မမျှော်လင့်ထားသော အခြေအနေ
Vol. 26 Ch. 374
ထျန်းယွမ်ကမ္ဘာ၏ တောင်ပိုင်းဒေသတွင် ကျောက်စိမ်းဝိညာဉ်တောင်တန်းဟုခေါ်သော တောင်တန်းတစ်ခုရှိသည်။ ထိုနေရာတွင် မိုးမြေကြီးယွမ်ချီသည် ထူထပ်စွာတည်ရှိပြီး ရတနာအမျိုးမျိုးကို မွေးဖွားပေးသည်။ ထျန်းယွမ်ကမ္ဘာထဲရှိ မိသားစုကြီးများသည် ဤနယ်မြေအတွက် အမြဲတမ်းယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြ၏။
ထိုမိသားစုများစွာသည် ကျောက်စိမ်းဝိညာဉ်တောင်တန်းအတွက် မျိုးဆက်များစွာ တိုက်ခိုက်ခဲ့ကြသော်လည်း မိသားစုအားလုံးကို အနိုင်ယူခဲ့သည့် တိုင်းတစ်ပါး မိသားစုတစ်စုသည် ရုတ်တရက်ပေါ်ပေါက်လာခဲ့သည်။
ထိုမိသားစုမှာ လင်မိသားစု ဖြစ်သည်။ ကျောက်စိမ်းဝိညာဉ်တောင်တန်းများတွင် တောင်ထွတ်ပေါင်း ၃၂၄ ခုရှိသည်။ လင်မိသားစု၏ ပင်မမိသားစုများသည် တောင်ထွတ် ၁၈ ခုတွင် တည်ရှိပြီး မိသားစုခွဲများက ကျန်တောင်ထွတ် ၃၀၆ ခုတွင် ဖြန့်ကျတ်နေထိုင်ကြ၏။
ကျောက်စိမ်းဝိညာဉ်တောင်တန်း၏ အပြင်ဘက် နယ်နိမိတ်တွင် ကျယ်ပြန့်သောလွင်ပြင်တစ်ခု ရှိသည်။ လင်မိသားစု၏ ပြင်ပမိသားစုခွဲများက ဤလွင်ပြင်တွင် နေထိုင်ကြပြီး ဝိညာဉ်ကောက်ပဲသီးနှံများနှင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးခြင်း၊ ဝိညာဉ်သားရဲများမွေးမြူခြင်းနှင့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
ပင်မမိသားစု၏ သားသမီးများထဲမှ တစ်ယောက်ယောက်က အရည်အချင်းမပြည့်မီလျှင် နောက်မျိုးဆက်များသည် မိသားစုခွဲများတွင် အဆုံးသတ်သွားမည်ဖြစ်ပြီး မိသားစုခွဲများ၏ သားသမီးများက မကျွမ်းကျင်ပါက နောက်မျိုးဆက်မှာ လင်မိသားစုရဲ့ အပြင်ဌာနခွဲတွေမှာ အဆုံးသတ်သွားရပြီး လင်မိသားစုရဲ့ အခြေခံလူတန်းစားတွေ ဖြစ်လာလိမ့်မည်။
ကြီးပွားတိုးတက်ပြီး ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ မိသားစုကြီးတစ်ခုဟာ ဘဝ၏အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရန် အခြေခံလူတန်းစားများ အများကြီး လိုအပ်မည်သာဖြစ်သည်။
ယီယွင်သည် ကျောက်စိမ်းဝိညာဉ်တောင်ဆီသို့ ပျံသန်းသွားသည့်နောက် လင်မိသားစုကို မြင်လိုက်ရသည့်အခါ မှင်တက်မိသွားသည်။ သူ ပထမဆုံးမြင်လိုက်ရသည်မှာ လင်မိသားစုပိုင်နက်၏ အပြင်ပိုင်းနယ်နိမိတ်ပင် ဖြစ်လေ၏။
လွင်ပြင်ပေါ်တွင် အိမ်များနှင့် နန်းတော်များ အားလုံးကို အပြာရောင်ကျောက်တုံးများဖြင့် သပ်ရပ်စွာ တည်ဆောက်ထားပြီး အဆောက်အအုံများသည် မိုးကုပ်စက်ဝိုင်းထဲသို့အဆုံးမရှိ ဆန့်တန်းတိုးဝင်တော့မယောင် ရှိနေသည်။
