ရန်သူများ တွေ့ဆုံခြင်း
Vol. 26 Ch. 387
ထျန်းဟွာတောင်ထွတ်သည် လင်မိသားစု၏ ကျောက်စိမ်းဝိညာဥ်တောင်တန်းထဲရှိ တောင်ထွတ် ၁၈ ခုအနက်မှ တစ်ခုဖြစ်သည်။ ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော်ကို ထျန်းဟွာတောင်ထွတ်ပေါ်ရှိ ထျန်းဟွာဥယျာဥ်ထဲတွင် ကျင်းပမည်ဖြစ်သည်။
ကျောက်စိမ်းဝါးတောင်ထွတ်ပေါ်ရှိ အပြောကျယ်လှသော ကျောက်စိမ်းဝါးပင်များနှင့် ယှဥ်ကြည့်မည်ဆိုပါက ထျန်းဟွာတောင်ထွတ်ပေါ်ရှိ ဥယျာဥ်ထဲတွင် ရှားပါးဆေးပင်မျိုးစုံ ရှိလေသည်။ ထို့အပြင် စွမ်းအင်စုစည်းအစီရင်ကြောင့် ထျန်းဟွာဥယျာဥ်ထဲတွင် မိုးမြေယွမ်ချီများ အလွန်ပင်ထူထဲလေသည်။
နံနက်ခင်းတိုင်းတွင် ထျန်းဟွာဥယျာဥ်ထဲ၌ ပါးလျသော တောင်မြူခိုးများ ရှိနေသည်ဖြစ်ပြီး မြူခိုးများထဲတွင် မိုးမြေယွမ်ချီများ ရောနှောနေလေသောကြောင့် အသက်ပြင်းပြင်း ရှုလိုက်ရုံနှင့်ပင် လူတစ်ဦး၏ ချွေးပေါက်များ ပွင့်ထွက်သွားစေနိုင်သည်။ ယင်းက အလွန်တရာပင် သက်တောင့်သက်သာ ရှိလှပေ၏။
ထျန်းဟွာတောင်ထွတ်၏ အတွင်းပိုင်းနယ်မြေတွင် ကြည်လင်သောရေများ ရှိနေသည့် ရေကန်တစ်ခု ရှိလေသည်။ ရေကန်မျက်နှာပြင်တွင် အစိမ်းရောင် အဆောက်အဦတစ်ခု ရှိလေ၏။ အဆောက်အဦ၏ရှေ့တွင် ကွင်းပြင်တစ်ခု ရှိလေပြီး ကွင်းပြင်ပတ်လည်တွင် ကျောက်စိမ်းနှင့်ပြုလုပ်ထားသော ဇရပ်များရှိလေသည်။ ယင်းသည် ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော် ကျင်းပမည့်နေရာ ဖြစ်လေ၏။
" ရှင်က စီနီယာအစ်ကိုယွင်လား "
ယီယွင် သူထိုင်ရမည့် ထိုင်ခုံအနီးသို့ ရောက်သွားချိန်တွင် လင်ချင်းက ယီယွင်၏မျက်နှာဖုံးကို အထူးတဆန်းကြည့်ကာ မရေမရာဖြင့် မေးလိုက်လေသည်။
လက်ဖက်ရည်ပွဲတော်တွင် ထိုင်ခုံနေရာများ စီစဥ်ပေးထားလေသောကြောင့် သူမက မေးလိုက်ခြင်းဖြစ်သည်။ ယီယွင် ထျန်းဟွာဥယျာဥ်သို့ ရောက်လာချိန်တွင် ဧည့်ကြို့နှင့် တွေ့ခဲ့ရသည်။ အထဲသို့ဝင်ရန်အတွက် ယီယွင်က သူ့အတွက် ကြိုတင်ကာပေးထားသော တံဆိပ်ပြားကို ပြသခဲ့ရသည်။
ယီယွင်က လင်ချင်းကို ခေါင်းညိတ်ကာ မူရင်းအသံနှင့် ပြောလိုက်လေသည်..." ငါပါ "
