လူတစ်ဦး၏ကျွမ်းကျင်မှု နမူနာအသေးစား
Vol. 26 Ch. 380
နည်းစနစ်အတွက် စုကျဲ အသုံးပြုနေသည့် အမြန်နှုန်းက သာမန်ထက် ဆယ်ဆခန့်ပိုနှေးလေပြီး ယီယွင်ကလည်း ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်မြင်ကွင်းကို အသုံးပြုကာ ရှင်းလင်းစွာပင် မြင်နေရလေသည်။ ထို့အပြင် ယီယွင်က မှတ်ဥာဏ်ကောင်းလေသောကြောင့် စုကျဲ၏ ချိတ်တံဆိပ်တစ်ထောင်နှင့် ဆန်းကြယ်သလင်းလက်တို့ကို ၇၀% ၊ ၈၀% မှတ်မိလေသည်။
သို့သော် စုကျဲ၏နည်းစနစ်များကို မှတ်မိခြင်းမှာ ကိစ္စတစ်ခု ဖြစ်လေသည်။ အပြည့်အဝ အတုခိုးနိုင်ရန်မှာ အခြားကိစ္စတစ်ခု ဖြစ်လေ၏။ တစ်စုံတစ်ခုကို မှတ်မိနေခြင်းသည် အတုခိုးနိုင်မည်ဟု ဆိုလိုနေခြင်းမဟုတ်ပေ။
ထို့ကြောင့် ယီယွင်က စုကျဲ၏မေးခွန်းကို လက်တွေ့ကျကျ ဖြေလိုက်လေသည်..." စီနီယာ အသုံးပြုခဲ့တဲ့ နည်းစနစ်တွေအပေါ်မှာ ကျုပ်က သိမြင်မှုအချို့ ရခဲ့ပါတယ်။ တုပဖို့အတွက်ကတော့ ကျုပ် ၃၀% ၊ ၄၀% လောက်ပေါ့ "
" ၃၀% ၊ ၄၀% တဲ့လား။ အတော်ကို ယုံကြည်ချက်ရှိနေတာပဲ ကောင်လေး " စုကျဲ၏လေသံက သရော်သံ ပေါက်နေလေ၏။ ချိတ်တံဆိပ်တစ်ထောင်နှင့် ဆန်းကြယ်သလင်းလက်တို့ အဆင့်နိမ့် နည်းစနစ်များ ဖြစ်သည့်တိုင်အောင် သင်ယူရ မလွယ်ကူပေ။
သာမန်ဆိုလျှင် လူသစ်များအဖို့ အပေါ်ယံလှုပ်ရှားမှုများကို တစ်ကြိမ်သာ မြင်ရပါက ဇဝေဇဝါသာ နားလည်ကြသည်။ အနည်းငယ်ခန့် တုပလုပ်ဆောင်နိုင်လျှင်ပင် အတော်ဟုတ်နေချေပြီ။
ကျွမ်းကျင်မှုများ အဆင့်တစ်ခုအထိရှိပြီး အနည်းဆုံး နှစ်နှစ် ၊ သုံးနှစ်ခန့် အခြေခံရှိထားသည့် ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်များက နည်းစနစ်များကို တစ်ကြိမ်မြင်ရုံနှင့် ၂၀% ခန့် အတုခိုးနိုင်ပါက ပါရမီရှင်တစ်ဦးဟု သတ်မှတ်၍ရလေ၏။
၂၀% အတုခိုးနိုင်ခြင်းဆိုသည်မှာ ချိတ်တံဆိပ်တစ်ထောင်နှင့် ဆန်းကြယ်သလင်းလက်တို့၏ ချိတ်တံဆိပ် လှုပ်ရှားမှုများကို ၂၀% လုပ်ဆောင်နိုင်သည်ဟု ဆိုလိုလေသည်။
မှန်ကန်စွာ လုပ်ဆောင်ခြင်း ၊ ကောင်းမွန်စွာလုပ်ဆောင်ခြင်းနှင့် ကျွမ်းကျင်စွာ လုပ်ဆောင်ခြင်း စသည်အားဖြင့် ထူးချွန်မှုသုံးခုတွင်မူ ကွာဟချက်များ ရှိကြလေ၏။
လူသစ်များအဖို့ ထိုသို့လုပ်ဆောင်ရန် မလွယ်ကူပေ။
