← Chapters

အခန်းကဏ္ဍတစ်ခု၏ အဆုံးသတ်။

Vol. 21 Ch. 233-ဇာတ်သိမ်းပိုင်း

အခန်းကဏ္ဍတစ်ခု၏ အဆုံးသတ်။

Vol. 21 Ch. 233-ဇာတ်သိမ်းပိုင်း

ပျော်ပွဲရွှင်ပွဲရနံ့တွေ ၊ ချစ်ခြင်းမေတ္တာရနံ့တွေ သင်းပျံထုံမွှမ်းထားတဲ့ ဆောင်းလလယ်ပွဲတော်ကို ပြန်လည်ရောက်ရှိလာခဲ့သည်။

ယိကျိုးစီရင်စုအုပ်စုဝင် ပိုင်ချွမ်းခရိုင်ရှိ ဟဲဝမ်ရွာတွင် ရွာသားအားလုံးသည် ရွာအဝင်ဝမှာ စုရုံး၍ စိတ်အားထက်သန့်စွာ လည်ဆန့်စောင့်မျှော်ရင်း မာကြောခိုင်မာသော ကွန်ကရစ်လမ်းကို ငုံ့ကြည့်နေခဲ့ကြသည်။

တာ့ကျွမ်းက သူ့ရဲ့ လေးနှစ်သမီး ယန်ရန်လေးရဲ့ လက်ကို ဆုပ်ကိုင်ထားပြီး ဟဲရှောင်ယာက သူ့နံဘေးမှာ ရပ်ကာ ရင်ခွင်ထဲမှာ ကလေးငယ်လေးတစ်ယောက်ကို ပွေ့ချီထားသည်။

ပုံပန်းသဏ္ဍာန်ကို အကဲခတ်ရသလောက် ထိုကလေးက တာ့ကျွမ်းနှင့် ဟဲရှောင်ယာတို့ရဲ့ ဒုတိယမြောက် သမီးလေး ဖြစ်ပါလိမ့်မည်။

ယန်ရန်လေးက စောင့်ရတာကို အနည်းငယ် စိတ်ညစ်လာပုံဖြင့် တာ့ကျွမ်းရဲ့ အင်္ကျီလက်ကို ဆွဲပြီး “ အဖေ … ဒုတိယဦးလေး ၊ တတိယဦးလေးနဲ့ အငယ်ဆုံးဦးလေးတို့က ဘယ်တော့မှ ရောက်မှာလဲ။ ” ဟု မေးလိုက်သည်။

“ စိတ်မပူပါနဲ့ ယန်ရန်လေးရယ်။ သူတို့ မကြာခင် ရောက်လာတော့မှာပါ။ ”

ထိုအချိန်မှာပဲ အမြင်အာရုံအားကောင်းသော ရွာသားတစ်ယောက်က “ သူတို့ ရောက်လာကြပြီ။ ” ဟူ၍ အော်ပြောသည်။

တာ့ကျွမ်းက ထိုရွာသား ညွှန်ပြသော အရပ်မျက်နှာသို့ အမြန် ကြည့်လိုက်လျှင် ခပ်ဝေးဝေးမှာ မြင်းတွေအများကြီး ချီတက်လာတာကို မြင်လိုက်ရလေသည်။ ခေါင်းဆောင်က ခမ်းနားသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ရဲဝံ့ကာ သတ္တိရှိသည့် အရှိန်အဝါတွေ သူ့ဆီက ဖြာထွက်နေသည်။

“ တတိယသားပဲ။ ”

စိတ်လှုပ်ရှားမှုဖြင့် တာ့ကျွမ်းရဲ့ နှလုံးသားထဲမှာ လှုပ်ခတ်သွား၏။ သူတို့ ကိုယ်စီ လမ်းခွဲခဲ့တဲ့နေ့ကစလို့ တတိယသားဟာ မြောက်ပိုင်းနယ်စပ် ရှေ့တန်းမှာ တိုက်ခိုက်ခဲ့သည်။ သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာ အင်အားခိုင်မာသော မြို့တွေများစွာ ရှိတာမို့ တာ့လင်ရှေ့တန်းစစ်တပ်သည် ခိုင်မာသော အုတ်မြစ်တစ်ခုကို ချနိုင်ခဲ့သည်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း သူတို့သည် လူရိုင်းမျိုးနွယ်စုတွေကို တဖြည်းဖြည်း တိုက်ထုတ်နိုင်ခဲ့သောကြောင့် လူရိုင်းမျိုးနွယ်စုတွေဟာ ဘာမှ မတတ်နိုင်တော့ဘဲ နေပြည်တော်ကို သံတမန်တွေ စေလွှတ်ကာ နှစ်စဉ် လက်ဆောင်ပဏ္ဍာတွေ ဆက်သပါမည်ဟု ကမ်းလှမ်း၍ သူတို့နှင့် ငြိမ်းချမ်းရေးယူခဲ့သည်။

တာ့လင်တိုင်းပြည်ကို စတင်တည်ထောင်ခဲ့ချိန်ကတည်းကနေ အခုချိန်ထိမှာ လူရိုင်းတွေ အညံ့ခံဖူးတာ ဒါ ပထမဆုံးအကြိမ်မို့ ဧကရာဇ်ကလည်း အလွန် ကျေနပ်ကာ မြောက်ပိုင်းနယ်စပ် ရှေ့တန်းက တပ်သားတွေကို ရက်ရက်ရောရော ဆုချီးမြှင့်ခဲ့သည်။