ဆိုင်များဖြင့် စည်ကားလှသော မြို့ရင်ပြင်၊ လယ်ယာမြေများနှင့် ကျယ်ပြောလှသော မြက်ခင်းပြင်များ ကြည့်မဆုံးလှပလျှက်ရှိနေသည်။ မိသားစုတစ်စု၏ အရွယ်အစားက ဒီလောက်ထိ ကြီးမားနိုင်လိမ့်မည်ဟု ယီယွင် ယခင်က မယုံခဲ့ပေ။
" ရှေ့မှာ ကျောက်စိမ်းဝိညာဉ်တောင်တန်းရှိတယ်။ ငါ မင်းကို ခေါ်သွားပေးမယ်။ အနာဂါတ်မှာ မင်းက ငါ့ရဲ့အမည်ခံတပည့်ဖြစ်လာလိမ့်မယ်။ ဒါကြောင့် ငါ့ကို ဆရာလို့ခေါ်ရမယ် "
ယီယွင်က မျက်လုံးလှန်ပြလိုက်ရာ အဖိုးကြီးစုကျဲက ရယ်လိုက်သည်။ ထို့နောက် သူတို့က တောင်ထိပ်တိုင်းတွင် မြူများဖြင့်ဖုံးလွှမ်းနေပြီး ခမ်းနားသောနန်းတော်များရှိသည့် တောင်တန်းများကို ဖြတ်ကျော်ပျံသန်းသွားကြသည်။
တောင်ထိပ်များစွာ ဖြတ်ကျော်လာခဲ့ပြီးနောက် ယီယွင်သည် ကျောက်စိမ်းဝိညာဉ်တောင်၏ ပင်မတောင်ထွတ် ၁၈ ခုကို မြင်လိုက်ရသည်။ ပင်မတောင်ထွတ့ ၁၈ ခုမှာ မယုံနိုင်လောက်အောင် မြင့်မားပြီး ခမ်းနားထည်ဝါလှသည်။
ကောင်းကင်ထိအောင် ဖုံးလွှမ်းနေသော မိုးတိမ်များသည် အမှန်တစ်ကယ်တွင်မူ တောင်ခြေကိုသာ ဖုံးလွှမ်းနေခြင်းပင်။ လေသင်္ဘောအား ပိုမိုမြင့်မားစွာ ပျံသန်းလိုက်ချိန်တွင် တဖြည်းဖြည်းချင်း အဖြူရောင်တိမ်များကို ထိုးဖောက်သွားပြီးနောက် မြင်လိုက်ရသောမြင်ကွင်းကြောင့် ယီယွင်အဖို့ ပြောစရာပင် ပျောက်ဆုံးသွားရချေသည်။
လေထဲတွင် ၁၀ ကီလိုမီတာခန့်မြင့်သော ဦးခေါင်းတစ်လုံး လွင့်မျောနေသည်။ ယီယွင် ရှိနေသည့် လေသင်္ဘောက ဦးခေါင်းကြီးကို ဖြတ်ကျော်ပျံသန်းသွားချိန်တွင် ဦးခေါင်းကြီး၏ ရေကန်အရွယ်အစားခန့် မျက်ဝန်းများက လေသင်္ဘောကို စူးစိုက်ကာကြည့်နေလေ၏။
မျက်ဝန်းအစုံ၏ ပယင်းရောင်သူငယ်အိမ်များက မိုးထိသစ်ပင်ကြီးများပမာပင်။ ဦးခေါင်း၏အထက်တွင် တောင်ကုန်းပုံစံ ဦးချိုတစ်ခုရှိသည်။ ၎င်း၏ကိုယ်ထည်တွင် အိမ်တစ်အရွယ်အစားခန့်ရှိသည့် ငွေဖြူရောင်အကြေးခွံများ ဖုံးလွှမ်းနေလေ၏။
ကြီးမားလှသော ဦးခေါင်းကြီးရှေ့တွင် သူတို့စီးလာသော လေသင်္ဘောက စာကလေးတစ်ကောင်မျှသာ ထင်ရသည်။ ယီယွင် မှာ ပါးစပ်အဟောင်းသား အံ့ဩနေရ၏။
ထိုဦးခေါင်းကြီး၏အနောက်ဘက်ကို ကြည့်လိုက်ချိန်၌ စပါးကြီးတစ်ကောင်နှင့် ဆင်တူနေသည့် ငွေဖြူရောင် ခန္ဓာကိုယ်ကြီးတစ်ခု ရှိနေသည်ကို ယီယွင် တွေ့လိုက်ရလေသည်။ ထိုခန္ဓာကိုယ်က မိုင်ရာပေါင်းများစွာ ရှည်လျားပြီး မြစ်ကြီးတစ်စင်းပမာ ဖြစ်နေသည်။ ကြီးမားလှသော စပါးကြီး၏ခန္ဓာကိုယ်သည် ပေ ၁၀၀,၀၀၀ မြင့်သည့် တောင်ကို တောင်ခြေမှ တောင်ထိပ်အထိ ရစ်ပတ်ထားချေသည်။
