ပျော်ရွှင်မြူးတူးခြင်း
Vol. 26 Ch. 388
လင်ရှင်းထုံ ပေါ်လာသည်နှင့် အာရုံစိုက်စရာဗဟိုချက် ဖြစ်သွားခဲ့လေ၏။ ရှန်းထူနန်ထျန်း မတ်တက်ရပ်ကာ အနည်းငယ်ပြုံး၍ ဆိုလေသည်..." မတွေ့ရတာကြာပြီ လင်မိန်းကလေး "
လင်ရှင်းထုံက ရှန်းထူနန်ထျန်းကို အမြင်ကောင်းမရှိသည့်တိုင်အောင် ဤအခြေအနေမျိုးတွင် သူမက ယဥ်ကျေးစွာဖြင့် ခေါင်းညိတ်ပြခဲ့သည်။
လင်ရှင်းထုံ ဂုဏ်သရေရှိခုံတန်းထဲသို့ ဝင်လားခဲ့ပြီး သူမ၏ထိုင်ခုံတွင် ဝင်ထိုင်ကာ ငြိမ်သက်နေသည်။
ရှန်းထူနန်ထျန်းက လင်ရှင်းထုံကို အနှောင့်အယှက်မပေးပေ။ သူက ယဥ်ကျေးမှုအရ ဦးစွာနှုတ်ဆက်သည်မှလွဲ၍ တွယ်ကပ်မနေပေ။
ရှန်းထူနန်ထျန်းကို သဘောမတွေ့ကြသည့် လင်မိသားစုမှ လူငယ်များသည်ပင် ရှန်းထူနန်ထျန်း၏ အပြုအမူနှင့် သဘောထားကို စိတ်မဆိုးမိကြပေ။
ရှန်းထူမိသားစု လက်ထပ်ပွဲကို ဦးစွာကမ်းလှမ်းခဲ့ခြင်း ဖြစ်သော်ငြားလည်း ရှန်းထူနန်ထျန်းကမူ လင်မိသားစုထံတွင် တောင်းဆိုနေရသည်ပုံစံမျိုး ပြုမူမနေပေ။ သူ၏အပြုအမူက နှိမ့်ချခြင်းမရှိသလို မော်ကြွားခြင်းလည်းမရှိဘဲ ပြည့်စုံနေ၏။ ရှန်းထူနန်ထျန်းက လင်ရှင်းထုံကို အလွန်အကျွံပိုးပန်းနေခြင်း မရှိသလို များစွာအဖက်မလုပ်ခြင်းလည်း မရှိပေ။ ထိုကဲ့သို့ လူမျိုးကို မိန်းကလေးများ သဘောကျရန် လွယ်ကူလေသည်။ ရှန်းထူနန်ထျန်းကိုကြည့်ကာ လင်မိသားစုမှ မိန်းကလေးအချို့သည် ရှက်သွေးဖြာနေကြလေ၏။
ရုပ်ရည် ၊ စရိုက်လက္ခဏာနှင့် အစွမ်းအစတို့ ကောင်းမွန်သော လူငယ်သူရဲကောင်းတစ်ဦးက သူမတို့၏ လက်ကျန်ဘဝတစ်ခုလုံး အတူရှိနေချင်သည့် စိတ်ကူးယဥ်လက်တွဲဖော်တစ်ဦး ဖြစ်လေ၏။ ပထမဇနီး ဖြစ်ခွင့်မရလျှင် ကိုယ်လုပ်တော်ဖြစ်ရလျှင်လည်း မဆိုးလှချေ။
လက်ဖက်ရည်ပွဲတော်သည် အစီအစဥ်တကျ သွားနေလျက်ရှိပြီး ဂုဏ်သရေရှိခုံတန်းတွင် လက်ဖက်ရည်သောက်ရင်း စကားပြောဆိုနေကြလေ၏။ သူတို့သည် ပျက်စီးခြင်းကောင်းကင်နည်းစနစ်အပေါ် သူတို့၏ နားလည်သိမြင်မှုများကို အမြင်ဖလှယ်ကာ စကားပြောဆိုနေကြပြီး ပွဲတော်က စည်ကားနေသည်။
စုကျဲက စကားများစွာ မပြောသလို လင်ရှင်းထုံက တိတ်ဆိတ်နေသည်။ ရှန်းထူနန်ထျန်းကသာ နှစ်ဖက်စလုံးကို ကျွမ်းကျင်စွာဖြင့် ဧည့်ခံနေသည်။