ဝမ်စန်းအာကတော့ ဂုဏ်သတင်းကြီးသော အောင်မြင်မှုတွေကို တစ်ခုပြီးတစ်ခု ရရှိခဲ့ပြီး အခုဆို ကျန်းယွမ်ခရိုင်ရဲ့ ဗိုလ်ချုပ်ကြီးဖြစ်နေပါပြီ။

ကမ္ဘာမြေတစ်ခွင်လုံး တုန်ခါနေသကဲ့သို့ မြင်းခွာသံတွေ လေထုထဲမှာ ညံနေသည်။ ဝမ်စန်းအာရဲ့ နှလုံးသားသည် မြားတစ်စင်းလိုပဲ လျင်မြန်သော အရှိန်နှင့် ခုန်နေကာ သူ့မြင်းကို ခြေထောက်နှင့် ခတ်၍ အရှိန်တင်လိုက်ပြီး ပုံစံထဲက ခွဲထွက်ကာ တစ်ယောက်တည်း ဒုန်းစိုင်းလာခဲ့သည်။

“ အစ်ကိုကြီး … မရီး … ”

ဝမ်စန်းအာသည် မြင်းပေါ်က မဆင်းရသေးခင်ကတည်းက စိတ်လှုပ်ရှားစွာ အော်ခေါ်ကာ တာ့ကျွမ်းရဲ့ ရင်ခွင်ထဲကို ခုန်ဝင်လိုက်သည်။

“ ဟားဟား … ဒီခွေးကောင်လေးကတော့။ မင်းရဲ့ အရပ်ကြီးက အခုဆို ငါ့ကိုတောင် မီတော့မှာပဲ။ ”

တာ့ကျွမ်းသည် လူပျိုကြီးဖားဖားအဖြစ် အရွယ်ရောက်လာခဲ့ပြီဖြစ်သော ဝမ်စန်းအာကို ကြည့်ကာ ကြည်နူးစိတ်ကြောင့် ငိုချင်လာမိသည်။

အမေ လုပ်ပေးထားတဲ့ လေးနှင့် မြားကို ဆော့ကစားရင်း ၊ သစ်ကိုင်းခြောက်ကို မြင်းလုပ်စီးရင်း တစ်နေ့မှာ သူဟာ မြောက်ပိုင်းနယ်စပ် ရှေ့တန်းမှာ လူရိုင်းတွေကို သွားရောက်တိုက်ခိုက်၍ ဗိုလ်ချုပ်ကြီး ဖြစ်လာစေရမည်ဟု ရဲဝံ့စွာ ကြေညာခဲ့သော ကလေးအရွယ် ဝမ်စန်းအာလေးကို သူ မှတ်မိနေတုန်းပါပဲ။

ထိုအချိန်တုန်းကတော့ လူတိုင်းက သူ့ကို ပေါက်ကရတွေ လျှောက်ပြောနေတဲ့ ကလေးတစ်ယောက်လို့သာ ထင်ခဲ့ကြသည်။ နှစ်အနည်းငယ်အကြာမှာ ဝမ်စန်းအာဟာ အမှန်တကယ်ပဲ ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ … ။

“ ဒါက ယန်ရန်လေးလား။ ” ဝမ်စန်းအာက တာ့ကျွမ်းကို လွှတ်ပေးကာ ယန်ရန်လေးကို ပြုံးပြလိုက်သည်။ “ ဦးလေးကို တတိယဦးလေးလို့ ခေါ်ပါဦး ယန်ရန်လေး။ ”

ယန်ရန်လေးက “ တတိယဦးလေး ” ဟု မဝံ့မရဲ ခေါ်ကာ တာ့ကျွမ်းနောက်မှာ အမြန် ပုန်းကွယ်ပြီး သူမလေးရဲ့ ချစ်စရာခေါင်းသေးသေးလေးကိုသာ ထုတ်ဖော်ထားခဲ့လေသည်။

“ မကြောက်ပါနဲ့ ယန်ရန်လေးရ … တတိယဦးလေးက လူဆိုး မဟုတ်ပါဘူး။ ”

ဝမ်စန်းအာက တဟားဟား ရယ်မောရင်း သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။ အဲ့ဒီတော့မှ သူ အိမ်ပြန်ချင်စိတ်အားကြီးပြီး သူ့တူမလေးအတွက် လက်ဆောင်ယူလာဖို့ မေ့သွားတာကို သတိရသွားကာ သူ့ရဲ့ မေ့လျော့တတ်မှုကြောင့် အနည်းငယ် နောင်တရသွားမိသည်။

နောက်ဆုံးမှာတော့ ဝမ်စန်းအာသည် သူ့ခါးမှာ ချိတ်ထားတဲ့ ၊ ဓါးအိမ်ပါသော ဓားမြှောင်ကို ဖြုတ်ယူကာ ယန်ရန်လေးကို ပေးလိုက်၏။ “ ဟောဒါက လူရိုင်းဘုရင်ရဲ့ ကိုယ်ပိုင်ဓားမြှောင်ပဲ။ တတိယဦးလေးက ဒါကို ယန်ရန်လေးအတွက် လက်ဆောင်ပေးလိုက်မယ်။ ”

“ ဒါပေမဲ့ မသင့်တော်‌ဘူးလေ။ ”

