လင်ရှင်းထုံ သီးသန့်လေ့ကျင့်ရာမှ ထွက်လာပြီ
Vol. 26 Ch. 382
" ခုနက မင်း ပျက်စီးခြင်းအရိုး သန့်စင်တဲ့အချိန်မှာ အဆင်မပြေတဲ့ အပိုင်းတွေ ရှိတယ် " စုကျဲက စကားဆိုရင်း ဆန်းကြယ်သလင်းလက်ကို ထပ်မံကာ ပြသလိုက်လေသည်။ ဤတစ်ကြိမ်တွင် စုကျဲ ပိုမိုလေးနက်နေ၏။ စုကျဲက လှုပ်ရှားမှုတိုင်းကို အဆင့်ဆင့်ခွဲပြကာ စိတ်ရှည်လက်ရှည် သင်ကြားပေးနေသည်။
စုကျဲ လေးနက်လာချိန်တွင်မူ အလွန်တော်သော ဆရာတစ်ဦး ဖြစ်လေ၏။ ယီယွင်က စွမ်းအင်ထိန်းချုပ်မှုတွင် ပြဿနာမရှိသော်လည်း ချိတ်တံဆိပ်နည်းစနစ်များတွင် အချိန်များစွာ လေ့ကျင့်ရန် လိုအပ်နေသေးသည်။
စုကျဲက စကားများစွာမပြောဘဲ ယီယွင်ကို အကြိမ်ကြိမ် သရုပ်ဖော်ပြသပေးနေ၏။ ဆန်းကြယ်သလင်းလက်မှစ၍ ချိတ်တံဆိပ်တစ်ထောင်အထိ မှော်စာလုံးချိတ်တံဆိပ်တိုင်းကို အပိုင်းလိုက်ခွဲပြကာ ယီယွင်အား သင်ကြားပေးလေသည်။ ထိုသင်ကြားမှုသည် ညအချိန်မှ မနက်အထိ ရောက်ရှိသွားခဲ့လေ၏။
သူတို့နှစ်ဦးသည် အရိုးသန့်စင်အခန်းထဲတွင် နာရီနှစ်ဆယ်ကျော် နေခဲ့ကြလေ၏။
ယီယွင်မှာ ခရမ်းရောင်သလင်းကျောက်ကို ဆက်တိုက်အသုံးပြုနေရခြင်းကြောင့် ချွေးဖြိုင်ဖြိုင်ကျနေ၏။ အခြားတစ်ဖက်တွင်မူ အဖိုးကြီးစုကျဲက တယောပမာပင် မာကျောနေလေ၏။
ထိုစဥ် စုကျဲ၏မျက်ဝန်းရှေ့တွင် အလင်းတစ်ခု တောက်ပသွားလေ၏။ ယင်းက အသံပို့တံဆိပ်ပြားတစ်ခု ဖြစ်လေသည်။
" အိုး... ရှင်းထုံ ထွက်လာပြီ "
စုကျဲ၏စကားကြောင့် ယီယွင် ရင်တုန်သွားရသည်။ သူ ချိတ်တံဆိပ် ဖော်ဆောင်ခြင်းကို ရပ်လိုက်လေသည်။ လင်ရှင်းထုံ ထွက်လာပြီလား။
ယခင်က စုကျဲသည် လင်ရှင်းထုံဆီသို့ သတင်းစကား ပို့ထားလေ၏။ ယခုတွင် သူမ ထွက်လာပြီဖြစ်၍ စုကျဲနှင့် တွေ့တော့မည်ဖြစ်ကြောင့် သိသာသည်။
" ငါ ရှင်းထုံနဲ့ သွားတွေ့တော့မယ်။ ဟုတ်သား... မင်း ငါနဲ့ ဘာကြောင့် မလိုက်ခဲ့တာလဲ " ရုတ်တရက်ပင် စုကျဲက ယီယွင်ကို ပြောလိုက်လေသည်။
ယီယွင် တစ်ခဏမျှ မှင်တက်မိသွားလေ၏။ ငါလည်း သွားချင်ရတာလား။ သူ အကြွေးတင်နေခဲ့ပြီး မတွေ့ရသည်မှာ နှစ်နှစ်ကြာပြီဖြစ်သော ထိုမိန်းကလေးကို ယီယွင် အမှန်တကယ်ပင် ပြန်တွေ့လိုသည်။
