့မည်။

…

All Chapters