တာ့ကျွမ်းက အမြန် ဝင်တားလိုက်သည်။

ယန်ရန်လေးက လေးနှစ်အရွယ်ပဲ ရှိသေးလို့ ဒီလို အန္တရာယ်များတဲ့ ပစ္စည်းနှင့် မသင့်တော်တာအပြင် လူရိုင်းဘုရင်ဆီက ဝမ်စန်းအာ ယူထားတဲ့ ဒီဓားမြှောင်ရဲ့ အရေးပါ လေးနက်မှုကို ပေါ့ပေါ့တန်တန် သဘောထားလို့ မရပါ။

ဒီကောင် အဲ့လောက် တန်ဖိုးကြီးတဲ့ ပစ္စည်းကို ကလေးတစ်ယောက်ကို ဘာလို့ အလွယ်တကူ ပေးလိုက်တာလဲ … ။

“ ကိစ္စမရှိပါဘူးဗျာ။ ” ဝမ်စန်းအာက ဓားမြှောင်ကို ယန်ရန်လေးရဲ့ လက်ထဲ ထည့်ပေးလိုက်သည်။ “ ကိုင်ကြည့်။ ”

ယန်ရန်လေးက သူမရဲ့ လက်ထဲက ဓားမြှောင်ရဲ့ အေးစက်စက် အထိအတွေ့ကို သဘောကျသွားသည်။

“ ကျေးဇူးပါ တတိယဦးလေး။ ”

“ လိမ္မာတယ်။ တတိယဦးလေးက ယန်ရန်လေးကို နောက်ပိုင်းကျမှ ဓားမြှောင်သုံးနည်း သင်ပေးမယ်။ ”

“ ဟုတ် ဟုတ်။ ”

ဓားမြှောင်ကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ တင်းကြပ်စွာ ဆုပ်ကိုင်ထားသော ယန်ရန်လေးကို ကြည့်ပြီး တာ့ကျွမ်းကတော့ ခေါင်းကိုက်သွားမိသည်။

ယန်ရန်လေးရဲ့ မဝံ့မရဲ ပုံစံဆီမှာ အရူးလုပ်ခံလိုက်ရပြီး သူမလေးကို အကြောက်အလန့်ကြီးတဲ့ ကြောင်ပေါက်လေးလို့ ထင်ရင် အမှားကြီးမှားသွားလိမ့်မယ် … ။

ယန်ရန်လေး လမ်းလျှောက်တတ်ကတည်းက ဟဲဝမ်ရွာထဲမှာ ငြိမ်းချမ်းမှု မရှိတော့ပါ။ နေ့တိုင်း သစ်ပင်တက်သည် ၊ ငှက်တွေ ဖမ်းသည် ၊ ခေါင်မိုးတွေပေါ် တက်သည် ၊ တခြားလူတွေရဲ့ ခွေးတွေကို စနောက်သည် ၊ အိမ်မှာ မွေးထားတဲ့ ဘဲငန်းကြီးရဲ့ အမွေးတွေကို နှုတ်ပစ်သည်။

နေ့ရောညရော ပြဿနာရှာနေတဲ့ သူမလေးကြောင့် ပြဿနာမတက်ရတဲ့ နေ့ရယ်လို့ တစ်နေ့မှ မရှိ။

တာ့ကျွမ်းက စိတ်ပျက်လက်ပျက်အကြည့်ဖြင့် ကြည့်ပြီး ပြောလိုက်သည်။ “ သူ ဘယ်သူနဲ့ တူတာလဲဆိုတာ ကိုယ် သိချင်လိုက်တာ။ ”

ဝမ်စန်းအာက ရယ်သံတစ်ဝက်ဖြင့် ပြောသည်။ “ သေချာပေါက် သူ့အမေနဲ့ တူတာပေါ့။ ဟားဟားဟား … သူ့အမေက သူ့ကို တုန်နေအောင် ချစ်တာ အံ့ဩစရာမရှိပါဘူး။ ”

တာ့ကျွမ်း : ….

“ ဪ ၊ ဒါနဲ့ ကျွန်တော် ခုနတုန်းက လမ်းပေါ်မှာ ရထားလုံးအကြီးကြီးတစ်ခု မြင်ခဲ့တယ်။ ယိကျိုးမင်းသားရဲ့ ရထားလုံး ထင်တယ်။ ”

“ ဘယ်လောက် ဝေးလဲ။ ”

“ သိပ်မဝေးဘူး ၊ ရောက်ခါနီးလောက်ပြီ။ ”

သူတို့ ပြောနေတုန်းမှာပဲ တောက်ပစွာ တန်ဆာဆင်ယင်ထားသော ရထားလုံးကြီးတစ်စီးကို ခပ်ဝေးဝေးမှာ လှမ်းမြင်လိုက်ရသည်။ တာ့ကျွမ်းက လျို့ယွင်အပေါ် လေးစားမှုဖော်ပြသည့်အနေဖြင့် ကြိုဆိုရန်အတွက် ရွာသူ ၊ ရွာသားတွေကို ‌ရှေ့သို့ ခြေလှမ်းတစ်ရာစာ ခေါ်သွားလိုက်သည်။

