← Chapters

တရားဝင် အငြိမ်းစားယူခြင်း။

Vol. 21 Ch. 232

တရားဝင် အငြိမ်းစားယူခြင်း။

Vol. 21 Ch. 232

“ ဘာလို့ သူ့ကို အခုထိ ရှာမတွေ့သေးတာလဲ။ ”

အရှေ့ဘက်နန်းဆောင်ထဲမှာ အိမ်ရှေ့စံမင်းသားသည် ဒေါသကြောင့် ရူးတော့မလိုပင် ဖြစ်နေခဲ့သည်။

လမ်းတောင် အနိုင်နိုင် လျှောက်နေရတဲ့ အဘိုးကြီးတစ်ယောက်ကို အစောင့်တွေ နှစ်နာရီတိတိ ရှာခဲ့တာတောင် ရှာမတွေ့တဲ့ထိ နန်းတော်ဟာ ကျယ်ဝန်းမှန်း သူ မသိခဲ့ပေ။

“ ကျေးဇူးပြုပြီး ဒေါသလျှော့ပါ အိမ်ရှေ့မင်းသား။ ” လက်ယာအမတ်ကြီး ကျူးကျစ်လင်က ရုံးတော်အရာရှိအဖွဲ့ကို ဦးဆောင်ခေါ်လာပြီး နံဘေးမှာ ရပ်စောင့်နေခဲ့သည်။

“ အခု အရှင်မင်းကြီးက ပျောက်နေတာပါ။ တိုင်းပြည်တစ်ပြည်မှာ တစ်ရက်လေးတောင် ဧကရာဇ်မရှိလို့ မဖြစ်ပါဘူး။ ” ဟု ကျူးကျစ်လင်က ပြောလိုက်သည်။ “ အိမ်ရှေ့မင်းသားအတွက် ဒီအချိန်က တရားဝင် ထီးနန်းသိမ်းဖို့ သင့်တော်တဲ့ အချိန်ကောင်းတစ်ခုပါ။ ”

ရုံးတော်အရာရှိတွေကလည်း “ မှန်လှပါ အရှင်မင်းသား။ အဲ့လိုဆို ပိုမကောင်းဘူးလား။ ” ဟု တညီတညွှတ်တည်း ထောက်ခံကြသည်။

သူတို့က ထိုကဲ့သို့ ပြောသော်လည်း အိမ်ရှေ့စံမင်းသားရဲ့ နှလုံးသားထဲမှာတော့ အစိုင်အခဲတစ်ခု ရှိနေဆဲပင်။ ဧကရာဇ် သေဆုံးသွားတာကို သူ့မျက်လုံးနှင့် ကိုယ်တိုင် မတွေ့ရတာမို့ သူ ထီးနန်းဆက်ခံပြီးလျှင်တောင် စိတ်ဖြောင့်လက်ဖြောင့်နေနိုင်မှာ မဟုတ်။

“ အရှင်မင်းသား နောက်ထပ် ဆက်စောင့်လို့ မဖြစ်ပါဘူး။ ” ဟု ကျူးကျစ်လင်က နောက်တစ်ကြိမ် သွေးဆောင်လိုက်သည်။ “ ကျွန်တော်တို့ ထပ်စောင့်နေရင် ရုတ်ရုတ်သဲသဲ အခြေအနေတွေ ဖြစ်လာမှာ စိုးရွံ့မိပါတယ်။ ”

“ ကောင်းပြီ။ ထီးနန်းဆက်ခံမယ် … အခုချက်ချင်း ထီးနန်းဆက်ခံမယ်။ ” အိမ်ရှေ့စံမင်းသားက နောက်ဆုံးတော့ သူ့နှလုံးသားကို တင်းလိုက်သည်။ “ အရှင်မင်းကြီး နတ်ရွာစံသွားပြီလို့ တစ်တိုင်းပြည်လုံးကို ကြေညာလိုက်ပါ။ ”

“ မှန်လှပါ။ ”

ကျူးကျစ်လင်က စာရွက်နှင့် စုတ်တံကို ထုတ်ယူကာ သူကိုယ်တိုင် အမိန့်ပြန်တမ်းရေးဖို့ ဟန်ပြင်နေတုန်းမှာပဲ အစောင့်တစ်ယောက်က ပျာယီးပျာယာနှင့် ပြေးဝင်လာခဲ့သည်။