ယီယွင် စုကျဲ၏နောက်မှလိုက်၍ ထျန်းဟွာတောင်ထွတ်မှ ထွက်ခွာသွားကာ ပင်မတောင်ထွတ်ကိုးလုံးထဲမှ တစ်ခုဖြစ်သည့် ကျောက်စိမ်းဝါးတောင်ထွတ်သို့ ဦးတည်ခဲ့လေသည်။
ကျောက်စိမ်းဝါးတောင်ထွတ်သည် အလယ်ပိုင်းဒေသထဲရှိ ပင်မတောင်ထွတ် ၁၈ ခုထဲတွင် ပါဝင်လေ၏။ တောင်ထွတ်သည် များစွာမမြင့်လှဘဲ အစီအရင်များ ဖုံးလွှမ်းနေသည်။ တစ်နှစ်ပတ်လုံး ရာတုရာသီမရွေး ကျောက်စိမ်းဝါးပင်များ ပေါက်ရောက်နေလေသည်။ တောင်ထွတ်တွင် လှပသောရှုခင်းများ ရှိလေ၏။
လက်ရှိတွင် ယီယွင်က ကျောက်စိမ်းဝါးတောင်ထွတ်ပေါ်သို့ ဆင်းသက်သွားခဲ့သည်။ ယခုက နံနက်ခင်းအစောပိုင်းဖြစ်ပြီး မြူခိုးရစ်သိုင်းနေသည်။ သူ အောက်သို့ငုံ့ကြည့်လိုက်ရာ တိမ်ပင်လယ်ကို မြင်လိုက်ရသည်။ တိမ်တိုက်များ၏အထက်တွင် ဝါးစိမ်းတောအုပ် ရှိလေသည်။ ယင်းက အင်မော်တယ်ဘုံနန်းအလားပင်။
လင်မိသားစု၏ အမျိုးသမီးများ ကျောက်စိမ်းဝါးတောင်ထွတ်ပေါ်တွင် အဓိက နေထိုင်ကြသည်။ အများသောအားဖြင့် လင်မိသားစုမှ အမျိုးသားများကို တောင်ပေါ်သို့ တက်ခွင့်ပြုသော်လည်း တောင်အနောက်ပိုင်းကို အမျိုးသားများ ဝင်ခွင့်မရှိပေ။
စုကျဲက ယီယွင်ကို တောင်ထွတ်ပေါ်ရှိ ကျောက်စိမ်းဝါးဘုရားကျောင်းသို့ ခေါ်သွားခဲ့လေသည်။ ကျောက်စိမ်းဝါးဘုရားကျောင်းကို ဝါးတောအုပ်တစ်ခုထဲတွင် တည်ဆောက်ထားလေ၏။ ဘုရားကျောင်း၏ အမိုးခုံးအုပ်ပြားများကို ကျောက်စိမ်းများနှင့် ပြုလုပ်ထားလေသောကြောင့် နေရာတစ်ခုလုံး စိမ်းစိုနေလေသည်။
တံခါးတွင် အစေခံမလေးတစ်ဦး စောင့်နေလေ၏။ ယီယွင်နှင့်စုကျဲတို့ ရောက်လာချိန်တွင် သူမက အထဲသို့ ခေါ်သွားပေးလေသည်။ ကျောက်စိမ်းဝါးဘုရားကျောင်းထဲတွင် ဝါးပင်များနှင့် ရောယှက်နေသော ထင်းရှုးပင်များ နေရာတိုင်းတွင် ရှိနေလေသည်။
ကျောက်စိမ်းဝါးဘုရားကျောင်းအတွင်း၌ အဆောက်အဦများစွာရှိလေပြီး ဝါး သို့မဟုတ် ထင်းရှုးပင်နှင့် တည်ဆောက်ထားလေသောကြောင့် ယီယွင် အံ့အားသင့်ရသည်။ ထိုအဆောက်အဦများတွင် ဝါးနှင့်ထင်းရှုးတို့၏ ရနံ့များရှိလေပြီး စိတ်လက်အေးချမ်းစေသည်။