"ဟားဟား.... ကြီးတယ်မဟုတ်လား။ အဲ့ဒါက လင်မိသားစုရဲ့ အစောင့်အရှောက် စိတ်ဝိညာဥ်သားရဲဖြစ်တဲ့ နဂါးအသွင်ပြောင်း ငွေရောင်စပါးကြီးမြွေပဲ။ စိတ်ဝိညာဉ်သားရဲတွေက ပျက်စီးခြင်းသားရဲတွေနဲ့ မတူဘူး။ ပျက်စီးခြင်းသားရဲရဲ့ စွမ်းအားက ပျက်စီးခြင်းစွမ်းအင်ကနေ ရပြီးတော့ စိတ်ဝိညာဉ်သားရဲရဲ့ အစွမ်းကတော မိုးမြေယွမ်ချီကနေ လာတယ်။ ဒီအစောင့်အရှောက် စိတ်ဝိညာဥ်သားရဲက ပင်တောင်ထွတ် ၁၈ ခုထဲက တစ်ခုကို ယူထားတာပဲ"
ဒဏ္ဍာရီများအရ ငွေစပါးကြီးတစ်ကောင်က နဂါးအဖြစ် ပြောင်းလဲနိုင်သည်ဟု ဆိုရိုးရှိသည်။ ဦးချိုများ ထွက်လာပြီးပါက ခြေသည်းလေးချောင်း ပေါက်သည်။ ထို့နောက် ငွေစပါးကြီးအပေါ် ကောင်းကင်ကပ်ဘေး ကျရောက်မည်ဖြစ်သည်။ အသက်ရှင်လွတ်မြောက်သွားပါက ကောင်းကင်သို့ ပျံတက်ပြီး တကယ့် နဂါးတစ်ကောင် ဖြစ်လာနိုင်သည်။
ဤငွေရောင်စပါးကြီးမြွေပ ဦးချိုတစ်ချောင်းပေါက်နေပြီး နဂါးအသွင်သို့ကူးပြောင်းရန် လမ်းကြောင်းပေါ်သို့ ရောက်နေပြီဖြစ်သည်။ လင်မိသားစု၏အမွေအနှစ်က အလွန်ကြောက်စရာကောင်းလှသည်။ ယီယွင် ယခင်က မြင်ဖူးသော အဆင့်တူ ဧရာမသားရဲမှာ လမ်းပြလူငယ်စီးနင်းလာသော လုံကွေ့ပင်ဖြစ်သည်။ လုံကွေ့သည် ငွေရောင်စပါးကြီးမြွေကဲ့သို့ မရှည်သော်လည်း လုံကွေ့က ငွေရောင်စပါးကြီးမြွေထက် ပိုကြီးသည်။
“ ဒီရှေးဟောင်းမိသားစုမျိုးနွယ်တွေက တကယ်ကို ထူးကဲတယ်။ လမ်းပြလူငယ်ရဲ့စစ်တပ် တိုက်ခိုက်ခဲ့တဲ့အချိန်တုန်းက ရှန်းထူမိသားစုကို မဖျက်ဆီးနိုင်ခဲ့တာ အံ့သြစရာမရှိတော့ပါဘူး ”
အဖိုးကြီးစုကျဲက ရယ်လိုက်ပြီး “အဲဒီတိုက်ပွဲအပြီးမှာ ရှန်းထူ မိသားစုရဲ့ ရပ်တည်မှုက အများကြီးဆုတ်ယုတ်သွားတယ်။ အရင်တုန်းဆိုရင် ရှန်းထူမိသားစုက အတော်လေးမောက်မာကြပေမဲ့ အခုတော့ သူတို့ရဲ့ဘိုးဘေးတွေ ဒဏ်ရာရသွားတာကြောင့် တခြားမိသားစုမျိုးနွယ်တွေနဲ့ မဟာမိတ်ဖွဲ့ဖို့ ရှာဖွေနေကြရတယ်။ ဥပမာပြောရရင် သူတို့က လင်မိသားစုနဲ့ မဟာမိတ်ဖွဲ့ချင်ကြတယ် ”
“ လင်မိသားစုနဲ့ မဟာမိတ်ဖွဲ့မယ်ဟုတ်လား ”
ယီယွင် မျက်မှောင်ကုတ်လိုက်သည်။ ထိုသည်က သူ မဖြစ်စေချင်သောအရာပင်။