“ အခြေအနေမကောင်းတော့ပါဘူး အိမ်ရှေ့မင်းသား။ ”

“ ဘာဖြစ်တာလဲ။ ”

“ ရှုကျန်း ( တော်ဝင်တပ်မှူးချုပ်ရှု ) က သိန်းချီတဲ့ တပ်သားတွေကို ဦးဆောင်ပြီး နန်းတော်ဂိတ်တံခါးရှေ့ကို ရောက်လာပါပြီ။ ”

“ မင်း ဘာပြောလိုက်တယ်။ ”

အိမ်ရှေ့စံမင်းသားရဲ့ မျက်နှာက ချက်ချင်းပဲ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် သွေးဆုတ်ဖြူရော်သွားခဲ့သည်။

ရှုကျန်းကို ထျန်းလောင်အကျဉ်းထောင်ထဲမှာ ဖမ်းဆီး‌ချုပ်နှောင်ထားတာ သေချာအောင် မနေ့မနက်တုန်းကမှ သူ လူလွှတ်ပြီး စစ်ဆေးခိုင်းခဲ့တာပါ။ သိန်းချီတဲ့ တပ်သားတွေကရော ဘယ်က ရောက်လာတာလဲ။

“ တပ်သားတွေက ယိကျိုးစီစရင်စုစစ်တပ်နဲ့ မြောက်ပိုင်းနယ်စပ် စစ်တပ်က တပ်သားတွေပါ။ ”

“ ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

ယိကျိုးစီရင်စုစစ်တပ် ဆိုတော့ လျို့ယွင်ရဲ့ လက်ချက်ပေါ့ … ။ သူကများ နေပြည်တော်ကို ရာရာစစ တပ်သားတွေ စေလွှတ်ရဲသည်တဲ့လား။ မြောက်ပိုင်းနယ်စပ်က စစ်တပ်ကရော ဘုရင့်အမိန့် မရှိဘဲ နေပြည်တော်ကို ပြန်လာရဲတာလား … ။

“ ဘာတွေ ဖြစ်ကုန်တာလဲ အမတ်ကြီးကျူး။ ” ဟု အိမ်ရှေ့စံမင်းသားက အေးစက်စွာ မေးလိုက်သည်။ “ ဘာအမှားအယွင်းမှ မရှိအောင် သေချာ စီစဉ်ထားတယ်လို့ ခင်ဗျားပဲ ပြောခဲ့တာမလား။ ”

ကျူးကျစ်လင်ရဲ့ မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်သွားသော်လည်း သူ့စိတ်ထဲမှာတော့ လွတ်လမ်းကို အဆက်မပြတ် စဉ်းစားနေခဲ့သည်။

အိမ်ရှေ့စံမင်းစားကတော့ ဒီတစ်ခေါက် သေချာပေါက် အဆုံးသတ်ပြီ ဆိုပေမဲ့ သူကတော့ လွတ်နိုင်ချေရှိသေးသည်။ အကြောင်းကတော့ သူက ဧကရာဇ်ရှေ့မှာ တစ်ခါမှ လူလုံးမပြဖူးဘဲ အရာအားလုံးကို အိမ်ရှေ့စံမင်းသားကသာ သူ့ခြေသူ့လက်နှင့် လုပ်ခဲ့တာကြောင့် ဖြစ်သည်။

အိမ်ရှေ့စံမင်းသားက သူ့ကို မထုတ်ဖော်သရွေ့ သူ့မှာ အသက်ဆက်ရှင်နိုင်မယ့် မျှော်လင့်ချက်ရောင်ခြည်လေး ရှိသေးသည်။

“ အဲ့ဒီအဘိုးကြီး … ” အိမ်ရှေ့စံမင်းသားက ပင့်သက်ရှိုက်လိုက်သည်။ “ အဲ့ဒီအဘိုးကြီးက ကျုပ်တို့အားလုံးထက် ဉာဏ်နီဉာဏ်များတာပဲ။ ”

“ ငါက ဉာဏ်နီဉာဏ်နက်များတာ မဟုတ်ဘူး။ ” ဟူသော အကျွမ်းတဝင်ရှိသည့် စကားသံက လူတိုင်းရဲ့ နားထဲကို မျောလွင့်လာခဲ့ပြီး လီယောင် တွဲကူပေးထား‌သော ဧကရာဇ်ကြီးသည် တုန်တုန်ယင်ယင် လျှောက်ဝင်လာခဲ့သည်။

