အခန်း (၂၁၄)
Vol. 21 Ch. 214
အဆင့်နိမ့်အဆောင်စာရွက်များ ဖန်တီးခြင်းကို အဆုံးသတ်ပြီးနောက် ရှောင်ယွီသည် ပိုမိုစိန်ခေါ်မှုရှိသော အလုပ်ဖြစ်သည့် ဝိညာဉ်တုန်ခါမှုအဆောင်အချို့ကို ဖန်တီးရန် ဆုံးဖြတ်လိုက်သည်။ အဆင့် ၅ အဆောင်စာရွက်များပင် ဖြစ်သည်။ ပြီးခဲ့သော တစ်ခါကထက် သူ၏ ဝိညာဉ်ကလေးမှာ ပိုမိုတိုးတက်လာပြီဖြစ်ရာ ဤတစ်ကြိမ်တွင်မူ သူ့ကို စိတ်ပျက်စေမည်မဟုတ်ကြောင်း ယုံကြည်ချက်ရှိနေသည်။
သူသည် သင့်လျော်သော အနေအထားတွင် အခြေချပြီး ဝိညာဉ်တုန်ခါမှုအင်း ဖန်တီးသည့် နက်နဲသော လုပ်ငန်းစဉ်ကို စတင်လိုက်သည်။ ပထမအကြိမ် ကြိုးစားမှုမှာ အလွန်လွယ်ကူပြီး ဘာတုံ့ပြန်မှုမှ မရှိ။ ဒုတိယအကြိမ်လည်း လွယ်ကူဆဲပင် တုံ့ပြန်မှုမရှိပေ။ တတိယအကြိမ်မှာမှု အဆင်ပြေနေဆဲပင်။ ပဉ္စမအကြိမ်မြောက်တွင်မူ အိုး... ဟုတ်ပြီ စပြီး ဖိအားပေးလာပြီပဲ။
ဝိညာဉ်ကလေးသည် နောက်ဆုံးတွင် ပင်ပန်းနွမ်းနယ်သည့် လက္ခဏာများ စတင်ပြသလာတော့သည်။
ရှောင်ယွီသည် ယနေ့အတွက် ဤမျှဖြင့်သာ ရပ်နားရန် ဆုံးဖြတ်လိုက်သည်။ ဆက်လက်တွန်းအားပေးပါက ပြင်းထန်သော ထိခိုက်မှုမရှိဘဲ အဆောင်စာရွက် နောက်ထပ် နှစ်ခုခန့် ဖန်တီးနိုင်မည်ကို သိသော်လည်း သူကိုယ်သူ ထိန်းချုပ်လိုက်သည်။ ဝိညာဉ်ကလေးကို အလွန်အမင်း အပင်ပန်းမခံလိုခြင်းဖြစ်သည် အကြောင်းမှာ ရှေ့လာမည့် တစ်နေ့တာလုံး သူ၏ စိတ်အဆင့်ကို ကျင့်ကြံရန် ၎င်းကို လိုအပ်နေသေးသောကြောင့်ပင်။ ယခု အလုပ်အကျိုးအမြတ်ထက် ရေရှည်တိုးတက်မှုကို ပို၍ ငဲ့ကွက်ရပေမည်။
ဤပြင်းထန်သော ဖန်တီးမှုလုပ်ငန်းစဉ်အတွင်း သူသည် စတုတ္ထအဆင့် အဆောင်စာရွက်ဖန်တီးသူ အဖြစ်သို့ အဆင့်တက်သွားခဲ့သည်။ သို့သော် ၎င်းမှာ စနစ်ကို အသုံးပြု၍ အဆင့်တက်ခြင်းမဟုတ်သည့်အတွက် စနစ်ကပေးလေ့ရှိသော ထိုးထွင်းသိမြင်မှုနှင့် အသိပညာဗဟုသုတများ ရုတ်တရက် ရရှိလာခြင်းမျိုး မရှိပေ။ သူသည် သူ၏ စွမ်းရည်အသစ်များကို စူးစမ်းရန်ပင် မကြိုးစားတော့ဘဲ နောက်တစ်ကြိမ် စနစ်ပြန်လည်သတ်မှတ်ချိန်မှ ရရှိမည့် ဗဟုသုတများကိုသာ စိတ်ရှည်စွာ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