ယီယွင်မှာ စုကျဲ၏ အရိုက်ခံချင်နေသည့် အပြုံးကို မြင်သောအခါတွင် ပြောစရာမဲ့နေသည်။ ထိုအဖိုးကြီးကို ဆရာတင်ထားရသည့် သူ့အဖို အရက်မူးနေသည့်ပမာ ခံစားရသည်။ အခြားဆရာများ၏ ပြုမူလှုပ်ရှားပုံတိုင်းတွင် ဆရာအမူအကျင့်များ ရှိကြသည်။ တပည့်များကို သင်ကြားရာတွင်လည်း တည်ကြည်လေးနက်ခြင်း သို့မဟုတ် စိတ်ရှည်သည်းခံပေးခြင်းများ ရှိတတ်ကြ၏။ ထို့အပြင် သူတို့အားလုံးက တပည့်များကို အောင်မြင်စေလိုကြသည်။
သို့သော် ဤအဖိုးကြီးကမူ မည်သည့်အချိန်မျှ လေးနက်ခြင်းမရှိဘဲ လူပြက်တစ်ဦးပမာ တစ်ချိန်လုံး ရယ်နေဟန်ရှိလေသည်။ တပည့်များကို သင်ကြားမေးမြန်းရာတွင်လည်း ထိုအဖိုးကြီးက ဟာသတစ်ပုဒ်ကို ကြည့်နေသည့်အလား ခံစားချက်မျိုးကို ဖြစ်စေလေသည်။
ယီယွင် စကားမဆိုတော့ဘဲ သိုလှောင်လက်စွပ်ထဲမှ ပျက်စီးခြင်းကောင်းကင်နည်းစနစ် အစီရင်ပြားတစ်ခု ထုတ်ယူလိုက်လေ၏။ သူက အဆင့်မြင့် ပျက်စီးခြင်းအရိုးနှင့် လေ့ကျင့်ရန် ပြင်ဆင်နေချိန်တွင် စုကျဲက သူ့အား သာမန်ပျက်စီးခြင်းအရိုးတစ်ခု ပစ်ပေးလာ၏။
" ဒါကိုသုံးရမှာလား " ယီယွင် မျက်မှောင်ကုတ်လိုက်၏။
" ဒါပေါ့ဟ... ဒါက မလုံလောက်သေးဘူးလို့ ထင်နေတာလား။ မင်းအနေနဲ့ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို လေ့ကျင့်တဲ့အချိန်မှာ ကောင်းမွန်တဲ့ အခြေခံအုတ်မြစ်ကို ချမှတ်မှဖြစ်မယ်။ မင်း ပြေးတာကို မသင်ခင်မှာ လမ်းလျှောက်တာကို အရင်သင်ရမယ်။ မင်းက ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို အချိန်အကြာကြီး သင်ယူထားတာမဟုတ်ဘူး။ အရင်ဆုံး သာမန်ပျက်စီးခြင်းအရိုးကို သုံးပြီးတော့ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက် လေ့ကျင့်ပေး။ ပျက်စီးခြင်းအရိုးအမတေ ၁၀၀၀၀ လောက် မသန့်စင်နိုင်သေးရင် မင်း ဘာမှမပြောသေးနဲ့ "
" သာမန်ပျက်စီးခြင်းအရိုးထဲက အဆင့်နိမ့် ပျက်စီးခြင်းစွမ်းအင်ကို အထင်မသေးနဲ့။ အဲ့ဒါတွေရဲ့ ဥပဒေသတွေက အတူတူပဲ။ ပြီးတော့ သာမန်ပျက်စီးခြင်းအရိုးရဲ့ စွမ်းအင်တွေကို ထိန်းချုပ်ရတာ အများကြီးပိုပြီး လွယ်ကူတယ်။ ဒါဟာ မင်းအတွက် ပြီးပြည့်စုံတဲ့ ဥပဒေသလမ်းကြောင်း ဖန်တီးတာကို ချဥ်းကပ်မိစေနိုင်တယ် "
