← Chapters

ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော် စတင်ပြီ

Vol. 26 Ch. 386

ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော် စတင်ပြီ

Vol. 26 Ch. 386

ယီယွင် အချိန်ကိုမသိတော့ဘဲ လေ့ကျင့်နေခဲ့သည်။ သူ၏တံခါးကို အခြားသူတစ်ဦးက လာခေါက်သည့်အချိန်အထိ ဖြစ်လေ၏။ ဤတစ်ကြိမ်တွင် လင်ရှင်းထုံ၏ အစေခံမလေး မဟုတ်လေဘဲ သူ လင်မိသားစု၏ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ခန်းမထဲသို့ ပထမဆုံးအကြိမ် ဝင်ခဲ့စဥ်က တွေ့ခဲ့ရသည့် ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်မလေး ဖြစ်လေ၏။ သူမသည် စွန်းမျိုးနွယ် လူလတ်ပိုင်း၏ တပည့်မ ဖြစ်လေ၏။

" စီနီယာအစ်ကိုယွင်... မနက်ဖြန်မနက်ကျရင် ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော် စတင်တော့မယ်ဆိုတာကို ငါ့ရဲ့ဆရာက အပြောခိုင်းလိုက်ပါတယ် "

" မနက်ဖြန်မနက်လား " ယီယွင်က မသေသပ်သော သူ၏ဆံပင်များကို ဖွလိုက်လေ၏။ သူ၏ပုံစံက အိပ်ချင်မူးတူးအသွင် ဖြစ်နေသည်။

အချိန်နှစ်လက အကုန်မြန်လိုက်တာ...။

မိန်းမပျိုက ယီယွင်ကိုကျော်ကာ နောက်တွင်ရှိနေသည့် အရာများကို လှမ်းကြည့်လိုက်ပြီးနောက် အံ့အားသင့်သွားကာ ပါးစပ်အား လက်နှင့်အုပ်လိုက်လေ၏။ ယီယွင်၏ အရိုးသန့်စင်အခန်းက ရှုပ်ပွနေခြင်းမှလွဲ၍ အခြားအံ့အားသင့်စရာ မရှိပေ။ ယင်းသည် ဓားပြများက မွှေနှောက်သွားသည့်အလားပင်။

ကျောက်ခုံရှည်များပေါ်တွင် အစီရင်ပြားလေးခု ၊ ငါးခုခန့် တင်ထားလေ၏။ မြေပြင်တွင် ပစ္စည်းများ ပြန့်ကျဲနေချေသည်။ ပစ္စည်းအများစုသည် စွမ်းအင်များ ထုတ်ယူခံထားရလေ၏။ ပစ္စည်းအချို့က အက်ကွဲကျိုးပဲ့နေလေ၏။ အချို့က အမှုန့်ပင်ဖြစ်နေသည်။

ထိုအခန်းထဲသို့ လူတစ်ဦး ဝင်သွားပါက ခြေချစရာပင် နေရာမရှိဟု ဆိုခဲ့လျှင်မူ ချဲ့ကားနေခြင်းမဟုတ်ပေ။

" ကျေးဇူးတင်ပါတယ်။ အမည် ဘယ်လိုခေါ်လဲ " ယီယွင်က သာမန်ပင် မေးလိုက်သည်။

" ငါ့အမည်က ရှောင်ချီပါ စီနီယာအစ်ကိုယွင် " မိန်းမပျိုက မာဆတ်ဆတ်ဖြေလိုက်သည်။

" ဂျူနီယာညီမရှောင်ချီပေါ့... ငါ့ဆရာ သီးခြားလေ့ကျင့်ရာက ထွက်လာပြီလား "

" သူ ထွက်လာပြီ။ အခု အကြီးအကဲစုက ငါ့ရဲ့ဆရာနဲ့ စကားပြောနေတယ် "

" ငါသိပြီ။ ဂျူနီယာညီရှောင်ချီ ပြန်တဲ့အချိန်ကျရင် ဒီအရိုးသန့်စင်အခန်းကို သန့်ရှင်းရေးလုပ်ဖို့အတွက် လူလွှတ်ပေးဖို့ကို ငါ့ဆရာဆီ ပြောပေးပါဦး။ မနက်ဖြန်မနက်မှာ ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော် စတင်တော့မယ်ဆိုတော့ ငါ အနားယူမှဖြစ်မယ် "

ထိုသို့ပြောပြီးနောက် ယီယွင်က အသုံးဝင်သည့် ပစ္စည်းအချို့ကို လိုက်လံကောက်ယူကာ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်လေသည်။ ထို့နောက်တွင် သူ ခေါင်းကိုကုတ်ရင်း မိန်းမပျိုကို ကျော်ဖြတ်သွားလေ၏။

