← Chapters

အသိအကျွမ်း ဆိုရုံလောက်က ရင်းနှီးသူတွေ စိတ်ဝမ်းကွဲအောင် မလုပ်သင့်ဘူး

Vol. 26 Ch. 384

အသိအကျွမ်း ဆိုရုံလောက်က ရင်းနှီးသူတွေ စိတ်ဝမ်းကွဲအောင် မလုပ်သင့်ဘူး

Vol. 26 Ch. 384

ယီယွင်၏ မှတ်ချက်စကားက ရုတ်တရက်ဆန်လွန်းသည်။ ချက်ချင်းဆိုသလိုပင် ခြံဝန်းထဲမှ လူများအားလုံး ယီယွင်အား ကြည့်လိုက်ကြသည်။

လက်ရှိတွင် ယီယွင်က စုကျဲ၏ထိုင်ခုံနောက်၌ ရပ်နေသည်။ သူက ဆေးပင်ခူးကောင်လေးတစ်ဦးနှင့် လုံးဝပင် တူနေလေ၏။ ယီယွင်ကို လင်ရှင်းထုံ၏ အဒေါ်ဖြစ်သူမှလွဲ၍ မည်သူကမျှ သတိမပြုမိကြပေ။ ယီယွင်က လင်ရှင်းထုံနှင့် သိကျွမ်းနေခြင်းကြောင့်သာ သူမက ယီယွင်ကို စကားပြောခဲ့ခြင်း ဖြစ်လေ၏။

" မင်းက ဘာလဲ။ မင်းရဲ့အပြုအမူကို မင်း သိရဲ့လား။ ဒီနေရာမှာ မင်း စကားပြောပိုင်ခွင့်တောင် ရှိလို့လား "

ဤသည်က လင်မိသားစု၏ကိစ္စ ဖြစ်လေ၏။ စုကျဲပင် သူစိမ်းဖြစ်နေလေသောကြောင့် များစွာပြောပိုင်ခွင့်မရှိပေ။ အစမှ အဆုံးထိ စုကျဲက နားထောင်သည်သာ များလေသည်။

စုကျဲ၏အဆင့်အတန်းနှင့်ဆိုလျှင် သူသာ အမှန်တကယ် မှတ်ချက်ပေးလိုပါက လင်မိသားစုသည် နားထောင်ပေးမည်ဖြစ်လေ၏။ သို့သော် စုကျဲ၏ နောက်လိုက်တစ်ဦးက လင်မိသားစု၏ အကြီးအကဲများ စကားပြောနေချိန်တွင် အဘယ်သို့များ ဝင်ပြောပိုင်ခွင့်ရှိပါမည်နည်း။

လင်မိသားစုအား ဆိုမထားနှင့် သေမျိုးအိမ်တော်ကြီးများတွင်ပင် အစေခံတစ်ဦးက သခင် စကားပြောနေချိန်တွင် ဖြတ်ပြောမိပါက ပါးစပ်အား ဖြတ်ရိုက်ခံရခြင်းဖြင့် အဆုံးသတ်ရပေလိမ့်မည်။

စုကျဲကြောင့် အဒေါ်ကြီးက ယီယွင်ကို ဘာမျှလုပ်မရပေ။ ထို့အပြင် ယနေ့တွင် သူမ၏အဆင့်အတန်းကို နှိမ့်ချကာ လင်ရှင်းထုံအား ဖျောင်းဖျနေရလေသောကြောင့် သူမ ဒေါသထွက်နေသည်။ ယီယွင်သာ လင်မိသားစုဝင်တစ်ဦးဆိုပါက သူမသည် ယီယွင်ကို ဆွဲထုတ်သွားကာ မိသားစုစည်းကမ်းအတိုင်း အပြစ်ပေးမည်ဖြစ်လေ၏။