သူတို့နောက်မှာတော့ တော်ဝင်တပ်မှူးချုပ်ရှုနှင့်အတူ များစွာသော တပ်သားတွေ လိုက်ပါလာသည်။

အစပိုင်းတုန်းက နန်းတော်အစောင့်တွေဟာ တော်ဝင်တပ်မှူးချုပ်ရှုရဲ့ တပ်သားတွေကို မြင်ချိန်မှာ သူတို့အသက်နှင့်ရင်း၍ ခုခံတိုက်ခိုက်ဖို့ ပြင်ဆင်နေသော်လည်း ဧကရာဇ်က သူတို့နောက်မှာ ရုတ်တရက် ပေါ်လာခဲ့သည်။

ဧကရာဇ်ကိုယ်တိုင် ရှိနေတဲ့အခါ အစောင့်ခေါင်းဆောင်တွေလည်း ဘာမှ မပြောရဲဘဲ နန်းတော်ဂိတ်တံခါးကို နာခံစွာ ဖွင့်ပေးလိုက်ရတော့သည်။ အဲ့ဒီနောက် တော်ဝင်တပ်မှူးချုပ်ရှုက တပ်သားနှစ်ထောင်ကို ခေါ်ဆောင်လာကာ နန်းတော်တစ်ခုလုံးကို သိမ်းပိုက်လိုက်တော့သည်။

ဧကရာဇ်က အိမ်ရှေ့စံမင်းသားရှေ့ကို လျှောက်သွားကာ သူ့ကို အေးစက်စွာ ကြည့်လိုက်သော်လည်း နောက်ဆုံးမှာတော့ ဘာစကားမှ မပြောခဲ့ပါ။ သားသမီးဝတ္တရား မကျေပွန်တဲ့ ဒီသားကို သူ အဆုံးစွန်ထိ စိတ်ပျက်နေတာ ကြာခဲ့ပါပြီ။

ဧကရာဇ်က ကျူးကျစ်လင်ကိုတော့ စကားအနည်းငယ် ပြောလိုက်သည်။ “ ဒီပုန်ကန်မှုထဲမှာ ခင်ဗျားလည်း ပါဝင်ပတ်သက်နေတယ်နော် အမတ်ကြီးကျူး။ ”

ကျူးကျစ်လင်က မြေပြင်ပေါ်မှာ ဒူးထောက်လိုက်သည်။ “ အရှင်မင်းကြီး … အရှင့်ရဲ့ အစေခံက အရှင် ပြောနေတဲ့ စကားတွေကို မသိရိုးအမှန်ပါ။ အရှင်မင်းကြီးက ကျွန်တော်မျိုး အရှေ့ဘက်နန်းဆောင်ထဲကို လျို့ဝှက်ဝင်ရောက်ခဲ့တဲ့ ကိစ္စကို ပြောနေတာ ဆိုရင်တော့ ကျွန်တော်မျိုး အပြစ်ဒဏ်ကို ကျေကျေနပ်နပ်ကြီး လက်ခံပါ့မယ်။ ”

“ ဒီအခြေအနေတောင် ရောက်နေပြီကို မင်းက မင်းရဲ့ ရာဇဝတ်မှုတွေကနေ ထွက်ပြေးနိုင်လိမ့်မယ်လို့ ထင်နေတာလား။ ”

တော်ဝင်တပ်မှူးချုပ်ရှုက ဒေါသတကြီး အော်ပြောကာ စာရွက်အထပ်လိုက်ကို ကျူးကျစ်လင်ရှေ့သို့ ပစ်ပေးလိုက်သည်။ “ ဒါက မင်းနဲ့ တခြား ဝန်ကြီးတချို့ လူရိုင်းတွေနဲ့ ပူးပေါင်းထားတဲ့ သက်သေတွေပဲ။ ”

ကျူးကျစ်လင်သည် ထိုစာရွက်တွေကို မြင်ချိန်မှာ သူ လုံးဝ ဇာတ်သိမ်းသွားပြီဆိုတာ နားလည်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး အားအင်ချည့်နဲ့ပြီး မြေပြင်ပေါ်ကို လဲကျသွားသည်။

“ အစောင့်တွေ … သူတို့အားလုံးကို ခေါ်သွားပြီး အမှုမစစ်ဆေးခင်အချိန်ထိ ထျန်းလောင် အကျဉ်းထောင်ထဲမှာ ချုပ်ထားလိုက်။ ”