ယခုအခါ၌ လင်မိသားစုထဲတွင် ရှန်းထူနန်ထျန်းကို ထောက်ခံသူများ ပိုတိုးလာခဲ့သည်။ ဥပမာအားဖြင့် လင်ရှင်းထုံ၏ အဒေါ်ကြီးနှင့် ဦးလေး ၆ တို့က ရှန်းထူနန်ထျန်းနှင့် ပိုမိုစကားပြောမိကြသည်။
နန်းဝတ်နန်းစားနှင့် အမျိုးသမီးဖြစ်သူ အဒေါ်ကြီးက ရှန်းထူနန်ထျန်းကို " တူလေးနန်ထျန်း " ဟု တဖွဖွခေါ်ကာ စကားပြောနေခဲ့သည်။
" တူလေးနန်ထျန်းက တကယ်ကို ထူးခြားတယ်။ တူလေးရဲ့စွမ်းအားက ထူးချွန်ပြောင်မြောက်ရုံတင်မကဘူး တူလေးနန်ထျန်းက ပျက်စီးခြင်းကောင်းကင်နည်းစနစ်မှာလည်း အောင်မြင်မှုကြီးမားတယ်လို့ အဒေါ် ကြားထားတယ်။ အဒေါ် အမြင်ကျယ်ရအောင်လို့ ဘာကြောင့်များ စင်ပေါ်တက်ပြီး မပြသပေးရတာလဲ "
လင်ရှင်းထုံ၏ အဒေါ်၏မျက်နှာက ပန်းပွင့်အလားပင် ပြုံးချိုနေလေ၏။
" အဒေါ်က ချီးကျူးလွန်းနေပါပြီ။ ကျွန်တော်က ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို နည်းနည်းလေး တီးမိခေါက်မိရုံပဲ ရှိတာပါ " နန်းဝတ်နန်းစားနှင့် အမျိုးသမီးက သူ့ကိုယ်သူအား မိတ်ဆက်ပြောဆိုနေပုံကြောင့် ရှန်းထူနန်ထျန်းက ပိုမိုရင်းနှီးမှုရစေရန် တူညီစွာပင် ခေါ်ဝေါ်ကာပြောသည်..." သိုင်းပညာလမ်းစဥ်က စူးညှောင့်ခလုတ်တွေ ပြည့်နေတယ်။ ကျွန်တော့်ရဲ့အရည်အချင်းက အခြားသူတွေထက် နည်းနည်းလေး ပိုကောင်းတယ်ဆိုပေမဲ့ ရုန်းကန်နေရတုန်းပါပဲ။ သိုင်းပညာ လေ့ကျင့်ရတာက ကျွန်တော့်ရဲ့အချိန်တွေကို အများကြီးကုန်စေတော့ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို လေ့ကျင့်ဖို့အတွက် အချိန်မရပါဘူးဗျာ။ ကျွန်တော်က ပုံမှန်မဟုတ်တဲ့ ဖြတ်လမ်းနည်းတွေ သုံးခဲ့ရုံတင်ပါပဲ။ လက်ရှိမှာ ကျွန်တော်က သွေးဆေးလုံးနဲ့ အမတေဖွဲ့စည်းပုံတို့လို အရိုးသန့်စင်နည်းစနစ်တွေကိုပဲ လုပ်နိုင်ပါသေးတယ် "
ရှန်းထူနန်ထျန်းက ပလွှားခြင်းမရှိ ဆိုလေသည်။ စင်စစ်တွင် လင်ရှင်းထုံတို့ကဲ့သို့ သိုင်းပညာကို အာရုံစိုက်ကြသည့် မိုးကောင်းကင်က မျက်နှာသာပေးထားသော ကလေးအများစုသည် ဆေးဖော်စပ်ခြင်း ၊ ပျက်စီးခြင်းကောင်းကင်နည်းစနစ် ၊ အစီအရင်နည်းစနစ်တို့တွင် ဟိုစပ်စပ်သည်စပ်စပ် ရှိကြလေသည်။ ယင်းက သူတို့ကို အမြင်ကျယ်စေပြီး သူတို့၏ အနာဂတ် သိုင်းပညာလမ်းစဥ်အတွက် အကူညီကြီးတစ်ခု ဖြစ်စေသည်။ ရှန်းထူနန်ထျန်းအတွက်လည်း ထို့အတူသာ ဖြစ်လေ၏။