စုကျဲ မပြောရမီတွင် ယီယွင်က တိုက်ရိုက်ပြောလိုက်လေသည်..." ကျုပ်က ယွင်ရန်ထျန်း။ အကြီးအကဲစုရဲ့ အမည်ခံတပည့် "

ယီယွင်က သူ့ကိုယ်သူအား ကြုံရာအမည်တစ်ခု ပေးလိုက်လေသည်။ သူ၏အမည်အရင်း " ယွင် " ကို မျိုးရိုးအမည်အဖြစ် သုံးထားသည်။ ယွင်ရန်ထျန်း ဆိုသည်မှာ တိမ်ဆိုသည့် " ယွင် " ၊ ဖုံးကွယ်ခြင်းဆိုသည့် " ရန် " ၊ ကောင်းကင်ဆိုသည့် " ထျန်း " ဖြစ်လေ၏။

ရှန်းထူနန်ထျန်း၏ အမည်တွင်လည်း " ထျန်း " ပါလေသည်။ တိမ်ဆိုသည့် " ယွင် " ၊ ဖုံးကွယ်ခြင်းဆိုသည့် " ရန် " ၊ ကောင်းကင်ဆိုသည့် " ထျန်း " ဆိုသည်မှာ ယီယွင်က ရှန်းထူနန်ထျန်းကို ဖုံးကွယ်ပစ်မည်ဟု ဆိုလိုလေသည်။ ယင်းသည် ယီယွင်က သူ့ကိုယ်သူအား အဓိပ္ပါယ်နှစ်ခွထွက်သည့် အမည်ကို ပေးထားခြင်းဖြစ်သည်။

" အမည်ခံတပည့်တဲ့လား " အမျိုးသမီး၏မျက်နှာ သုန်မှုန်သွားသည်။ အမည်ခံတပည့်အဆင့်က နိမ့်နေတာတောင် သူမကို ပြောဝံ့နေသေးတယ်လား။

သူမ ဒေါသပေါက်ကွဲတော့မည့်အချိန်တွင် လင်ရှင်းထုံက မတ်တက်ရပ်ကာ ဆိုလိုက်လေသည်..." အဒေါ်ကြီး... သူက ကျွန်မရဲ့မိတ်ဆွေပါ "

အမျိုးသမီးက တစ်ခုခုပြောလိုခဲ့သော်လည်း တစ်ခဏမျှ စကားနင်သွားရပြီးနောက်... " မိတ်ဆွေတဲ့လား "

ထိုစကားလုံးက သူမအား မသက်မသာဖြစ်စေသည်။ လင်မိသားစုက မည်ကဲ့သို့ အဆင့်အတန်းမျိုး ရှိလေသနည်း။ လင်ရှင်းထုံကလည်း လင်မိသားစု၏ လူငယ်မျိုးဆက်ထဲတွင် ပုံရိပ်အကြီးမားဆုံးသူ ဖြစ်လေသည်။ သူမက အနာဂတ်တွင် ပြိုင်စံရှားမဟာဧကရီတစ်ပါး ဖြစ်လာနိုင်သည့်တိုင်အောင် ဤကဲ့သို့ လူစားမျိုးနှင့် မိတ်ဆွေဖွဲ့ထားသည်တဲ့လား။