ပျက်စီးခြင်းကောင်းကင်နည်းစနစ်က လူတစ်ဦး၏ အခြေခံအုတ်မြစ်အပေါ် အာရုံထားရသည်။ ထို့ကြောင့် ပျက်စီးခြင်းကောင်းကင်သခင်များ လေ့ကျင့်ချိန်တွင် အရိုးရှင်းဆုံး ပျက်စီးခြင်းအရိုးတစ်ခုနှင့် စတင်ကြရသည်။ စုကျဲလည်း ထို့အတူသာ ဖြစ်လေ၏။ သူ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို ပထမဆုံး လေ့ကျင့်ခဲ့စဥ်က ရိုးရှင်းသည့်လမ်းစဥ်အတိုင်း သွားခဲ့သည်ဖြစ်ပြီး ပျက်စီးခြင်းအရိုးအမတေ ၁၀၀၀၀ သန့်စင်ခဲ့သည်။
ယီယွင်က စုကျဲနှင့် အငြင်းအခုံမလုပ်ပေ။ စုကျဲက ဆရာဖြစ်သောကြောင့် ကိုယ်ပိုင်အတွေးများ ရှိလေသည်။ ယခင်ကဘဝတွင် လီယိုနာဒို ဒါဗင်ချီက ကြက်ဥတစ်လုံးပုံ ရေးဆွဲခဲ့သည့် ဇာတ်လမ်းတစ်ခုနှင့် ဆင်တူလေသည်။ လီယိုနာဒို ဒါဗင်ချီ ပုံဆွဲသင်ခဲ့စဥ်က ဆရာဖြစ်သူသည် လီယိုနာဒို ဒါဗင်ချီကို ကြက်ဥတစ်လုံးပုံကိုသာ အကြိမ်ကြိမ် ရေးဆွဲခိုင်းခဲ့ဖူးလေ၏။ ယင်းဇာတ်လမ်းက လက်ရှိ သူ၏အဖြစ်နှင့် ဆင်တူနေချေသည်။
ယီယွင် သာမန်ပျက်စီးခြင်းအရိုးကို ကောက်ယူလိုက်လေ၏။ ခရမ်းရောင်သလင်းကျောက်ကြောင့် သူသည် ပျက်စီးခြင်းအရိုးထဲတွင် စီးဆင်းနေသည့် စွမ်းအင်တိုင်းကို ခံစားမိနေလေ၏။
ဘေးဘက်နားတွင်ရှိနေသည့် မျိုးရိုးအမည် " စွန်း " အသက်လတ်ပိုင်းလူနှင့် တပည့်မလေးတို့က ယီယွင်အား ကြည့်နေကြသည်။
အသက်လတ်ပိုင်းလူက ယီယွင်၏ အာရုံစိုက်နေသည့် ပုံစံကို လေးစားနေလေသည်။ သူက ဖြည်းညင်းစွာ ခေါင်းညိတ်ကာဆိုလေ၏..." အကြီးအကဲစုရဲ့တပည့်က အာရုံမလွင့်သလို အသက်ရှုပုံလည်း တည်ငြိမ်တယ်။ သူက မျိုးစေ့ကောင်းတစ်ခုပဲ။ သူ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သင်ယူနေတာ ဘယ်လောက်ကြာပြီလဲ "
စုကျဲက ဆိုသည်..." သူ လအနည်းငယ်လောက်ပဲ သင်ရသေးတယ်။ မကြာသေးခင်ကမှ ကျုပ် သူ့ကို တပည့်အဖြစ် လက်ခံခဲ့တာပါ။ အရင်ကတော့ သူ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို အခြားတစ်ယောက်ဆီက သင်ယူခဲ့တာပါ။ ကျုပ်သာ သူ့ကို အစကတည်းက သင်ကြားပေးခဲ့မယ်ဆိုရင် အခုချိန်မှာ သူ့ရဲ့အနေအထားက ခင်ဗျားတို့ထက် သေချာပေါက်ကို သာနေမှာပဲ "
စုကျဲက ယုံကြည်ချက်ရှိစွာ ဆိုလိုက်လေသည်။ သူသည် ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော်တွင် တက်ရောက်ကြမည့် အဖိုးကြီးများက အချိန်တိုင်း ကြွားဝါချင်နေကြသည့် သူတော်ကောင်းအယောင်ဆောင် အနှစ်မဲ့သူများဟု ကျိန်ဆဲခဲ့သည့်တိုင်အောင် သူသည်လည်း ထိုသူများထဲတွင် ပါဝင်နေကြောင်းကိုမူ မေ့လျော့နေလေသည်။
