ဝိညာဥ်ပျိုးထောင်အမတေ
Vol. 26 Ch. 385
လင်ရှင်းထုံနှင့် လမ်းခွဲလာပြီးနောက် စုကျဲက နှစ်လတာ သီးခြားလေ့ကျင့်ခြင်း စတင်လေသည်။ မည်သည့်အရာပင်ဖြစ်ပါစေ သူ့အဖို့ ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော်အတွက် အမှားလုပ်၍မရပေ။
ယီယွင်ကလည်း ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို စတင်လေ့ကျင့်နေလေ၏။ သူ့အား စုကျဲက သင်ကြားပေးထားသည့် ဆန်းကြယ်သလင်းလက်နှင့် ချိတ်တံဆိပ်တစ်ထောင်နည်းစနစ်တို့ကို ရရှိထားပြီးပေပြီ။ ကျန်ရှိနေသည့် လေ့ကျင့်ရေးမှာ သူ့အပေါ်တွင်သာ မူတည်လေသည်။
ယီယွင်တွင် စုကျဲက ပြင်ဆင်ပေးထားသည့် အရိုးသန့်စင်အခန်းထဲတွင် အခန်းအောင်းနေခဲ့လေ၏။ သူ၏ရှေ့တွင် ပျက်စီးခြင်းအရိုးပစ္စည်းမျိုးစုံ ရှိနေလေသည်။ အချို့ပစ္စည်းများကို စုကျဲက ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး ကျန်သည့်ပစ္စည်းများကမူ သူ နတ်အရိုင်းမြေထဲတွင် ပျက်စီးခြင်းသားရဲများ သတ်ဖြတ်ရာမှ ရရှိလာခဲ့ခြင်း ဖြစ်လေ၏။
ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို လေ့ကျင့်ရသည်မှာ အလွန်ပင် ပျင်းရိဖွယ်ကောင်းပြီး စိတ်စွမ်းအားကိုလည်း ကြီးစွာကုန်ခမ်းစေသည်။ အရိုးသန့်စင်အခန်းထဲတွင် ယီယွင်က တစ်ကြိမ်လျှင် တစ်ရက်နှင့်တစ်ညခန့် လေ့ကျင့်သည်။
သူက ပျက်စီးခြင်းကောင်းကင်နည်းစနစ် လေ့ကျင့်သည့်နည်းလမ်းမှာ ခရမ်းရောင်သလင်းကျောက်နှင့် ပျက်စီးခြင်းစွမ်းအင်များ ထုတ်ယူပြီး ပျက်စီးခြင်းစွမ်းအင်ကို ထိန်းချုပ်ကာ ချိတ်တံဆိပ်များ ဖန်တီးခြင်းနှင့် ဖျက်ဆီးခြင်း အဖန်တလဲလဲ လုပ်ဆောင်သည်။
မှော်စာလုံးချိတ်တံဆိပ်တစ်ခုကို အကြိမ်တစ်ရာခန့် အထပ်ထပ်လုပ်ဆောင်သည်။ ယင်းလုပ်ငန်းစဥ်ကို ယီယွင်၏စိတ်ထဲတွင် စွဲမြဲသည်အထိ လုပ်ဆောင်ခဲ့ပြီး ကြွက်သားမှတ်ဥာဏ်များ ဖြစ်လာရသည်။
စုကျဲက ယီယွင်ကို ဆန်းကြယ်သလင်းလက် သင်ကြားပေးပြီးနောက်တွင် ယီယွင်က ဆန်းကြယ်သလင်းလက်နှင့် ပြီးပြည့်စုံသော ချိတ်တံဆိပ် ၅၀ ကျော် ဖန်တီးနိုင်ခဲ့၏။ များမကြာမီတွင် ယီယွင်က ကျန်ရှိနေသည့် မှော်စာလုံးချိတ်တံဆိပ် ၄၀ ကို ပြီးပြည့်စုံစွာ ဖန်တီးနိုင်ခဲ့သည်။ သို့သော် ယီယွင် ဆန်းကြယ်သလင်းလက်ကို လေ့ကျင့်ရာတွင် အဆင့်အလွန်နိမ့်သော ပျက်စီးခြင်းအရိုးများသာ အသုံးပြုခဲ့လေသောကြောင့် ယင်းကိစ္စက မလုံလောက်ပေ။
