ဆန်းကြယ်သလင်းလက်နှင့် ချိတ်တံဆိပ်တစ်ထောင်နည်းစနစ်
Vol. 26 Ch. 378
ယီယွင် တိမ်ရိုင်းနယ်မြေထဲတွင် ရှိခဲ့စဥ်က လင်ရှင်းထုံနှင့်အတူ လေ့ကျင့်ဖူးလေသည်။ လင်ရှင်းထုံက ပျက်စီးခြင်းကောင်းကင်နည်းစနစ်အား အသုံးပြုသည်ကို ယီယွင်မှာ မြင်ခဲ့ရချိန်တွင် ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦး ဖြစ်လိုစိတ်များ ပေါ်ပေါက်လာခဲ့ရ၏။
ယခုအထိ ထိုအတွေးက ယီယွင်၏စိတ်ထဲတွင် အမြစ်တွယ်နေဆဲ ဖြစ်လေ၏။ ပျက်စီးခြင်းကောင်းကင်နည်းစနစ်က သူ၏ကိုယ်ပိုင်ကျင့်ကြံရေးအတွက် အထောက်အကူဖြစ်စေမည်သာမက ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို အသုံးပြုကာ အရင်းအမြစ်များလည်း ရှာနိုင်ပေလိမ့်မည်။
ယီယွင်တွင် ခရမ်းရောင်သလင်းကျောက် ရှိနေလေသောကြောင့် သူက ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သင်ယူရာတွင် ထူးကဲစွာပင် အသာစီးရှိလေသည်။
သို့သော် လွန်ခဲ့သည့်နှစ်နှစ်က ယီယွင်သည် အလွန်းအားနည်းလေပြီး ကျင့်ကြံရာတွင် အလုပ်များနေခဲ့သည်။ သူက ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို အနည်းငယ်သာ လေ့လာခဲ့ရပြီး အချိန်အများစုတွင် ရပ်ထားခဲ့ရသည်။
ယခုတွင် ယီယွင်က ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတွင် ပါဝင်လိုခြင်းမရှိတော့ပေ။ သူက ထိုအခွင့်အရေးကို အရယူကာ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို မကြာခဏ လေ့ကျင့်လိုသည်။
" စီနီယာစုကျဲ... လက်ဖက်ရည်ပွဲတော်က နှစ်လပဲ လိုတော့တယ်။ ပျက်စီးခြင်းစွမ်းအင် ထိန်းချုပ်တဲ့ ချိတ်တံဆိပ်တွေနဲ့ အရိုးအမတေ ပုံသွင်းတာကို ခင်ဗျားဆီကနေ ကျုပ် သင်ချင်လို့ "
" မင်းက ဒီပညာတွေကို နှစ်လတည်းနဲ့ သင်ချင်တာလား။ မင်းကိုယ်မင်း ပိုင်းကျို သင်နေတာလို့များ ထင်နေသလား " စုကျဲက ယီယွင်ကို လက်လျော့လိုက်ဟန်ဖြင့် မျက်လွှာချကာ..." လက်သင်္ကေတနည်းစနစ်တွေက ထောင်ချီပြီးရှိတယ်။ မင်းက ဘယ်ဟာကို သင်ချင်တာလဲ "
ယီယွင်က ဆိုသည်..." ကျုပ် နည်းစနစ်နှစ်ခုပဲ သင်ချင်တာပါ။ တစ်ခုက ပျက်စီးခြင်းစွမ်းအင်ကို ထိန်းချုပ်တာနဲ့ နောက်တစ်ခုက အရိုးအမတေကို ဖွဲ့စည်းဖို့ပဲ "