ရထားလုံးပေါ်ကနေ အရင်ဆုံး ခုန်ဆင်းလာသူက လျို့ယွင် ဖြစ်ပြီး သူ့နောက်ကနေ အုပ်ချုပ်ရေးမှူးစုန့်တို့ဇနီးမောင်နှံ ၊ ဝမ်အာ ၊ တုရှောင်ဟွေ့ ၊ ပျော်ရွှင်တက်ကြွနေသော ဝမ်ရှောင်စစ်နှင့် သူ့အရပ်နီးပါး ရှိနေပြီဖြစ်သော လျို့ယောင်တို့ လိုက်ဆင်းလာခဲ့သည်။

လျို့ယွင်က ရထားလုံးပေါ်က ဆင်းလာသည်နှင့် ဟဲဝမ်ရွာသူ ၊ ရွာသားတွေကို ပြုံးပြလိုက်သည်။ “ အားလုံးပဲ အရမ်း ယဉ်ကျေးနေစရာ မလိုပါဘူး။ ကျွန်တော်က သူစိမ်းမှ မဟုတ်တာ ၊ ဒီကို လတိုင်း လာနေတဲ့လူ မဟုတ်ဘူးလား။ ”

လျို့ယွင်ရဲ့ စကားကြောင့် ရွာသူ ၊ ရွာသားတွေဆီက ရယ်သံတွေ ထွက်လာသည်။ ဟုတ်တာပေါ့ ၊ သူတို့ သူစိမ်းဆန်စွာ ယဉ်ကျေးနေစရာ လိုလို့လား … ။

ယိကျိုးမင်းသားက ဟဲဝမ်ရွာကို သူ့ကိုယ်ပိုင်အိမ်သဖွယ်နီးပါး သဘောထားပြီး ရွာသူ ၊ ရွသားတွေအပေါ်လည်း မင်းသားတစ်ပါးရယ်လို့ ဟိတ်ဟန်မရှိဘဲ အလွန် ကြင်နာတတ်သည်။

အတိတ်တုန်းက သူ့ကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသမီးကြီးတွေပင်လျှင် သူ့ကို အခုချိန်ထိ ထပ်လက်ထပ်ခွင့်တောင်းနိုင်တဲ့ ရဲတင်းမှုရှိနေဆဲ။

ကျန်တာအကုန်လုံး မှန်ပေမဲ့ အပေါ်က စကားကတော့ ဟာသပြောတာပါ။ လျို့ယွင်ရဲ့ လက်ရှိ ဂုဏ်သတင်း ၊ ရာထူးဂုဏ်ရှိန်နှင့်ဆိုလျှင် ပိုင်ချွမ်းခရိုင်မှာ သူနှင့် ကိုက်ညီလိုက်ဖက်တဲ့ မိန်းကလေးတစ်ယောက်မှ မရှိပေ။

အုပ်ချုပ်ရေးစုန့်တို့ဇနီးမောင်နှံကလည်း ပြုံးနေကြပြီး ကိန်းကြီးခန်းကြီးနိုင်သော ဓလေ့ထုံးတမ်းတွေကို မေ့ထားခဲ့ကြသည်။

“ ဒုတိယအစ်ကို။ ”

ဝမ်စန်းအာသည်ယိကျိုးမင်းသားနှင့် အုပ်ချုပ်ရေးမှူးစုန့်ကို နှုတ်ဆက်ပြီးသောအခါ ဝမ်အာ့ဆီ ဝုန်းခနဲ ခုန်ပြေးဝင်ပြီး တင်းကြပ်နေအောင် ဖက်ထားလိုက်သည်။

ပညာရှိကျောင်းသားတွေကြားမှာတော့ ဝမ်အာက သင့်တင့်တဲ့ ခွန်အားရှိကာ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာသည်ဟု သတ်မှတ်နိုင်သော်လည်း ဝမ်စန်းအာရှေ့မှာတော့ ကလေးလေးတစ်ယောက်လိုပဲ ဖြစ်သည်။ ဝက်ဝံတစ်ကောင်ဆီမှာ အဖက်ခံနေရသလို ဖျစ်ညှစ်ပွေ့ဖက်ခံထားရသောကြောင့် အသက်တောင် မနည်း ရှူနေရသည်။

“ ပြီးတော့ ရှောင်စစ် … ”

ဝမ်ရှောင်စစ်က ချက်ချင်းပဲ နောက်ဘက်ကို ထွက်ပြေးသည်။ “ ကျွန်တော့်နားကို မလာခဲ့နဲ့နော် တတိယအစ်ကို။ ကျွန်တော် မခံနိုင်ဘူး … ”

“ ဟားဟား … မင်း ပြေးမလွတ်ပါဘူးကွ။ ”

ဝမ်စန်းအာဆီမှာ တင်းကြပ်နေအောင် အဖက်ခံထားရသော ဝမ်ရှောင်စစ်ထံမှ တအစ်အစ်အသံတွေ ထွက်လာသည်။ သူ့ဘေးမှာ ရပ်နေတဲ့ လျို့ယောင်ကတော့ ကျောဆန့်လို့ မရတော့သည့်ထိ အားရပါးရ ရယ်နေခဲ့သည်။

ယန်မင်တက္ကသိုလ်မှာ ဝမ်ရှောင်စစ်က အတော်လေး ဆိုးသောကြောင့် ဝမ်အာနှင့် တုရှောင်ဟွေ့ပင်လျှင် သူ့ကို သိပ်မထိန်းချုပ်နိုင်ပါ။ သူ ကြောက်တဲ့လူ ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ … ။

ဝမ်စန်းအာ သူ့ညီအစ်ကိုတွေကို နှုတ်ဆက်ပြီးသောအခါ လျို့ယွင်က ဦးဆောင်၍ လူတိုင်းကို ရွာထဲ ခေါ်သွားခဲ့သည်။