" လင်မိသားစုရဲ့ ဖွားဖွားက ဝါးကို ကြိုက်တယ်။ လေးစားရတဲ့ အဖွားတော်က ကျောက်စိမ်းဝါးကျောင်းတော်ကို တည်ဆောက်ထားခဲ့တာပဲ "
စုကျဲက ပြောပြလိုက်လေရာ ယီယွင် မှင်တက်မိနေသည်။ စုကျဲ၏ လေသံအရဆိုလျှင် ဖွားဖွား၏အသက်အရွယ်က နည်းလောက်မည်မဟုတ်ပေ။ စုကျဲကိုယ်တိုင်ပင် သူမကို လေးစားရသော အဖွားတော်ဟု ခေါ်ညွှန်းရသည်။ သူမ အသက် ၄၀၀၀၀ ၊၅၀၀၀၀ ခန့် ရှိလောက်ချေပြီလော။
အစေခံမလေးက ယီယွင်နှင့်စုကျဲတို့ကို အသစ်ဆောက်လုပ်ထားသော ဝါးတဲတစ်ခုဆီသို့ ခေါ်သွားခဲ့လေသည်။
အဝေးတွင် အဖြူရောင်ဝတ်ထားသည့် မိန်းမလှတစ်ဦးကို ယီယွင် မြင်နေရလေ၏။ သူမက ဓားရှည်ကိုင်ထားပြီး ဝါးတောထဲတွင် ဓားသိုင်းလေ့ကျင့်နေသည်။
သူမ၏လှုပ်ရှားမှုများက မြန်ဆန်ပုံမရှိသော်လည်း လွတ်လပ်စွာ စီးဆင်းနေသောရေနှင့် မျောလွင့်နေသော တိမ်များကဲ့သို့ ခံစားချက်မျိုးအား ပေးစွမ်းလေသည်။ ဓားချက်တိုင်းက ဝါးရွက်များကို ဝဲပျံသွားစေနေ၏။ မိန်းကလေး၏ ဓားအောက်တွင် ဝါးရွက်များက အသက်ဝင်နေကြသည့်အလားပင်။
ထိုမိန်းကလေးက ယီယွင် နှစ်နှစ်ခန့်မတွေ့ခဲ့ရသော လင်ရှင်းထုံ ဖြစ်လေ၏။
စုကျဲက ခြေလှမ်းရပ်ကာ လင်ရှင်းထုံ ဓားသိုင်းလေ့ကျင့်နေသည်ကို ကြည့်နေလေသည်။ သူ၏မျက်ဝန်းတွင် ချစ်ခြင်းများ ပြည့်နေလေ၏။ မတွေ့ရသည့် နှစ်နှစ်တာအတွင်း လင်ရှင်းထုံ၏ဓားသိုင်းက ကြီးစွာတိုးတက်လာပြန်သည်။ သူမ၏ သာမန်ခုတ်ချက်တစ်ခုကပင် ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်နေ၏။ ဤနယ်ပယ်ကို " ဓားတစ်ချက် ၊ ပြကွက်တစ်ခု " ဟုပင် ခေါ်ရချေမည်။
ဓားချက်တိုင်းသည် ဓားသိုင်းကြည့်ရှုနေသည့် လူများကို ပြကွက်တစ်ခု ဖျော်ဖြေပေးနေလေ၏။
" ဆရာ... "
လင်ရှင်းထုံသည် စုကျဲကို မြင်သောအခါတွင် ရပ်တန့်သွားကာ သူမ၏မျက်နှာတွင် ပျော်ရွှင်သောအပြုံးတစ်ခု ဖြစ်ပေါ်လာ၏။ စုကျဲနှင့် ခွဲခွာပြီးသည့်နောက် သူမ အမြဲတမ်းပင် သတိရနေခဲ့သည်။ အကြောင်းကမူ စုကျဲ ဝင်သွားခဲ့သည့် ဆန်းကြယ်နယ်မြေက အလွန်အန္တရာယ်များသည်ကို သူမ သိနေလေသောကြောင့်ပင်။ နှစ်နှစ်တာအထိ စုကျဲ၏သတင်းကို မကြားရလေသောကြောင့် သူမ စိတ်ပူနေခဲ့ရသည်။
" အိုး... နင်က... ယီယွင်လား "