" ဟားဟား...အကြီးအကဲစု မှန်တယ်။ အကြီးအကဲစုရဲ့ သင်ကြားမှုနဲ့သာဆိုရင် အဆင့်အတန်းက ပိုမြင့်သွားမှာပဲ။ အကြီးအကဲစုက ညစ်ပတ်ပုပ်သိုးနေတဲ့အရာကို ရှားပါးအဖိုးတန်တဲ့ အရာအဖြစ် ပြောင်းလဲပေးနိုင်စွမ်းရှိတယ် " စွန်းမျိုးနွယ် လူလတ်ပိုင်းက ရယ်မောလိုက်လေ၏။
စုကျဲက လူလတ်ပိုင်း၏ ချီးကျူးမှုကို တိတ်ဆိတ်စွာဖြင့်သာ ခံယူပြီး လက်ဖက်ရည်ခွက်အား ကောက်ယူလိုက်လေ၏။ သူ လက်ဖက်ရည်သောက်နေရင်း ယီယွင် ပျက်စီးခြင်းကောင်းကင်နည်းစနစ် အသုံးပြုနေသည်ကို ကြည့်နေလေသည်။
ယီယွင် ပျက်စီးခြင်းအရိုးကို လက်ထဲတွင်ကိုင်ကာ အသက်ပြင်းပြင်းရှုပြီးနောက် ခရမ်းရောင်သလင်းကျောက်ထဲသို့ စိတ်စွမ်းအား ထည့်သွင်းလိုက်သည်။ သူ၏စိတ်ထဲတွင် ရင်းနှီးသော ခံစားချက်တစ်ရပ် ဖြစ်ပေါ်လာသည်။
စွမ်းအင်မြင်ကွင်းထဲတွင် သူ၏လက်ပေါ်မှ ပျက်စီးခြင်းအရိုးထဲရှိ စွမ်းအင်အမျှင်တိုင်းကို ယီယွင် မြင်နေရလေ၏။ သူသာ ဆန္ဒရှိပါက စွမ်းအင်အားလုံးကို ပိုးမျှင်သိမ်းသည့်ပမာ ထုတ်ယူပစ်နိုင်သည်။
ယီယွင် လက်ဖြင့် ချိတ်တံဆိပ်များ စတင်ဖော်ဆောင်သည်။ ယီယွင်အတွက်မူ ချိတ်တံဆိပ်များသုံးပြီး စွမ်းအင်ထုတ်ယူသည်မှာ အဓိပ္ပါယ်မရှိပေ။ ယင်းက သူ့အတွက် ဖုံးကွယ်ခြင်းမျှသာ ဖြစ်လေ၏။
ယီယွင် အသုံးပြုနေသည့် ချိတ်တံဆိပ်များက ဆရာသခင်ယွဲ့ဟွား သင်ပေးဖူးသော ချိတ်တံဆိပ်များ ဖြစ်လေသည်။ ယင်းက လူသစ်များ အသုံးပြုသည့် နည်းလမ်းသာ ဖြစ်လေ၏။
" လကောင်းကင်ချိတ်တံဆိပ်... သူ့ရဲ့နည်းစနစ်က တည်ငြိမ်ပြီးတော့ ပျာယာမခက်ဘူး။ ဒါဟာ အတော်ကိုကောင်းတယ် " လူလတ်ပိုင်းက အကဲဖြတ်လေသည်။
စုကျဲက ပါးစပ်မှ လက်ဖက်ရည်ခွက်ကို အသာရွေ့လိုက်သည်။ ဤကလေးတွင် ကျွမ်းကျင်မှုအချို့ ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ ယီယွင် ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို အမှန်တကယ် လအနည်းခန့်သာ သင်ယူခဲ့သည်ဆိုပါက ဤစံနှုန်းသည် ယီယွင်တွင် အတော်ကောင်းသည့်ပါရမီ ရှိနေသည်ဟု ဆိုလိုနေပေသည်။
ယီယွင်၏လက်ထဲမှ ပျက်စီးခြင်းအရိုးတွင် ခရမ်းရောင်အလင်း တောက်ပေနေသည်ကို စုကျဲနှင့် အသက်လတ်ပိုင်းလူတို့ မမြင်ကြပေ။ ယင်းက ဆန်းကြယ်သော ဥပဒေသတစ်ခုပမာပင် အခြားသူများ မသိနိုင်အောင် ဖြတ်တောက်ထားလေသည်။