မိန်းမပျိုမှာ ကြောင်အမိနေသည်။ သူက ဒါကိုပြောချင်လို့ ငါ့ရဲ့အမည်ကို မေးခဲ့တာလား။

အရိုးသန့်စင်အခန်းကို သန့်ရှင်းရေးလုပ်ဖို့အတွက် လူလွှတ်ပေးဖို့ကို အကြီးအကဲစုကို သွားပြောရမယ်တဲ့လား။

ရှောင်ချီ အတော်ပင် ပြောစရာမဲ့နေသည်။ အမည်ခံတပည့်သာဖြစ်သည့် စီနီယာအစ်ကိုယွင်က အကြီးအကဲစုကို အမှန်တကယ်ပင် စေခိုင်းနေချေ၏။

လင်မိသားစုထဲတွင် အကြီးအကဲစု၏ အဆင့်အတန်းက ထူးခြားလေသည်။ အကြီးအကဲစု၏အဆင့်အတန်းက သူမ၏ဆရာထက်ပင် ပိုမြင့်လေသောကြောင့် ပုံမှန်ဆိုလျှင် အကြီးအကဲစုအား မည်သူက အမိန့်ပေးနိုင်ပါမည်နည်း။ ထို့အပြင် ယခုက အကြီးအကဲစုကို အသေးအဖွဲ့ကိစ္စတစ်ခုလုပ်ရန် အမိန့်ပေးနေခြင်းပင်။

ယီယွင် အဝေးသို့သွားနေသည်ကို မြင်သောအခါတွင် ရှောင်ချီက ပြေးလိုက်သွားကာ ယီယွင်အား ဆွဲလှည့်ပစ်လိုက်ချင်နေမိသည်။ သို့သော် သူမက လူကြောက်သူတစ်ဦး ဖြစ်လေသောကြောင့် သူမ ပါးစပ်ဟခဲ့လျှင်ပင် စကားတစ်လုံးမျှ ထွက်လာမည်မဟုတ်ပေ။

ရှောင်ချီ အတန်ကြာသည်အထိ ငေးငိုင်နေသည်။ အဆုံးသတ်တွင်မူ သူမက အရိုးသန့်စင်အခန်းကို သန့်ရှင်းရေးလုပ်ရန် တစ်စုံတစ်ယောက်အား စေခိုင်းရေးအတွက် စုကျဲဆီသို့သွားရန် သတ္တိမရှိပေ။ သူမသာ သွားပြောလိုက်ပါက စုကျဲအပြင် သူမ၏ဆရာကပါ ငေါက်ငမ်းပေလိမ့်မည်။

အဆုံးသတ်တွင် ဆရာဖြစ်သူက အရိုးသန့်စင်အခန်းကို သူမကိုသာ သန့်ရှင်းရေးလုပ်ခိုင်းမည်မှာ သေချာလေသည်။ ထို့အပြင် အရိုးသန့်စင်အခန်းထဲမှ ပစ္စည်းအများစုကို ပျက်စီးခြင်းကောင်းကင်နည်းစနစ် တတ်ကျွမ်းသူများကသာ သန့်ရှင်းရေးလုပ်နိုင်သည်။ သာမန်လူများ လုပ်နိုင်မည်မဟုတ်ပေ။

တွေးကြည့်ရုံနှင့်ပင်လင်ချင်း ဒေါသထွက်နေရလေ၏။

ဤကောင်က လွန်လွန်းချေသည်။ သူမပင် သုံးခွင့်မရသည့် သီးခြားလေ့ကျင့်ရေးအခန်းကို ဤကောင်က သုံးခွင့်ရနေချေ၏။ ထိုကောင့်ကြောင့် သီးခြားလေ့ကျင့်ရေးအခန်းက ဤအခြေအနေအထိ ညစ်ပတ်သွားခဲ့သည်။ သူ့မှာ နိုင်ငံကြီးသားစိတ်ဓာတ် မရှိဘူးလား။

" ငါ နင့်အပေါ်မှာ အကြွေးတစ်ခုရှိသွားပြီလို့ပဲ သတ်မှတ်လိုက်မယ် "လင်ချင်း အံကျိတ်ကာ ဆိုလိုက်လေ၏။