လင်ရှင်းထုံက ယီယွင်ကိုမြင်သောအခါတွင် အံ့အားသင့်သွားလေ၏။ ဤနှစ်နှစ်အတွင်း ယီယွင်က များစွာပြောင်းလဲသွားခဲ့သည်။ သူက ကလေးတစ်ဦးအဖြစ်မှ ဆယ်ကျော်သက်တစ်ဦး ဖြစ်လာခဲ့ပေပြီ။
လင်ရှင်းထုံက အရပ်ရှည်၏။ လွန်ခဲ့သောနှစ်နှစ်က ယီယွင်သည် လင်ရှင်းထုံ၏ နှာခေါင်းဖျားအထိသာ အရပ်ရှည်သည်။ ယခုတွင်မူ ယီယွင်က လင်ရှင်းထုံထက်ပင် အနည်းငယ်ခန့် အရပ်ပိုရှည်နေလေ၏။
" မတွေ့ရတာကြာပြီ လင်မိန်းကလေး " ယီယွင် ရှက်ကိုးရှက်ကန် ပြုံးလိုက်သည်။ ကြာရှည်စွာခွဲခွာပြီးနောက် သူ ကိစ္စများစွာ ကြုံတွေ့ခဲ့ရသည်။ ယခု လင်ရှင်းထုံနှင့် ပြန်တွေ့ရချိန်တွင် မိတ်ဆွေဟောင်းတစ်ဦးနှင့် ပြန်တွေ့ရသကဲ့သို့ သူ ခံစားနေရသည်။
" နင်က ဘယ်သူလဲ "
ထိုစဥ် စူးရှသော မိန်းမအော်သံတစ်ခု ထွက်ပေါ်လာသည်။ ယီယွင် လှည့်ကြည်လိုက်ရာ အနီရောင် နန်းဝတ်နန်းစားများ ဝတ်ဆင်ထားသည့် လူလတ်ပိုင်း အမျိုးသမီးတစ်ဦး ဖြည်းညင်းစွာလာနေသည်ကို မြင်လိုက်ရသည်။ အမျိုးသမီး၏နံဘေးတွင် ဆံပင်ဖြူ အဖိုးအိုတစ်ဦး ရှိလေသည်။
လင်ရှင်းထုံက ထိုနှစ်ဦးကို မြင်သောအခါတွင် ဦးညွတ်ဂါရဝပြုကာ... " လင်ရှင်းထုံက အဒေါ်ကြီးနဲ့ ဦးလေး၆ ကို ဂါရဝပြုပါတယ် "
အမျိုးသမီးက ယီယွင်ကို နက်နဲစွာကြည့်နေသည်။ စုကျဲက အမည်ခံတပည့်ကို ကျောက်စိမ်းဝါးဘုရားကျောင်းဆီသို့ ခေါ်လာခဲ့ခြင်းကြောင့် သူမ စိတ်ရှုပ်နေရလေ၏။ ထို့အပြင် ကျောက်စိမ်းဝါးဘုရားကျောင်းက လင်မိသားစုမှ အမျိုးသမီးများ နေထိုင်သည့်နေရာ ဖြစ်လေသည်။ ပုံမှန်ဆိုလျှင် စုကျဲက သူစိမ်းများကို လင်ရှင်းထုံနှင့်တွေ့ပေးရန် ခေါ်လာမည်မဟုတ်ပေ။
" သူက ကျွန်မရဲ့သူငယ်ချင်းပါ " လင်ရှင်းထုံက တည်ငြိမ်စွာ ဆိုလိုက်သည်။
" သူငယ်ချင်းတဲ့လား " အမျိုးသမီး မျက်မှောင်ကုတ်လိုက်၏။ ယီယွင်၏ပုံစံအရ မိသားစုကြီးတစ်ခုမှ ဟုတ်ဟန်မတူချေ။ ယီယွင်၏ သိုလှောင်လက်စွပ်ကပင် လမ်းမပေါ်မှ သာမန်ပစ္စည်းတစ်ခုသာ ဖြစ်လေ၏။ လင်ရှင်းထုံက အဘယ်သို့ဖြစ်၍ ဤကဲ့သို့လူတစ်ဦးနှင့် သူငယ်ချင်းဖွဲ့ရလေသနည်း။