“ ဟားဟား.... စိတ်မပူပါနဲ့။ အဲ့ဒါက သူတို့ရဲ့ဆန္ဒသက်သက်ပါကွာ။ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီလောက်တုန်းက လင်မိသားစုဟာ ရှန်းထူမိသားစုနဲ့ မဟာမိတ်ဖွဲ့ခဲ့ပေမယ့် သူတို့မှာ မတူညီတဲ့အကျိုးအမြတ်တွေကြောင့် ပဋိပက္ခအမျိုးမျိုးရှိခဲ့တဲ့အတွက် သူတို့မှာ ရန်ငြိုးရှိတယ်လို့တောင် ပြောလို့ရတယ် "
“ လွန်ခဲ့တဲ့ ၁၀ နှစ်က သားရဲအုပ်ကြီးရဲ့ တိုက်ခိုက်မှုအပြီးမှာ ရှန်းထူမိသားစုဟာ လင်မိသားစုနဲ့ ပဋိပက္ခတွေကို သင်ပုန်းချေပြီး မဟာမိတ်ဖွဲ့ဖို့ ကြိုးစားခဲ့တယ်။ မင်းသာ လင်မိသားစုရဲ့ခေါင်းဆောင် ဖြစ်ခဲ့မယ်ဆိုရင် ဒီကိစ္စကို သဘောတူပါ့မလား "
စုကျဲရဲ့ ပြောင်မြောက်လှတဲ့ မေးခွန်းကြောင့် ယီယွင် ခေါင်းခါလိုက်ရသည်။ မည်သူကမျှ သဘောမတူမည်မှာ သိသာလေသည်။
မင်းက အားကောင်းတုန်းက အရင်းအမြစ်တွေအတွက် ယှဉ်ပြိုင်ပြီး လင်မိသားစုကို နှိမ်နင်းဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် အခု ဘိုးဘေးဒဏ်ရာရပြီး မင်းရဲ့ ရပ်တည်မှုက အားနည်းလာတဲ့အခါမှ အကျိုးစီးပွားတွေကို ကာကွယ်ချင်တာကြောင့် ပဋိပက္ခတွေကို သင်ပုန်းချေပြီး မဟာမိတ်လုပ်ချင်လို့ဘယ်ရလိမ့်မလဲ။
လင်မိသားစုက ရှန်ထူမိသားစုကို ရန်လိုလျှင် အဆင်ပြေပေလိမ့်မည်။ ယီယွင်အတွက် ပိုမိုလုံခြုံမည်ဖြစ်၏။ သို့သော် နှစ်ဖက်စလုံး မဟာမိတ်ဖွဲ့ပါက ယီယွင်က တခြားနေရာသို့ သွားရန်ပြင်ရပေလိမ့်မည်။
“ငါတို့ ရောက်နေပြီ” စုကျဲ ပြောပြီးသည်နှင့် ယာဉ်ပျံက ကျောက်စိမ်းဝိညာဉ်တောင်၏ အဓိကတောင်ထိပ် ၁၈ ခုထဲမှ တစ်ခုပေါ် ဆင်းသက်လိုက်သည်။ တောင်ထိပ်တွင် ကွင်းပြင်တစ်ခု တည်ဆောက်ထားပြီး ဧကတစ်ရာခန့် ကျယ်ဝန်းသည်။
ကွင်းပြင်ပေါ်တွင် ကြေးဝါမီးဖိုများ ရှိသည်။ ကြေးဝါမီးဖိုများထဲတွင် မီးတောက်များ လောင်ကျွမ်းနေပြီး ရနံ့သင်းလှသော ထိပ်တန်းစန္ဒကူးနံ့များ ထွက်နေသည်။
“ဒီတောင်ထိပ်က လင်မိသားစုရဲ့ ပျက်စီးခြင်းကောင်းကင်သခင်တွေ အထူးအသုံးပြုဖို့ပဲ။ ငါ့အိမ်က တောင်ခြေမှာပါ။ အရင်က ရှင်းထုံလည်း ဒီတောင်ထိပ်မှာ နေခဲ့တယ်။ ဒါပေမယ့် ဒီကောင်မလေးကို မိသားစုက ဘာ့ကြောင့်အလျင်စလို ပြန်ခေါ်ရတာလဲဆိုတာကို ငါ နားမလည်ဘူး…”
စုကျဲက မေးစေ့ကို ပွတ်သပ်ပြီး တွေးတောနေသည်။ လမ်းတွင် လင်မိသားစုနှင့် နီးလာချိန်တွင် သူ ပြန်လာသည်ကို လင်ရှင်းထုံဆီသို့ အသံပို့လွှတ်ကာ အသိပေးခဲ့လေသည်။ သို့သော် မည်သည့် တုံ့ပြန်မှုမှ မရရှိချေ။ ထိုအခြေအနေမျိုးသည် လင်ရှင်းထုံ မရှိတော့ခြင်း သို့မဟုတ် တစ်ကိုယ်တော် လေ့ကျင့်နေခြင်းကြောင့်သာ ဖြစ်နိုင်သည်။
