အခန်း (၂၁၅)
Vol. 21 Ch. 215
နေ့လယ်စာ စားပြီးနောက် ရှောင်ယွီသည် ဝိညာဉ်ကြောဆီသို့ တန်းမပြန်သေးဘဲ သူ၏ စိတ်ထဲတွင် ကျန်ရှိနေသော အတတ်ပညာဆောင်ဆိုင်ရာ ကိစ္စရပ်များကို အပြီးသတ်ရန် ဆုံးဖြတ်လိုက်သည်။ ကျန်ရှိနေသေးသော ကျောင်းများအတွက် ဝင်ခွင့်စာမေးပွဲများကို သူ အမြန်ဆုံး ဆောင်ရွက်ပေးရန် လိုအပ်နေသောကြောင့် ဖြစ်သည်။
သူသည် လျူချင်းကို အတတ်ပညာဆောင်၏ ပင်မရုံးခန်းအနီးတွင် စာရွက်စာတမ်းများ စီစဉ်နေစဉ် သွားရောက်တွေ့ဆုံခဲ့သည်။
"ကျန်နေတဲ့ အဂ္ဂိရတ်ပညာ၊ အကဲဖြတ်အတတ်ပညာနဲ့ စိုက်ပျိုးရေးကျောင်းတွေကို တက်
ချင်တဲ့သူတွေကို ဒီနေ့ ဝင်ခွင့်စစ်မယ်လို့ သွားပြောလိုက်ပါ"
သူက ညွှန်ကြားလိုက်သည်။
လျူချင်းက တက်ကြွစွာ ခေါင်းငြိတ်ကာ လျှောက်ထားသူများကို စုစည်းရန် ချက်ချင်း ထွက်ခွာသွားတော့သည်။
ရှောင်ယွီသည် မွန်းလွဲပိုင်း နေရောင်ခြည်ကို ကြည့်ရင်း အနည်းငယ် မျက်နှာပျက်သွားသည်။ အမှန်ဆိုလျှင် ယခုအချိန်မှာ သူ၏ အစီအရင်အတတ်ပညာကို လေ့ကျင့်ရမည့်အချိန် ဖြစ်သည်။ ဂိုဏ်းအတွက် နောက်ထပ် ကာကွယ်ရေးအစီအရင်တစ်ခု ဖန်တီးခွင့် မရတော့ဘူးဟု တွေးမိတိုင်း သူ၏ ရင်ထဲတွင် တကယ်ပင် နှမြောတသဖြစ်မိသည်။ သို့သော်လည်း ဤကိစ္စကို အကြာကြီး တွေးမနေရန် သူကိုယ်သူ အတင်းအားပေးလိုက်သည်။ သူ၏ အစီအရင်အတတ်ပညာမှာ နောက်တစ်ဆင့်သို့ တက်လှမ်းရန် ထက်ဝက်ကျော် ရောက်ရှိနေပြီဖြစ်ရာ ယနေ့ သူ လေ့ကျင့်သည်ဖြစ်စေ မလေ့ကျင့်သည်ဖြစ်စေ နောက်တစ်ကြိမ် စနစ်ပြန်လည်သတ်မှတ်ချိန်တွင်မူ အဆင့်တက်သွားမည်မှာ သေချာသည်။ အနည်းဆုံးတော့ အတွေ့အကြုံမှတ်အားလုံး ဆုံးရှုံးသွားမည် မဟုတ်ပေ။
မိနစ်အနည်းငယ်အတွင်းမှာပင် တပည့်အုပ်စုကြီးမှာ အတတ်ပညာဆောင်၏ အလယ်ဗဟိုရင်ပြင်၌ စုရုံးရောက်ရှိလာကြသည်။ သူတို့၏ မျက်နှာထက်တွင် စိုးရိမ်စိတ်နှင့် ပြတ်သားသော သန္နိဋ္ဌာန်တို့ ရောပြွမ်းနေကြသည်။ ရှောင်ယွီသည် သူတို့ကို သူတို့ ရွေးချယ်ထားသော ဘာသာရပ်များအလိုက် အုပ်စုသုံးစု ခွဲလိုက်ပြီး ရင်ပြင်၏ သီးခြားနေရာအသီးသီးတွင် စုခိုင်းလိုက်သည်။
သူသည် အဂ္ဂိရတ်ပညာအုပ်စုမှ စတင်ရန် ဆုံးဖြတ်လိုက်သည်။ ဤစစ်ဆေးမှုမှာ အချိန်အကြာဆုံး ဖြစ်နိုင်သည်ဟု သူ သိနေသောကြောင့် ဖြစ်သည်။ ဤအုပ်စုတွင် တပည့်ပေါင်း ငါးဆယ်ကျော်ပါဝင်ပြီး အားလုံးက သူ့ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြသည်။