သူမ၏ မြေးမလေးသာဆိုပါက ပြစ်တင်ကြိမ်းမောင်းပစ်ပေမည်။ သို့သော် လင်ရှင်းထုံနှင့် ရင်ဆိုင်ရချိန်တွင် သူမက ထိုသို့လုပ်ဝံ့ခြင်းမရှိပေ။ သူမက အမူအရာလျော့ချကာ စိတ်ရှည်စွာဆိုလေသည်..." ရှင်းထုံ... မိတ်ဆွေဖွဲ့တာက မင်းရဲ့လုပ်ပိုင်ခွင့်ဆိုပေမဲ့ ဘယ်လိုလူစားမျိုးလဲ ဆိုတာကိုတော့ ကြည့်ရမယ်လေ။ မင်းမှာ ဂုဏ်သရေရှိတဲ့ နောက်ခံအင်အားတစ်ခုရှိပြီး အနာဂတ်မှာ အကန့်အသတ်မဲ့တဲ့ အောင်မြင်မှုတွေ ရလာဦးမှာ။ မင်း မိတ်ဆွေဖွဲ့ချင်တယ်ဆိုရင် ရှန်းထူနန်ထျန်းတို့လို မိသားစုကြီးတစ်ခုက ဆင်းသက်လာခဲ့တဲ့ သူတွေပဲ ဖြစ်သင့်တယ်။ ခွေးလေးတွေ ကြောင်လေးတွေလို အညစ်အကျေးတွေကို အရောမဝင်တာက မင်းအတွက် အကောင်းဆုံးပဲ။ ဒီလိုမှမဟုတ်ရင် မင်း သိက္ခာကျရပြီး အခြားသူတွေ ပြက်ရယ်ပြုစရာ ဖြစ်နေလိမ့်မယ်။ ရှင်းထုံ... ဘာပြောချင်လဲ "

အမျိုးသမီး၏ စကားများက ကြင်နာပုံရသော်လည်း အထက်စီးဆန်ခြင်းများ ပြည့်နေလေသည်။ ယီယွင်ကို အညစ်အကြေးဟုပင် ပြောသွားလေသော လင်ရှင်းထုံ ဒေါသထွက်ရသည်။

လင်ရှင်းထုံ မျက်မှောင်ကုတ်ကာ အေးစက်စက်ပြောလိုက်လေသည်..." ဒေါ်ကြီး... သူက ကျွန်မရဲ့မိတ်ဆွေ။ ဒေါ်ကြီးဆိုတာက ကျွန်မရဲ့ အကြီးတစ်ယောက်လို့ပဲ ဆိုနိုင်တယ်။ ဒေါ်ကြီးက ကြာရှည်စွာနေထိုင်ခဲ့ပြီး လူပေါင်းများစွာကို မြင်ဖူးပြီးတော့ ကိစ္စပေါင်းများစွာကို ကြုံတွေ့ဖူးတယ်။ အသိအကျွမ်း ဆိုရုံလောက်က ရင်းနှီးသူတွေ စိတ်ဝမ်းကွဲအောင် မလုပ်သင့်ဘူးဆိုတာကို ဒေါ်ကြီး သိသင့်တယ် "

လင်ရှင်းထုံ၏ စကားများထဲတွင် အဆဲစကား မပါသော်ငြားလည်း အမျိုးသမီး၏မျက်နှာ ဖြူလျော်သွားလေသည်။

အသိအကျွမ်း ဆိုရုံလောက်က ရင်းနှီးသူတွေ စိတ်ဝမ်းကွဲအောင် မလုပ်သင့်ဘူး...။

အမျိုးသမီးက လင်ရှင်းထုံ၏ ဒေါ်ကြီး ဖြစ်လေ၏။ ယီယွင်ကမူ လင်ရှင်းထုံအတွက် မည်ကဲ့သို့ လူစားမျိုးပေနည်း။

ထိုကောင်က သူငယ်ချင်းတစ်ယောက်သာဖြစ်ပြီး ရင်းနှီးမှုအတိုင်းအတာ မသိရသော သူငယ်ချင်းတစ်ယောက်သာ ဖြစ်လေသည်။ သို့သော် လင်ရှင်းထုံကမူ " အသိအကျွမ်း ဆိုရုံလောက်က ရင်းနှီးသူတွေ စိတ်ဝမ်းကွဲအောင် မလုပ်သင့်ဘူး " ဟု အမှန်တကယ်ပင် ပြောခဲ့ချေ၏။