လက်ရှိအချိန်၌ ညနေခင်းလေပြေဇရပ်ထဲတွင် ထိုင်နေသော ယီယွင်က ရှန်းထူနန်ထျန်းကို စူးစိုက်ကြည့်နေသည်။ သူ၏အကြည့်မျာ သုန်မှုန်နေ၏။
သွေးဆေးလုံးနဲ့ အမတေဖွဲ့စည်းပုံတို့လို အရိုးသန့်စင်နည်းစနစ်တွေတဲ့လား။
ပျက်စီးခြင်းသားရဲများ၏ ပျက်စီးခြင်းအရိုးက တန်ဖိုးရှိသလိုပင် ပျက်စီးခြင်းသားရဲ အများစု၏ သွေးများကလည်း တန်ဖိုးရှိလေပြီး သွေးဆေးလုံးအဖြစ် သန့်စင်နိုင်သည်။
သို့သော် ရှန်းထူနန်ထျန်းအတွက်မူ သွေးဆေးလုံးသန့်စင်ရန် အကောင်းဆုံးပစ္စည်းက ပျက်စီးခြင်းသားရဲများ၏သွေး မဟုတ်လေဘဲ ပျက်စီးခြင်းမျိုးနွယ်ဝင်များ၏သွေးသာ ဖြစ်လေ၏။
လွန်ခဲ့သည့် လအနည်းခန့်က ချူတော်ဝင်အိမ်တော်ထဲတွင် ရှန်းထူနန်ထျန်းက ကျန်းရှောင်ယုအား ဖမ်းဆီးခဲ့သည်ကို ယီယွင် အဘယ်သို့များ မေ့နိုင်ပါမည်နည်း။ ထိုကောင်က ကျန်းရှောင်ယုကို ဖမ်းမိပြီးနောက်တွင်မူ ချူဘုရင်အား ပထမဆုံးတောင်းဆိုခဲ့သည်မှာ ဆေးဖော်စပ်အခန်းတစ်ခု ထောက်ပံ့ပေးရန် ဖြစ်လေသည်။ သို့မှသာ ထိုကောင်က ကျန်းရှောင်ယု၏သွေးကို သွေးဆေးလုံးအဖြစ် သန့်စင်နိုင်ချေမည်။
လူပေါင်းများစွာက မေးမြန်းနေခြင်းကြောင့် ရှန်းထူနန်ထျန်းက သွေးဆေးလုံးနည်းစနစ်နဲ့ အမတေဖွဲ့စည်းပုံနည်းစနစ်တို့ကို ပြောပြကာ သူ၏ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို ကြွားလုံးထုတ်ခဲ့သည်။ ထိုစကားကြောင့် ယီယွင်၏စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ ကြီးထွားလာရသည်။
" ဟားဟား... ပျက်စီးခြင်းကောင်းကင်ပညာရပ်က (နည်းစနစ်က) အရမ်းကျယ်ပြန့်ပါတယ်။ ကဏ္ဍတစ်ရပ်မှာ ကျွမ်းကျင်နေရင် လုံလောက်ပါပြီ "
လင်မိသားစုမှ အကြီးအကဲတစ်ဦးက သံယောင်လိုက်ပြီး ပြောလေသည်။ လင်မိသားစုနှင့် ရှန်းထူမိသားစုတို့၏ လက်ထပ်ပွဲကို ထောက်ခံခြင်းမရှိသော အကြီးအကဲများပင် ရှန်းထူနန်ထျန်းကို အတော်ပင် စိတ်ဝင်စားလာကြ၏။ ထို့အပြင် အနာဂတ်ကို မည်သူကမျှ အာမခံချက်မပေးနိုင်ပေ။ အနာဂတ် ဆက်ခံသူတစ်ဦးကို အပြစ်ပြုမိသည်က အမြင်ကျယ်သောလုပ်ရပ် မဟုတ်ပေ။
ဂုဏ်သရေရှိခုံတန်းတွင် လင်မိသားစုမှ အကြီးအကဲများက ရှန်းထူနန်ထျန်းနှင့် ဆက်တိုက်စကားပြောနေကြ၏။ ထိုသို့ဖြင့် ရှန်းထူနန်ထျန်းက လူတိုင်း၏အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။ ဤလက်ဖက်ရည်ပွဲတော်တွင် ရှန်းထူနန်ထျန်းက အဓိကဦးဆောင်သူဟု ဆိုနိုင်လေသည်။