ယင်းအခြေအနေကို ကျေနပ်သဖြင့် ရှောင်ယွီသည် သူ၏နေရာမှ ထလိုက်ပြီး ဝိညာဉ်ကြောအတွင်းမှ ထွက်ခွာလာခဲ့သည်။ သူ မရှိခိုက် ပန်းပဲပညာရှင်လောင်းများ မည်သို့ရှိနေကြသည်ကို သွားရောက်စစ်ဆေးရန် အချိန်တန်ပြီ မဟုတ်ပါလား။
သူ ပန်းပဲပညာပညာကျောင်းသို့ ပြန်ရောက်သောအခါ မြင်လိုက်ရသော မြင်ကွင်းမှာ ပရမ်းပတာ ဖရိုဖရဲဖြစ်နေသည့် ဘေးဒုက္ခတစ်ခုနှင့်ပင် တူလှသည်။ အရာအားလုံးမှာ ရှုပ်ပွနေသည်။ အရည်ပျော်နေသော သတ္တုပူများမှာ ကျောက်ခင်းကြမ်းပြင်ပေါ်တွင် ဖရိုဖရဲ စင်ထွက်နေပြီး အပူရှိန်များ တရှိရှိ ထွက်နေသည့် အန္တရာယ်ရှိသော အရည်ကန်ငယ်လေးများ ဖြစ်ပေါ်နေသည်။ တပည့်အချို့မှာလည်း ဒဏ်ရာကိုယ်စီနှင့်မျက်ခုံးများ မီးဟပ်ခံထားရသူ လက်တွင် ပတ်တီးစည်းထားရသူနှင့် ဝတ်ရုံများတွင် မီးလောင်ပေါက်များ ဖြစ်နေသူများကို တွေ့ရသည်။ တူထုသံများမှာလည်း အခန်းအနှံ့ ဆူညံစွာ ပဲ့တင်ထပ်နေပြီး ထိုအသံများမှာ စနစ်တကျ ထိန်းချုပ်မှုမရှိကြောင်း ရှင်းလင်းနေသဖြင့် အားရစရာမရှိလှပေ။
သူတို့ကို ဘယ်သူမှ မကြီးကြပ်ဘဲ ထားခဲ့မိသော သူ၏အမှားလည်း ပါသော်လည်း ဤမျှအထိ ပရမ်းပတာဖြစ်သွားရန်မှာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူတို့သည် ကျင့်ကြံသူများဖြစ်ကြရာ အန္တရာယ်ရှိသော အခြေအနေများကို ကိုင်တွယ်ရာတွင် အတွေ့အကြုံမရှိသူများလည်း မဟုတ်ကြပေ။
ရှောင်ယွီသည် သူ၏ ချီစွမ်းအင်ကို အသုံးပြု၍ အသံကို ကျယ်လောင်စေလိုက်ပြီး ထိုဆူညံသံများကို ဖောက်ထွက်ကာ "အချိန်စေ့ပြီ အားလုံး ရပ်လိုက်ကြ" ဟု အမိန့်ပေးလိုက်သည်။
သူ၏ ဟိန်းထွက်လာသော အသံမှာ ဓားတစ်စင်းကဲ့သို့ ဆူညံသံအားလုံးကို ဖြတ်တောက်လိုက်ရာ တပည့်တိုင်းမှာ လှုပ်ရှားနေရင်း တန်းလန်းဖြင့် ကျောက်ရုပ်များကဲ့သို့ ငြိမ်သက်သွားကြသည်။ ရွယ်ထားသော တူများမှာ လေထဲတွင် ရပ်တန့်သွားပြီး ရုတ်တရက် ဖြစ်ပေါ်လာသော တိတ်ဆိတ်မှုမှာ စောစောက ဆူညံသံများကဲ့သို့ပင် ရင်လေးစရာ ကောင်းနေသည်။
ထို့နောက် ရှောင်ယွီသည် တပည့်များကြားတွင် စနစ်တကျ လှည့်လည်ကြည့်ရှုပြီး သူတို့၏ လက်ရာများကို စစ်ဆေးကာ အားနာခြင်းမရှိဘဲ တည့်တည့်လင်းလင်းပင် အမှတ်ပေးတော့သည်။
"ကျရှုံး ကျရှုံး ကျရှုံး ကျရှုံး အောင်မြင်"
တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းရင်း ကြေညာသွားသည်။