ယီယွင်က ကိုယ့်ကိုယ်ကိုယ်အား နားလည်သည်။ သူ၏ ထိုးသွင်းသိမြင်နိုင်စွမ်းက ကောင်းမွန်သော်လည်း ရာချီသော လက်သင်္ကေတနည်းစနစ်များကို သင်ယူရန်မှာမူ လက်တွေ့မဆန်လှပေ။ ထို့ကြောင့် ယီယွင်က ပထမအတွေးကို စွန့်လွှတ်ကာ နှစ်ခုကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်လေသည်။
သို့သော် နည်းစနစ်နှစ်ခုသာ ရွေးချယ်သည်မှာ ကန့်သတ်ချက် များလွန်းလေ၏။ စုကျဲ ပြောခဲ့သကဲ့သို့ပင် ပမာဏတစ်ခုအထိ အရည်အချင်းရှိသည့် ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးကသာ ကနဦးပိုင်းတွင် အနည်းဆုံးအနေဖြင့် နည်းစနစ်တစ်ရာခန့်ကို ဖမ်းဆုပ်မိနိုင်လေသည်။
စားဖိုမှူးကောင်းတစ်ဦးက ဟင်းချက်နည်းတစ်ခုတည်း တတ်မြောက်၍ မရသကဲ့သာ ဖြစ်လေသည်။ မတူညီသော ဟင်းပွဲများတွင် မတူညီသော ချက်ပြုတ်နည်းများ ရှိလေသည်။ မွှေကြော် ၊ အမြန်ချက် ၊ အကြွပ်ကြော် ၊ ပြုတ်ခြင်း ၊ ကင်ခြင်း ၊ အချဥ်ဖောက်ခြင်း စသည်အားဖြင့် ဟင်းချက်နည်းများ ရှိလေသည်။ မတူညီသော ပါဝင်ပစ္စည်းများအတွက် မတူညီသော ဟင်းချက်နည်းများကို သုံးရလေ၏။
ပျက်စီးခြင်းကောင်းကင်နည်းစနစ်တွင်လည်း ထိုကဲ့သို့သာ ဖြစ်လေသည်။ ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦး၏ လက်သင်္ကေတနည်းစနစ်များက ဆင်တူလွန်းနေလျှင် မြောက်မြားစွာသော အတားအဆီးများကို ကြုံရပေလိမ့်မည်။
ဥပမာဆိုရသော် အချို့သော လက်သင်္ကေတနည်းစနစ်များက အဆင့်အနိမ့်ဆုံး ပျက်စီးခြင်းအရိုးအမတေများ အတွက်သာ သင့်လျော်သည်။ ထိုနည်းလမ်းများက ရိုးစင်းလှပြီး လူတစ်ဦး၏ စိတ်စွမ်းအားကို ကုန်ခမ်းစေမှု နည်းပါးလေသောကြောင့် မြန်ဆန်ကာ အောင်မြင်မှုနှုန်း မြင့်မားလေသည်။ သို့သော် အစွမ်းထက်သော ပျက်စီးခြင်းစွမ်းအင်များနှင့် ကြုံလာရလျှင်မူ ထိုနည်းလမ်းများ ထိန်းချုပ်နိုင်ခြင်း မရှိတော့သလို သုံးမရတော့ပေ။
အဆင့်မြင့် ပျက်စီးခြင်းအရိုးအမတေကို သန့်စင်ရန်အတွက် ပိုမိုအဆင့်မြင့်သော နည်းစနစ်များကို သုံးရပေမည်။ ထိုနည်းစနစ်များက အလွန်ရှုပ်ထွေးပြီး စိတ်စွမ်းအား ကုန်ခမ်းမှုကို အလွန်ကုန်ခမ်းစေသည်။ တော်သော ပျက်စီးခြင်းသခင်တစ်ဦးသည်ပင် ထိုနည်းစနစ်များကို အသုံးပြုပါက အလွန်အားကုန်လေသောကြောင့် မဖြစ်မနေပင် အနားယူကြရသည်။
