အောင်းလင်း
Vol. 53 Ch. 781
"ဟာ..အကိုလု ပါသွားပြီ"
အရိုးရိုင်း ထိတ်လန့်သွားသည်။
သို့သော် မုန်ကျင်းကျိုးက လုယန်၏ လုံခြုံရေးအတွက် နည်းနည်းမှမစိုးရိမ်။
လုယန်သည် အမယွမ်ကို ဆင့်ခေါ်နိုင်သည်။ မသေမျိုးတစ်ယောက်ကလည်း သူ့ကိုယ်ထဲတွင်ရှိနေသည်။ လုယန်ဒုက္ခရောက်လျှင်သာ အံ့ဩဖို့ရှိသည်။
နဂါးမျိုးနွယ်များက အကြောင်းစုံမသိ။ လုယန်နှင့်နဂါးပုလဲပျောက်သွားသည့်ကိစ္စသည် သူတို့ဖြေရှင်းနိုင်သည်ကိစ္စမဟုတ်။
"နန်းတော်သခင်ကို သတင်းပို့ရအောင်။ သူဆုံးဖြတ်ပါစေ"
....
တာအိုလမ်းစဉ်ဂိုဏ်း၊ ကောင်းကင်ဂိတ်တောင်ထိပ်၊ စည်းဝေးခန်းမ။
ယွမ်ကျိက လတ်တလောအရေးကြီးကိစ္စများအကြောင်းဆွေးနွေးရန် ပုံမှန်အတိုင်း အစည်းအဝေးကျင်းပနေသည်။ အကြီးအကဲရှစ်ယောက်နှင့် ပင်လယ်တာအိုသခင်သို့ တက်ရောက်ကြသည်။
အစည်းဝေးလုပ်နေရင်းတန်းလန်းတွင် ကန်ထန်က ခန်းမထဲသို့ဝင်လာပြီး အရှေ့ပင်လယ်မှပို့လိုက်သည့်စာတစ်စောင်ကို ယွမ်ကျိလက်ထဲ ထည့်ပေးသည်။
ယွမ်ကျိ စာအိတ်ကိုဖွင့်သည်။ ဝိညာဉ်အာရုံဖြင့် ဖတ်ကြည့်သည်။ သူ့မျက်နှာတွင် ထူးဆန်းသည့်အမူအရာတစ်ချို့ ပေါ်လာသည်။
"တူမယွမ်၊ အရေးကြီးကိစ္စပေါ်လာလို့လား"
အရေးမကြီးလျှင် ကန်ထန်က အစည်းအဝေးကို အနှောက်အယှက်ပေးမည်မဟုတ်။
ယွမ်ကျိ ရှင်းမပြတော့။ စာထဲမှအကြောင်းအရာများကို အားလုံးမြင်နိုင်အောင် သူ့မှော်စွမ်းအားဖြင့် ခန်းမအလယ်တွင် ထုတ်ပြလိုက်သည်။
အကြီးအကဲရှစ်ယောက်အမူအရာလည်း ကြောင်တက်တက်ဖြစ်သွားသည်။
"လုယန်က နဂါးပုလဲကို ခိုးသွားတယ်ပေါ့။ ဒီကိစ္စဆွေးနွေးဖြေရှင်းဖို့ ငါတို့တာအိုဂိုဏ်းက တစ်ယောက်ယောက်ကို လွှတ်စေချင်တယ်တဲ့လား"
"မင်းဦးနှောက်နည်းလှချည်လား။ ရေးထားတဲ့စာအရဆို တူမောင်လုယန်ကို နဂါးပုလဲကခိုးသွားတယ်ဆိုတာ ရှင်းနေတာပဲလေ"
အမှန်တော့ နဂါးနန်းတော်ဘက်ကလည်း အဖြစ်အပျက်ကို ဘယ်လိုဖော်ပြရမှန်းမသိသဖြင့် ဝါးတားတားရေးထားခြင်းဖြစ်သည်။
လုယန်သည် ယွမ်ကျိ၏ အထောက်အပံ့ရှိသူဖြစ်သည်။ ထူးခြားသည့်နည်းလမ်းတစ်ခုခုသုံးပြီး စုစည်းခြင်းအဆင့်နဂါးအုပ်များကြားမှ ခိုးယူသွားခြင်းလည်း ဖြစ်နိုင်သည်။
ဤလူစုတွင် လုယန်အကြောင်းမသိသူမရှိ။
တစ်ခြားလူများကို အမှန်တရားဖြင့် လှည့်စားတတ်သော်လည်း...
ယာယီဂိုဏ်းချုပ်ရာထူးကိုအသုံးချ၍ သူ့ထက်ကျင့်စဉ်အဆင့်မြင့်သူများကို စိတ်ခေါ်ခဲ့သော်လည်း...