အမျိုးသမီးက သဘောမကျသော်လည်း ဘာမျှမပြောခဲ့ပေ။ လက်ရှိတွင် လင်ရှင်းထုံ၏ အဆင့်အတန်းက ထိလွယ်ရှလွယ်ဖြစ်နေ၏။ သူမသည် သည်ကိစ္စမှလွဲပြီး လင်ရှင်းထုံ၏ အခြားစိတ်ကူးများကို လိုက်နာမည်သာ ဖြစ်လေသည်။
" ကျွန်မရဲ့ ဝါးခြံလေးဆီကို ဒေါ်ဒေါ်ကြီးနဲ့ ဦးလေး ၆ က ဘာလာလုပ်ကြတာလဲ " လင်ရှင်းထုံက ခံစားချက်မရှိ ဆိုလိုက်သည်။ ထိုနှစ်ဦးကို မကြိုဆိုကြောင်း ရှင်းလင်းလှလေ၏။
" ငါတို့က ရှင်းထုံကိုတွေ့ဖို့ လာခဲ့တာပါ။ ရှင်းထုံက ဒေါ်ဒေါ်ကြီးကို ဘာကြောင့် မတွေ့ချင်ရတာလဲ " အမျိုးသမီးက လင်ရှင်းထုံ၏လက်ကို ကိုင်ကာ ဖော်ရွေစွာဆိုသည်။
လင်မိသားစုထဲတွင် အကြီးအကဲတစ်ဝက်ခန့်က ရှန်းထူမိသားစု၏ မင်္ဂလာပွဲကမ်းလှမ်းမှုကို ထောက်ခံကြသည်။ သူမ၏နံဘေးမှ အမျိုးသမီးနှင့်အမျိုးသားက ထိုအဖွဲ့ထဲတွင် ပါဝင်လေ၏။
သူတို့အတွက်မူ ရှန်းထူမိသားစုနှင့် လင်မိသားစု ထိမ်းမြားမင်္ဂလာပြုသည်မှာ နှစ်ဦးနှစ်ဖက်အကျိုးရှိသော အခြေအနေတစ်ခု ဖြစ်လေသည်။ မကြာသေးခင်နှစ်များတွင် ရှန်းထူမိသားစုနှင့် လင်မိသားစုတို့က အကျိုးအမြတ်မျိုးစုံနှင့် ရန်ကြွေးဟောင်းများကြောင့် တိုက်ခိုက်ခဲ့ကြသော်လည်း သူတို့၏ရှေ့မှောက်မှ အကျိုးအမြတ်နှင့် နှိုင်းယှဥ်မည်ဆိုလျှင် အသေးစားရန်ငြိုးများက ဘာမျှမဟုတ်ပေ။
အဓိကအကြောင်းအရင်းမှာမူ ပြိုင်စံရှားမဟာဧကရီတစ်ပါး ဆိုသည်မှာ လင်မိသားစုအတွက် ဆွဲဆောင်မှုရှိလွန်းနေလေသောကြောင့်ပင်။ သဘာဝယင်သွေးကြောကို ကုသပြီးသွားပါက လင်ရှင်းထုံ၏ အနာဂတ်အလားအလာက အကန့်အသတ်မရှိတော့ပေ။
ရှေးဟောင်းမဟာဧကရီနှင့် နှိုင်းယှဥ်လျှင်မူ ရှန်းထူမိသားစုနှင့် လွန်ခဲ့သည့်ဆယ်နှစ်က ပေါ်လာခဲ့သော လမ်းပြလူငယ်တို့က ဘာမျှမဟုတ်တော့ချေ။
သူမက လောကကြီး၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်မည့် ပုဂ္ဂိုလ်တစ်ဦး သေချာပေါက်ပင် ဖြစ်လာပေလိမ့်မည်။ ဤလောကကြီး၏ အပြောကျယ်လှသော သမိုင်းကြောင်းထဲတွင် ပြိုင်စံရှားမဟာဧကရီကို ယှဥ်နိုင်သူများမှာ လူနည်းစုခန့်သာ ရှိလေသည်။