မီး သို့မဟုတ် ရေခဲ အစရှိသဖြင့် ဓာတ်စွမ်းအင်များအတွက် သင့်တော်သော လက်သင်္ကေတနည်းစနစ်များလည်း ရှိသေးလေသည်။ ဓာတ်သဘာဝများ ကိုက်ညီနေပါက ထိုလက်သင်္ကေတနည်းစနစ်များကို အသုံးပြုလျှင် တစ်ဝက်ကြိုးစားရုံဖြင့် ရလဒ်နှစ်ဆ ရရှိနိုင်လေသည်။ အောင်မြင်မှုနှုန်းလည်း မြင့်မားမည်ဖြစ်လေ၏။
အနှစ်ချုပ်ရသော် လူတစ်ဦးက အဆင့်မြင့်တစ်ခုကို သန့်စင်လိုလျှင် လက်သင်္ကေတနည်းစနစ်သည်လည်း ပိုမိုရှုပ်ထွေးကာ သင်ယူရခက်ခဲမည် ဖြစ်လေ၏။ ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးတွင် နည်းစနစ်များ ပိုများလေလေ ပျက်စီးခြင်းအရိုးအမတေတစ်ခုကို သန့်စင်ရာတွင် အလှည့်အပြောင်း ပိုမိုလုပ်ဆောင်နိုင်လေလေပင်။ တစ်ခါတစ်ရံတွင် အမတေတစ်ခု သန့်စင်ရန်အတွက် နည်းစနစ်များစွာကို ပေါင်းစည်းကာ အသုံးပြုကြရသည်။ ယင်းတို့အား မည်သို့လုပ်ဆောင်မည်ကမူ ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦး၏ ကျွမ်းကျင်လိမ္မာမှုအပေါ်တွင်သာ မူတည်လေ၏။
လက်သင်္ကေတနည်းစနစ်တစ်ခုကို ကောင်းစွာရွေးချယ်နိုင်ပါက တိုက်ပွဲအား တစ်ဝက်အနိုင်ရရှိထားပြီ ဖြစ်ချေ၏။
ယီယွင်က နည်းစနစ်နှစ်ခုသာ ရွေးချယ်မည်ဟု စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်လေသောကြောင့် ပျက်စီးခြင်းစွမ်းအင် ထိန်းချုပ်ခြင်းနှင့် အရိုးအမတေ ဖွဲ့စည်းခြင်းတို့ နည်းစနစ်တစ်ခုစီ ဖြစ်ရပေမည်။ ထိုနည်းစနစ်နှစ်ခုတွင် ထူးခြားချက်အချို့လည်း ရှိရပေမည်။
ဦးစွာအနေဖြင့် ထိုနည်းစနစ်နှစ်ခုက တွင်ကျယ်စွာအသုံးပြု၍ ရနိုင်ရမည်ဖြစ်ပြီး ဓာတ်စွမ်းအင်တစ်ခုတည်းမျှဖြင့် ပိတ်မိနေ၍မရပေ။ ၎င်းနည်းစနစ်များကို ဓာတ်စွမ်းအင်အားလုံးအတွက် အသုံးပြုနိုင်ရပေမည်။
ဒုတိယအနေဖြင့် ထိုနည်းစနစ်နှစ်ခုက အဆင့်မြင့် ပျက်စီးခြင်းအရိုးအမတေများကို သန့်စင်နိုင်ရမည်။ လက်ရှိတွင် ယီယွင်အတွက် အဆင့်နိမ့် သာမန် ပျက်စီးခြင်းအရိုးအမတေများက အသုံးမဝင်တော့ပေ။
နောက်ဆုံးအနေဖြင့် ထိုနည်းစနစ်နှစ်ခုက ရှုပ်ထွေးလွန်းနေ၍ မရပေ။ ယင်းတို့ကို နှစ်လအတွင်း သင်ယူနိုင်ခြင်းမရှိပါက အသုံးဝင်တော့မည် မဟုတ်တော့ပေ။