သူတို့ကို အဂ္ဂိရတ်ပညာကျောင်းဆောင်အတွင်းသို့ ဦးဆောင်ခေါ်သွားစဉ် ရှောင်ယွီသည် စောစောက ပန်းပဲပညာပညာကျောင်းတွင် ဖြစ်ပျက်ခဲ့သော ပရမ်းပတာ ဘေးဒုက္ခမှ သင်ခန်းစာ ကောင်းကောင်းရထားပြီး ဖြစ်သည်။ ထို့ကြောင့် ဤကျောင်းသားများကို ဆေးလုံးအစစ်အမှန် ဖော်စပ်ခိုင်းရန် သူ လုံးဝ စိတ်မကူးတော့ပေ။ ပထမအချက်မှာ ဆေးလုံးဖော်စပ်ခြင်းသည် လက်နက်ဖန်တီးခြင်းထက် အဆပေါင်းများစွာ ပိုမိုခက်ခဲပြီး အခြေခံမရှိသူများအတွက်မူ မဖြစ်နိုင်သလောက်ပင်။ ဒုတိယအချက်မှာ ကျောင်းကို တရားဝင် မဖွင့်ရသေးမီမှာပင် ဆေးဖိုများ ပေါက်ကွဲပြီး အဆောက်အဦကြီး ပျက်စီးသွားမည်ကို သူ လုံးဝ အဖြစ်မခံနိုင်ခြင်းကြောင့်ပင်။
သူ၏ဒေါ်လေးသည် ဤအတတ်ပညာဆောင်အတွင်း၌ပင် သူမ၏ မင်္ဂလာပွဲအခမ်းအနားကို ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ပြီး အဆောက်အဦတစ်ခုလုံး၏ ဆောက်လုပ်ရေးစရိတ်ကိုလည်း သူမကိုယ်တိုင် ထောက်ပံ့ပေးထားခြင်းဖြစ်သည်။ ထို့ကြောင့် သူမကိုယ်တိုင် တရားဝင်မဖွင့်လှစ်ရသေးမီ ဤနေရာကို ပျက်စီးအောင်လုပ်ခြင်းက သူမအပေါ် ရိုသေမှုကင်းမဲ့ရာ ရောက်ပေလိမ့်မည်။ အမှန်တကယ်ဆိုလျှင် မင်္ဂလာအခမ်းအနားမကျင်းပမီ အဆောက်အဦကို အသုံးပြုလိုက်ခြင်းမှာ ကံဆိုးခြင်းများကိုပင် သယ်ဆောင်လာနိုင်သဖြင့် သူ၏ဒေါ်လေးအနေဖြင့် ဤကိစ္စကို စိတ်ခုမသွားပါစေနှင့်ဟု သူ အလေးအနက် ဆုတောင်းနေမိသည်။
အဂ္ဂိရတ်ပညာဝင်ခွင့်စစ်ဆေးမှုအတွက် ရှောင်ယွီသည် လုံးဝကွဲပြားခြားနားသော အစီအစဉ်တစ်ခုကို ပြင်ဆင်ထားသည်။ သူသည် သူ၏သိုလှောင်လက်စွပ်အတွင်းသို့ လက်နှိုက်ကာ ထူထဲလှသော သားရေဖုံးစာအုပ်အထပ်ကြီးကို ထုတ်ယူလိုက်သည်။ ထိုစာအုပ်တစ်အုပ်ချင်းစီမှာ လက်နက်တစ်ခုအဖြစ် အသုံးပြုနိုင်လောက်အောင်ပင် ထုထည်ကြီးမားလှသည်။
သူသည် စာသင်ခန်း၏ ရှေ့တွင်ရပ်ကာ အားလုံးမြင်နိုင်စေရန် ထိုဧရာမစာအုပ်ကြီးတစ်အုပ်ကို မြှောက်ပြလိုက်သည်။
“ဒါက ဆေးဖက်ဝင်အပင်များဆိုင်ရာ အဘိဓာန်ပဲ”
သူက ရှင်းပြလိုက်ရာ သူ၏အသံမှာ အခန်းအတွင်း၌ ရှင်းလင်းစွာ ပဲ့တင်ထပ်သွားသည်။
“ဒီစာအုပ်ထဲမှာ ငါသိထားတဲ့ ဆေးဖက်ဝင်အပင်တွေအားလုံးရဲ့ အာနိသင်တွေ ဂုဏ်သတ္တိတွေနဲ့ အပင်အချင်းချင်း ဓာတ်ပြုပုံတွေကို ဖော်ပြထားတယ်။ ကိုးဆင့်မြောက် ဆေးပင်တွေအကြောင်းပေါ့။”