အဆင့်နိမ့် ပျက်စီးခြင်းအရိုးများတွင် ပျက်စီးခြင်းစွမ်းအင်များ အလွန်နည်းပါးစွာ ပါရှိလေပြီး ထိန်းချုပ်ရလွယ်သည်။ ပျက်စီးခြင်းအရိုး၏အဆင့် တိုးလာပါက ဆန်းကြယ်သလင်းလက်နှင့် ချိတ်တံဆိပ်များ ဖန်တီးကာ ပျက်စီးခြင်းစွမ်းအင်များကို ထိန်းချုပ်နိုင်ရန် ပိုခက်ခဲလာသည်။
ထိုကဲ့သို့စည်းမျဥ်းကို ယီယွင်၏ ခရမ်းရောင်သလင်းကျောက်နှင့်ပင် မျက်ကွယ်ပြု၍မရပေ။
ထို့အပြင် ဆန်းကြယ်သလင်းလက်နှင့် ချိတ်တံဆိပ်တစ်ထောင်တို့က လက်သီးဆုပ်အရွယ်ချိတ်တံဆိပ် နည်းစနစ်များ ဖြစ်ကြလေ၏။ ပျက်စီးခြင်းကောင်းကင်နည်းစနစ်တွင် ပိုမြင့်သောအဆင့်သို့ ရောက်သွားပါက ထိုချိတ်တံဆိပ်နှစ်ခုသည် မလုံလောက်တော့ပေ။
" ဒီနည်းစနစ်နှစ်ခုက ရေရှည်ဖြေရှင်းနည်း မဟုတ်ဘူး။ ဒါပေမဲ့ လက်ရှိ ငါ့ရဲ့ ပျက်စီးခြင်းကောင်းကင်နည်းစနစ်က အကန့်အသတ်ရှိနေတယ်။ ငါ့မှာ ကျင့်ကြံဖို့အချိန်လည်း နည်းပါးနေတယ်။ ရှုပ်ထွေးတဲ့ လက်သင်္ကေတတွေအားလုံး ပြီးမြောက်ဖို့ဆိုတာက မလွယ်ကူဘူး။ ဒါတွေကို နှစ်လအတွင်း ကျွမ်းကျင်ဖို့ဆိုတာက ပိုတောင်မဖြစ်နိုင်ဘူး "
ယီယွင်က အစီစဥ်ရှိထားပြီး ဖြစ်လေ၏။ ဆန်းကြယ်သလင်းလက်နှင့် ချိတ်တံဆိပ်တစ်ထောင်တို့အား အကူးအပြောင်းအဖြစ်သာ အသုံးပြုမည်။ ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးက ပျက်စီးခြင်းကောင်းကင်နည်းစနစ် လေ့ကျင့်ရာတွင် လွယ်ကူရာမှ ခက်ခဲရာသို့ သေချာပေါက်ပင် ကူးပြောင်းရပေမည်။ အကူးအပြောင်းလုပ်ငန်းစဥ် လိုအပ်လေ၏။
နောက်တစ်ဆင့်အတွက် သူ သင်ယူရန်စီစဥ်ထားသည့် ချိတ်တံဆိပ်နည်းစနစ်များကို ရွေးချယ်ထားပြီး ဖြစ်လေသည်။ ထိုနည်းစနစ်များအားလုံးက ပိုမိုကျယ်ပြန့်သော လုပ်ဆောင်ချက်များ ရှိလေ၏။ လက်ရှိတွင် အချိန်က တန်ဖိုးကြီးနေလေသောကြောင့် ဓာတ်သဘာဝတစ်မျိုးတည်းအား ဦးတည်သည့် နည်းစနစ်များကို ယီယွင်က ယာယီအားဖြင့် သင်ကြားခြင်းမပြုသေးရန် စီစဥ်ထားလေသည်။