ယီယွင်က ပျက်စီးခြင်းကောင်းကင်နည်းစနစ်များကို ပမာဏတစ်ခုအထိ သေချာလေ့လာဖူးလေသောကြောင့် စုကျဲထံမှ မတောင်းဆိုမီကတည်းကပင် သူ သင်ယူလိုသည့် နည်းစနစ်များကို တွေးထားခဲ့ပြီး ဖြစ်လေသည်။
" စီနီယာစုကျဲ... ကျုပ် သင်ယူချင်တာက ပျက်စီးခြင်းစွမ်းအင်တွေ ထိန်းချုပ်ဖို့အတွက် ဆန်းကြယ်သလင်းလက်နည်းစနစ်နဲ့ အမတေ ဖွဲ့စည်းဖို့အတွက်ကတော့ ချိတ်တံဆိပ်တစ်ထောင်နည်းစနစ်ပေါ့ "
ထိုနည်းစနစ်နှစ်ခုက ယီယွင်၏ လိုအပ်ချက်များနှင့် ကိုက်ညီလေ၏။ ယင်းတို့ကို အဆင့်မြင့် ပျက်စီးခြင်းအရိုးအမတေများ သန့်စင်ရာတွင် အသုံးပြု၍ ရသည်သာမက သင်ကြားရလည်း လွယ်ကူလေသည်။
ထိုနည်းစနစ်နှစ်ခုက ဤကဲ့သို့သော ဝိသေသများ ရှိနေလေသောကြောင့် ထူးထူးခြားခြားနည်းလမ်းများ ရှိနိုင်မည်မဟုတ်ပေ။ နည်းစနစ်နှစ်ခုက သင်ယူရလွယ်ကူလေပြီး အပြန်အလှန်အားဖြင့်ပင် ထိုနည်းစနစ်နှစ်ခု၏ အောင်မြင်မှုနှုန်းက နိမ့်ကျလေသည်။
ယင်းတို့ကို ကျယ်ပြန့်စွာ အသုံးပြုကြလေသောကြောင့် ပျက်စီးခြင်းကောင်းကင်နည်းစနစ် အသိုင်းအဝိုင်းထဲတွင် ယင်းနည်းစနစ်နှစ်ခုက ထူးခြားချက်မရှိပေ။
ပျက်စီးခြင်းကောင်းကင်နည်းစနစ်က ထူးခြားချက်အပေါ် အဓိကထားသည်။ ဓာတ်စွမ်းအင်တစ်ခုတိုင်းက နည်းစနစ်တစ်ခုကို ကိုယ်စားပြုလေသည်။ ဆန်းကြယ်သလင်းလက်နှင့် ချိတ်တံဆိပ်တစ်ထောင်နည်းစနစ်များကမူ သာမန်ဆန်လှကာ လမ်းမများပေါ်တွင်ပင် မြင်ရနိုင်သည်။ ပျက်စီးခြင်းကောင်းကင်နည်းစနစ်တွင် အဆင့်တစ်ခုအထိ ပေါက်မြောက်ပြီးသော ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးက ထိုနည်းစနစ်များကို ဘယ်သောအခါမျှ အသုံးပြုမည်မဟုတ်ပေ။
ယီယွင်၏ရွေးချယ်မှုက ရည်းမှန်းချက်မရှိဟန် ဖြစ်နေပုံရသော်လည်း စုကျဲကမူ ယီယွင်၏ရွေးချယ်မှုက ဥာဏ်ရှိသည်ဟု မြင်မိလေသည်။
အဆင့်မြင့် နည်းစနစ်များက ကောင်းမွန်သည်ဟု လူတိုင်းသိကြသော်လည်း ဘာထူးသနည်း။ ထိုနည်းစနစ်များက သင်ယူနိုင်မှသာ အဓိပ္ပါယ်ရှိလေသည်။ သင်ယူနိုင်ခြင်းမရှိပါက မည်သည့်အဓိပ္ပါယ်မျှ ရှိမနေပေ။