နေရာမှာ ရှိနေသော အရာရှိတွေအားလုံးကို ဆွဲခေါ်သွားသလို နန်းတွင်းအစေခံတွေနှင့် မိန်းမစိုးတွေကိုလည်း ဖမ်းဆီးသွားသည်။

နောက်ဆုံးမှာတော့ ကျယ်ဝန်းလှသော အရှေ့ဘက်နန်းဆောင်ထဲမှာ ဧကရာဇ် ၊ ဧကရာဇ်ကို တွဲကူပေးထားသော လီယောင်နှင့် အိမ်ရှေ့စံမင်းသားတို့သာ ကျန်ရစ်ခဲ့၏။ အိမ်ရှေ့စံမင်းသားက လီယောင့်ကို ကြည့်ရင်း သဘောပေါက်သွားသည်။

“ ငါ့ရဲ့ အစီအစဉ်ကောင်းတွေကို ဖျက်ဆီးလိုက်တာ မင်းမဟုတ်လား။ ”

“ ဟုတ်တယ်။ ”

“ မင်းက ဘယ်သူလဲ။ ”

“ ကျွန်မက လီယောင်။ ”

“ ဟားဟားဟား … ” အိမ်ရှေ့စံမင်းသားက ရုတ်တရက် ခွက်ထိုးခွက်လန် ရယ်မောသည်။ “ လတ်စသတ်တော့ မင်းက လီယောင်ကိုး။ ဟားဟားဟား … အိမ်ရှေ့စံမင်းသားဆိုတဲ့ ငါက မိန်းမတစ်ယောက်ဆီမှာ တကယ်ကြီး ရှုံးနိမ့်သွားတာပဲ။ ဟားဟားဟား … ”

…

လီယောင်သည် ဧကရာဇ် သူ့မိသားစုအရှုပ်တော်ပုံတွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာရော ၊ ဒီသားသမီးဝတ္တရားမကျေပွန်တဲ့ အိမ်ရှေ့စံမင်းသားကို ဘယ်လို အပြစ်ပေးမလဲ ဆိုတာကိုရော နည်းနည်းလေးတောင် မသိချင်ပါ။

နန်းတော်ထဲမှာ ဘေးကင်းလုံခြုံတာ သေချာစေပြီးနောက် သူမ အရင်တုန်းက နေထိုင်ခဲ့တဲ့ တည်းခိုခန်းလေးကို ပြန်သွားခဲ့သည်။

ဒီနေ့က နှစ်သစ်ကူးပွဲတော်နေ့ ဖြစ်သည်။

ကံမကောင်းစွာဖြင့် တော်ဝင်မိသားစုရဲ့ အရှုပ်အထွေးတွေကြောင့် နေပြည်တော်ဟာ ခါတိုင်းထက် အေးစက်နေခဲ့သည်။

ရောင်စုံမီးအိမ်တွေ ပြည့်နှက်နေတဲ့ လမ်းတွေ မရှိသလို သွားရည်ယိုချင်စရာ မွှေးရနံ့တွေ နေရာတိုင်းမှာ ပျံ့လွင်မနေပါ။ လမ်းတွေပေါ်မှာ အရိပ်တစ်ရိပ်တောင် မရှိ။

တည်းခိုခန်းပိုင်ရှင်နှင့် စားပွဲထိုးလည်း ပျောက်ဆုံးနေပြီး တည်းခိုခန်းက ဟာလာဟင်းလင်းဖြစ်နေသည်။ ပြီးတော့ လီယောင် ဗိုက်ဆာနေသည်။

တည်းခိုခန်းမီးဖိုချောင်ထဲမှာ စားစရာတစ်ခုခု ရှိမလားလို့ သွားကြည့်ဖို့ စဉ်းစားနေတုန်းမှာပဲ ဝမ်စန်းအာရဲ့ အသံက တည်းခိုခန်းအပြင်ဘက်ကနေ ထွက်ပေါ်လာခဲ့သည်။ “ အမေ … အမေ တည်းခိုခန်းထဲမှာလား။ ”

လီယောင် တည်းခိုခန်းထဲက ထွက်လာခဲ့လိုက်တော့ သူမ ပေးထားသော မြင်းကြီးကို စီးထားသည့် ဝမ်စန်းအာကို တွေ့ရသည်။ သူ့နောက်မှာတော့ ကျောပေါ်မှာ အထုပ်အပိုးတချို့ကို တင်ထားသည့် စစ်မြင်း တစ်ဒါဇင်ကျော် ရှိသည်။