အစားအသောက်ချက်ပြုတ်ရာတွင် ဆားကို စက္ကန့်ဖြင့်တိုင်းတာ၍ထည့်တတ်သော်လည်း...
ရှေးဟောင်းကောင်းကင်ရုံးတော်ဂိုဏ်းတည်ထောင်၍ နတ်ဆိုးဂိုဏ်းကို လှည့်စားခဲ့သော်လည်း...
ထူးဆန်းသည့်မှော်ပညာများ မကြာခဏကျင့်ကြံမိတတ်သော်လည်း...
လုယန်သည် လုယက်မှု ခိုးမှုမျိုး ကျူးလွန်သည်ဟု သူတို့မကြားဖူး။
ထို့ကြောင့် နဂါးပုလဲက လုယန်ကိုခေါ်သွားခြင်းသာဖြစ်ရမည်။
"လူတွေကိုတောင် ပြန်ပေးဆွဲတယ်ဆိုတော့ ဒီနဂါးပုလဲရဲ့ဇစ်မြစ်ကဘာလဲ"
"ဘယ်လိုလုပ်ကြမလဲ။ ဘယ်သူသွားမှာလဲ"
လောင်ပါးမှလွဲ၍ ကျန်သည့်အကြီးအကဲများ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေသည်။ သူတို့အားလုံး အရှေ့ပင်လယ်တွင် နာမည်ပျက်စာရင်းသွင်းခံထားရသူများဖြစ်သည်။
လုယန်ကိုရှာဖို့ အရှေ့ပင်လယ်သို့သွားလျှင် ထောင်ချောက်ထဲတိုးဝင်သည်နှင့် တူနေလိမ့်မည်။
"လုယန်က တာအိုလမ်းစဉ်ဂိုဏ်းရဲ့ မျှော်လင့်ချက်ပါ။ ဒီကိစ္စကို ပစ်ထားလို့မရဘူး။ ငါသွားပါ့မယ်"
မဟာအကြီးအကဲ အရင်ဆုံးထလာသည်။ တစ်ခြားခုနစ်ယောက်လည်း သူသွားမည်ငါသွားမည်ထပြောသည်။ အတော်ဆူဆူညံညံဖြစ်လာသည်။
ထိုစဉ် စကားသံတစ်ခု ထွက်ပေါ်လာသည်။
"ကဲပါ၊ ငြင်းခုန်မနေကြပါနဲ့။ ငါပဲသွားမယ်"
တစ်ချိန်လုံးအသံတိတ်နေခဲ့သည့် ပင်လယ်ပြာတာအိုသခင် ဖန်ဝူယာဖြစ်သည်။
"လုယန် ဒုက္ခကြုံရင် တစ်ကြိမ်ကူညီမယ်လို့ အရင်က ငါပြောထားတယ်။ ငါ့ကတိကို မဖျက်နိုင်ဘူး။ အခုအချိန်ကျလာပြီထင်ပါရဲ့"
ပြဿနာကို ဘိုးဘေးကိုယ်တိုင် ဖြေရှင်းမည်ဖြစ်၍ အကြီးအကဲရှစ်ယောက် စိတ်အေးသွားကြသည်။
ဖန်ဝူယာကိုယ်တိုင် ကူညီလျှင် လုယန် သေချာပေါက်အန္တရာယ်ကင်းပေလိမ့်မည်။
ဖန်ဝူယာက ယုံကြည်ချက်အပြည့်ရှိနေသဖြင့် ထိုကိစ္စကို ဝင်စွက်ဖို့မသင့်တော်ဟု ယွမ်ကျိယူဆသည်။
"ဒါဆို ဘိုးဘေးကိုပဲ ကျွန်မတို့အားကိုးရတော့မယ်"
ဖန်ဝူယာက တဟားဟားအော်ရယ်လျက်
"အသေးအဖွဲကိစ္စလေးပါ"
.....