ဤကိစ္စသည် မိသားစု၏ အကျိုးအမြတ်အပြင် လင်ရှင်းထုံအတွက်လည်း ကိစ္စကောင်းတစ်ခု ဖြစ်လေသည်။ မူလက လင်ရှင်းထုံ၏သက်တမ်းသည် နှစ်ငါးရာပင်မပြည့်ချေ။ သူမက ပညာရှိနယ်ပယ်သို့ မရောက်မီတွင် ကျင့်ကြံမှုပိတ်ဆို့နိုင်သော ကံကြမ္မာရှိသည်။ ထိုမျှဆိုးရွားသောကံကြမ္မာကို ဤနည်းဖြင့်သာ ပြောင်းပြန်လှန်ပစ်ရမည်။
သူမက ထျန်းယွမ်ကမ္ဘာကြီးတစ်ခုလုံးကို အုပ်စိုးနိုင်မည့်သူ ဖြစ်လာမည်သာမက သိန်းပေါင်းများစွာသော သက်တမ်းကိုလည်း ရနိုင်ပေလိမ့်မည်။ သူမက အလွန်ပင် မနာလိုဖွယ်ရာကောင်းသည့် ကိုယ်ပိုင်ခေတ်တစ်ခုကိုလည်း ဖန်တီးနိုင်လိမ့်မည်။
အမျိုးသမီးသည် သူမက အသက်ကြီးရင့်နေကာ သဘာဝယင်သွေးကြော မရှိနေခြင်းကို နှမြောမိနေလေ၏။ ထိုသို့သာမဟုတ်ပါက သူမသည် ရှန်းထူမိသားစုနှင့် လက်ထပ်ရန် အကြိမ်တစ်ထောင်ခန့် သဘောတူကာ မဟာကံကောင်းမှုကြီးကို ရယူပစ်ပေမည်။ ရှန်းထူမိသားစုနှင့် လက်ထပ်ရသည်မှာ လက်သင့်မခံနိုင်စရာ ကိစ္စတစ်ခု မဟုတ်ချေ။ ထို့အပြင် ရှန်းထူမိသားစုက လင်မိသားစုနှင့် ယှဥ်နိုင်လုနီးပါးရှိသော မိသားစုကြီးတစ်ခု ဖြစ်လေသည်။ အရင်းအမြစ် သို့မဟုတ် အမွေအနှစ်များ ချို့တဲ့မနေပေ။
ရှန်းထူနန်ထျန်းကိုမူ လင်ရှင်းထုံက မကြိုက်လေဘဲ ရှောင်ကွင်းကာသာ နေလေသည်။ စစ်သည်များ သိုင်းလေ့ကျင့်ချိန်တွင် နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်များ သီးခြားလေ့ကျင့်ကြသည်။ လင်ရှင်းထုံ ပညာရှိနယ်ပယ်သို့ ရောက်ရှိသွားချိန်တွင် နှစ်စဥ်နှစ်တိုင်း သီးခြားလေ့ကျင့်၍ ရလေသည်။
မြင်ကွင်းကထုတ် ၊ စိတ်ထဲကထုတ် ၊ ဘာများ လက်မခံနိုင်စရာရှိလဲ။
ကံမကောင်းစွာဖြင့်ပင် သူမ အကြိမ်ပေါင်း ထောင်သောင်းချီကာ ဖျောင်းဖျခဲ့သည့်တိုင်အောင် လင်ရှင်းထုံက သူမ၏ကံကြမ္မာအား အခြားသူများ စီစဥ်မည်ကို မလိုလားချေ။ အမျိုးသမီးမှာ ထိုအဖြစ်ကို နားမလည်နိုင်ချေ။ လင်ရှင်းထုံက မာနကိုရှေ့တန်းတင်ကာ နှစ်ငါးရာသက်တမ်းဖြင့် အသေခံပြီး လူအများ လိုချင်နေကြသည့် မဟာအခွင့်အရေးကြီးကို လက်လွှတ်ခံပေတော့မည်လော။
မိသားစုထဲမှ အကြီးအကဲများစွာက ထိုကိစ္စကို သဘောမတွေ့ကြသော်လည်း လင်ရှင်းထုံကို တွန်းအားမပေးကြပေ။ ထို့ကြောင့်ပင် ဤကိစ္စက နှောင့်နှေးနေခဲ့ရလေ၏။ အကြီးအကဲများစွာ လင်ရှင်းထုံကို သွန်သင်ရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြပေ။