ဤသည်မှာ လင်ရှင်းထုံ၏စိတ်ထဲတွင် ဒေါ်ကြီးက အသိအကျွမ်းတစ်ဦးမျှသာ ရှိသည်ဟု ဆိုလိုလေသည်။ သူမက မရှိလျှင်လည်း ဖြစ်ချေသည်။ အညစ်အကြေးဆိုသည့် ယီယွင်ကမူ လင်ရှင်းထုံ၏စိတ်ထဲတွင် ဒေါ်ကြီးဖြစ်သည့် သူမထက်ပင် နေရာပိုမြင့်နေချေ၏။

လင်ရှင်းထုံနှင့်ရင်းနှီးသည့် ကလေးတစ်ဦးကို မရင်းနှီးသည့် သူမက သွေးနားထင်ရောက်စွာဖြင့် ဝေဖန်ပြောဆိုမိသွားခဲ့ခြင်း ဖြစ်လေ၏။

" မင်း..." အမျိုးသမီး၏အသံ အနည်းငယ်တုန်ယင်သွားသည်။ အဖွားတော် အပါအဝင် လူပေါင်းများစွာ၏ရှေ့မှောက်တွင် သူမကို ရည်ရွယ်လာသည့် ထက်မြက်သောစကားလုံးများကြောင့် သူမ မျက်နှာပျက်ရသည်။

သို့သော် သူမ ငြင်းနိုင်ခြင်းမရှိပေ။ လင်ရှင်းထုံ ငယ်ရွယ်စဥ်က မိသားစု၏ အနိုင်ကျင့်ခြင်းမျိုးစုံကို ခံစားခဲ့ရချိန်တွင် ဒေါ်ကြီးဖြစ်သည့် သူမက မည်သည့်အခါကမျှ ကောင်းသည့်ကဏ္ဍတွင် မပါခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမက ဒုက္ခပေးလိုစိတ်ပင် ရှိခဲ့လေ၏။

" ရှင်းထုံ... ဘယ်လိုဖြစ်ပြီး မြေးလေးရဲ့ စကားတွေက ရဲတင်းနေရတာလဲ " အဖွားတော်က ကြိမ်းမောင်းပြောဆိုပေးကာ နန်းဝတ်နန်းစားနှင့် အမျိုးသမီး ခံရသက်သာစေရန် လုပ်ဆောင်ပေးလိုက်သည်။

မျက်နှာပျက်သွားရသည့် ဒေါ်ကြီးက ယီယွင်ကို ဒေါသတကြီးကြည့်ကာ..." အဖွားတော်... ဒီကောင်လေးက ငယ်ရွယ်ပြီးတော့ အဆင့်အတန်းနိမ့်တယ်။ သူက ဘာမှမသိတာကိုတောင် မဟာဧကရာဇ်တွေပဲ ဆုံးဖြတ်ပေးနိုင်တဲ့ ရှန်းထူမိသားစုနဲ့ လင်မိသားစုရဲ့ ကိစ္စထဲကို ဝင်ပါနေတယ်။ ဒီကောင်လေးက တကယ်ကို ကိုယ့်နေရာ ကိုယ်မသိဘူး "

ရှန်းထူမိသားစုနှင့် လင်မိသားစုတို့၏ မဟာကိစ္စကြီးကို ရာထူးမြင့်အကြီးအကဲများက ဆုံးဖြတ်ထားခြင်း ဖြစ်လေသည်။ ဂျူနီယာတစ်ဦးက ဆွေးနွေးပွဲထဲသို့ ဝင်ပါလာချိန်တွင် မရင့်ကျတ်သေးဘဲ ရယ်စရာကောင်းသည်ဟု ခံစားရသည်။

ယီယွင်က တည်ငြိမ်စွာဆိုသည်..." ကျုပ်က ဖြစ်နိုင်ခြေကို ထည့်တွက်ပြရုံတင်ပဲ။ ရှန်းထူမိသားစုက လင်မိန်းကလေးကို ကုသပေးနိုင်ချင်မှ ပေးနိုင်မှာပေါ့ "