နောက်ဆုံးတွင် ရလဒ်မှာ အတော်လေး စိတ်ပျက်စရာ ကောင်းလှသည်။ စိတ်အားထက်သန်စွာ လာရောက်ဖြေဆိုသူ တပည့်တစ်ရာနီးပါးအနက် ၁၂ ဦးသာ သူ၏ စံနှုန်းကို မှီပြီး အောင်မြင်ခဲ့ကြသည်။ အောင်မြင်သူအများစုမှာ အမျိုးသားများဖြစ်ကြပြီး သူတို့၏ သန်မာသော ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် မီးဖိုမှ ပြင်းထန်သောအပူရှိန်နှင့် ပင်ပန်းလှသော တူထုခြင်းလုပ်ငန်းစဉ်ကို ပိုမိုခံနိုင်ရည် ရှိကြခြင်းဖြစ်သည်။
ငါ ဒီကျောင်းသားတွေအတွက် ဒါမှမဟုတ် ဂိုဏ်းတစ်ခုလုံးအတွက် ခန္ဓာကိုယ်ကျင့်ကြံမှုကျမ်းစာတစ်ခု ဖန်တီးပေးဖို့ လိုအပ်နေပြီပဲ။
သူ တွေးလိုက်မိသည်။ သူတို့ဂိုဏ်းတွင် ခန္ဓာကိုယ်ကျင့်ကြံမှုကို အလေးထားလုပ်ဆောင်သူ မရှိသလောက် နည်းပါးပုံရပြီး ထို့ကြောင့်ပင် ယခုကဲ့သို့ ကိုယ်လက်ကြံ့ခိုင်မှုပိုင်းတွင် အားနည်းနေကြခြင်းဖြစ်သည်။
အောင်မြင်သူများထဲတွင် သိသိသာသာ ထူးခြားထင်ရှားနေသည့် ပုဂ္ဂိုလ်တစ်ဦးထံသို့ သူ၏ အကြည့်က ရောက်သွားသည်။ ရှောင်ယွီကိုယ်တိုင်မှာ အရပ်အမောင်း မနိမ့်လှသော်လည်း သူ၏အပေါ်မှ အရိပ်မိုးနေလောက်အောင် ကြီးမားထွားကျိုင်းလှသော တပည့်တစ်ဦးကို မော့ကြည့်ရင်း "မင်းနာမည်က ဘယ်သူလဲ" ဟု မေးလိုက်လေသည်။
“အကြီးအကဲ... ကျွန်တော့်နာမည်က ကျူးရုံပါ”
ထိုလူထွားကြီးက လေးနက်ရိုသေသော အသံဖြင့် ပြန်ဖြေသည်။
ရှောင်ယွီသည် ရင်းနှီးနေသော ထိုနာမည်ကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း ကျေနပ်သည့်အမူအရာဖြင့် ပြုံးပြလိုက်သည်။
“ကောင်းပြီ... မင်းက ဒီမှာရှိတဲ့သူအားလုံးထဲမှာ အတော်ဆုံးပဲ။ ဒီနေ့ကစပြီး မင်းကို ပန်းပဲပညာပညာကျောင်း ရဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်တယ်။ ဥက္ကဋ္ဌချုပ် လျူချင်းကို သွားရှာလိုက်ပါ သူမက မင်းရဲ့ တာဝန်ဝတ္တရားတွေကို ရှင်းပြပေးလိမ့်မယ်”
ထိုတပည့်ထွားကြီးမှာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကိုယ်ကိုပို၍ မတ်လိုက်ပြီး “အကြီးအကဲရဲ့ ညွှန်ကြားချက်အတိုင်း နာခံပါ့မယ်”
ထိုသို့ပြောကာ သူ၏ ဧရာမခန္ဓာကိုယ်ကြီးဖြင့် အရိုအသေပေးလိုက်သည်။ ထို့နောက် ကျန်ရှိသော အောင်မြင်သည့် တပည့်များနှင့်အတူ ထွက်ခွာသွားတော့သည်။
...