မဟာဧကရာဖ်တစ်ပါး ဖြစ်ရသည်မှာ ကောင်းမွန်ကြောင်းကို လူတိုင်း သိနေကြသကဲ့သို့သာ ဖြစ်လေ၏။ သို့သော် သိုင်းပညာကို စတင်လေ့ကျင့်ချိန်တွင် တစ်ယောက်ယောက်က မဟာဧကရာဇ်တစ်ပါး ဖြစ်လာလိုကြောင်း ပြောခဲ့လျှင်မူ အရူးအနှမ်းအတွေးသာ ဖြစ်ဖို့များပေလိမ့်မည်။
ယီယွင်၏အခြေခံနှင့်ဆိုလျှင် ဆန်းကြယ်သလင်းလက်နှင့် ချိတ်တံဆိပ်တစ်ထောင်နည်းစနစ်တို့က အတော်ခက်ခဲနေပြီဖြစ်ပြီး သင်ယူနိုင်ခဲ့လျှင်ပင် အတော်ဟုတ်နေပြီ ဖြစ်ချေသည်။
သို့သော် ယီယွင်က ထိုနည်းစနစ်နှစ်ခုကို တတ်ကျွမ်းသွားလျှင်ပင် ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော်ကို ပါဝင်ရန် မျှော်လင့်၍မရပေ။
လက်ဖက်ရည်ပွဲတော်တွင် လူတိုင်းက အခက်ခဲဆုံးနှင့် အရှုပ်ထွေးဆုံး နည်းစနစ်များကို ပြသလိမ့်မည်သာ ဖြစ်လေ၏။ တစ်ယောက်ယောက်ကသာ ဆန်းကြယ်သလင်းလက် သို့မဟုတ် ချိတ်တံဆိပ်တစ်ထောင်နည်းစနစ်ကို အသုံးပြုလျှင် အူတက်လုမတတ် ရယ်ပွဲကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။
" ဘယ်လိုသဘောရလဲ စီနီယာစုကျဲ။ ခင်ဗျားက ကျုပ်ကို အမည်ခံတပည့်အဖြစ် လက်ခံထားတာပဲဟာ။ ကျုပ်က ခင်ဗျားဆီကနေ နည်းစနစ်လေးနှစ်ခုတင်....."
စုကျဲက မျက်ဖြူလန်ပြကာ... " မင်းက ငါ့ရဲ့အမည်ခံတပည့် ဆိုတာကို အခုမှပဲ သတိရတာလား။ ထားလိုက်ပါတော့... ငါက မင်းကို သနားဖို့ကောင်းတယ်လို့ မြင်မိတာကြောင့် နည်းစနစ်နှစ်ခုလောက် သင်ပေးလိုက်လည်း ဘာမှမဖြစ်ပါဘူး။ နောင်တစ်ချိန် မင်း လင်မိသားစုက ထွက်သွားပြီးလို့ လမ်းပေါ်ရောက်သွားခဲ့ရင် ဒီနည်းစနစ်တွေက အသက်မွေးမှုနည်းလမ်းတစ်ခု ဖြစ်သွားနိုင်တာပဲမလား "
ယီယွင် ပြောစရာမဲ့သွားရ၏။
လမ်းပေါ်ရောက်သွားခဲ့ရင်တဲ့လား။ သူ့ကို လင်မိသားစုက မောင်းထုတ်ခဲ့ရင်တောင် ဒီလောက်အထိ မဆိုးနိုင်လောက်ဘူးမလား။
" ကောင်းပြီလေ ငါ မင်းကို သင်ပေးမယ်။ ဒါပေမဲ့ သင်မပေးခင်မှာ ကြိုပြီးမှာစရာရှိတယ်။ ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော်ကို မေ့လိုက်တော့။ ငါက မင်း အမြင်ရစေဖို့အတွက်ပဲ ခေါ်သွားပေးမယ်။ မင်းရဲ့နည်းစနစ်တွေကို ချပြဖို့အတွက်ကတော့ ငါ မျက်နှာပျက်ရအောင် မလုပ်ပါနဲ့။ ငါ့ရဲ့ မျက်နှာအိုကြီးကို အရေးစိုက်ပါသေးတယ်။ ပြီးရင် ငါက ပျက်စီးခြင်းကောင်းကင်နည်းစနစ် အသိုင်းအဝိုင်းအတွင်းမှာ ပတ်ရှုပ်ချင်သေးတယ် "