ဝမ်စန်းအာတစ်ယောက် ရွာကို ပြန်မရောက်တာ နှစ်ချီနေပြီမို့ ရွာထဲမှာ အပြောင်းအလဲတွေက နည်းနည်းနောနော မဟုတ်ပါ။ သူ့မိသားစုရဲ့ အိမ်တွေကလွဲလို့ အရာအားလုံးက အကျွမ်းတဝင်မရှိတဲ့ အသစ်တွေလို ခံစားရသည်။

ကံကောင်းထောက်မစွာဖြင့် သူ့အမေ ပြုလုပ်ထားတဲ့ ရေလှည်းဘီးကြီးကတော့ ခြံဝင်းထဲမှာ ရှိနေသေးကာ သူ့ငယ်ဘဝကို ပြန်ပြောင်းလွမ်းဆွတ်မိစေသည်။

“ အမေ … တစ်ခါမှ ပြန်မလာဘူးလား။ ”

ထိုမေးခွန်းကို ကြားသောအခါ လူတိုင်း နှုတ်ဆိတ်သွားကြ၏။ တာ့ကျွမ်းက ခေါင်းခါယမ်းပြီး “ သူ ဒီနှစ်တော့ ပြန်လာလောက်မှာပါ။ ” ဟု ပြောလိုက်သည်။ သူ ဒီစကားကို ပြောလာတာ အခုဆို သုံးနှစ်ရှိပါပြီ။

ဒီသုံးနှစ်အတွင်း တာ့လင်တိုင်းပြည်တစ်ခွင်မှာ သိသာသော ပြောင်းလဲမှုတွေ အများကြီး ဖြစ်ပေါ်လာခဲ့သည်။ အိမ်မှာ ရှိတဲ့ သူ့ညီအစ်ကိုတွေကတော့ ပိုကြီးမားတဲ့ ပြောင်းလဲမှုတွေကို ကြုံတွေ့ခဲ့ရပါသည်။

လက်ရှိအချိန်မှာ တာ့ကျွမ်းတွင် သူ့အမေ ဝယ်ယူထားတဲ့ မြေယာ မူ ( ၁၀၀၀၀ ) နှင့် လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ဧကရာဇ် ချီးမြှင့်ပေးအပ်ခဲ့တဲ့ မူ ( ၁၀၀၀၀ ) … စုစုပေါင်း မြေဆီလွှာကောင်းသော မြေယာ မူ ( ၂၀၀၀၀ ) နီးပါး ပိုင်ဆိုင်နေပြီး မိသားစုရဲ့ အိမ်ထောင်ဦးစီး ဖြစ်နေခဲ့ပြီပင်။

ဒီသုံးနှစ်အတွင်း ဧကသိန်းချီသော တောတွေ ၊ တောင်တွေကိုလည်း သူ့ဘာသာ ဝယ်ယူထားကာ ထိုမြေကွက်တွေအားလုံးမှာ သီးပင်စားပင်အများအပြား စိုက်ပျိုးထားသည်။ ထိုအပင်တွေထဲက တချို့က နောက်နှစ်ထဲမှာ အသီးစသီးလိမ့်မည်။

တစ်ခါတုန်းက သူ့အမေက ‘ စိမ်းစိုကြည်လဲ့တဲ့ တောတောင်ရေမြေဟာ ရွှေတောင် ၊ ငွေတောင်တွေလိုပဲ တန်ဖိုးရှိတယ်။ ” ဟု ပြောခဲ့ဖူးတာ‌မို့ ဆောင်းရာသီရောက်လျှင် နောက်ထပ် တောတွေ ၊ တောင်တွေကို ဝယ်ယူဖို့ တာ့ကျွမ်း စီစဉ်ထားသည်။

သူ့အမေက တောတောင်တွေကို ချစ်မြတ်နိုးတာကြောင့် အများကြီး ဝယ်ယူထားရမည်။ အဲ့ဒါမှ တကယ်လို့ သူ့အမေ ပြန်လာတဲ့အခါ တောတောင်တွေအများကြီးကို မြင်သွားရင် နောက်တစ်ခေါက် ထွက်သွားချင်တော့မှာ မဟုတ်ပါ။

ဝမ်အာကတော့ ဘုရင့်အမှုထမ်းစာမေးပွဲမှာ ပညာရေးအရ အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ထိပ်တန်း ပညာရှိကျောင်းသားတစ်ယောက် ဖြစ်လာခဲ့လေသည်။ ဧကရာဇ်က သူ့ကို နန်းတော်ထဲမှာ နေထိုင်ခွင့်ရော ၊ ဟန်လင်းတက္ကသိုလ်ကို ဝင်ရောက်ခွင့်ရော ပေးထားသည်။ တစ်နှစ်တိတိ အတွေ့အကြုံယူပြီးနောက် ပြည်ထဲရေးရာဝန်ကြီးဌာနမှာ ရာထူးတစ်ခု ရလိမ့်မည်ဖြစ်ကာ သုံးနှစ်ကနေ ငါးနှစ်အကြာမှာတော့ စီရင်စုအုပ်ချုပ်ရေးမှူးအဖြစ် ရာထူးတိုးမြှင့်လွှဲပြောင်းခံရပါလိမ့်မည်။