“ဒေါ်လေး... အဆင့်တက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်”
ရှောင်ယွီက နွေးထွေးစွာ ပြောဆိုရင်း သူမ၏ ဟင်းပွဲကို ဂရုတစိုက် တည်ခင်းပေးလိုက်သည်။
အကြီးအကဲဟွမ်သည် သူမ၏ အစားအစာကို ငုံ့ကြည့်လိုက်ပြီးနောက် အခြားသူများ၏ ဟင်းပွဲများကိုလည်း စပ်စုသလို လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်ခုံးများမှာ ဇဝေဇဝါဖြစ်မှုကြောင့် အနည်းငယ် တွန့်ချိုးသွားကာ “ဘာလို့ ငါ့ဟင်းပွဲက ဟိုအဘိုးကြီးပွဲနဲ့ မတူတာလဲ” ဟု အကြီးအကဲကောင်း၏ ပန်းကန်ကို ညွှန်ပြရင်း မေးလိုက်သည်။ လီယောင်းမှာ ဒုတိယအဆင့် အစားအစာများကို စားသည်ကို သူမ နားလည်ထားသော်လည်း ယနေ့ သူမအား ပေးထားသည့်အရာမှာ အဘယ်ကြောင့် ထူးခြားနေရတာလဲ။
“ဒေါ်လေး အဆင့်တက်သွားပြီဆိုတော့ အဆင့်မြင့် ဝိညာဉ်အစားအစာတွေကို ခံနိုင်ရည်ရှိနေပြီလေ”
ရှောင်ယွီက ရှင်းပြသည်။
“ကျွန်တော်က ဒုတိယအဆင့် ကျွေးမလို့ပါပဲ ဒါပေမဲ့ ဒေါ်လေးက အခုမှ အဆင့်တက်ကာစဆိုတော့ အခြေခံက မတည်ငြိမ်သေးဘူး။ ဒီ တတိယအဆင့် အစားအစာက ဒေါ်လေးရဲ့ အခြေခံကို ကောင်းကောင်း တည်ငြိမ်သွားအောင် ကူညီပေးလိမ့်မယ်”
ထိုရှင်းပြချက်ကို ကြားလိုက်ရသောအခါ သူမ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပျံ့နှံ့သွားသည်။
“ဪ... အဲဒါကြောင့်ကိုး။ ကျေးဇူးတင်ပါတယ် တူလေးရာ”
သူမက စစ်မှန်သော ကျေးဇူးတင်စိတ်ဖြင့် ပြောလိုက်သည်။
“ဒေါ်လေးကလည်း... ဘာလို့ အမြဲတမ်း အဲဒီလို လူစိမ်းဆန်ဆန် ပြောနေတာလဲ”
ရှောင်ယွီက ငြီးငွေ့သလို ပြောလိုက်သော်လည်း သူ၏ လေသံမှာ ချစ်ခင်မှုများ ပါဝင်နေသည်။
“ဟားဟား... အကျင့်ဖြစ်နေလို့ပါ”
သူမက သာသာယာယာ ရယ်မောရင်း တူကို ကောက်ကိုင်လိုက်သည်။
တစ်ချိန်တည်းမှာပင် အကြီးအကဲကောင်းမှာမူ ထိတ်လန့်တကြားဖြင့် မျက်လုံးအပြူးသား ဖြစ်နေတော့သည်။
နေပါဦး... သူမက အခု အဆင့်မြင့်အစားအစာတွေ စားနေပြီဆိုရင် သူမရဲ့ စွမ်းအားက ပိုမြန်တဲ့နှုန်းနဲ့ တိုးတက်လာတော့မှာပေါ့။ ငါက ဘယ်တော့မှ သူမကို မှီမှာလဲ တောက်... ငါကတော့ တစ်သက်လုံး သူမအောက်မှာပဲ နေရတော့မှာလား။
ထိုအတွေးကြောင့် သူသည် မျက်မှောင်ကြုတ်ကာ အစားအစာကို စိတ်တိုတိုဖြင့် ထိုးဆွစားသောက်နေတော့သည်။
“ဒေါ်လေး... အဆင်သင့်ဖြစ်ပြီလား”
လီယောင်းက မျှော်လင့်တကြီး လှမ်းမေးလိုက်သည်။
အကြီးအကဲဟွမ်သည် အကြီးအကဲကောင်းကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်ရင်း တောက်ပသော အပြုံးဖြင့် “ဒါပေါ့... အဆင်သင့်ဖြစ်တာထက်တောင် ပိုသေးတယ်” ဟု ယုံကြည်ချက်ရှိရှိ ပြန်ဖြေသည်။