" မင်းရဲ့ လမ်းပေါ်မှာတောင် တွေ့နိုင်တဲ့ ဒီနည်းစနစ်နှစ်ခုကို သရုပ်ပြခဲ့မယ်ဆိုရင် ရှန်းထူမိသားစုက လိပ်မြေးလေးတွေအားလုံး အရယ်လွန်ပြီး သေသွားကြလိမ့်မယ်။ မင်းက ငါ့ရဲ့အမည်ခံတပည့်ဆိုပေမဲ့ တပည့်တစ်ဦး ဖြစ်နေတုန်းပဲနော်။ မင်း လုပ်ဆောင်သမျှ အရာအားလုံးက ငါ့ကို ကိုယ်စားပြုနေတယ်။ မင်း နားလည်ရဲ့လား "
စုကျဲက ယီယွင်ကို အလေးအနက် ဩဝါဒချွေလိုက်သည်။ စင်စစ်တွင်မူ ယီယွင်က ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို ထိတွေ့ဖူးသည်မှာ အချိန်တိုတောင်းသေးပြီး ပျက်စီးခြင်းကောင်းကင်နည်းစနစ်က မည်မျှခက်ခဲကြောင်းကို မသိသေးဟု သူ ခံစားမိသည်။ သူ ယီယွင်ကို နည်းစနစ်နှစ်ခု သင်ကြားပေးပြီးမှသာ မည်မျှခက်ခဲကြောင်းကို သိပေလိမ့်မည်။
လက်ဖက်ရည်ပွဲတော်တွင်မူ ပျက်စီးခြင်းကောင်းကင်သခင်များနှင့် ပါရမီရှင်များက စုစည်းမိကာ သူတို့၏နည်းစနစ်များကို ကြွားလုံးထုတ်ကြပေလိမ့်မည်။ ၎င်းတို့၏ ပြသမျှများက တောက်ပလွန်းကာ မျက်စိပသာဒ ဖြစ်ကြလေမည်။
လူတစ်ဦး၏ကျွမ်းကျင်မှုကို ကြွားဝါရာတွင် အကောင်းဆုံး နည်းစနစ်များ မဟုတ်လေဘဲ အခက်ခဲဆုံး နည်းစနစ်များကိုသာ ကြွားဝါကြလိမ့်မည်။
ထိုအချိန်သို့ရောက်လျှင် ယီယွင်အဖို့ သူနှင့် ပါရမီရှင်များအကြားမှ ကွာခြားချက်ကို တွေ့ရပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ မူလအတွေးများက မည်မျှအထိ ကလေးဆန်နေကြောင်း သိသွားဖို့ရာသာ များလေသည်။
ယီယွင်သာ စိတ်မှန်မည်ဆိုပါက စင်ပေါ်သို့တက်ကာ ပညာပြမည်မဟုတ်ပေ။ သူက ရှန်းထူနန်ထျန်းနှင့် ရန်ငြိုးရှိလေသောကြောင့် သူ ဒေါသထွက်သွားကာ ရှန်းထူနန်ထျန်း၏ရှေ့မှောက်တွင် လူပြက်တစ်ဦးပမာ လုပ်ဆောင်မည်မဟုတ်လောက်ပေလော။
" ကျေးဇူးတင်ပါတယ် စီနီယာစုကျဲ "
ယီယွင် ဝမ်းသာနေ၏။ စုကျဲ၏ ပျက်စီးခြင်းကောင်းကင်နည်းစနစ် အဆင့်က သံသယရှိရန်မလိုပေ။ ထို့ကြောင့် စုကျဲ၏ သင်ကြားမှုနှင့်သာဆိုလျှင် တစ်ဝက်ကြိုးစားရုံဖြင့် ရလဒ်နှစ်ဆ ဖြစ်လာပေလိမ့်မည်။
" မင်းကို ရုက်ဖျက်ပေးဖို့အတွက်ကတော့....."