သူမ အရိုးသန့်စင်အခန်းကို စတင်ကာ သန့်ရှင်းရေးလုပ်လေသည်။ သူမ ကျောက်ခုံရှည်အနီးသို့ ရောက်သွားချိန်၌ မျက်နှာပြင်တွင် အရိုးမှုန်အလွှာ ဖုံးလွှမ်းနေလေသည်။ အခြားနေရာများကလည်း ရှုပ်ပွနေလေ၏။ သူမ တစ်နာရီခန့် အချိန်ယူကာ သန့်ရှင်းရမည်ဟု တွက်ဆမိသည်။

ရှောင်ချီ ဒေါသထွက်နေသည်။ သူမ ယီယွင်ကို ကျိန်ဆဲနေရင်း သန့်ရှင်းရေးလုပ်နေ၏။ သူမ အမှိုက်ရှင်းနေရင်းဖြင့် မူမမှန်သည့်အရာကို သတိပြုမိသွားလေ၏။ ကျောက်ခုံရှည်၏ ထောင့်တစ်နေရာတွင် မူမမှန်သော ပစ္စည်းအကြွင်းအကျန်တစ်ခုကို သူမ တွေ့သွားလေသည်။

ယင်းက အမှုန့်ဖြစ်နေသည့် ပျက်စီးခြင်းအရိုး ဖြစ်လေ၏။

သာမန်ပျက်စီးခြင်းအရိုးများ စွမ်းအင်ထုတ်ယူခံရကာ အမှုန့်ဖြစ်သွားလျှင် မီးခိုးဖြူရောင်သို့ ပြောင်းလဲသွားသည်။ သို့သော် ဤပျက်စီးခြင်းအရိုးကမူ အမှုန့်ဖြစ်ပြီးသည့်နောက်တွင်ပင် အနီရင့်ရောင်အဆင်း ရှိနေသေးလေ၏။ ယင်းက အလွန်ထူးဆန်းလေသည်။

ရှောင်ချီ အနီရောင်အမှုန့်ကို ထိကြည့်လိုက်ချိန်တွင် အပူချိန်ကို ဝိုးတဝါးခံစားမိလေ၏။ ယင်းသည် မီးလောင်ခံရကာ ပြာကျသွားခြင်း မဟုတ်လေဘဲ ပြာမှုန့်တွင် အပှုလှိုင်းရှိနေခြင်း ဖြစ်လေသည်။ ထိုသို့ဖြစ်ရသည်မှာ ပြာမှုန့်တွင် မီးဓာတ် သို့မဟုတ် သန့်စင်ယန်ဓာတ် ရှိနေခြင်းကြောင့်ပင်။

" ဒီကောင်က ပစ္စည်းတွေကို သေချာမထုတ်ယူဘူး။ ပျက်စီးခြင်းစွမ်းအင်တွေ အများကြီးကျန်နေသေးတယ်။ ဖြုန်းတီးလိုက်တာ "

ရှောင်ချီက ရေရွတ်လိုက်သော်လည်း မည်ကဲ့သို့ ပျက်စီးခြင်းအရိုးဖြစ်ကြောင်း မသိပေ။ ထို့အပြင် ၎င်း၏ စွမ်းအင်များက ထုတ်ယူခံထားရသည်ဖြစ်ပြီး ပျက်စီးခြင်းအရိုး အမျိုးအစားများက များစွာပင်ရှိနေသည်။ ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးပင် အလွယ်တကူ ခွဲခြားနိုင်မည်မဟုတ်ပေ။

ရှောင်ချီက အမှုန့်အားလုံးကို အမှိုက်အိတ်ထဲသို့ ထည့်လိုက်လေ၏။

...........................

ယီယွင်သည် သူ့အတွက် စုကျဲ ပြင်ဆင်ပေးထားသော အခန်းဆီသို့ ပြန်သွားခဲ့လေ၏။ သူ ကုတင်ပေါ် ခေါင်းချလိုက်သည်နှင့် အိပ်မောကျသွားခဲ့သည်။

နှစ်လတာ ပြင်းထန်စွာလေ့ကျင့်ပြီးနောက် သူ အလွန်ပင်ပန်းနေသည်။ အများသောအားဖြင့် ယီယွင် အနားယူလျှင် သမထထိုင်သော်လည်း ဤတစ်ကြိမ်တွင် သမထထိုင်ခြင်းက အလုပ်မဖြစ်တော့ပေ။

ယီယွင် အိပ်မောကျသွားချိန်တွင် အာရုံခံနိုင်စွမ်းများ ပြတ်တောက်သွားလေ၏။ သူ၏စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုအားလုံး ရပ်တန့်သွားခဲ့သည်။