အကြီးအကဲအများစုက လင်ရှင်းထုံနှင့် ဆက်ဆံရေးကောင်းမရှိသည်ကို အမျိုးသမီးက သိသည်။ အကြောင်းကမူ လင်ရှင်းထုံသည် ဒုက္ခိတနှင့် တူညီနေသည့် ပိတ်ဆို့နေသော သွေးကြောများနှင့် မွေးဖွားလာခဲ့ခြင်းကြောင့် ဖြစ်လေ၏။ သူမက မည်မျှပင် ပါရမီထူးနေပါစေ သက်တမ်းနှစ်ငါးရာကျော်ထက် အသက်မရှင်နိုင်သူကို မည်သူကများ ဂရုစိုက်နေပါမည်နည်း။
လင်ရှင်းထုံ ငယ်စဥ်ကတည်းကပင် မိသားစုထဲ၌ လျစ်လျူရှုခံခဲ့ရပြီး လှောင်ပြောင်ခြင်းပင် ခံခဲ့ရသည်။
သို့သော် လင်ရှင်းထုံကို အချစ်ပိုခဲ့ကြသည့် လူနှစ်ဦး ရှိလေ၏။ တစ်ဦးသည် လင်မိသားစု၏ဖွားဖွားဖြစ်ပြီး အခြားတစ်ဦးက စုကျဲ ဖြစ်လေသည်။
လင်ရှင်းထုံ၏ဆက်ဆံရေး ထိုနှစ်ဦးနှင့် အနက်ရှိူင်းဆုံး ဖြစ်လေသည်။ ဖွားဖွားကသာ လင်ရှင်းထုံကို ဖျောင်းဖျပေးလိုပါက ရလဒ်သည် သေချာပေါက်ပင် ကွဲပြားသွားပေလိမ့်မည်။
ပြီးခဲ့သည့်နှစ်နှစ်တွင် ဖွားဖွားက စိတ်ပိုင်းဖြတ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ တစ်ဖက်တွင်မူ ဖွားဖွားသည် ရှန်းထူမိသားစုကသာ ကုသဆေးကို ဖော်စပ်နိုင်ပါက လင်ရှင်းထုံကို ရှန်းထူမိသားစုနှင့် လက်ထပ်စေလိုနေသည်။ ထို့အပြင် သူမ၏ အချစ်ဆုံးမြေးမလေး အသက်ငါးရာကျော်တွင် သေဆုံးသွားရမည်ကို သူမ မြင်လိုခြင်းမရှိပေ။
အခြားတစ်ဖက်တွင် သူမသည် လင်ရှင်းထုံ၏ဆန္ဒမပါဘဲ မလုပ်စေလိုပေ။ ထို့ကြောင့် ဖွားဖွားက ဆုံးဖြတ်ချက်မချနိုင် ဖြစ်နေခဲ့ရသည်။ ထို့အပြင် သိုင်းသမားများအတွက် နှစ်နှစ်ဆိုသည်မှာ ဘာမျှမဟုတ်ပေ။ သူမက စောင့်ကြည့်နေသော သဘောထားပုံစံကို ယူထားလေသည်။
ဖွားဖွားက ထိုကိစ္စကို ကတိမပေးသေလောကြောင့် အခြားသူမှာ စုကျဲ ဖြစ်သည်။
စုကျဲ၏သဘောထားက ဤကိစ္စအပေါ်တွင် အရေးပါ၏။ အမျိုးသမီးသည် စုကျဲက လင်ရှင်းထုံအား လာတွေသည်ကို သိလေသောကြောင့် မနက်စောစောတွင် ဤနေရာသို့ အမြန်လိုက်လာခဲ့ခြင်း ဖြစ်လေ၏။ စုကျဲက မီးတောက်ကို ဆီလောင်းပေးသည့်ပမာ မပြောသင့်သည့်စကားများ ပြောခဲ့လိမ့်မည်ကို အမျိုးသမီးက စိုးရိမ်လေသည်။