“ဪ... ကျွန်တော် တစ်ခု သတိရလိုက်တယ်”
ရှောင်ယွီက ရုတ်တရက် လေသံကို ခပ်တည်တည် ပြောင်းလိုက်သည်။
“မင်္ဂလာပွဲမှာ ဒုတိယအကြိမ် ဦးချခြင်းကို ဘယ်သူ့ကို လုပ်ကြမှာလဲ ဆရာတို့က ကျွန်တော့်ကိုရော ဂျူနီယာညီမလေးကိုပါ ဦးချဖို့တော့ မစဉ်းစားထားဘူး မဟုတ်လား ကျွန်တော်က အကြီးအကဲဖြစ်နေပြီဆိုပေမဲ့လည်း အဲဒါကိုတော့ လုံးဝ သဘောမတူနိုင်ဘူးနော်”
အားလုံးမှာ ရုတ်တရက် အစားစားခြင်းကို ရပ်တန့်သွားကြပြီး တူကိုင်ထားသော လက်များမှာ လေထဲတွင် တန့်သွားတော့သည်။ အကြီးအကဲကောင်းနှင့် အကြီးအကဲဟွမ်တို့မှာ မသေချာသော အမူအရာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး လီယောင်းကမူ ဘာမှမသိသလိုပင် တိတ်ဆိတ်စွာ ဆက်လက်စားသောက်နေလေတော့သည်။
ရှေးရိုးရာ မင်္ဂလာပွဲရဲ့ ဦးချခြင်းအစဉ်အလာမှာ ဒုတိယအကြိမ်က မိဘတွေကို ဦးချရတာဖြစ်ပေမဲ့ သူတို့နှစ်ဦးမှာ မိဘမရှိတာကြောင့် ဘယ်သူ့ကို အစားထိုး ဦးချကြမလဲ။
“ငါ့မိဘတွေအကြောင်းတော့ ငါလည်းမသိဘူး”
အကြီးအကဲကောင်းက စကားစလိုက်သည်။
“ဂိုဏ်းချုပ်ကြီးကတော့ သူ ငါ့အဖေကို သိတယ်လို့ ပြောဖူးတယ် ဒါပေမဲ့ ငါက ပိုပြီးသိဖို့ စိတ်မဝင်စားခဲ့ဘူး။ ငါ့အတွက်တော့ ယခင်ဂိုဏ်းချုပ်ကသာ ငါ့အဖေပဲ”
အကြီးအကဲဟွမ်မှာမူ တစ်စုံတစ်ခုကို အသည်းအသန် စဉ်းစားနေပုံရပြီးမှ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် “ငါ... ငါ့မိဘတွေက... မရှိတော့ဘူး ငါ့မှာ မိဘမရှိဘူး” ဟု ရုတ်တရက် ပြတ်သားစွာ ကြေညာလိုက်သည်။
သူတို့သုံးဦးလုံးမှာ အနေခက်သော တိတ်ဆိတ်မှုဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေမိကြသည်။ မင်္ဂလာပွဲစီစဉ်မှုမှာ မထင်မှတ်ထားသော အခက်အခဲတစ်ခုနှင့် ရင်ဆိုင်လိုက်ရခြင်းပင်။
လီယောင်းက အစားကို ဆက်စားရင်းနှင့်ပင် ထိုတိတ်ဆိတ်မှုကို ဖြတ်ကျော်ကာ အကြံပေးလိုက်သည်။
“အကြီးအကဲ ဖုန်းဝူယင်းကို အစားထိုး ဦးချရင်ကော သူက ဆရာကြီးနဲ့ မျိုးဆက်တူရုံတင်မကဘူး သွေးသောက်ညီအစ်ကိုတွေတောင် ဖြစ်ခဲ့ကြတာပဲလေ”
ထိုစကားကို ကြားသောအခါ ကျန်သုံးဦးစလုံး၏ မျက်နှာတွင် အဖြေရသွားသည့် အရိပ်အယောင်များ ပေါ်လာသည်။
“ဪ... ဟုတ်သားပဲ အဲဒီလိုလုပ်ရင် ရတာပဲ”
အကြီးအကဲဟွမ်က စိတ်သက်သာရာရသွားသော လေသံဖြင့် ရယ်မောရင်း ပြောလိုက်သည်။ “ဒါပေမဲ့ သူက အခု ကျင့်ကြံရင်း ဂူအောင်းနေတာလေ။ ငါသွားပြီး ပြောကြည့်ရမလား...”