"ဒါဘယ်နေရာလဲ"
လုယန် ဘေးပတ်လည်ကိုကြည့်၍ မင်သက်မိနေသည်။ တောင်တန်းများ၊ မြစ်များ၊ စိမ်းစိုနေသည့်မြက်ခင်းများ မျက်စိတစ်ဆုံးမြင်ရသည်။
ကမ္ဘာမြေမှ နတ်ဘုံနတ်နန်းတစ်ခုလိုဖြစ်နေသည်။ နဂါးပုလဲက သူ့ကိုအတင်းဆွဲခေါ်လာခဲ့သည်။ သူ့ပါးစပ်ထဲသို့ လေများစီးဝင်နေခဲ့သည်။
ဤနေရာသို့ ဘယ်လိုရောက်လာသည်မသိ။
နတ်မယ်လည်း လုယန်ကိုယ်ထဲမှ ထွက်လာပြီး တအံ့တဩစုပ်သပ်နေသည်။
"ဒီနေရာက ပုလဲအတွင်းပိုင်းက လေဟာနယ်ပဲ။ ဒီပုလဲမှာ ဒီလိုနေရာမျိုးရှိတယ်လို့ ငါမကြားမိပါဘူး။ ငါသေပြီးမှ ဖန်တီးခဲ့တာများလား။
သေချာဂရုတစ်စိုက် ဖန်တီးထားတာပဲ။ နဂါးလက်ကောက်ကသာ ဒီလေဟာနယ်ကိုဖွင့်မပေးခဲ့ရင် ဒီလိုနေရာရှိတာ ငါသိမှာမဟုတ်ဘူး"
အစကတည်းက ထိုပုလဲသည် ကြယ်ကမ္ဘာတစ်ခုလုံးကို သန့်စင်ထားခြင်းဖြစ်သည်။ အတွင်းလေဟာနယ်တစ်ခု ထည့်သွင်းတည်ဆောက်ဖို့ သိပ်မခက်လှ။
"နဂါးလက်ကောက်က ပုလဲရဲ့လေဟာနယ်ကိုဝင်တဲ့သော့ပဲ။ ထူးဆန်းတယ်...ဒီလက်ကောက်မှာ အရင်က ဒီလိုအစွမ်းမျိုးမရှိပါဘူး။
ပြီးတော့ နဂါးလက်ကောက်ကသာ လေဟာနယ်ကိုမဖွင့်ခဲ့ရင် ဒီပုလဲလေဟာနယ်က အလိုလိုနေရာပြောင်းနေမှာ"
လုယန် စဉ်းစားသည်။ နဂါးလက်ကောက်၊ နဂါးပုလဲ၊ နဂါးပုလဲ၏အကာကိုခွဲခြင်း။ လေဟာနယ်ကိုဖွင့်ဖို့ ထိုအခြေအနေသုံးခု စုစည်းရမည်။
အထူးသဖြင့် လက်ကောက်ကသာ လေဟာနယ်ကို မဖွင့်ခဲ့လျှင် ထိုလေဟာနယ်သည် မျောချင်ရာမျောနေမည်။ ဘယ်သူမှ ဝင်နိုင်မည်မဟုတ်။
တစ်ယောက်ယောက်ကို ကာကွယ်ပေးနေသလိုရှိသည်။
"ဟိုမှာကြည့်လိုက်"
နတ်မယ်က စိတ်လှုပ်ရှားနေဟန်ဖြင့် တစ်နေရာသို့ လက်ညှိုးထိုးပြသည်။ လုယန် လှမ်းကြည့်သည်။ ကျယ်ပြန့်သည့် ရေကန်တစ်ခု။ ရေထဲမှ မြူခိုးများ ထိုးထွက်နေသည်။
မသေမျိုးဘုံလောကတစ်ခုနှင့် တူသည်။ ရေကန်အလယ်မှ နန်းဆောင်ငယ်တစ်ခုကို ဝိုးတဝါးမြင်ရသည်။
"အဲဒါရှောင်လင်းပဲ"
နတ်မယ် ဆက်ရှင်းမပြတော့ဘဲ လုယန်လက်ကို အမြန်ဆွဲ၍ နန်းဆောင်ဆီသို့သွားသည်။
လေဟာနယ်ဖြတ်ကူးလိုက်သလို လုယန်ခံစားရသည်။ မျက်တောင်တစ်ခတ်မပြည့်မီ နန်ဆောင်ထဲရောက်သွားသည်။
နန်းဆောင်အတွင်းဘက်ကို သေချာမြင်ရပြီးနောက် သူအသက်ရှူဖို့ မေ့သွားသည်။
နန်းဆောင်လယ်တွင် ရင်သပ်ရှုမောဖွယ်အလှပိုင်ရှင် ဝတ်ရုံနက်မိန်းကလေးတစ်ယောက် လဲလျောင်းနေသည်။ အင်္ကျီကော်လာနှင့် လက်ခေါက်ရိုးတို့တွင် တိမ်တိုက်ပုံရွှေချည်ထိုးပန်းပျောက်များရှိသည်။
ညဘက်တွင်ဖူးပွင့်သည့် ကြာတစ်ပွင့်လို ငြိမ်သက်၍အသိခက်သည်။ အနက်ရောင်ဆံနွယ်များက ကုတင်စွန်းမှ ရေတံခွန်လိုဝဲကျလျက် ပိတုန်းရောင်တောက်နေသည်။ ထို့ကြောင့် နူးညံ့ဖြူဖွေးသည့် သူ့အသားအရေက ပိုထင်ပေါ်လာသည်။
ကျောက်စိမ်းနှင့်တူသည့် နဂါးဦးချိုနှစ်ခုက သူ့ဇစ်မြစ်ကို သက်သေခံနေသည်။
ထိုနတ်သမီးသည် ချီလင်၏နောက်ထပ်ဇနီးတစ်ယောက်ဖြစ်သည် နဂါးဘိုးဘေးအောင်းလင်းလော...