နိုင်ငံရေးမှာ အောင်မြင်မှုတွေ ရသည်နှင့်တစ်ပြိုင်နက် ဝမ်အာဟာ ပင်မအုပ်ချုပ်ရေးဌာနမှာ ရာထူးမြင့်မြင့် တစ်နေရာ ရလိမ့်မည်။ သို့မဟုတ် ဝန်ကြီးချုပ်တောင် ဖြစ်ရင်လည်း ဖြစ်နိုင်သည်။

တုရှောင်ဟွေ့ရဲ့ ကြိုးစားမှုတွေကလည်း ယန်မင်တက္ကသိုလ်ကို ယိကျိုးစီရင်စုမှာ တိုးတက်အောင်မြင်စေခဲ့သည်။ ယိကျိုးစီရင်စုရှိ စာသင်နိုင်တဲ့ အသက်အရွယ်ရှိသော ကလေးတိုင်း ဆန္ဒရှိလျှင် အခမဲ့ သင်ကြားနိုင်သည်။

ထိုကဲ့သို့ အကြင်နာတရားပြည့်ဝသော ဆောင်ရွက်ချက်က ဝမ်အာအား တိုင်းပြည်တစ်ခွင်ရှိ လူတွေထံမှာ ပြိုင်ဖက်ကင်း ကျော်ကြားမှုနှင့် ချီးကျူးစကားသံတွေကို ယူဆောင်လာပေးခဲ့သည်။

တတိယသားကတော့ ဒီနှစ်တွေတစ်လျှောက်လုံး မြောက်ပိုင်းနယ်စပ်မှာ လူရိုင်းတွေနှင့် တိုက်ခိုက်လာပြီးနောက် ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်လာခဲ့သည်။ သူ့အနေဖြင့် တော်ဝင်တပ်မှူးချုပ်ရှု အိုမင်းလာချိန်မှာ တော်ဝင်တပ်မှူးချုပ်ရာထူးကို လွှဲပြောင်းယူဖို့ စောင့်‌နေရုံသာ ရှိပါတော့သည်။

ဝမ်ရှောင်စစ်ကလည်း ကြိုးကြိုးစားစား စာပေလေ့လာနေခဲ့သည်။ ဆရာတွေက ဝမ်ရှောင်စစ်ဟာ နောက်နှစ်ထဲမှာ ခရိုင်အဆင့်စာမေးပွဲ အောင်လောက်သည်ဟု ပြောထားသည်။ ဒါပေမဲ့ အထင်ကြီးစရာအကောင်းဆုံးက အဲ့ဒါ မဟုတ်ဘဲ ဝမ်စန်းအာရဲ့ သင်္ချာဉာဏ်ရည် ဖြစ်သည်။

ထိုနယ်ပယ်မှာတော့ ဝမ်အာပင်လျှင် ညီအငယ်ဆုံးလေးကို မယှဉ်နိုင်ပါ။

ထိုကလေးက အမေ ထားခဲ့တဲ့ စာအုပ်တွေကို နှံ့နှံ့စပ်စပ် ဖတ်ရှုလေ့လာပြီး သူ့ဘာသာ ကျွမ်းကျင်အောင် သင်ယူခဲ့တာ ဖြစ်သည်။ ဖတ်စရာ သင်္ချာစာအုပ်တွေ ကုန်သွားတဲ့အခါ သူ့ဘာသာ တစ်နေကုန် စဉ်းစားခန်းဖွင့်နေလေ့ရှိပြီး ဘယ်သူမှ မကြားဖူးတဲ့ သင်္ချာစာအုပ် တစ်အုပ်ကိုတောင် ရေးသားထားသည်။

ဟဲရှောင်ယာကတော့ နှစ်သစ်မကူးခင်မှာ ဒုတိယသမီးလေးတစ်ယောက် မွေးဖွားခဲ့သည်။ အမေက မြေးမလေးတွေကို ချစ်တာ လူတိုင်းအသိပဲမို့ အမေလည်း ဒီသတင်းကို သိရင် အလွန် ပျော်ရွှင်မှာ သေချာသည်။

သို့သော် ကံမကောင်းစွာဖြင့် အမေက သုံးနှစ်လုံး အဝေးမှာ ရောက်နေတာမို့ အိမ်သားတွေရဲ့ တိုးတက်ရင့်ကျက်မှု ၊ ပြောင်းလဲမှုတွေကို သူမရဲ့ မျက်စိနှင့် ကိုယ်တိုင် လာမကြည့်နိုင်ခဲ့ပေ။

“ အမျိုးသမီးလီ ပြန်လာသည်ဖြစ်စေ ၊ ပြန်မလာသည်ဖြစ်စေ … ကျွန်တော်တို့ ဒီဆောင်းလလယ်ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲသင့်တယ်။ ” ဟု လျို့ယွင်က ပြောကာ တိတ်ဆိတ်မှုကို ချိုးဖောက်လိုက်သည်။ “ ညစာအတွက် အရသာရှိတဲ့ ဘာဟင်းလျာတွေကို ပြင်ဆင်ထားလဲ။ ကျွန်တော့်အစာအိမ်က တဂွီဂွီမြည်နေတာ နည်းနည်း ကြာပြီ။ ”

“ ဒါဆို ညစာစားကြမယ်လေ။ ” ဟု အိမ်ထောင်ဦးစီး တာ့ကျွမ်းက‌ ပြောလိုက်သည်။ “ ခြံဝင်းထဲမှာ စားပွဲတွေ ၊ ခုံတွေ ခင်းပြီး လမင်းကြီးရဲ့ အလှကို ငေးမျောခံစားရင်း စားကြတာပေါ့။ ”