ရှန်းထူမိသားစုမှ အကြီးအကဲများကမူ ရှန်းထူနန်ထျန်းကို စင်မြင့်ပေါ်သို့တက်စေပြီး ကျွမ်းကျင်မှုများကို ပြသစေလိုသည်။ လင်မိသားစု၏ အကြီးအကဲများကသာ ရှန်းထူနန်ထျန်းကို အသိအမှတ်ပြုသွားခဲ့ပါက ဤလက်ထပ်ပွဲသည် အောင်မြင်ဖို့ရာ များချေပြီ။
တစ်နာရီ ကုန်လွန်သွားပြီးနောက် ရှန်းထူနန်ထျန်းက မတ်တက်ရပ်ကာ ဆိုလေသည်..." အားလုံးပဲ... ဒီပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်ဟာ ပထမအချက်အနေနဲ့ လူတိုင်း ပျက်စီးခြင်းကောင်းကင်ပညာရပ် ဗဟုသုတွေဖလှယ်ပြီး အတူတိုးတက်သွားစေဖို့။ ဒုတိယအနေနဲ့ကတော့ ကျွန်တော်တို့ ရှန်းထူမိသားစုမှာ လက်ခံနိုင်လောက်စရာစံနှုန်းရှိတဲ့ ပျက်စီးခြင်းကောင်းကင်ပညာရပ် ရှိနေကြောင်းကို လင်မိသားစုကို သက်သေပြဖို့ပါပဲ။ အခုချိန်မှာ အားလုံးက ဗိုက်ပြည့်နေကြပြီဆိုတော့ ကျွန်တော်တို့ ရှန်းထူမိသားစုက ကလေးအချို့ကို စင်မြင့်ပေါ်တက်ခိုင်းပြီး သူတို့ရဲ့ကျွမ်းကျင်မှုတွေ ပြသခိုင်းပြီးတော့ ပျော်စရာတွေ ဖန်တီးကြရအောင်ဗျာ "
ရှန်းထူနန်ထျန်းက မျက်ရိပ်ပြလိုက်လေရာ အပြင်ဘက်ပိုင်းတွင် ထိုင်နေသည့် ရှန်းထူမိသားစုမှ ကလေးတစ်ဦးက ကွင်းပြင်ထဲသို့ ခုန်ဝင်လာသည်။ ထိုသူက ၁၆ နှစ်ခန့်ရှိပြီး ရှန်းထူမိသားစု၏ တူညီဝတ်စုံကို ဝတ်ဆင်ထားသည်။ လူငယ်က စိတ်အားတက်ကြွနေပုံပင်။
" စီနီယာတွေနဲ့ သူရဲကောင်းတို့... ကျွန်တော်က ရှန်းထူကျွင်းဖြစ်ပြီး ဒီနှစ်မှာ ၁၇ နှစ် ပြည့်မှာပါ။ ကျွန်တော်က ရှန်းထူမိသားစုရဲ့ ပျက်စီးခြင်းကောင်းကင်သခင် ရှန်းထူရန်ဖေးရဲ့ တိုက်ရိုက်တပည့်ပါ။ ဒီနေ့ လက်ဖက်ရည်ပွဲတော်မှာ ကျွမ်းကျင်သူတွေ စုဝေးနေကြတာဆိုတော့ ကျွန်တော် အရဲကိုးပြီး လှည့်ကွက်အချို့ ပြသချင်ပါတယ်။ အခြားသူတွေလည်း ရှေ့ထွက်လာပြီး တန်ဖိုးရှိတဲ့ အကျိုးဆောင်မှုတွေ လုပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့်ရဲ့ မပြည့်ဝမှုတွေကို သည်းခံပေးကြပါ "
ရှန်းထူကျွင်းက လက်ဖျောက်တီးလိုက်ရာ လက်ထဲတွင် ပျက်စီးခြင်းအရိုးတစ်ခု မျက်လှည့်ပြသကဲ့သို့ ပေါ်ထွက်လာသည်။