ရုတ်တရက် မူမမှန်သည့်အချက်ကို သတိထားမိသဖြင့် လုယန် ကျောက်ရုပ်လိုဖြစ်သွားသည်။
အောင်းလင်းနှင့်သူ့ကြားတွင် ကျင့်စဉ်အဆင့်များစွာ ကွာခြားသော်လည်း အောင်းလင်း၏ဝိညာဉ်ကြေမွနေသည်ကို သူအာရုံခံနိုင်သည်။ တစ်စစီဖြစ်နေသည်။ ပြန်လည်တည်ဆောက်နိုင်ခြေ လုံးဝမရှိ။ လူသေနှင့်မခြားတော့။
မသေမျိုးတိုက်ပွဲနေရာမှ အနေအထားအရ ချီလင်က အောင်းလင်းကို နေရာရွှေ့ချိန်တွင် နောက်ထပ်တိုက်ခိုက်မှုကြုံ၍ အောင်းလင်းသေဆုံးသွားခြင်း ဖြစ်နိုင်သည်။
"နတ်မယ်..ဒါက..."
နတ်မယ်လည်း သတိထားမိသည်။ သူ့လိုဒေါသထွက်ခဲသူပင် ဒေါသထွက်နေသည်။ သူ့စွမ်းအင်ရောင်ကြောင့် လေဟာနယ်တစ်ခုလုံး တုန်ခါလာသည်။
"ဒါဘယ်သူ့လက်ချက်လဲ။ ရှောင်လင်းသာ သေဟန်ဆောင်ပညာကို မသုံးခဲ့ရင် သူသေသွားလောက်ပြီ"
"ဘယ်လို...။နတ်မယ်၊ ဒါဆို ဘိုးဘေးအောင်းလင်းက အသက်ရှင်နေသေးတယ်ပေါ့"
လုယန် မယုံနိုင်အောင် ဖြစ်သွားသည်။ ထိုအခြေအနေမျိုးတွင် ဘယ်သူမှပြန်ရှင်သန်နိုင်စရာမရှိ။
"ဒါပေါ့၊ သေဟန်ဆောင်ပညာသုံးထားရင် ဘယ်လိုပျက်စီးမှုမျိုးပဲကြုံကြုံ 'သေဟန်ဆောင်'တဲ့ သဘောတရားအောက်မှာပဲရှိတယ်။
'သေဟန်ဆောင်'တယ်ဆိုမှတော့ အသက်ရှင်နေသေးလို့ပေါ့"
နတ်မယ် လက်နှစ်ချောင်းဆန့်ထုတ်လိုက်သည်။ မမြင်နိုင်သည့် အားလှိုင်းတစ်ခု လက်ချောင်းများထိပ်မှ ချက်ချင်းထိုးထွက်လာသည်။
တစ်စစီဖြစ်နေသည့် အောင်းလင်း၏ဝိညာဉ်ကို လွှမ်းခြုံသွားသည်။
သန်းပေါင်းများစွာကြေမွနေသည့် ဝိညာဉ်အစိတ်အပိုင်းများ စုစည်းလာသည်။ ပြန်ဆက်စပ်သွားသည်။ မူလအခြေအနေသို့ ပြန်ရောက်လာသည်။
သေခြင်းရှင်ခြင်း ပျက်စီးခြင်းဖြစ်တည်ခြင်း နိယာမစွမ်းအားများကို လက်တွေ့မြင်နေရသည်။ လုယန်နားလည်နိုင်စွမ်းမရှိသည့် သဘောတရားများပါဝင်သည်။
အောင်းလင်းမျက်လုံးများ ဖြေးညှင်းစွာပွင့်လာသည်။ အသက်ပြန်ဝင်လာသည်။
မျှော်လင့်တကြီးကြည့်နေသည့် နတ်မယ်ဆီ ခေါင်းလှည့်လာသည်။ သူ့အသံက တုန်ရင်နေသည်။ မျက်ရည်များ မျက်ဝန်းထောင့်မှ စီးကျလာသည်။
"ရှင်က မသေမျိုးအမပဲ။ သူတို့က အမကို အသက်ပြန်သွင်းလိုက်ပြီလား"
***********************************