စုကျဲနှင့် အသက်လတ်ပိုင်းလူတို့သည် ယီယွင်က ပျက်စီးခြင်းအရိုးထံမှ စွမ်းအင်များကို တည်ငြိမ်စွာထုတ်ယူနေသည်ကိုသာ အာရုံခံမိကြသည်။ လုပ်ငန်းစဥ်တစ်ခုလုံး ချောမွေ့စွာ ပြီးစီးသွားခဲ့သည်။
ပြီးပြည့်စုံသော စွမ်းအင်စီးဆင်းမှု လမ်းကြောင်းပုံစံကြောင့် အသက်လတ်ပိုင်းလူက အံ့အားသင့်နေကာ..." အကြီးအကဲစုရဲ့ တပည့်က ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို ဘယ်နှစ်လလောက်ပဲ လေ့ကျင့်ခဲ့တာလဲ "
" အမ်..." စုကျဲက အလိုအလျောက်ပင် မုတ်ဆိတ်အား သပ်လိုက်သည်။ ယီယွင်က ဤကဲ့သို့ နက်ရှိုင်းသောပုံစံဖြင့် လုပ်ဆောင်လိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့ပေ။ ဒီကောင်လေးက ငါ့ကို လှည့်စားခဲ့တာလား။
ယီယွင်က ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို နှစ်လခန့် သင်ကြားရုံမျှဖြင့် ဤအခြေအနေအထိ ပေါက်မြောက်သွားသည်ကို သူ ယုံကြည်ရခက်နေသည်။ ထို့အတိုင်းဆိုလျှင် ယီယွင်၏ပါရမီက လင်ရှင်းထုံကို မီလုနီးပါး ဖြစ်နေချေပြီ။
လင်ရှင်းထုံက ပါရမီရှင်တစ်ဦး ဖြစ်လေ၏။ ဤမျှအသက်ကြီးသော သူ့အဖို့ ဤသို့အဖိုးတန်တပည့်တစ်ဦး ရှာတွေ့ရန်မှာ မလွယ်ကူပေ။ သူ၏ဝတ်ရုံကို သူမအား အမွေဆက်ခိုင်းရန်ပင် စီစဥ်ထားပေသည်။
ပျက်စီးခြင်းကောင်းကင်နည်းစနစ် ပါရမီရှင်အချို့၏ ပါရမီများက လင်ရှင်းထုံကို လိုက်မီကြသည့်တိုင်အောင် ယင်းက ပုံမှန်သာဖြစ်၏။ ယီယွင်ကမူ သူ တိမ်ရိုင်းနယ်မြေထဲတွင် ဆုံတွေ့ခဲ့ရသည့် ကလေးတစ်ဦးသာ ဖြစ်လေ၏။ ထိုစဥ်က ယီယွင်သည် များစွာထူးခြားပုံမရှိပေ။ ထိုအခြေအနေမျိုးတွင်ပင် ယီယွင်၏ ပျက်စီးခြင်းကောင်းကင်နည်းစနစ် ပါရမီက လင်ရှင်းထုံအား ယှဥ်နိုင်နေကြောင်း စုကျဲ သိလိုက်ရချိန်တွင် မည်သို့များ မတုန်လှုပ်ဘဲ ရှိပါမည်နည်း။
" ဒီကောင်လေးက ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သူ့ဘာသာ လအနည်းငယ်လောက်ပဲ လေ့ကျင့်ထားတာ။ အဲ့ဒါက အမှန်လား အမှားလားဆိုတာကိုတော့ ကျုပ်လည်း မသိဘူး။ အခုထိ သူက အဆင်ပြေနေသေးပုံရတော့ ကျုပ် ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို ပထမဆုံး သင်ကြားခဲ့ချိန်က ကျုပ်ရဲ့စံနှုန်း တစ်ဝက်လောက်ရှိတယ် "
စုကျဲက ကြွားဝါလိုက်သည်။ အသက်လတ်ပိုင်းလူက စကားမဆိုဘဲ ပြုံးနေလေ၏။