တက်ရောက်ကြသည့် လူတိုင်းက ပျက်စီးခြင်းကောင်းကင်ပညာရပ် ကျွမ်းကျင်သူများ ဖြစ်ကြလေသောကြောင့် ထိုပျက်စီးခြင်းအရိုးကို အဝေးမှကြည့်ရုံနှင့် သာမန်ပျက်စီးခြင်းအရိုး မဟုတ်ကြောင်း အတပ်ပြောနိုင်ကြသည်။
အသက် ၁၇ နှစ်အရွယ် ပျက်စီးခြင်းကောင်းကင်ပညာရပ် အလုပ်သင်များအဖို့ သာမန်ပျက်စီးခြင်းအရိုးကို ထိန်းချုပ်သည်က သိက္ခာကျလေသည်။ သို့သော် ပျက်စီးခြင်းအရိုးကို ထိန်းချုပ်ပြသည်ကပင် မျက်စိပသာဒ ဖြစ်နေလေ၏။
" တက်သွားစမ်း "
ရှန်းထူကျွင်းက အော်လိုက်လေရာ သိုလှောင်လက်စွပ်ထဲမှ အစီရင်ပြားတစ်ခု ပေါ်ထွက်လာသည်။ ထို့နောက်တွင် ရှန်းထူကျွင်းက လက်နှင့် ချိတ်တံဆိပ်များ ဖော်ဆောင်လေ၏။ သူက လေထဲတွင် ကနေသည့်ပမာပင် မှော်စာလုံးချိတ်တံဆိပ်များ တစ်ခုပြီးတစ်ခု ဖန်တီးလေသည်။
ချက်ချင်းဆိုသလိုပင် ရှန်းထူကျွင်းက ပျက်စီးခြင်းအရိုး၏ စွမ်းအင်များကို ထုတ်ယူသွားလေ၏။ ရှန်းထူကျွင်းက အမြန်နှုန်းကို သရုပ်ပြသွားခဲ့သည်။ သူက သာမန်ပျက်စီးခြင်းအရိုးထဲမှ စွမ်းအင်များကို လျင်မြန်စွာပင် ထုတ်ယူနိုင်သည်။ စက္ကန့်သုံးဆယ်ခန့်သာ ကြာခဲ့လေပြီး ပျက်စီးခြင်းအရိုးမှာ လုံးဝပင် စွမ်းအင်များ ခမ်းခြောက်သွားလေသည်။
ပျက်စီးခြင်းအရိုးသည် မီးခိုးဖြူရောင် ပြောင်းသွားခဲ့လေသည်။
ဖျောက်...။
လက်ဖျောက်တီးလိုက်ရာ အဆီအနှစ်များ ဆုံးရှုံးထားသည့် ပျက်စီးခြင်းအရိုးမှာ ကွဲကြေသွားလေ၏။
ယခုအခါတွင် ရှန်းထူကျွင်းက ချိတ်တံဆိပ်များ ဆက်လက်လုပ်ဆောင်နေ၏။ တစ်ခဏအကြာတွင်မူ လေထဲတွင် ပျက်စီးခြင်းစွမ်းအင်များ ကခုန်ထွက်ပေါ်ပြီး မှော်စာလုံးအသွင် စတင်ဖွဲ့စည်းလေသည်။ ထိုမှော်စာလုံးများကို ရှန်းထူကျွင်းက လေထဲမှ ငှက်အုပ်ပမာ ကျင်လည်စွာ ထိန်းချုပ်နေလေ၏။
" ပေါင်းစည်း "
ရှန်းထူကျွင်းက လက်ကိုယမ်းလိုက်ရာ မှော်စာလုံးများအားလုံးသည် ရာချီသောငှက်များ လေဟုန်စီးနေသည့်ပမာ အတူစုစည်းသွားလေ၏။
" ခွဲထွက် "
ရှန်းထူကျွင်းက လက်ကို ထပ်မံကာယမ်းလိုက်ရာ မှော်စာလုံးများ ချက်ချင်းပင် တစ်စစီပြိုကွဲသွားလေ၏။ မှော်စာလုံးများက သူ၏လက်သီးချက် ထိမှန်သွားသည့်အလားပင်။ မှော်စာလုံးများက ငါးအုပ်ပမာပင် မတူညီသောပုံစံနှင့် ရွေ့လျားနေသည်မှာ လှပလွန်းလှသည်။
" ကောင်းတယ် "