" နင် ဘာကြောင့် မျက်နှာဖုံးဝတ်ထားတာလဲ " ယီယွင်၏ အမှိုက်များကို ဖိအားပေးခံရကာ သန့်ရှင်းရေးလုပ်ခဲ့ရသည့် လင်ချင်းက ယီယွင်အပေါ်တွင် ယခင်ကလောက် ထင်မြင်ချက်မကောင်းတော့ပေ။ ယခုအခါ ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော်တွင်လည်း ယီယွင်က မျက်နှာဖုံးဝတ်ကာ ခပ်မိုက်မိုက်ပုံစံ လုပ်နေပြန်ချေ၏။
ယီယွင်၏မျက်နှာဖုံးက ငွေဖြူရောင်စစ်စစ် ဖြစ်လေသည်။ မျက်လုံးပေါက်နေရာတွင် သွေးနီရောင်မျဥ်းနှစ်ခု ရှိလေ၏။ ပျက်စီးခြင်းကောင်းကင်သခင် အသိုင်းအဝိုင်းတွင် အချို့သူများက ထူးခြားဆန်းကြယ်ချင်ယောင် ဟန်ဆောင်ကာ မျက်နှာဖုံးများ ဝတ်ဆင်တတ်ကြသည်။ ထိုသူများ နားလည်ရခက်သော ခံစားချက်ကို တမင်ရည်ရွယ်ကာ ထုတ်ဖော်နေကြသော်လည်း စင်စစ်တွင်မူ ထိုသူများ၏ ကျွမ်းကျင်မှုများက ထင်သလောက်မဟုတ်ချေ။
လက်ရှိတွင် ရှန်းထူမိသားစု၏ လေသင်္ဘောက ရေကန်စပ်နားတွင် ဆိုက်ကပ်ထားသည်ကို ယီယွင် မြင်နေရလေ၏။ ရှန်းထူမိသားစု၏ လူငယ်မျိုးဆက်များနှင့် ပျက်စီးခြင်းကောင်းကင်သခင်များ လေသင်္ဘောပေါ်မှ ထွက်လာကြသည်။ သူတို့က ရေကန်အထက်ရှိ သက်တန့်တံတားကို ဖြတ်ကျော်ကာ ကွင်းပြင်ထဲသို့ ဝင်လာကြလေသည်။
ထိုသူများက ထိုင်ခုံနေရာများတွင် ထိုင်လိုက်ကြလေ၏။ စစ်သည်လောကကြီးတွင် အဆင့်ခွဲခြားသောစနစ်တစ်ခု ရှိလေသည်။ ဂုဏ်သရေရှိထိုင်ခုံများရှိသည့် အလယ်ခေါင်နှင့်အနီးတွင် ထိုင်နိုင်သူများက အမျိုးမျိုးသော မိသားစုကြီးများမှ အရေးကြပုဂ္ဂိုလ်များနှင့် အနယ်အနယ်အရပ်ရပ်မှ ပျက်စီးခြင်းကောင်းကင်သခင်များ ဖြစ်ကြလေသည်။ အပြင်ဘက်ပိုင်းတွင် ထိုင်ကြသူများက သာမန်မိသားစုများမှ ကလေးများနှင့် ပျက်စီးခြင်းကောင်းကင်သခင်၏ တပည့်များ ဖြစ်ကြလေသည်။
ယီယွင်က အပြင်ဘက်ပိုင်းတွင် ထိုင်ရလေ၏။ သူ ထိုင်တော့မည့်အချိန်တွင် ခြေလှမ်းများရပ်သွားလေ၏။ ရေကန်နံဘေးရှိ ရှန်းထူမိသားစု၏ လေသင်္ဘောပေါ်မှ အစိမ်းရောင်ဝတ် လူတစ်ဦး ဆင်းလာသည်ကို ယီယွင် မြင်လိုက်ရသည်။ ထိုသူ ရေကန်ထက်ရှိ သက်တန့်တံတားပေါ်သို့ ခြေမချမိတွင် လူများဝိုင်းအုံလာသည်။