လက်ရှိအချိန်၌ ယီယွင်က ပျက်စီးခြင်းအရိုးထဲမှ စွမ်းအင်များကို ထုတ်ယူပြီးနောက် ဆန်းကြယ်သလင်းလက်အား စတင်သုံးပြုနေသည်။ သူ၏စိတ်ထဲတွင် စုကျဲ အသုံးပြုခဲ့သည့် လှုပ်ရှားပုံများကို ပြန်တွေးနေလေ၏။ သူ စွမ်းအင်အမျှင်များ စီးဆင်းပုံကို ရှင်းလင်းစွာပင် ပြန်တွေးမိသွားသည်။
" ဆန်းကြယ်သလင်းလက်... ပထမချိတ်တံဆိပ် " ယီယွင် လက်ဆယ်ချောင်းလုံး လှုပ်ရှားကာ ချိတ်တံဆိပ်ကို စတင်ဖော်ဆောင်သည်။ သူ ပထမချိတ်တံဆိပ်ကို ပစ်လွှတ်လိုက်လေ၏။
လှုပ်ရှားပုံများကို အတုခိုးရသည်မှာ အလွန်လွယ်ကူသည်။ စစ်သည်များက မှတ်ဥာဏ်ကောင်းလေသောကြောင့် တစ်ကြိမ်မြင်ပြီးလျှင် ထပ်တူနီးပါး လုပ်ဆောင်နိုင်ကြသည်။ ခက်ခဲသောအပိုင်းမှာ ပျက်စီးခြင်းစွမ်းအင်များကို ချိတ်တံဆိပ်ထဲသို့ လိုချင်သလောက် လမ်းညွှန်ကာ ထည့်သွင်းရခြင်း ဖြစ်လေသည်။
သို့သော် ပျက်စီးခြင်းစွမ်းအင်များကို လမ်းညွှန်ပေးရသည်မှာ ခရမ်းရောင်သလင်းကျောက် ရှိနေသည့် ယီယွင်အတွက် မခက်ခဲလှပေ။ ထို့ကြောင့် ယီယွင်၏ လမ်းညွှန်မှုအောက်တွင် ပျက်စီးခြင်းစွမ်းအင်များက ပထမ မှော်စာလုံးချိတ်တံဆိပ်ထဲသို့ ဝင်ရောက်သွားခဲ့လေ၏။ ယင်းသည် ခရမ်းရောင် လိပ်ပြာငယ်တစ်ကောင် လေထဲတွင် တဖျတ်ဖျတ်ပျံနေသည့်အလားပင်။
ထို့နောက် ဒုတိယ ချိတ်တံဆိပ်... ။
ယီယွင်က မြင်ခဲ့ရသည့်အတိုင်း တုပလုပ်ဆောင်ကာ ဒုတိယ ချိတ်တံဆိပ်ကို ပစ်လွှတ်လိုက်သည်။ ယင်းသည် လေထဲတွင် ကခုန်နေသည့်ပမာပင်။ လုပ်ဆောင်မှုအားလုံးက အေးအေးသာသာပုံစံ ဖြစ်နေလေ၏။
ပထမ မှော်စာလုံးချိတ်တံဆိပ် ပစ်လွှတ်ချိန်တွင် စုကျဲက များစွာတုန့်ပြန်မှုမပြပေ။ သို့သော် ဒုတိယ မှော်စာလုံးချိတ်တံဆိပ်ကလည်း တူညီစွာပင် ပြီးပြည့်စုံနေသည်ကို မြင်လိုက်ရချိန်၌ သူ အနည်းငယ်ခန့် ငေးငိုင်သွားရသည်။
ထို့နောက်တွင် တတိယနှင့် စတုတ္ထ မှော်စာလုံးချိတ်တံဆိပ်များ လေထဲတွင် ပျံသန်းထွက်ပေါ်လာသည်။
ယီယွင်က ချိတ်တံဆိပ်များကို အောင်မြင်စွာ ဖွဲ့စည်းနိုင်သာမက စွမ်းအင်ဖွဲ့စည်းပုံကလည်း အလွန်ပင် ကောင်းမွန်လှသည်။ သူသည် ချိတ်တံဆိပ် လုပ်ဆောင်ရာတွင် အလျင်လိုခြင်း သို့မဟုတ် ဇဝေဇဝါဖြစ်ခြင်းများ မရှိပေ။ အရာအားလုံးက အစီအစဥ်တကျ သွားနေလေ၏။
ယင်းအဖြစ်ကြောင့် စုကျဲမှာ ဤကဲ့သို့ မှော်စာလုံးချိတ်တံဆိပ်များက ပျက်စီးခြင်းကောင်းကင်နည်းစနစ် လူသစ်တစ်ဦးထံမှ ဖြစ်ပေါ်လာသည်ကို ယုံကြည်ရခက်နေ၏။