ခဏအကြာမှပဲ စားပွဲပေါ်ကို မွှေးကြိုင်သော ဟင်းလျာတွေ ရောက်လာခဲ့သော်လည်း ထူးခြားဆန်းပြားသော စားကောင်းသောက်ဖွယ်တွေတော့ မဟုတ်ပါ။ ရိုးရှင်သော အိမ်ချက်ဟင်းလျာတွေသာ။

ဘဲသားနှပ် ၊ ငရုတ်သီးနှင့် ဝက်သားမွှေကြော် ၊ ကြက်သွန်မြိတ်နှင့် ကြက်သားမွှေကြော် ၊ ဝက်သားနှပ် … စသည့် ဟင်းလျာတွေကို ကြည့်ကာ လူတိုင်းက ရှောင်ယာ့ရဲ့ စိတ်ထဲက ခံစားချက်တွေကို နားလည်သွားသည်။

ဒီဟင်းလျာတွေက သူမအမေအကြိုက်ဆုံး ဟင်းလျာတွေ ဖြစ်ပြီး လျို့ယွင်ဘေးမှာလည်း ထိုင်ခုံလွတ်တစ်လုံးကို နေရာချန်ထားသည်။

သို့သော်လည်း ကောင်းကင်မှာ တဖြည်းဖြည်း မှောင်ရီပျိုးကာ လုံးဝန်းပြည့်ဝသော လမင်းကြီးက အရှေ့အရပ်ကို မြင့်တက်လာချိန်ထိ လီယောင့်ပုံရိပ်က ပေါ်မလာခဲ့ပါ။

ထိုအချိန်မှာပဲ မီးရှူးမီးပန်းဖောက်သံတွေ ထွက်ပေါ်လာခဲ့သည်။ ဒီလို ပျော်စရာကောင်းတဲ့ အချိန်မှာ မီးရှူးမီးပန်းတွေ မပါလို့ မဖြစ်။

ဟဲဝမ်ရွာလေးသည် ကောင်းကင်ပေါ်က အကြည့်မလွှဲချင်စရာ လှပလွန်းသော မီးရှူးမီးပန်း‌တွေရဲ့ အလင်းရောင်အောက်မှာ တောက်ပနေတုန်းမှာပဲ ကြော့ရှင်းသော ပုံရိပ်လေးတစ်ခုက တောအုပ်နက်နက်ထဲကနေ တဖြည်းဖြည်း ထွက်လာခဲ့လေသည်။

“ ဘုရားရေ … နောက်ဆုံးတော့ အမေ ပြန်လာပြီ။ ”

လီယောင်က သူမရဲ့ ပွယောင်းယောင်းဆံပင်တွေကို သပ်သပ်ရပ်ရပ် ထုံးဖွဲ့ထားပြီး ရွာလေးကို လွှမ်းခြုံထားတဲ့ မီးရှူးမီးပန်းအလင်းရောင်တွေကို ကြည့်ကာ နှစ်သိမ့်ကြည်နူးစွာ ပြုံးနေခဲ့သည်။

သုံးနှစ်ကြာသွားသော်လည်း သူမဆီမှာ ဇရာရဲ့ အရိပ်အယောင်တွေကို မတွေ့ရဘဲ ဆန့်ကျင်ဘက်အနေဖြင့် ပိုလို့တောင် ငယ်ရွယ်နေပုံပေါ်သည်။ သူမရဲ့ ကြည်လင်သော မျက်လုံးတွေဟာ ဘဝမှာ‌နေပျော်ခြင်း၏ တက်ကြွမှုတစ်မျိုးဖြင့် တောက်ပနေသည်။

သူမသည် အိမ်ကို အမြန်ဆုံး အရှိန်နှုန်းဖြင့် အပြေးပြန်လာကာ မိသားစုကို နှုတ်ဆက်ဖို့ ဂရုမစိုက်ဘဲ မီးဖိုချောင်ထဲကို ပြေးဝင်သွားခဲ့သည်။

ဟင်းအကျန်တွေ ဆိုသော်လည်း သူမ ကြိုက်နှစ်သက်တဲ့ ဟင်းလျာတွေပဲ ဖြစ်ပါသည်။ ထမင်းအိုးထဲရှိ ထမင်းတွေက ပူနွေးနေဆဲမို့ သူမ စားဖို့အတွက် သွက်လက်စွာပဲ ထမင်းပန်းကန်လုံး ခပ်ကြီးကြီးနှင့် အပြည့်အမောက် ခူးထည့်ပြီး ပန်းကန်ထဲက အသီးအရွက်ဟင်းတွေကို ထမင်းပေါ် လောင်းချလိုက်သည်။

အင်း … အိမ်ချက်အစားအသောက်တွေ တကယ့်ကို ဘယ်အသားကင်ထက်မဆို ပိုစားကောင်းတာပဲ … ။

ထမင်းစားအပြီးမှာ ဆန်ပြုတ်ကို တစ်ငုံ သောက်လိုက်တော့ အားအင်ပြည့်ဝကာ ပြန်လည်နုပျိုသွားသလို ခံစားလိုက်ရသည်။