ယီယွင် ဆယ်ရက် လေ့ကျင့်ခဲ့လေ၏။ သူ စိတ်စွမ်းအား ကုန်ခမ်းသည်အထိ မကြာခဏပင် လေ့ကျင့်လေသည်။ သူ သမထထိုင်ပြီးလျှင် ထပ်မံကာ လေ့ကျင့်ပြန်လေ၏။
စိတ်စွမ်းအားကို လုံးဝကုန်ခမ်းစေပြီး အချိန်တစ်ခဏမျှ သမထထိုင်ပြီးနောက် ဆက်လက်၍ လေ့ကျင့်သည်က သူ၏ဝိညာဥ်ကို လေ့ကျင့်ခြင်းတစ်မျိုး ဖြစ်လေ၏။
ဒေါက်...ဒေါက်...ဒေါက်...။
ထိုစဥ် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ ယီယွင် ရပ်တန့်ကာ မျက်မှောင်ကုတ်လိုက်၏။ ပုံမှန်ဆိုလျှင် ပျက်စီးခြင်းကောင်းကင်သခင်များ လေ့ကျင့်နေပါက အနှောင့်အယှက်မပေးရန် တားမြစ်ထားလေသည်။
" ဘယ်သူလဲ "
ယီယွင် ကျောက်တံခါးဆီသို့သွား ရှုသိုးသိုးပုံစံဖြင့် တံခါးဖွင့်လိုက်သည်။ တံခါးဝတွင် မိန်းမပျိုတစ်ဦး ရပ်နေသည်ကို ယီယွင် မြင်လိုက်ရလေ၏။
လက်ရှိတွင် ယီယွင်က ဆံပင်များရှုပ်ပွနေကာ မျက်စိများ နီရဲနေသည်။ သူ၏ ကြောက်မက်ဖွယ်ရာပုံစံကြောင့် မိန်းမပျိုမှာ ကြောင်အနေလေ၏။
" မင်းက ဘယ်သူလဲ " ယီယွင်၏အသံက အနည်းငယ် အက်ကွဲနေလေ၏။ ဆက်တိုက်လေ့ကျင့်ခြင်းက ယီယွင်၏ စိတ်အခြေအနေကို ဖိအားဖြစ်စေသည်။
" သခင်လေးယွင်...ယွင် " မိန်းမပျိုက တံတွေးမျိုချလိုက်၏။ ဤရက်များတွင် ယီယွင်က ယွင်ရန်ထျန်းဟူသည့် အမည်အတုကိုသာ အသုံးပြုလေသောကြောင့် သူမက သူ့အား သခင်လေးယွင်ဟု ခေါ်ခဲ့ခြင်းဖြစ်သည်။
စင်စစ်တွင်မူ လင်မိသားစုတစ်ခုလုံးတွင် လင်ရှင်းထုံနှင့် စုကျဲတို့မှလွဲ၍ ယီယွင်၏ အမည်အစစ်ကို သိသူမရှိလုနီးပါးပင်။ ယီယွင်ကို သဘောမကျသည့် လင်ရှင်းထုံ၏ အဒေါ်ကြီးကဲ့သို့ ပုဂ္ဂိုလ်များက ယီယွင်ကို အရေးစိုက်နေမည်မဟုတ်ပေ။
ယီယွင် လေ့ကျင့်သည်ကို မြင်ဖူးကြသည့် ပျက်စီးခြင်းကောင်းကင်သခင် အခြားသောအလုပ်သင်များကမူ ယီယွင် ကျော်ကြားလို၍ ဟန်ဆောင်နေသည်ဟု ထင်နေကြလေသောကြောင့် အရေးစိုက်ကြမည်မဟုတ်ပေ။
ယီယွင်က မကြာခဏပင် အရိုးသန့်စင်အခန်းထဲတွင် အခန်းပိတ်နေလေ့ရှိပြီး မည်သူနှင့်မျှ မပတ်သတ်လေသောကြောင့် မိန်းမပျိုက သူ့အား သခင်လေးယွင်ဟု ခေါ်လိုက်ချိန်တွင် အနည်းငယ်ခန့် အံ့အားသင့်သွားရသည်။
မိန်းမပျိုက သိုလှောင်လက်စွပ်တစ်ကွင်း ထုတ်ယူကာ..." ကျွန်မတို့ မိသားစုရဲ့ သခင်မလေး ဒါကို ပေးခိုင်းလိုက်ပါတယ်။ ဝိ...ဝိညာဥ်ပျိုးထောင်အမတေနဲ့ လက်စွပ်ပါ။ ဒါ...ဒါကို သခင်လေးယွင် သုံးဖို့လို့ သခင်မလေးက ပြောလိုက်ပါတယ် "