" တကယ့်ဟာသပဲ... မိသားစုကြီးတစ်ခု ကိစ္စတွေလုပ်ရင် အိမ်မှာ ကလေးကစားလို လုပ်နေတယ်များထင်နေလား။ သူတို့မှာ ယုံကြည်ချက် အနည်းငယ်တောင်မရှိရင် တစ်လောကလုံးရဲ့ ရယ်စရာတစ်ခုအဖြစ် အဆုံးသတ်သွားရလိမ့်မယ် "

" ပြီးတော့ ငါတို့ လင်မိသားစုကလည်း အဲ့ဒါက အောင်မြင်မှုအပြည့် ရှိမလားဆိုတာကို အတည်ပြုမှာပါ။ ငါတို့ လင်မိသားစုရဲ့ အကြီးအကဲတွေ မင်းတွေးမိသလို မတွေးမိဘူးများ ထင်နေတာလား။ သူတို့ရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းက နင့်ထက် နိမ့်ကျနေရဦးမလား "

" မင်း ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သိလား။ ရှေးဟောင်းဆေးမှတ်တမ်းတွေကို သိလား။ မင်းက အကြီးအကဲစုရဲ့ အမည်ခံတပည့်သာသာပါပဲ "

" ကလေးတွေ အသိခေါင်းပါးပြီး စကားလုံးတွေက မောက်မာကြတယ်ဆိုတာ အမှန်ပါပဲ "

အမျိုးသမီးက ထေ့လုံးများသုံးက တရစပ်ဆိုလိုက်လေသည်။ ယီယွင်မှာ အမျိုးသမီး၏ စကားလုံးများကြောင့် မှင်တက်မိသွားကာ ငြိမ်ကျသွားလေ၏။

နောက်ဆုံးတွင် သူမ စိတ်ပြေသွားရ၏။ ထို့အပြင် ယီယွင်က နိမ့်ကျလေသည်။ ဤစကားဖလှယ်မှုတွင် ပါဝင်ရသည်မှာ သူမ၏အဆင့်အတန်းကို နိမ့်ကျစေပြီး မထိုက်တန်ဟု ခံစားရသည်။

" အဖွားတော် " အမျိုးသမီးသည် အဖွားတော်က ထိုကိစ္စအတွက် တုန့်ဆိုင်းနေမည်ကို စိုးရိမ်လေသောကြောင့် သူမက အဖွားတော်ကိုကြည့်ကာ ဆိုလေသည်..." ရှန်းထူမိသားစုရဲ့ ပျက်စီးခြင်းကောင်းကင်နည်းစနစ်က ထူးခြားတဲ့အမွေအနှစ်ဆိုတာ သံသယဖြစ်ဖို့မလိုဘူး။ ကျွန်မတို့ လင်မိသားစုထက် တစ်ဆင့်ပိုမြင့်တယ်ဆိုတာ အမှန်ပဲ။ လင်မိသားစုသာ ရှန်းထူမိသားစုနဲ့ မဟာမိတ်ဖွဲ့လိုက်ရင် လင်ရှင်းထုံ ဦးဆောင်သူနေရာကို ယူတဲ့အချိန်ကျ လင်မိသားစုရဲ့ ပျက်စီးခြင်းကောင်းကင်နည်းစနစ် အမွေအနှစ်ကလည်း တစ်ဆင့်မြင့်တက်သွားဖို့ များတယ် "

" ရှန်းထူမိသားစု ကျင်းပတဲ့ ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော် နောက်နှစ်လနေရင် ရောက်ပြီ။ အဲ့ဒီအချိန်ကျရင် ရှန်းထူမိသားစုက လင်ရှင်းထုံရဲ့ သွေးကြောတွေကို ကုသနိုင်လားဆိုတာ သက်သေပြလိမ့်မယ် "

အမျိုးသမီးက စုကျဲကို လှောင်ရယ်ဟန်ဖြင့်ကြည့်ကာ..." အကြီးအကဲစုက ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေပြီမလား "

လက်ဖက်ရည်ပွဲတော်တွင် စုကျဲ သေချာပေါက်ပင် ရှုံးနိမ့်လိမ့်မည်ကို အမျိုးသမီးက သိသည်။ စုကျဲ၏ ပျက်စီးခြင်းကောင်းကင်နည်းစနစ် အဆင့်အတန်းက မြင့်မားသော်လည်း ရှန်းထူမိသားစုမှ ပညာရှင်များကို တွန်းလှန်နိုင်မည်မဟုတ်ပေ။ စုကျဲက မည်မျှပင်အားကောင်းနေပါစေ ရှုံးဖို့ရာသာ များလေသည်။

အမျိုးသမီးက စုကျဲနှင့် ဆက်ဆံရေးမကောင်းလေသောကြောင့် စုကျဲ ခံစားရမည်ကို မြင်ရလျှင် ဝမ်းသာလေသည်။ ထို့အပြင် ရှန်းထူမိသားစုက သူတို့၏အစွမ်းအစကို သက်သေပြနိုင်ခဲ့လျှင် သူမ၏အနေအထားကို ထောက်ပံ့ပေးကြပေလိမ့်မည်။ သူမ မည်သို့ပင်ရှုမြင်ပါစေ ဤလက်ထပ်ပွဲက လင်မိသားစုအတွက် အကျိုးရှိမည်သာ ဖြစ်လေ၏။

" ငါ့ရဲ့ကြိုတင်ပြင်ဆင်မှုကို မင်း စိုးရိမ်နေစရာမလိုဘူး။ ဘာကြောင့်လဲ။ မင်းကိုကြည့်ရတာ လင်မိသားစု တက်နင်းခံရတော့မှာကို ပျော်နေတဲ့ပုံပဲ " သူက ထိုအမျိုးသမီးကို အမြင်မကြည်နေသည်ဖြစ်ရာ ထိုအမျိုးသမီးက သူ့အား ပစ်မှတ်ထားလာချိန်တွင် သူက ထိုင်ကြည့်နေမည်မဟုတ်ပေ။ သူက ချက်ချင်းပင် နှုတ်ဖြင့်တိုက်ခိုက်ခဲ့လေ၏။

" ကျွန်မက အခြားသူတွေကို တိတ်တိတ်လေး ကူညီပေးနေတယ်ဆိုပြီး စောင်းမြောင်းမပြောပါနဲ့ အကြီးအကဲစုရယ်။ ကျွန်မက လင်မိသားစုကို ထွန်းတောက်စေချင်ပေမဲ့ မျက်ကန်းအိပ်မက်မက်သလို မလုပ်ပါဘူး။ ကျွန်မက အကြီးအကဲစုကို နိုင်စေချင်တယ်ဆိုရင် အကြီးအကဲစုက နိုင်သွားမှာတဲ့လား "

အဖွားတော်က အမျိုးသမီးကို ကြိမ်းမောင်းလိုက်လေသည်..." တိတ်စမ်း... ယဥ်ယဥ်ကျေးကျေး နေစမ်း "

စုကျဲက လင်မိသားစု၏ အထူးဧည့်သည်တော် ဖြစ်လေသောကြောင့် စုကျဲအား လေးစားစွာ ဆက်ဆံရပေမည်။ ထိုသို့မဟုတ်ပါက စုကျဲ အလွယ်တကူပင် ထွက်ခွာသွားပေလိမ့်မည်။ အဖွားတော်အဖို့ စုကျဲနှင့် စကားများနေသည့် အမျိုးသမီးကိုသာ ကြိမ်းမောင်းရပေမည်။