“မလိုပါဘူး ငါပဲ သွားပြောလိုက်မယ်”
အကြီးအကဲကောင်းက ပြတ်သားစွာ ဆိုလိုက်ပြီး ထိုင်ခုံကို နောက်သို့တွန်းကာ မတ်တတ်ထရပ်လိုက်တော့သည်။
တရုတ်ရိုးရာ မင်္ဂလာပွဲများတွင် ဦးချခြင်း သုံးကြိမ်ဟူသော အလေ့အထရှိပြီး ၎င်းမှာ ကွန်ဖြူးရှပ်ဝါဒ၏ ကောင်းကင်ဘုံကို ရိုသေခြင်း မိဘဘိုးဘွားများကို ဂုဏ်ပြုခြင်းနှင့် အိမ်ထောင်ရေး သဟဇာတဖြစ်ခြင်းတို့ကို ကိုယ်စားပြုသည်။
ပထမအကြိမ် ဦးချခြင်းမှာကောင်းကင်နှင့် မြေကြီးကို ဦးချခြင်းဖြစ်သည်။ စကြဝဠာ သဘာဝတရားနှင့် သူတို့ကို ဆုံစည်းပေးခဲ့သော ကောင်းကင်ဘုံ၏ အလိုတော်ကို ဂုဏ်ပြုခြင်းဖြစ်သည်။
ဒုတိယအကြိမ် ဦးချခြင်းမှာ မိဘ သို့မဟုတ် ဘိုးဘွားများကို ဦးချခြင်းဖြစ်သည်။ မိမိတို့ကို ပြုစုပျိုးထောင်ပေးခဲ့သော မိဘများအား ကျေးဇူးဆပ်ခြင်းနှင့် အိမ်ထောင်ရေးအတွက် ကောင်းချီးတောင်းခံခြင်းဖြစ်သည်။
တတိယအကြိမ် ဦးချခြင်းမှာ ဇနီးမောင်နှံ အချင်းချင်း ဦးချခြင်းဖြစ်သည်။ တစ်ဦးကိုတစ်ဦး တန်းတူရည်တူ အပြန်အလှန် လေးစားမှုရှိရန်နှင့် ဘဝတစ်ခုလုံးကို အတူတူ လက်တွဲသွားရန် ကတိပြုခြင်းဖြစ်သည်။
ယခုကိစ္စတွင် အကြီးအကဲကောင်းနှင့် ဟွမ်တို့သည် လက်ရှိဂိုဏ်းချုပ်နှင့် အကြီးအကဲချုပ်တို့ကို ဦးချရန် သင့်သော်လည်း ရှောင်ယွီတို့ မောင်နှမကမူ သူတို့၏ ဦးကြီးဒေါ်လေး အရွယ်များကို သူတို့အား ပြန်လည်ဦးချခိုင်းရန်မှာ အလွန်ပင် ခက်ခဲသော ကိစ္စဖြစ်နေသည်။ ထို့ကြောင့် ဖုန်းဝူယင်းကို အစားထိုးလိုက်ခြင်းမှာ အကောင်းဆုံး အဖြေတစ်ခုပင်။