တပည့်များသည် ထိုခန့်ညားလှသော စာအုပ်ကြီးကို အံ့ဩမှု ကြောက်ရွံ့မှုတို့ ရောပြွမ်းလျက် ရှေ့သို့တိုး၍ အသေအချာ လေ့လာကြတော့သည်။
“မင်းတို့လုပ်ရမယ့် အလုပ်က တကယ်တော့ ရိုးရိုးလေးပါပဲ”
ရှောင်ယွီက ဆက်လက်ပြောကြားရင်း အခန်း၏နောက်ဘက် နံရံတွင် စီထားသော သစ်သားသေတ္တာများကို ညွှန်ပြလိုက်သည်။
“မင်းတို့တစ်ယောက်ချင်းစီက ဒီအဘိဓာန်တစ်အုပ်စီ ယူရမယ်။ ဒီစာအုပ်ထဲမှာပါတဲ့ ဆေးပင်တွေကို ဟိုနောက်က သေတ္တာတွေထဲမှာ ရှာလို့ရတယ်။ မင်းတို့ရဲ့တာဝန်ကတော့ ဒီလမ်းညွှန်စာအုပ်ကို အသုံးပြုပြီး အဲဒီဆေးပင်တွေနဲ့ ကြိုက်နှစ်သက်ရာ ဆေးရည်တစ်မျိုး ဖန်တီးဖို့ပဲ”
သူသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် “အဆိပ်ကလွဲလို့ ကျန်တာ ကြိုက်တာဖော်စပ်လို့ရတယ်” ဟု လျင်မြန်စွာ ထပ်လောင်းပြောကြားလိုက်သည်။
သူတို့ ညွှန်ကြားချက်ကို အပြည့်အဝ နားလည် မလည်ကိုပင် စောင့်မကြည့်တော့ဘဲ ရှောင်ယွီသည် အပြင်ဘက်သို့ စတင်ထွက်ခွာလိုက်သည်။
“ငါပြန်လာတဲ့အထိ မင်းတို့မှာ အချိန်ရှိတယ်။ အချိန်စပြီ”
ထိုစကားအဆုံးတွင် တပည့်များသည် ဧရာမအဘိဓာန်စာအုပ်ကြီးများကို ကိုယ်စီရရှိရန် ရုန်းရင်းဆန်ခတ် တိုးဝှေ့ပြေးလွှားကြတော့သည်။ အချို့မှာ စိတ်အားထက်သန်လွန်းသဖြင့် တစ်ဦးနှင့်တစ်ဦး တိုက်မိမတတ် ဖြစ်သွားကြပြီး အချို့မှာမူ စာအုပ်ကိုရသည်နှင့် စာမျက်နှာများကို အသည်းအသန် လှန်လှောကာ အာရုံစိုက်၍ လေ့လာနေကြတော့သည်။
ရှောင်ယွီသည် တံခါးဝသို့ ရောက်ရှိချိန်တွင် ခေတ္တရပ်နားကာ အလုပ်ရှုပ်နေကြသော ကျောင်းသားများကို လှည့်ကြည့်လိုက်သည်။
“တစ်ခုတော့ မှတ်ထားကြဦး”
သူက အနည်းငယ် ပြုံးရင်း ပြောလိုက်သည်။
“ကောင်းကျိုးပေးတဲ့ ဆေးပင်နှစ်မျိုးကို ရောစပ်လိုက်တိုင်း အမြဲတမ်း ကောင်းကျိုးရမယ်လို့ မထင်နဲ့ဦးနော်”
ထိုသို့ နိမိတ်မကောင်းသော သတိပေးချက်ကို ချန်ထားရစ်ခဲ့ပြီးနောက် သူသည် အခန်းပြင်သို့ ထွက်ကာ တံခါးကို ပိတ်လိုက်လေသည်။ အဂ္ဂိရတ်ပညာ လျှောက်ထားသူများမှာမူ သူတို့၏ ကံကြမ္မာအတိုင်း ရုန်းကန်ကြရတော့မည်ဖြစ်သည်။