လင်မိသားစုတွင် လင်ရှင်းထုံ၏တည်ရှိမှုက အတော်ထူးခြားသည်။ သူမသည် လင်မိသားစုတွင် လွန်ခဲ့သော နှစ်တစ်ထောင်အတွင်း အရည်အချင်းအရှိဆုံး မိန်းကလေးတစ်ဦး ဖြစ်သော်လည်း သူမ၏ယင်သွေးကြောကြောင့် သူမဟာ ၅၀၀ နှစ်ထက် ပိုမနေနိုင်ချေ။ ထို့အပြင် သူမ၏ ကျင့်ကြံမှုနယ်ပယ် မြင့်မားလာလေလေ အတားအဆီးက ပိုမိုခက်ခဲလေ ဖြစ်သည်။
သူတို့ အမှန်တကယ်ပင် မည်သည့်အရာကိုမျှ မလုပ်နိုင်ပေ။ လင်ရှင်းထုံက အလွန်ပြီးပြည့်စုံလွန်းနေလေသောကြောင့် မိုးကောင်းကင်က မနာလိုဖြစ်ကာ သူမထံမှ တစ်ခုခုယူသွားရန့ ကံကြမ္မာဖန်ထားသကဲ့သို့ ဖြစ်နေသည်။
“အကြီးအကဲစု... ပြန်လာပြီလား”
စုကျဲ ကွငပြင်မှ ထွက်လာသည်နှင့် လူတစ်ယောက်က နှုတ်ဆက်လိုက်သည်။ စုကျဲ ကျောက်စိမ်းဝိညာဉ်တောင်တန်းထဲသို့ ပျံသန်းဝင်ရောက်သွားစဉ်ကတည်းကပင် လင်မိသားစုဆီသို့ အကြောင်းကြားထားခြင်း ဖြစ်သည်။ နှုတ်ဆက်လာသော အသက်လတ်ပိုင်း အရွယ်လူတစ်ယောက်ကို ယီယွင် ကြည့်လိုက်သည်။
ထိုသူက အစောင့်တစ်ယောက်သကဲ့သို့ ဝတ်စားဆင်ယင်ထားပြီး ထိုတောင်ထိပ်၏ အုပ်ချုပ်ရေးမှူးတစ်ယောက် ဖြစ်နိုင်သည်။ အစောင့်က ယီယွင်၏ပုံစံကို စကြည့်လိုက်လေသည်။
“ဒါက ငါလက်ခံထားတဲ့ အမည်ခံတပည့်ပါ ” အဘိုးကြီးစုက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ အစောင့်က ထိုစကားကိုကြားလိုက်ရသည်နှင့် ယီယွင်ကို အာရုံမစိုက်တော့ပေ။
ပုံမှန်အားဖြင့် အမည်ခံတပည့်တစ်ယောက်သည် ဆေးပင်ခူးကောင်လေးတစ်ဦးနှင့် သိပ်မကွာလှပေ။
“ငါ့အခန်းက အဲဒီမှာရှိသေးလား” စုကျဲက မေးလိုက်လေသည်။
“အကြီးအကဲစုက နောက်ပြောင်ရတာ ကြိုက်တယ်ထင်တယ်.... အကြီးအကဲရဲ့အခန်းက အဲဒီမှာရှိပြီး ပုံမှန်သန့်ရှင်းရေးလုပ်ထားပါတယ်ဗျာ ” အစောင့်က အလွန်လေးစားသောပုံစံဖြင့် ပြန်ဖြေလိုက်သည်။
“ ဒါပေမဲ့ အကြီးအကဲစုရဲ့အိမ် နံဘေးမှာရှိတဲ့ ခြံဝန်းတွေမှယ လူအချို့ နေနေကြတယ်…”
အစောင့် စကားပြောပြီးသည်နှင့် လူအနည်းငယ် လျှောက်လာကြသည်။
အစိမ်းရောင် ပျက်စီးခြင်းကောင်းကင်သခင်ဝတ်ရုံများ ဝတ်ဆင်ထားသော အဘိုးကြီးတစ်ဦးနှင့် သူ့နောက်တွင် သူ၏တပည့်များဟုထင်ရသော လူငယ်အချို့ ပါလာသည်။
အစိမ်းရောင်ဝတ်ရုံဝတ်ထားသော အကြီးအကဲပေါ်လာသောအခါ ယီယွင်သည် ချက်ချင်းပင် အသက်ရှုမှားသွားရသည်။ အဘိုးကြီး၏ပျက်စီးခြင်းကောင်းကင်သခင်ဝတ်ရုံတွင် အလွန်ရင်းနှီးသော အမှတ်အသားတစ်ခုဖြစ်သည့် ရှန်းထူမိသားစု၏အမှတ်တံဆိပ်ကို သူ မြင်လိုက်ရသောကြောင့် ဖြစ်လေ၏။