အမျိုးသမီး ငြိမ်သက်သွားလေ၏။

အဖွားတော်က နဂါးခေါင်းတောင်ဝှေးကို အားပြုကာ မတ်တက်ရပ်လိုက်ပြီး..." အကြီးအကဲစု... လက်ဖက်ရည်ပွဲတော်ရဲ့ မူလရည်ရွယ်ချက်ဟာ ရှန်းထူမိသားစုက သူတို့ရဲ့ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို ဟန်ရေးပြဖို့ပါပဲ။ ဒါပေမဲ့ သူတို့ဟာ အရင်ကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့တာပါ။ ငါတို့ကတော့ ကြိုတင်ပြင်ဆင်ချိန် အများကြီးမရှိတဲ့အပြင် အမွေအနှစ်ကလည်း နိမ့်တာကြောင့် ငါတို့တွေ ဖိနှိမ်ခံရလောက်တယ် "

" ပြောရမယ်ဆိုရင် လင်မိသားစုက ဆိုးဆိုးရွားရွား ရှုံးမသွားသင့်ဘူး။ ဒီကိစ္စအတွက် အကြီးအကဲစုကို အားကိုးလို့ရမယ်လို့ ငါ မျှော်လင့်ပါတယ်။ အကြီးအကဲစုက လင်မိသားစုရဲ့သိက္ခာကို ထိန်းပေးရမယ် "

အဖွားတော်၏ စိတ်ရင်းလေသံကြောင့် စုကျဲက ခေါင်းညိတ်ကာ..." ကျုပ် အကောင်းဆုံးလုပ်မှာပါ။ အဖွားတော် စိတ်ကျေနပ်ရမှာပါ "

" ကောင်းပြီ " အဖွားတော်က ခေါင်းညိတ်ပြပြီး လင်ရှင်းထုံအား ကြည့်ကာ..." ရှင်းထုံ... အဖွားက မြေးလေးကို ဖိအားမပေးဘူး။ မြေးလေးက ကိုယ့်လမ်းကြောင်း ကိုယ်လျှောက်သင့်ပါတယ်။ မြေးလေးမှာ သက်တမ်းရှည်ကြီး ကျန်ပါသေးတယ် "

" အဖွားဟာ အချိန်အကြာကြီး နေထိုင်ခဲ့ပြီး လူတွေနဲ့ကိစ္စတွေ အများကြီးမြင်ဖူးတယ်။ အတွေ့အကြုံတွေ အများကြီးရှိထားပြီးပြီဆိုတော့ အဖွားက မြေးလေးကို ငယ်သေးတယ်လို့ပဲ ပြောချင်ပါတယ်။ အချိန်မှာ မြေးလေး တွေးသမျှအရာတိုင်း ၊ အခုချိန်မှာ မြေလေး ခေါင်းမာနေတဲ့ အရာတိုင်းဟာ နောင်နှစ်ထောင်ပေါင်း အနည်းငယ်လောက်အကြာ မြေးလေး အမှန်တကယ် ကြီးပြင်းလာချိန်ကျရင် ကလေးဆန်ပြီး ရယ်စရာကောင်းနေတာလည်း ဖြစ်သွားနိုင်ပါတယ် "

" မြေးလေး မြဲမြဲမြံမြံ ဆုပ်ကိုင်ထားတဲ့အရာက မြေးလေး လိုချင်တဲ့အရာ ဟုတ်ချင်မှဟုတ်မယ်။ မြေးလေး လက်ရှိအချိန်မှာ သေချင်နေလောက်ပေမဲ့ နောက်ဆုံးမှာတော့ အရှက်ကွဲရတာကို လက်ခံလာနိုင်လိမ့်မယ်။ တစ်ရက်ကျရင် မြေးလေး လက်လွှတ်ခဲ့တဲ့အရာကို ဝမ်းသာနေနိုင်လောက်တယ်..."

အဖွားတော်က စကားဆုံးသည်နှင့် တောင်ဝှေးကိုအားပြုရင်း အမျိုးသမီး အစေခံအဖွဲ့နှင့်အတူ ထွက်ခွာသွားလေသည်။

All Chapters