လီယောင်သည် ထမင်းတစ်နပ်ကို အားရပါးရ စားနေတုန်းမှာပဲ မီးဖိုချောင်ထဲကို ရုတ်တရက် ပြေးဝင်လာသော ပုံရိပ်လေးတစ်ခုက ထမင်းဟင်းတွေ ခိုးစားနေတဲ့ တစ်စုံတစ်ယောက်ကို တွေ့လိုက်ရသဖြင့် မျက်လုံးလေးဝိုင်းသွားသည်။

လီယောင် မော့ကြည့်လိုက်တော့ လက်ရာအနုစိပ်လှပသော ဓားမြှောင်တစ်လက်ကို ခါးမှာ ချိတ်ဆွဲထားပြီး အရည်ရွှန်းလဲ့သည့် မျက်လုံးများနှင့် သုံး လေးနှစ်အရွယ် ကလေးမလေးတစ်ယောက်ကို မြင်လိုက်ရသည်။

“ အဒေါ်က ဘယ်သူလဲ။ ” ယန်ရန်လေးက ကြောက်ရွံ့ပုံမပြပါ။ “ အဒေါ်က ဘာလို့ သမီးရဲ့ မီးဖိုချောင်ထဲကို ရောက်နေတာလဲ။ ”

လီယောင်က ဒီကလေးမက ယန်ရန်လေးပဲဆိုတာ ချက်ချင်း သဘောပေါက်သွားသည်။ သူမလေးက ဒီလောက်တောင် ကြီးပြင်းလာပြီလား … ။

“ သမီးက ယန်ရန်လေးလား။ ”

“ ဟုတ်ကဲ့။ ”

လီယောင် ပြံးလိုက်ကာ သူမရဲ့ ပန်းကန်လုံးနှင့် တူတွေကို စားပွဲပေါ် ပြန်ချ၍ ယန်ရန်လေးရဲ့ ခေါင်းကို ခပ်ဖွဖွ ပုတ်ပေးရင်း နူးညံ့စွာ ပြောလိုက်သည်။ “ လိမ္မာလိုက်တဲ့ ကောင်မလေး။ အဒေါ့်ကို ဘွားဘွားကို ခေါ်နော်။ ”

ယန်ရန်လေးရဲ့ မျက်လုံးလေးတွေက ဖျတ်ခနဲ တောက်ပသွားသည်။ “ အဒေါ်က ဘွားဘွားလား။ ”

“ အင်း။ ”

“ ဘွားဘွား နောက်ဆုံးတော့ အိမ်ပြန်လာပြီပဲ။ ”

“ ဟုတ်တယ် … ဘွားဘွား အိမ်ပြန်လာပြီ။ ” လီယောင်သည် သွက်လက်သော ခြေလှမ်းများနှင့်အတူ ယန်ရန်လေးရဲ့ လက်ကို ဆွဲ၍ မီးဖိုချောင်ထဲက ထွက်လာခဲ့လိုက်သည်။ “ လာ … သမီးရဲ့ အဖေ့ကို သွားရှာကြမယ်။ ”

အိမ်အပြင်ဘက် ခြံဝင်းထဲက လူစုက မီးရှူးမီးပန်းတွေကို ငေးမောကြည့်နေတာမို့ သူတို့နောက်ကို ထူးခြားသော အရှိန်အဝါတစ်ခု ချဉ်းကပ်လာတာကို လုံးဝ သတိမထားမိကြပေ။

“ ဘွားဘွား အိမ်ပြန်လာပြီ အဖေ။ ”

လူတိုင်း အံ့အားသင့်သွားပြီး လှည့်ကြည့်ကြသည်။

မီးရှူးမီးပန်းတွေရဲ့ မှိန်ဖျော့တစ်လှည့် ၊ တောက်ပတစ်လှည့် အလင်းရောင်အောက်မှာ ရပ်နေသူက သူတို့ နေ့ရောညပါ စောင့်မျှော်နေခဲ့ရတဲ့ လီယောင်ကလွဲလို့ တခြားသူ ဖြစ်နိုင်ဦးမလား … ။

“ အမေ … ”

“ အဒေါ်လီ … ”

“ အမျိုးသမီးလီ … ”

အကျွမ်းတဝင်ရှိခဲ့ဖူးသော မျက်နှာတွေကို မြင်ချိန်မှာ ပြုံးလိုက်သော လီယောင့်အပြုံးက နွေးထွေးသော်လည်း သူမရဲ့ အသံကတော့ ဆောင်းဦးရာသီရဲ့ နှင်းစက်တွေထက်ပင် အေးစက်နေခဲ့ပါသည်။ “ ယန်ရန်လေးကို ဓားမြှောင်ပေးထားတာ ဘယ်ခွေးကောင်လဲ။ ရှေ့ထွက်ခဲ့စမ်း ၊ ငါ နင့်ကို မသတ်ဘူးလို့ ကတိပေးတယ်။ ”

လူတိုင်းရဲ့ နှလုံးသားထဲမှာ သိမ့်ခနဲလှုပ်ရှားကာ တစ်ယောက်ကို တစ်ယောက် အကြည့်ဖလှယ်ပြီးနောက်မှာတော့ သူတို့အားလုံးဆီက ရယ်သံတွေ လျှံထွက်လာခဲ့လေသည်။

ဒီအမေ … သူတို့ရဲ့ ဒီအမေကတော့ နည်းနည်းလေးတောင် ပြောင်းလဲမသွားဘူးပဲ … ။

---

---

ပြီးပါပြီ။

All Chapters