ထိုသူက ခေါင်ယပ်တောင် ကိုင်ထားပြီး ခေါင်းပေါင်းဝတ်ထားသည်။ သူ၏ အစိမ်းရောင်အဝတ်များက အလွန်ရိုးစင်းသည်။ သို့သော် သူ့အား လူများစွာ ဝန်းရံနေလေသောကြောင့် အရေးပါသူတစ်ဦးဖြစ်ကြောင်း သိသာလေသည်။ သူ၏လှုပ်ရှားမှုများက ဟန်ရေးပြနေခြင်းမဟုတ်လေဘဲ သိမ်မွေ့တင့်တယ်နေခြင်းသာ ဖြစ်လေသည်။ ယင်းကြောင့် သူ့အား မြင်သူတိုင်း အလွန်ပင် သက်တောင့်သက်သာဖြစ်ရသည်။
ရှန်းထူနန်ထျန်း...။
ယီယွင်၏မျက်ဝန်းများ တောက်ပသွားလေ၏။
ယခုအခါ ရှန်းထူနန်ထျန်းနှင့် တွေ့ရသည်မှာ ပထမဆုံးအကြိမ် တွေ့ရသည်နှင့် ကွာခြားလေသည်။ ထိုစဥ်က ရှန်းထူနန်ထျန်းသည် နှိမ့်ချတတ်သော စာပေပညာရှင်တစ်ဦး၏ ခံစားချက်မျိုးကို ပေးစွမ်းလေ၏။
ရှန်းထူနန်ထျန်းက ကျန်းရှောင်ယု၏သရုပ်မှန်ကို ရှာဖွေတွေ့ရှိသွားချိန်တွင် သူ၏ ကြမ်းကြုတ်ရက်စက်သောအခြမ်းကို ပြသလာခဲ့သည်။
" သခင်လေးနန်ထျန်း ဒီကိုလာခဲ့ရတာက ခက်ခဲခဲ့မှာပဲ "
သက်တန့်တံတားပေါ်တွင် လင်မိသားစု၏ အုပ်ထိန်းသူအချို့က ယနေ့တွင် ရှန်းထူမိသားစုမှ အရေးကြီးပုဂ္ဂိုလ်များကို ဧည့်ကြိုလုပ်ရန် တာဝန်ယူထားရသည်။ ရှန်းထူမိသားစု၏ အရိုက်အရာဆက်ခံသူများထဲမှ တစ်ဦးဖြစ်သည့် ရှန်းထူနန်ထျန်းက အရေးကြီးပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်လေသည်။
" ကျေးဇူးပြုပြီး ဒီဘက်ကိုကြွပါ သခင်လေးနန်ထျန်း " အုပ်ထိန်းသူက အလွန်ပင် ဂရုစိုက်နေသည်။ လင်ရှင်းထုံ၏ ပိတ်ဆို့နေသောသွေးကြောများ ပြန်ဆက်သွားခဲ့ပါက သူမသာ ဆန္ဒရှိလျှင် အနာဂတ်တွင် လင်မိသားစုကို အုပ်ချုပ်နိုင်လေသည်။ လင်ရှင်းထုံနှင့် စေ့စပ်ထားသူ ဖြစ်လာမည့် ရှန်းထူနန်ထျန်း၏ အဆင့်အတန်းက အလွန်ပင် အရေးပါလာပေလိမ့်မည်။ ထို့ကြောင့် အုပ်ထိန်းသူက ရှန်းထူနန်ထျန်းကို အကောင်းဆုံးဆက်ဆံပေးရမည်။
" ကျေးဇူးပါပဲ " ရှန်းထူနန်ထျန်းက ယဥ်ကျေးစွာဆိုကာ နွေးထွေးစွာ ပြုံးပြလိုက်သည်။