မိန်းမပျိုက သိုလှောင်လက်စွပ်ကို ယီယွင်ဆီသို့ အမြန်ထိုးပေးကာ ထွက်ပြေးသွားလေ၏။ ယီယွင်၏ နီရဲနေသောမျက်လုံးများနှင့် ကြောက်မက်ဖွယ်ရာပုံကို သူမက အမှန်တကယ်ပင် ကြောက်နေလေသည်။
ယီယွင် ကြောင်အနေပြီးနောက် သတိပြန်ဝင်လာသည်။ ထိုမိန်းကလေးက လင်ရှင်းထုံ၏ အစေခံမလေး ဖြစ်လေ၏။ လင်ရှင်းထုံ၏ ခြံဝန်းထဲတွင် ထိုအစေခံမလေးကို မြင်ခဲ့ဖူးသည်။
ယီယွင် သိုလှောင်လက်စွပ်အား ကြည့်လိုက်သည်။ ယီယွင် စိတ်စွမ်းအားနှင့် စစ်ဆေးကြည့်လိုက်ရာ ထိုလက်စွပ်၏ ဝင်ဆံ့နိုင်စွမ်းက သူ၏လက်စွပ်ထက် ဆယ်ဆကျော်ခန့် ပိုသာနေသည်ကို မြင်လိုက်ရလေ၏။ ယင်းက အမှန်တကယ်ပင် မှော်ပစ္စည်းတစ်ခု ဖြစ်လေသည်။
လက်စွပ်ထဲမှ သလင်းကဲ့သို့ကြည်လင်သော ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယးလိုက်လေ၏။ သေတ္တာအား ဖွင့်လိုက်လေရာ အစိမ်းရောင် ပျက်စီးခြင်းအရိုးအမတေလုံးတစ်ခု ရှိနေသည်။
ယင်းက ဝိညာဥ်ပျိုးထောင်အမတေ ဖြစ်လေ၏။ ယင်းသည် အမတေ၏အမည် မဟုတ်လေဘဲ အမတေအမျိုးအစား၏အမည် ဖြစ်လေ၏။ ဤကဲ့သို့ အမတေမျိုးကို သောက်သုံးလိုက်လျှင် လူတစ်ဦး၏ စိတ်စွမ်းအားကို လျင်မြန်စွာပင် ပြန်ကောင်းလာစေပေ၏။
သူ ပျက်စီးခြင်းကောင်းကင်နည်းစနစ်အား လေ့ကျင့်နေသည်ကို လင်ရှင်းထုံက စုကျဲထံမှ သိခဲ့သည်သာ ဖြစ်ရပေမည်။ ယီယွင် တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက် အစိမ်းရောင်အမတေကို ပါးစပ်ထဲသို့ ထည့်လိုက်လေ၏။
ယီယွင် အမတေကို အသာဝါးလိုက်သည်။ သူက နူးညံ့ချိုမြသော အရာတစ်ခုကို ဝါးနေရသည့်ပမာပင်။
ယီယွင် အမတေကို မျိုချလိုက်လေရာ သူ၏ဝိညာဥ်ထဲသို့ အပူစီးကြောင်းတစ်ခု ဝင်သွားသည်ဟု ခံစားလိုက်ရ၏။ သူ စမ်းရေအိုင်ထဲတွင် သန့်စင်ခံလိုက်ရသည့်ပမာ ခံစားလိုက်ရသည်။ သူ၏စိတ်များ ကြည်လင်သွားပြီး ခေါင်းကိုက်ခြင်းများ ကြီးစွာလျော့နည်းသွားလေ၏။
လင်မိသားစုထဲတွင် လင်ရှင်းထုံ၏ အဆင့်အတန်းက ထိပ်တန်းအရင်းအမြစ် အားလုံးကို အသုံးပြုနိုင်သည်မှာ အမှန်ပင်။