ယီယွင် ၁၅ နာရီခန့် ၊ နေ့တစ်ဝက်နှင့်တစ်ညနီးပါး အိပ်မောကျသွားခဲ့သည်။

ကောင်းကင် လင်းထိန်လာမှသာ သူ အိပ်မှုန်စဝါးနိုးလာခဲ့လေ၏။ သူ ကုတင်ပေါ်တင် ခဏလှဲနေပြီးနေယက် ခုန်ထလိုက်လေ၏။ အခန်းက မှိန်ပျပျသာလင်းနေသော်လည်း ယီယွင်၏မျက်ဝန်းများကမူ တောက်ပနေသည်။

သူ၏ဝိညာဥ်ထဲသို့ ကြည့်လိုက်လေရာ သူ၏စိတ်ထဲရှိ နတ်မျက်လုံးက တဖြည်းဖြည်းချင်း ပုံပေါ်နေပြီဖြစ်ကြောင်း ယီယွင် သိလိုက်ရသည်။ ယခုတွင် ယီယွင်က သူ၏နတ်မျက်လုံးကို အပြည့်အဝ ဖွင့်နိုင်လိုက်ချေပြီ။ ယီယွင်၏စိတ်စွမ်းအား တိုးမြင့်သွားခဲ့ခြင်းကြောင့် ထိုအပြောင်းအလဲ ဖြစ်ပေါ်လာရခြင်းပင်။ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို ပြင်းထန်စွာ လေ့ကျင့်ခြင်းက ယီယွင်၏ဝိညာဥ်ကို ကျယ်ပြန့်သွားစေခဲ့သည်။

ယီယွင် အသက်ပြင်းပြင်းရှုကာ မှုတ်ထုတ်လိုက်ရာ မြင်နေရသော ဓားချီတစ်ခု ပျံသန်းသွားသည်ကို တွေ့လိုက်ရသည်။

ယခုတွင် ယခင်ကထက် ပိုကောင်းနေသည်ဟု ယီယွင် ခံစားနေရလေ၏။ သူ၏ဦးနှောက်က တိုင်းတာ၍မရအောင် နိုးကြားနေပြီး ဘေးပတ်ဝန်းကျင်မှ အဖြစ်အပျက်အားလုံးကို လုံးဝသိမြင်နေသည်။

ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော်တွင် ပါဝင်ရန် အချိန်ကျပေပြီ။ ယီယွင် ရေမိုးချိုးကာ ခြောက်သွေ့သန့်ရှင်းသော ဝတ်စုံတစ်ခုအား ဝတ်ဆင်လိုက်သည်။ သူ့အား စုကျဲ ပေးထားသည့် မျက်နှာဖုံးကို ဝတ်ဆင်ပြီးနောက် အခန်းထဲမှ ထွက်လာခဲ့လေသည်။

သူ လည်ချောင်းကို အသာညှစ်ကာ အသံပြောင်းလိုက်သည်။ ယင်းသည် သူ၏မူရင်းအသံနှင့် မကွာလှသော်လည်း ရှန်းထူမိသားစုအဖို့ ကျင့်ကြံမှုပျက်စီးနေသည့် ပုရွက်ဆိတ်ကဲ့သို့ ယီယွင်က လင်မိသားစုတွင် ပေါ်လိမ့်မည်ဟု ထင်ထားမည်မဟုတ်ပေ။ သူက ရုတ်တရက်အတွင်းမှာပင် လင်မိသားစု၏ ပျက်စီးခြင်းကောင်းကင်သခင်အဖြစ် ပြောင်းလဲသွားခဲ့သည်ဖြစ်ပြီး သူက စုကျဲ၏တပည့်လည်း ဖြစ်လေသည်။

နှစ်ဖက်အကြား အဆင့်အတန်းကွာခြားမှုက ကြီးမားလွန်းနေသည်။ ထို့ကြောင့် ရှန်းထူမိသားစု၏ စိတ်ကူးနိုင်စွမ်းက မည်မျှပင်ကြီးမားနေပါစေ နှစ်ဦးလုံးကို ဆက်စပ်မိနိုင်မည်မဟုတ်ပေ။

အဝေးရှိ ထျန်းဟွာတောင်ထွတ်တွင် လေသင်္ဘောကြီးတစ်စင်း ဆိုက်ကပ်ထားသည်ကို ယီယွင် မြင်နေရသည်။ လေသင်္ဘောတွင် ယီယွင် အလွန်ရင်းနှီးသော သင်္ကေတတစ်ခု ရေးထိုးထားလေသည်။ ယင်းက ရှန်းထူမိသားစု၏အမှတ်တံဆိပ် ဖြစ်လေ၏။

ရှန်းထူမိသားစု ရောက်ရှိနေချေပြီ။

All Chapters