ရှန်းထူနန်ထျန်းက ဖြည်းညင်းစွာ လျှောက်နေလျက်ရှိပြီး သူ၏နောက်တွင် ရှန်းထူမိသားစုမှ ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်သုံးဦး ရှိလေသည်။ သူတို့အားလုံးက ငယ်ရွယ်ကာ အနည်းငယ်ကျော်ကြားသည်။ သို့သော် သူတို့သည် ရှန်းထူနန်ထျန်း၏နောက်မှလိုက်၍ ဂုဏ်သရေရှိထိုင်ခုံအထိ သွားခဲ့ကြလေ၏။ သူတို့က ပထမတန်းခုံတွင် မထိုင်ကြသော်လည်း နောက်အနည်းငယ်ဆုတ်ကာ အပြင်အကြီးအကဲများ၏ ထိုင်ခုံနေရာများတွင် ထိုင်ခဲ့ကြလေသည်။
ထိုသုံးယောက်က သဘာဝကျသည့်ပမာပင် ဝင်ထိုင်လိုက်ကြလေသောကြောင့် ဧည့်ကြိုအဖြစ် တာဝန်ယူထားသည့် အုပ်ထိန်းသူမှာ ခံစားချက်မကောင်းတော့ပေ။ လင်ရှင်းထုံ မှလွဲ၍ လင်မိသားစု၏ လူငယ်မျိုးဆက်များအားလုံး အပြင်ဘက်ထိုင်ခုံများတွင်သာ ထိုင်ကြရသည်။ လင်မိသားစု၏ လူငယ်မျိုးဆက်ထဲတွင် ဂုဏ်သရေရှိထိုင်ခုံ၌ ထိုင်နိုင်သူမှာ လင်ရှင်းထုံသာ ရှိလေသည်။
" ဒီသုံးယောက်က..." အုပ်ထိန်းသူက ကြောင်အမ်းအမ်းဖြစ်နေကာ စကားစအား တစ်ဝက်တစ်ပြတ်ထားပြီး ထိုသုံးယောက်က ထိုနေရာတွင် မထိုင်သင့်သည်ကို ရည်ညွှန်းလိုက်သည်။
ရှန်းထူနန်ထျန်းက အရေးမစိုက်ဘဲ ဆိုလိုက်လေသည်..." သူတို့တွေက ထျန်းယွမ်ကမ္ဘာကြီးရဲ့ လူငယ်မျိုးဆက်ထဲမှာ အထူးချွန်ဆုံး ပျက်စီးခြင်းကောင်းကင်သခင်တွေပါ။ ရှန်းထူဖုန်း ၊ ရှန်းထူဟိုင်တို့က ကျုပ်တို့ရဲ့ ရှန်းထူမိသားစုကပဲ။ သူကတော့ စုန့်မိသားစုက စုန့်ကျစ်ယွဲ့ပါ "
ရှန်းထူနန်ထျန်း ပြောခဲ့သည့် စုန့်မိသားစုက ရှန်းထူမိသားစုနှင့် မဟာမိတ်ဖွဲ့ထားသော မိသားစုတစ်ခု ဖြစ်လေသည်။ စွမ်းအားအရဆိုလျှင် စုန့်မိသားစုက ရှန်းထူမိသားစုထက် အနည်းငယ်ခန့် နိမ့်ကျသည့်တိုင်အောင် ထျန်းယွမ်ကမ္ဘာကြီးထဲရှိ ထိပ်တန်းမိသားစုကြီးများထဲမှ တစ်ခုဖြစ်နေဆဲပင်။
ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော်တွင် ရှန်းထူမိသားစုက ရှန်းထူနန်ထျန်းကို ဦးစီးသူအဖြစ် လုပ်ခိုင်းထားလေသောကြောင့် ဧည့်ကြိုတာဝန်ယူထားရသည့် အုပ်ထိန်းသူက ဆက်မပြောတော့ရန် ဆုံးဖြတ်လိုက်လေသည်။
" ရှန်းထူမိသားစုက အတော်မောက်မာတာပဲ "