ယီယွင် ရင်ထဲတွင် နွေးသွားရလေ၏။ လက်ရှိတွင် သူ လင်ရှင်းထုံနှင့်တွေ့ရန် အဆင်မပြေပေ။ သူက ပျက်စီးခြင်းကောင်းကင်နည်းစနစ်အား လေ့ကျင့်နေသည်ကို လင်ရှင်းထုံက မှတ်မိနေပြီး အစေခံမလေးတစ်ဦး စေလွှတ်ကာ သူ့ဆီသိူ့ ဝိညာဥ်ပျိုးထောင်အမတေ ပေးခိုင်းခဲ့လေသည်။
ဝိညာဥ်ပျိုးထောင်အမတေ သေတ္တာက ယီယွင်အတွက် အချိန်ကိုက်ရောက်ရှိလာခဲ့သည့် လက်ဆောင်တစ်ခု ဖြစ်လေ၏။ ဤအရာနှင့်ဆိုလျှင် သူ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို ပိုမိုချောမွေ့စွာ လေ့ကျင့်နိုင်ချေပြီ။
စိတ်စွမ်းအားအချို့ ပြန်ရလာပြီးနောက် ယီယွင်သည် ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို ခြောက်ကပ်စွာ စတင်လေ့ကျင့်လေသည်။ စစ်သည်များ သိုင်းလေ့ကျင့်ချိန်တွင် အထီးကျန်ရလေ၏။ ပျက်စီးခြင်းကောင်းကင်နည်းစနစ် လေ့ကျင့်ရာတွင်လည်း ထို့အတူသာ ဖြစ်လေသည်။
ယီယွင်၏ရှေ့တွင် ကျောက်ခုံရှည် ရှိနေသည်။ ကျောက်ခုံရှည်ပေါ်တွင် ပျက်စီးခြင်းအရိုးများ တန်းစီထားသည်။ ပျက်စီးခြင်းအရိုးများ၏ အဆင့်များကို ဝဲမှယာအတိုင်း စီစဥ်ထားလေသည်။
ဘယ်ဘက်ဆုံးသည် သာမန်ပျက်စီးခြင်းအရိုးများ ဖြစ်လေ၏။ ယီယွင်က ထိုပျက်စီးခြင်းအရိုးများကို ဆန်းကြယ်သလင်းလက်နှင့် ချိတ်တံဆိပ်တစ်ထောင်တို့အား ပြီးပြည့်စုံသည်အထိ လေ့ကျင့်ခဲ့သည်။
အလယ်ခေါင်တွင် ဗိုလ်ချုပ်အဆင့် ပျက်စီးခြင်းအရိုးများနှင့် ဘုရင်အဆင့် ပျက်စီးခြင်းအရိုးများ ရှိလေ၏။ ထိုပျက်စီးခြင်းအရိုးနှစ်မျိုးက ယီယွင်၏ လေ့ကျင့်ရေးအာရုံစိုက်ရာ ဖြစ်လေ၏။
ညာဘက်ခြမ်းသည် အဆင့်မြင့်ဆုံး ပျက်စီးခြင်းအရိုးများ ဖြစ်လေ၏။ ယင်းသည် ယီယွင် ကြယ်ကြွေဂိတ်ထဲတွင် ရရှိခဲ့သည့် ရွှေကျီးကန်းမျိုးစိတ်အရိုးများ ဖြစ်လေ၏။
ယီယွင် ရွှေကျီးကန်းမျိုးစိတ်ကို သတ်ပြီးသည့်နောက် ခန္ဓာကိုယ် အစိတ်အပိုင်းများကို အလေအလွင့်အဖြစ်မခံပေ။ မဟာမိတ်ပြိုင်ပွဲတွင် ယီယွင်က ရွှေကျီးကန်းမျိုးစိတ်၏ သွေးများကို အကုန်နီးပါး အသုံးပြုခဲ့ရလေ၏။
ယီယွင် ရှေးဦးမျိုးစိတ်၏ ပျက်စီးခြင်းအရိုးများကို ငြိမ်သက်စွာ ငေးကြည့်နေသည်။ နီညိုရောင် ပျက်စီးခြင်းအရိုးများက အနီရောင်အပူများ တောက်ပနေသယောင်ပင်။
အချိန်နှစ်လ ကျန်သေးသည်ဖြစ်၍ လုံလောက်သင့်ချေ၏။