“ မင်း ဘယ်သွားမလို့လဲ။ ”

“ အိမ်ပြန်မလို့။ ” ဟု ဝမ်စန်းအာက ပြန်ပြောသည်။ “ တပ်မှူးချုပ်ရှုက နေပြည်တော်က အခြေအနေတွေကို သူ့ဘာသာ သေချာ ကိုင်တွယ်လိုက်မယ်လို့ ပြောတယ် ၊ ကျွန်တော်တို့ကို အိမ်ပြန်ပြီး အေးအေးဆေးဆေး အနားယူလိုက်ပါတဲ့။ ကျွန်တော်တို့ အခု အိမ်ပြန်ရင် နှစ်သစ်ရဲ့ တတိယမြောက်နေ့ မနက်စောစောဆို အိမ်ပြန်ရောက်လိမ့်မယ် အမေ။ ”

“ မင်း ရိက္ခာခြောက်တွေရော ယူလာလား။ ”

“ ယူလာပါတယ်။ ”

“ ကောင်းတယ် ၊ ဒါဆို သွားကြတာပေါ့။ ”

လီယောင်သည် တုံ့ဆိုင်းမနေဘဲ မြင်းကြီးတစ်ကောင်ပေါ်ကို လွှားခနဲ ခုန်တက်ကာ သားအမိနှစ်ယောက်သား ယိကျိုးစီရင်စုသို့ လေလိုအလျင်နှင့် ထွက်ခွာလာခဲ့ကြတော့သည်။

…

ဟဲဝမ်ရွာရဲ့ ဒီနှစ် နွေဦးပွဲတော်က အရင်နှစ်တွေထက် စည်ကားသိုက်မြိုက်နေ၏။

ယိကျိုးမင်းသားလျို့ယွင်နှင့် သူ့မိသားစုဝင်တွေ အပါအဝင် အုပ်ချုပ်ရေးမှူးစုန့်တို့ဇနီးမောင်နှံလည်း ရောက်နေသည်။

နေ့တိုင်း စားကောင်းသောက်ဖွယ်တွေ ၊ အသားတွေကို အကန့်အသတ်မရှိ စားခွင့်ရခြင်းက ဟဲဝမ်ရွာသူ ၊ ရွာသားတွေအတွက် စိတ်ကူးသာယဉ်‌နိုင်ခဲ့သော ဘဝမျိုး ဖြစ်သည်။

ဟဲဝမ်ရွာသည် နွေဦးရာသီပွဲတော်တစ်ခုလုံး နေ့တိုင်း သက်ဝင်လှုပ်ရှားနေခဲ့သည်။

လီယောင်ရဲ့ ယောက္ခထီးဆိုလည်းဟုတ် ၊ ခဲအိုဆိုရင်လည်း မမှားတဲ့ ဝမ်ကျားဖူသည် ကလေးတစ်ယောက်လိုပင် စိတ်လှုပ်ရှားနေခဲ့သည်။ သူတို့ ခြင်္သေ့အကအဖွဲ့ ဖွဲ့ထားကာ နေ့တိုင်း လမ်းတွေပေါ်မှာ ဗုံတွေ ၊ မောင်းတွေ တီး၍ လှည့်လည်ဖျော်ဖြေခဲ့သည်။ ကျွမ်းကျင်လှတယ် မဟုတ်သော်လည်း ပွဲတော်အငွေ့အသက်တွေကိုတော့ ဖြန့်ကျက်ပေးနိုင်သည်။

လီယောင်ကလည်း ဗြောက်အိုးတချို့ကို ထုတ်ယူကာ ရွာသူ ၊ ရွာသားတွေအား တစ်နေ့ သုံးကြိမ် ဖောက်ခိုင်းလေရာ ကြက်တွေ ၊ ဘဲတွေ ၊ ဝက်တွေ ၊ ကျွဲ ၊ နွားတွေက ဗြောက်အိုးသံတွေကို ကြားတိုင်း ခြံထဲမှာ ကြောက်လန့်တကြား ခုန်ပေါက်နေလေ့ရှိသည်။