လင်မိသားစုမှ လူငယ်များက ထိုအဖြစ်ကို သတိပြုမိကြသည်။ သူတို့နှင့်ဂုဏ်ရည်တူဖြစ်သည့် ရှန်းထူမိသားစုမှ ဂျူနီယာများက ကွင်းပြင်အလယ်နှင့်အနီးတွင် အဆင်ခြင်မဲ့ ဝင်ထိုင်နေကြလေ၏။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့ကမူ ရေကန်အလယ်မှ ဇရပ်များပေါ်တွင်သာ ထိုင်နေကြရသည်။
ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော်သည် ရှန်းထူမိသားစုနှင့် လင်မိသားစုတို့မှ ပျက်စီးခြင်းကောင်းကင်သခင်များ၏ ပြိုင်ပွဲတစ်ခု ဖြစ်လေ၏။ ပြိုင်ပွဲမစမီတွင် ရှန်းမိသားစုက လင်မိသားစုကို သူတို့၏အပြုအမူများနှင့် ဖိနှိမ်နေချေ၏။ လင်မိသားစုမှ ဂျူနီယာများက ထိုကိစ္စကို အဘယ်သို့များ သဘောတူနိုင်ပါမည်နည်း။
" ရှန်းထူမိသားစုရဲ့ မြေးတစ်သိုက်က သူတို့ကိုယ်သူတို့ အရေးပါသူတွေလို့ တကယ်ကြီးထင်နေကြတာပဲ "
ယီယွင်နှင့်လင်ချင်းတို့၏ နံဘေးရှိ လင်မိသားစု၏ ဂျူနီယာတစ်ဦးက ကျိန်ဆဲလိုက်သည်။ ထိုသူ၏အမည် လင်ယွမ် ဖြစ်သည်။ ထိုသူက အသက်လတ်ပိုင်းလူ၏တပည့်ဖြစ်ပြီး လင်ချင်းနှင့် ဆရာတူမောင်နှမ ဖြစ်လေသည်။
လင်ယွမ်က ယီယွင်က အနည်းငယ်ခန့် အသက်ပိုကြီးသည်။ လင်မိသားစုက မကြာမီတွင် ရှန်းထူမိသားစုနှင့် လက်ထပ်ပွဲကျင်းပတော့မည့်ဟန် ရှိနေသော်လည်း လင်ယွမ်ကမူ ရှန်းထူမိသားစုကို သဘောမကျပေ။ သူက ရှန်းထူမိသားစုကို မျက်စိစပါးမွေးစူးနေမိလေ၏။
" စောင့်ကြည့်နေလိုက် ဂျူနီယာညီမလေး။ လက်ဖက်ရည်ပွဲတော် စတင်တာနဲ့ မြေးတစ်သိုက်ကို အစွမ်းအစဆိုတာ ဘာလဲဆိုတာကို ငါ ပြပေးမယ် "
လင်ယွမ်က ရင်ဘက်ကိုပုတ်ရင်း လင်ချင်းကို ပြောလိုက်သည်။ သူ့ထက် နှစ်အနည်းငယ်ခန့် ငယ်ကာ သွေးဝေးသည့် ဝမ်းကွဲညီမကို သူ သဘောကျသည်။ သူမ၏ရှေ့တွင် သူ့ကိုယ်သူအား သက်သေပြပြီး သူမ ချီးကျူးလာသည်ကို ခံရပါက ပျော်စရာကိစ္စဖြစ်မည်မှာ သေချာလေသည်။
လင်ချင်းက စီနီယာအစ်ကိုကို ယုံကြည်သည့်ပမာပင် အားမာန်အပြည့် ခေါင်းညိတ်လိုက်၏။
လင်ချင်း၏နံဘေးမှ ၁၄ နှစ်အရွယ် ကလေးတစ်ဦးက ထရယ်လေသည်..." ဟားဟားဟား... စီနီယာအစ်ကိုလင်က အံ့မခန်းစွမ်းရည်ကို ပြသပြီးတော့ ရှန်းထူမိသားစုက လူတစ်သိုက် အထင်ကြီးလာအောင် လုပ်နိုင်မှာကျိန်းသေတယ် "
ကလေးများအကြားတွင် လင်ယွမ်၏ အနေအထားက အလွန်မြင့်သည်။ လင်ယွမ်ကို ကလေးတစ်သိုက်၏ ခေါင်းဆောင်ဟုပင် ဆိုနိုင်လေသည်။