ရယခင်က ယီယွင်သည် ရှန်းထူမိသားစု၏ယာဉ်ပျံ ဖြတ်ပျံသန်းသွားစဉ် ဤအင်္ကျီကို မြင်တွေ့ခဲ့ရဖူးသည်။ နောက်ပိုင်းတွင် ရှန်းထူနန်ထျန်းက ယီယွင်တို့မောင်နှမကို သတ်ရန်ကြိုးစားခဲ့လေသောကြောင့် ထိုအမှတ်တံဆိပ်က ယီယွင်အတွက် မမေ့နိုင်စရာ ဖြစ်လာခဲ့လေ၏။
အဘယ်သို့ဖြစ်၍ ရှန်းထူမိသားစုမှ လူတစ်ဦး ဖြစ်နေရလေသနည်း။
ယီယွင် စိတ်နောက်ကျိလာကာ မျက်နှာအမူအရာ ရုပ်ဆိုးလာ၏။ ရှန်းထူမိသားစုသည် လင်မိသားစုနှင့် မဟာမိတ်ဖွဲ့ခဲ့လေသလော။
ထိုသို့လိုဖြစ်ခဲ့ပါက သူ့အတွက် သတင်းဆိုးပင်။
ထိုကိစ္စသာ အမှန်ဆိုပါက သူ လင်မိသားစုမှ ချက်ချင်းထွက်သွားရမည်။ ရှန်းထူမိသားစုက သူ့ကို မတွေ့မီတွင် တတ်နိုင်သမျှ အဝေးဆုံးသို့ သွားရပေမည်။
ယီယွင် စုကျဲ၏ကျောနှင့်ကွယ်ထားပြီး ခေါင်းကို အနည်းငယ်ငုံ့ထားလိုက်သည်။ တစ်ဖက်လူက သူ့ကို သတိမထားမိစေရန် မျှော်လင့်နေသည်။ ထိုသို့ မမျှော်လင့်ထားသော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
“ ရှန်းထူမိသားစုရဲ့ အဲ့ဒီအဘိုးကြီးက ငါ့ကို မသိလောက်ပါဘူး။ တိုင်အာနတ်ပြည်ထောင်မှာ ငါနဲ့ ရှန်းထူနန်ထျန်းက ရန်ငြိုးရှိတာကို ဒီအဖိုးကြီး မသိလောက်ဘူး။ ငါသာ အာရုံစိုက်ခံရအောင်နေရင် အဆင်ပြေမှာပါ…”
ယီယွင်၏ စိတ်ထဲတွင် အတွေးများစွာ ဖြတ်ပြေးသွားလျှက်ရှိသည်။ သူ့စိတ်ကို ငြိမ်ငြိမ်ထားလိုက်သောအခါ သူ၏မျက်နှာက ပုံမှန်ပြန်ဖြစ်သွားသည်။
"ဒါက..." စုကျဲလည်း မျက်မှောင်ကုတ်လိုက်သည်။ ရှန်းထူမိသားစုမှ တစ်ယောက်ယောက်နှင့် တွေ့ဆုံရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထို့အပြင် အစောင့်၏သဘောထားက ဤလူများအပေါ် အလွန်ဖော်ရွေနေသည်။ မဟာမိတ်ဖွဲ့ပြီးပြီလား။
လင်မိသားစု၏ မိသားစုခေါင်းဆောင်က မည်သည့်အရာကို တွေးနေလေသနည်း။ အဘယ်ကြောင့် ယခုအခါမှ ရှန်းထူမိသားစုနှင့် မဟာမိတ်ဖွဲ့ရလေသနည်း။ စုကျဲသည်လည်း ရှန်းထူမိသားစုအပေါ် ကောင်းမွန်သောအမြင်မရှိပေ။
" အကြီးအကဲစု ကျွန်တော် မိတ်ဆက်ပေးပါရစေ။ ဒါက လင်မိသားစုရဲ့ ဧည့်သည် အကြီးအကဲရှန်းထူပါ။ ရှန်းထူမိသားစုဟာ ပျက်စီးခြင်းကောင်းကင်နည်းစနစ်မှာ အလွန်ပြောင်မြောက်တဲ့ အောင်မြင်မှုတွေ ရရှိထားပါတယ်။ ပြီးတော့ အကြီးအကဲရှန်းထူဟာ ပျက်စီးခြင်းကောင်းကင်နည်းစနစ်မှာ ပိုပြီးကျွမ်းကျင်တဲ့သူပါ"