" အံ့ဩစရာပဲ "
ဘေးပတ်လည်ရှိ ဇရပ်များထဲမှ ရှန်းထူမိသားစု ၊ ရှန်းထူမိသားစုနှင့် မဟာမိတ်ဖွဲ့ထားသည့် မိသားစုများထံမှ ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်များက ရှန်းထူကျွင်းကို ချီးကျူးအားပေးကြလေသည်။
ရှန်းထူကျွင်း၏နည်းလမ်းက ပျက်စီးခြင်းအရိုးအမတေ သန့်စင်ရန်အတွက် နည်းစနစ် မဟုတ်ပေ။ သူ၏ စွမ်းအင်ထိန်းချုပ်မှုနှင့် ချိတ်တံဆိပ်ပုံဖော်နည်းစနစ်တို့ကို သီးသန့်ပြသသွားခဲ့ခြင်း ဖြစ်လေသည်။
ဂုဏ်သရေရှိခုံများပေါ်မှ ရှန်းထူမိသားစုနှင့် လင်မိသားစုတို့မှ အကြီးအကဲများက သရုပ်ပြသည်ကို ကြည့်နေရင်း အသာခေါင်းညိတ်လိုက်ကြသည်။
သို့သော် စုကျဲနှင့် အသက်လတ်ပိုင်းလူတို့ကဲ့သို့ ပျက်စီးခြင်းကောင်းကင်သခင်များကမူ ထိုသို့မတွေးကြပေ။ ဤသည်မှာ မိသားစုနှစ်ခု၏ အမွေအနှစ်တိုက်ပွဲ ဖြစ်လေသည်။ ထို့အပြင် နှစ်ဖက်စလုံးမှ ပျက်စီးခြင်းကောင်းကင်သခင်များက အမြဲတမ်းလိုပင် ပြိုင်ဆိုင်နေကြသည်ဖြစ်၍ မည်သူတစ်ဦးကမျှ နိမ့်ကျလိုခြင်းမရှိပေ။
လင်မိသားစုမှ ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးက အပြင်ဘက်ရှိ ဇရပ်များဆီသို့ကြည့်ကာ တစ်ချက်ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် ခရမ်းရောင်ဝတ် လူငယ်တစ်ဦး ကွင်းပြင်ထဲသို့ ဝင်လာသည်။
လူငယ်က လက်သီးဆုပ်ကာ ဆိုသည်..." ကျွန်တော်က လင်ယွဲ့ပါ။ လင်မိသားစု ပျက်စီးခြင်းကောင်းကင်သခင် လင်ဖုန်းလန်ရဲ့ တပည့် ဖြစ်ပါတယ်။ ကျွန်တော်လည်း အသက် ၁၇ နှစ်ပါပဲ။ ညီနောင်ရှန်းထူကျွင်းရဲ့ တစ်ကိုယ်တော်သရုပ်ပြတာကို မြင်လိုက်ရတော့ အကြောင်းတစ်ခုခုကြောင့် ကျွန်တော့်ရဲ့လက်တွေ ယားလာပါတယ်။ ကျွန်တော်က ညီနောင်ရှန်းထူကျွင်းနဲ့ အတူပူးပေါင်းပြီး အားလုံးပျော်ရအောင် လုပ်ပေးချင်ပါတယ် "
လင်ယွဲ့က ကြိုတင်ပြင်ဆင်ထားသည့် ပျက်စီးခြင်းအရိုးကို ထုတ်ယူလိုက်သည်။ သူ၏အမြင့်ဆုံးအမြန်နှုန်းကို အသုံးပြုကာ ပျက်စီးခြင်းအရိုးထဲမှ စွမ်းအင်များကို ထုတ်ယူလိုက်လေ၏။ ထို့နောက် သူက လက်နှစ်ဖက်နှင့် ချိတ်တံဆိပ်များ ဖော်ဆောင်ကာ ပျက်စီးခြင်းစွမ်းအင်များကို မှော်စာလုံးချိတ်တံဆိပ်ထဲသို့ ကူးပြောင်းပေးနေလေရာ မှော်စာလုံးများ စတင်ပျံသန်းလာခဲ့လေ၏။