နောက်ထပ် အလှည့်မှာမူ အကဲဖြတ်အတတ်ပညာနှင့် စိုက်ပျိုးရေးပညာ လျှောက်ထားသူများ ဖြစ်သည်။ စိုက်ပျိုးရေး ကျောင်းသားလောင်းများကို စမ်းသပ်ရန်အတွက်မူ ရှောင်ယွီ အနည်းငယ် အကြံအိုက်နေမိသည်။ လက်တွေ့သရုပ်ပြသနိုင်သော အခြားအတတ်ပညာများနှင့်မတူဘဲ စိုက်ပျိုးရေးပညာမှာ သီအိုရီနှင့် အတွေ့အကြုံပေါ်တွင် ပိုမိုအခြေခံသောကြောင့်ဖြစ်သည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူတို့ကို စာမေးပွဲဖြေဆိုခိုင်းရန်သာ ဆုံးဖြတ်လိုက်တော့သည်။
ဆေးပညာကျောင်းသားများကဲ့သို့ ရှောင်ယွီ၏ ကုသမှုများကို ကြိုတင်လေ့လာခွင့် မရရှိခဲ့ကြသဖြင့် သူတို့သည် လုံးဝဗဟုသုတမရှိဘဲ ဝင်ရောက်ဖြေဆိုကြရမည်ဖြစ်သည်။ ဆိုလိုသည်မှာ လူအများအပြား ကျရှုံးနိုင်ခြေရှိသော်လည်း ၎င်းမှာ အလွတ်ကျက်နိုင်စွမ်းထက် ပင်ကိုယ်အသိဉာဏ်ကို ပိုမိုစစ်ဆေးရာရောက်သဖြင့် ဤနည်းလမ်းက ပို၍တိကျပေလိမ့်မည်။
...
ဓားခန်းမတွင်မူ အကြီးအကဲကောင်းသည် အကြီးအကဲ ဖုန်းဝူယင်းဂူအောင်းကျင့်ကြံရာ အခန်းရှေ့တွင် ရပ်နေသည်။
“မင်း တံခါးမခေါက်တော့ဘူးလား”
အခန်းအတွင်းမှ အသံတစ်သံ ထွက်ပေါ်လာပြီးနောက် တံခါးမှာ အလိုအလျောက် ပွင့်သွားတော့သည်။
“ဦးလေး... ကျင့်ကြံနေတာ မဟုတ်ဘူးလား”
အကြီးအကဲကောင်းက အံ့အားသင့်စွာ မေးမြန်းရင်း အခန်းထဲသို့ ဖြည်းဖြည်းချင်း ဝင်လာခဲ့သည်။ သူသည် တံခါးဝတွင် သူ၏ ဖိနပ်များကို သေသေချာချာ ချွတ်ထားခဲ့လေသည်။
“ကျင့်ကြံနေတာပါပဲ... တစ်စုံတစ်ယောက် အဆင့်တက်သွားတဲ့ အသံကို မကြားခင်အထိပေါ့”
အကြီးအကဲကြီးက တည်ငြိမ်စွာ ပြန်ဖြေသည်။ သူသည် သူ၏ရှေ့၌ ဒုတိယမြောက် တရားထိုင်ကော်ဇောတစ်ခုကို ချထားပေးပြီး လက်ဖက်ရည် စတင်ငှဲ့တော့သည်။
“အဲဒါ မင်းလား”
“မဟုတ်ပါဘူး ဂျူနီယာညီမလေးဟွမ်ပါ”
အကြီးအကဲကောင်းက ကော်ဇောပေါ်တွင် ဝင်ထိုင်ရင်း ကမ်းပေးလာသော လက်ဖက်ရည်ကို ခံယူကာ ဂရုတစိုက် တစ်ငုံနှစ်ငုံ သောက်လိုက်သည်။
“သူ့ကို အခုထိ အဲဒီလိုပဲ ခေါ်နေတုန်းလား”
အကြီးအကဲကြီးက အဓိပ္ပာယ်ပါသော အပြုံးဖြင့် မေးလိုက်သည်။
အကြီးအကဲကောင်း ခေတ္တမျှ မှင်သက်သွားပြီး လက်ဖက်ရည်ခွက်မှာ နှုတ်ခမ်းနား၌ တန့်သွားသည်။ ထို့နောက် ကျန်ရှိသော လက်ဖက်ရည်အားလုံးကို တစ်ကျိုက်တည်း သောက်ချလိုက်ပြီး ခွက်ကို စားပွဲပေါ်သို့ ပြတ်သားစွာ ချလိုက်လေသည်။ သူသည် မတုန်မလှုပ်သော သန္နိဋ္ဌာန်များဖြင့် သူ၏ ဦးလေးကို တည့်တည့်ကြည့်လိုက်ပြီး….
“အဲဒီခေါ်ပုံကို ကျွန်တော် ပြောင်းလဲချင်လို့ပါ...”