စုကျဲ မေးစေ့ကိုပွတ်ကာ ဆိုလိုက်သည်..." ရှန်းထူမိသားစုက မွန်းစတားအိုကြီးတွေကို လှည့်စားပြီးတော့ ရုပ်ဖျက်ဖို့ဆိုတာ အတော်ကိုခက်တယ်။ ဒါပေမဲ့ အရမ်းရိုးစင်းတဲ့ နည်းလမ်းတစ်ခု ရှိတယ်။ အဲ့ဒါက မျက်နှာဖုံး ဝတ်တာပဲ "
" မင်းရဲ့အသံကို ပြောင်းဖို့ကတော့ ပိုတောင်လွယ်သေးတယ်။ မင်းရဲ့အသံလုံးကို ပြောင်းလိုက်ရုံပဲ "
ကြောက်မက်ဖွယ်ရာ ကျင့်ကြံမှုအဆင့်များရှိသည့် အချို့သော မွန်းစတားအိုကြီးများက လှည့်စားမှုများကို ထွင်းဖောက်ကာ မြင်နိုင်ကြသည်။ သို့သော် လူတစ်ဦးက သူ၏အသံလုံးကိုမူ ပြောင်းလဲ၍ရလေ၏။ လူတစ်ဦးက အသံလုံး ပြောင်းလဲထားလျှင် အခြားတစ်ဖက်က မည်မျှအစွမ်းထက်နေပါစေ မှန်းဆနိုင်မည်မဟုတ်ပေ။
" သိပ်ကောင်းတယ် " ယီယွင် ပျော်ရွှင်စွာ ဆိုလိုက်သည်။ မျက်နှာဖုံး ဝတ်ကြသည်မှာ မထူးဆန်းပေ။ စစ်သည်လောကကြီးထဲတွင် အခြားသူများနှင့် ဝါသနာမတူကြသည့် လူထူးဆန်းများ များစွာပင်ရှိလေ၏။
ထို့အပြင် သူ ထျန်းယွမ်ကမ္ဘာကြီးသို့ ရောက်ရှိလာပြီး ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော်တွင် ပါဝင်နေလိမ့်မည်ကို ရှန်းထူနန်ထျန်းက သိလိမ့်မည်မဟုတ်ပေ။
" ဒါဆိုရင် အခု စီနီယာစုကျဲမှာ အခြားလုပ်စရာတွေ မရှိဘူးဆိုရင် ကျုပ်ကို ဆန်းကြယ်သလင်းလက်နည်းစနစ်နဲ့ ချိတ်တံဆိပ်တစ်ထောင်နည်းစနစ်ကို သင်ပေးပါ "
အချိန်က တန်ဖိုးရှိနေပြီး နှစ်လသာ ကျန်တော့လေသောကြောင့် ယီယွင်က အခွင့်အရေးတိုင်းကို ဖမ်းဆုပ်ထားလိုသည်။
စုကျဲက ဒေါသထွက်ဟန်ဖြင့် မုတ်ဆိတ်သပ်ကာ..." ကောင်းပြီ... ငါ မင်းကို နည်းစနစ်နှစ်ခု သင်ပေးမယ်။ ငါ့ရဲ့အချိန်တွေက အဖိုးတန်တယ် "