လင်ယွမ် ၊ လင်ချင်း ၊ ယီယွမ်တို့ ထိုင်နေကြသည့် ဇရပ်အား ညနေခင်းလေပြေဇရပ်ဟု ခေါ်ဆိုလေသည်။ လင်မိသားစုမှ ၁၃ မှ ၁၆ နှစ်အသက်အရွယ် ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်ငါးဦးက ညနေခင်းလေပြေဇရပ်ထဲတွင် ထိုင်နေကြ၏။
ပျက်စီးခြင်းကောင်းကင်နည်းစနစ် လေ့ကျင့်ရသည်မှာ ကာလကြာရှည်စွာ လိုအပ်သည်။ ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်များအဖို့ ပါရမီများက ထပ်တူနီးပါး ရှိကြလေသောကြောင့် လူတစ်ဦး၏ကျွမ်းကျင်မှုကို အသက်အရွယ်အပိုင်းအခြားအောက်မှ အခြေအနေများနှင့် နှိုင်းယှဥ်ကြသည်။
၁၃ နှစ်မှ ၁၆နှစ်အထိ လူငယ်များ၏ ပျက်စီးခြင်းကောင်းကင်နည်းစနစ် စံနှုန်းက အတော်လေးပင် အကန့်အသတ်ရှိသည်။ ညနေခင်းလေပြေဇရပ်ထဲရှိ လူငယ်များထဲတွင် လင်ယွမ်က အကြီးဆုံးဖြစ်ပြီး စီနီယာအစ်ကိုလည်း ဖြစ်လေ၏။ ပျက်စီးခြင်းကောင်းကင်နည်းစနစ် ချို့တဲ့ကြသော အခြားကလေးများက လင်ယွမ်ကို ခေါင်းဆောင်အဖြစ် သတ်မှတ်ကြသည်။ ယင်းသည် လင်ယွမ်က ပျက်စီးခြင်းကောင်းကင်နည်းစနစ်တွင် ပါရမီရှင်အစစ်ဟု ဆိုလိုခြင်းမဟုတ်ပေ။
သူ၏အခန်းကဏ္ဍကို မည်သို့ကိုင်တွယ်ရမည်မှန်း သိရှိသော လင်ယွမ်က တိုက်ပွဲဗျူဟာချမှတ်ရေးအတွက် ဆွေးနွေးမှုလုပ်ရန် ကလေးများကို စုစည်းခဲ့လေသည်။.ရှန်းထူမိသားစုက ကိုင်တွယ်ရမလွယ်ကူကြောင်း သူသိသည်။
လက်ရှိတွင် ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော်က တရားဝင်စတင်ခဲ့ချေပြီ။
လက်ဖက်ရည်ပွဲတော်ဟု ခေါ်ဆိုခြင်းကြောင့် လက်ဖက်ရည်ပွဲ ပါဝင်လေသည်။ စိတ်ဝိညာဥ်လက်ဖက်ရည်တစ်အိုးနှင့် စားသောက်ဖွယ်မျိုးစုံ တည်ခင်းပေးထားလေ၏။
ဂုဏ်သရေရှိထိုင်ခုံများမှ လက်ဖက်ရည်နှင့် စားသောက်ဖွယ်ရာများက အရည်အသွေးပိုမြင့်ကြလေ၏။ ပုံမှန်ဆိုလျှင် လင်မိသားစုထဲတွင် ထိုပစ္စည်းများကို မိသားစုအကျိုးပြုအမှတ်များနှင့်သာ လဲလှယ်ကြရသည်။ ယင်းအဖြစ်ကြောင့် လင်မိသားစုမှ ကလေးများ မပျော်မရွှင်ဖြစ်ကြရသည်။ ဤကဲ့သို့ ပစ္စည်းကောင်းများကို ခွေးကျွေးနေချေ၏။