သက်ဝင်လှုပ်ရှားနေသော နွေဦးပွဲတော် ဆယ်ရက်အပြီးမှာတော့ မီးအိမ်ပွဲတော် ရောက်လာခဲ့သည်။ ဒီနေ့ပြီးသည်နှင့် လူတိုင်း အလုပ်တွေ ပြန်လည်စတင်ရတော့မည်မို့ ဒီနေ့ အားပါးတရ ဆော့ကစားနေကြသည်။

လီယောင်က နေ့လယ်စာစားပြီးသွားတော့ အလုပ်သမားတွေကို ကုန်လှောင်ရုံထဲက မီးရှူးမီးပန်းတွေကို သွားယူခိုင်းလိုက်ကာ ညရောက်ရင် မီးရှူးမီးပန်းပွဲတော်ကို ကျင်းပဖို့ စီစဉ်နေခဲ့သည်။ ထိုအချိန်မှာပဲ တောက်ပခမ်းနားသော ရထားလုံးတွေဟာ ဟဲဝမ်ရွာထဲကို ဖြည်းဖြည်းချင်း မောင်းနှင်လာခဲ့သည်။

မိန်းမစိုးတစ်ယောက်က လီယောင့်အိမ်ရှေ့ကို ပြေးလာပြီး ဧကရာဇ်ရဲ့ သူမအတွက် အမိန့်ပြန်တမ်းကို လက်ခံနာယူဖို့ ကြေညာသည်။

ဒီလို နေ့မျိုး ရောက်လာမယ်ဆိုတာ လီယောင် သိထားပြီးသားပင်။ ဧကရာဇ်က သူမကို ဘယ်လို ဘွဲ့မျိုး အပ်နှင်းမှာလဲ ဆိုတာကိုပဲ မသိတာပါ။

“ ဘုရင်မင်းမြတ်ရဲ့ အမိန့်တော် : သတ္တမအဆင့် အမျိုးသမီးစွမ်းဆောင်ရှင် ဟဲဝမ်ရွာသူလီယောင်ဟာ ဘုရင်မင်းမြတ်ကို ချီးကျူးထိုက်ဖွယ် ကာကွယ်ပေးခဲ့တယ် ၊ လူရိုင်းတွေကို တွန်းလှန်တိုက်ခိုက်ပေးခဲ့တယ် ၊ ဒါ့အပြင် ကျူးကျစ်လင်နဲ့ တခြားသူတွေရဲ့ ပုန်ကန်မှုကိုလည်း ဖော်ထုတ်ပေးခဲ့အတွက် ပထမအဆင့် အမျိုးသမီးစွမ်းဆောင်ရှင်ဘွဲ့ကို ချီးမြှင့်လိုက်တယ်။ ရွှေချောင်း တစ်ထောင် ၊ ငွေချောင်း တစ်သိန်းနဲ့ မြေဩဇာကောင်းတဲ့ မြေယာဧဏ တစ်သိန်းကိုလည်း ဆုတော်လာဘ်တော်အဖြစ် ရယူစေ … ”

…

မီးအိမ်ပွဲတော်ညတွင် ဟဲဝမ်ရွာရဲ့ ကောင်းကင်ပေါ်မှာ မီးရှူးမီးပန်းတွေ ပေါက်ကွဲဖြာဝေသွားခဲ့သည်။ လူတိုင်းက အသက်ရှူမှားစရာကောင်းလောက်အောင် လှပလွန်းသော မြင်ကွင်းမှာ မိန်းမောနေကြသည်။

မျက်စိကျိန်းလောက်အောင် တောက်ပနေသော မီးရှူးမီးပန်းအလင်းရောင်တွေအောက်မှာ လူရိပ်တစ်ခုက ကျောပိုးအိတ်တစ်လုံးကို လွယ်၍ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။

လီယောင်သည် တောင်နှစ်လုံးကို ဖြတ်ကျော်ပြီးသောအခါ မီးရှူးမီးပန်းအလင်းရောင်တွေ တောက်ပလွှမ်းခြုံထားသော ဟဲဝမ်ရွာကလေးကို သမင်လည်ပြန် ကြည့်လိုက်ပြီး တောနက်ထဲသို့ တည်တံ့ခိုင်မာစွာ လျှောက်ဝင်လာခဲ့လိုက်သည်။

ဒီနေ့ကစပြီး သူမရဲ့ အငြိမ်းစားဘဝကို တစ်ယောက်တည်း အေးချမ်းစွာ ဖြတ်သန်းနိုင်ပြီ။

ရှေ့ဆက်မယ် … ။

…

All Chapters