ထို့နောက် အစောင့်က အစိမ်းရောင်ဝတ်ရုံဝတ်ထားသော အကြီးအကဲနှင့် စုကျဲကို မိတ်ဆက်ပေးသည်။
“ဒါက အကြီးအကဲစုပါ။ သူကလည်း ထိပ်တန်း ပျက်စီးခြင်း ကောင်းကင်သခင်တစ်ယောက်ပါပဲ။ နောင်တစ်ချိန်မှာ အကြီးကဲတို့နှစ်ယောက် အတူစကားပြောမိရင် တစ်ယောက်နဲ့တစ်ယောက် အများကြီး သင်ယူလေ့လာနိုင်မှာ အသေချာပါပဲ” အစောင့်က စုကျဲရဲ့ သဘောထားကို ဂရုမစိုက်ဘဲ စိတ်အားထက်သန်စွာ မိတ်ဆက်ပေးလိုက်သည်။
စုကျဲက ရှန်းထူမိသားစုကို မကြိုက်ပေ။ အကြီးအကဲရှန်းထူကလည်း လင်မိသားစု၏ ပျက်စီးခြင်းကောင်းကင်သခင်များအပေါ် ကောင်းမွန်သော အထင်အမြင်မရှိပေ။
ထိပ်တန်းအဆင့် ပျက်စီးခြင်းကောင်းကင်သခင် နှစ်ယောက် ဆုံစည်းမိလျှင် မည်သူမျှ တစ်ယောက်နှင့်တစ်ယောက် လက်မခံကြပေ။ အမြဲတမ်းလိုပင် ယှဉ်ပြိုင်ရန်ကိုသာ စိတ်အားထက်သန်ကြသည်။
ရှန်းထူမိသားစုရဲ့ ပျက်စီးခြင်းကောင်းကင်နည်းစနစ်အဆင့်က လင်မိသားစုထက် အမြဲတမ်းလိုပင် သာလွန်ခဲ့သည်။
ထိုအရာကပင် ရှန်းထူမိသားစု၏ ပျက်စီးခြင်းကောင်းကင်သခင်များအဖို့ ဂုဏ်မောက်စရာ ဖြစ်နေရသည်။ သို့သော် ထျန်းယွမ်ကမ္ဘာထဲတွင် စုကျဲ၏ဂုဏ်သတင်းက အစိမ်းရောင်ဝတ်ရုံဝတ် အကြီးအကဲထက် ပိုမိုကြီးမားသည်ကို သူ လက်မခံချင်ပေ။
ထို့အပြင် သူတို့သည် မိသားစုအကြီးအကဲ၏ အမိန့်အရ လင်မိသားစုထံသို့ ရောက်လာခဲ့ကြရခြင်း ဖြစ်လေသည်။ သူတို့၏ ရည်ရွယ်ချက်ကောင်းကို ပြသရုံသာမက ရှန်းထူမိသားစု၏ ပျက်စီးခြင်းကောင်းကင်နည်းစနစ် အမွေအနှစ်ကိုပြသပြီး လင်မိသားစု ယုံကြည်မှုရလာစေရန့ လုပ်ဆောင်ရမည်ဟု ရှန်းထူမိသားစုခေါင်းဆောင်က ပြောကြားခဲ့သည်။
ထိုကိစ္စက သူတို့ လုပ်ချင်သည့် အရာများအတွက် များစွာ အထောက်အကူပြုလိမ့်မည်။
ဤကိစ္စအတွက် ရှန်းထူမိသားစုမျိုးနွယ်စုက များစွာကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပြီး ကျရှုံးစရာမရှိပေ။
သို့သော် ကိုယ်ရေးကိုယ်တာဖြစ်စေ သို့မဟုတ် တရားဝင်ကိစ္စအတွက်ဖြစ်စေ အစိမ်းရောင်ဝတ်ရုံဝတ် အကြီးအကဲက စုကျဲနှင့် ယှဉ်ပြိုင်လိုသည်။
အစိမ်းရောင်ဝတ်ရုံဝတ်ထား အကြီးအကဲက စုကျဲကို လှမ်းကြည့်ပြီး “ မင်းက စုကျဲလား။ ငါ မင်းအကြောင်း ကြားဖူးတယ်။ လူတွေက မင်းကို ‘ နတ်လက်စု ’ ဆိုတဲ့ နာမည် ပေးခဲ့ကြတယ်။ ငါ မင်းကို အမြဲတွေ့ချင်နေခဲ့တာ”
အစိမ်းရောင်ဝတ်ရုံဝတ် အကြီးအကဲသည် ထိုအချက်ကို တိုက်ရိုက်ပြောခဲ့ပြီး စုကျဲကို သူပြောခဲ့သော ပထမဆုံးစကားများသည် သူ၏ စိန်ခေါ်လိုသည့် ရည်ရွယ်ချက်ကို ညွှန်ပြနေသည်။