ယီယွင် လက်ဖက်ရည်ခွက်အား ကြည့်လိုက်ချိန်တွင် လက်ဖက်ရည်က ပယင်းရောင်ပမာ ကြည်လင်နေသည်ကို တွေ့လိုက်ရသည်။ လက်ဖက်ရည်၏ရနံ့က လန်းဆန်းစေ၏။ စွမ်းအင်မြင်ကွင်းထဲတွင်မူ လက်ဖက်ရည်ထဲ၌ အလင်းစက် သိပ်သည်းစုပြုံနေသည်ကို ယီယွင် မြင်နေရသည်။ ယင်းတို့ကို ယွမ်ချီစင်စစ်ဖြင့်သာ လုပ်ထားခြင်းဖြစ်သည်။
ယင်းသည် သာမန်ဂျူနီယာများ သောက်ရသည့် လက်ဖက်ရည်သာဖြစ်ပြီး ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော်၌ တည်ခင်းပေးသည်များထဲတွင် အနိမ့်ဆုံးအရည်အသွေးဟု ဆိုနိုင်လေ၏။
သို့တိုင်အောင်ပင် ထိုလက်ဖက်ရည်ခွက်က ယီယွင်အား ကြီးစွာတုန်လှုပ်စေသည်။ တိုင်အာနတ်ပြည်ထောင်တွင်ဆိုပါက ဤလက်ဖက်ရည်ကို တော်ဝင်မိသားစုထံသို့သာ ဆက်သရပေလိမ့်မည်။
ထျန်းယွမ်ကမ္ဘာကြီးက အမှန်တကယ်ပင် ဇိမ်ခံလှသည်။ ထိပ်တန်းအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်နှင့် တိုင်အာနတ်ပြည်ထောင်ထက် ပိုမိုကြီးမားသော ကုန်းမြေကြီးအပြင် ပိုမိုကောင်းမွန်သည့် မိသားစု အမွေအနှစ်များနှင့် ရိုးရာတို့ကိုပါ တွဲဖက်လိုက်ပါက လူငယ်လက်ရွေးစင်များကို ပျိုးထောင်ပေးနိုင်သည့်အရာတွင် တိုင်အာနတ်ပြည်ထောင်ထက် တစ်ဆင့်လုံးလုံး ပိုမြင့်နေလေသည်။
ယီယွင် သက်ပြင်းချမိသည်။ သူသည် စားစရာပင်မရှိသည့် တိမ်ရိုင်းနယ်မြေထဲမှ တိုင်အာနတ်ပြည်ထောင်သို့ သွားခဲ့လေ၏။ ထိုမှတစ်ဆင့် သူ ထျန်းယွမ်ကမ္ဘာကြီးသို့ ရောက်လာခဲ့သည်။ သူသည် လောကကြီး၏ ကြီးမားသောကွာခြားမှုကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရလေ၏။
ဤသည်မှာ သူ၏ ယခင်ဘဝကကဲ့သို့ပင်။ ယာဥ်များပင် မရောက်နိုင်သည့် ဆင်းရဲသော တောင်တန်းဒေသများမှ အချမ်းသာဆုံးသူများ၏ ကြွယ်ဝမှုပမာဏက ရှန်ဟိုင်းမြို့မှ သာမန်လူတစ်ဦး၏ကြွယ်ဝမှု၏ တစ်ရာပုံလျှင် တစ်ပုံပင်မရှိနိုင်သည် ဖြစ်ဖို့များလေသည်။
ယီယွင် တွေးနေချိန်တွင် ရေကန်အထက်ရှိ တံတားပေါ်တွင် အဖြူရောင်ပုံရိပ်တစ်ခု ပေါ်လာသည်ကို သတိပြုမိသွားသည်။ ယီယွင် စိတ်လှုပ်ရှားသွားရလေ၏။ လင်ရှင်းထုံ ရောက်လာချေပြီ။