“ဒါက သိုင်းပညာကျင့်ကြံသူတွေရဲ့ ချီးကျူးစကားပါ။ အတည်ကြီးမထင်ပါနဲ့ ”
စုကျဲက ပေါ့ပေါ့တန်တန် ပြန်ဖြေပေမယ့် အစိမ်းရောင်ဝတ်ရုံဝတ်ထားတဲ့ အကြီးအကဲက စုကျဲရဲ့ သဘောထားကို မကျေနပ်ဘဲ “ ချီးကျူးတာလား။ ဒါဆိုရင် အကြီးအကဲစုက သူ့နာမည်နဲ့ မကိုက်ညီဘူးလို့ ထင်တယ်လို့ပြောရင် မှန်ပါသလား "
စုကျဲက ရယ်မောကာ “ ဘာလို့ဖြစ်လို့လဲ... ငါ့ဆီက အဲဒီနာမည်ပြောင်ကို ခိုးယူဖို့ စီစဉ်ထားတာလား "
အစိမ်းရောင်ဝတ်ရုံဝတ် အကြီးအကဲက စုကျဲ၏စကားများကို ပမတုံ့ပြန်ဘဲ ခေါင်းကိုစောင်းပြီး စုကျဲ၏ကျောဘက်သို့ ကြည့်လိုက်သည်။ ထို့နောက် “မင်းနောက်က မင်းရဲ့တပည့်လား” ဟု မေးလိုက်သည်။
အစိမ်းရောင်ဝတ်ရုံဝတ် အကြီးအကဲက ယီယွင်ကို အကဲခတ်နေသည်။
အကြီးအကဲက သူ့ကို သတိထားမိရုံသာမက အကြီးအကဲနောက်မှ တပည့်များဟုထင်ရတဲ့ လူငယ်များပင် ယီယွင်ကို ကြည့်နေကြသည်။ သူတို့၏ အကြည့်များမှာ ယှဉ်ပြိုင်လိုစိတ် ရန်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ ဆရာနဲ့ ဆရာ၊ တပည့်နဲ့ တပည့်။
“ စိတ်ဝင်စားစရာကောင်းတယ်။ မကြာခင်မှာ ပြန်ဆုံကြတာပေါ့... ဘယ်သူက တကယ့်အရည်အချင်းရှိလဲဆိုတာ ကြည့်ရအောင် ” အစိမ်းရောင်ဝတ်ရုံဝတ် အကြီးအကဲက ထိုသို့ပြောပြီးတဲ့နောက် တပည့်များကိုခေါ်ကာ စုကျဲဘေးကနေ ဖြတ်လျှောက်သွားလေသည်။
ထိုလူငယ်များ လျှောက်သွားပြီးသည့်တိုင်အောင် သူတို့၏ အကြည့်များက ယီယွင်ဆီမှ မခွာသေးပေ။ ထိုအကြည့်များအရ သူတို့သည် ယီယွင်နှင့်တိုက်ခိုက်ရန် မျှော်လင့်နေပြီး ရက်ရက်စက်စက် ရိုက်နှက်ပစ်ရန် မျှော်လင့်နေကြသည်မှာ ထင်ရှားလှသည်။
“ကောင်လေး... ငါ့နာမည်က ရှန်းထူကွမ်း.... ကောင်းကောင်းမှတ်ထား " သူတို့ လမ်းလျှောက်နေစဥ် ယီယွင်နှင့် အသက်တူခန့်ရှ်သည် လူငယ်တစ်ယောက်က သူ့နာမည်ကို ချန်ထားခဲ့သည်။
ယီယွင်က ထိုသို့ ပေါ့ပေါ့တန်တန်လူတစ်ယောက်ကို စိတ်မဝင်စားနိုင်ပေ။ သူ၏လက်ရှိအတွေးမှာ လင်မိသားစုနဲ့ ရှန်းထူမိသားစု မဟာမိတ်ဖွဲ့ထားခြင်းက ဖြစ်နိုင်ချေရှိသလားဆိုတာပင်။
ထိုလူများ ထွက်သွားပြီးနောက်တွင် စုကျဲက သူ့ဘေးမှ အစောင့်ကို ဒေါသထွက်စွာပြောလိုက်သည် “ ရှန်းထူမိသားစုက လူတွေ ဘာလို့ဒီမှာ ရှိနေတာလဲ။ လင်မိသားစုက ရှန်းထူမိသားစုနဲ့ မဟာမိတ်ဖွဲ့ထားတာလား” ဟု မေးလိုက်သည်။
စုကျဲက ထိုသို့မေးသောအခါတွင် ယီယွင် အသက်အောင့်ထားမိ၏။ ထိုအရာက သူ့အတွက်လည်း အလွန်အရေးကြီးပေသည်။