နတ်မယ်ကိုအသက်ပြန်မသွင်းနိုင်ခဲ့သည့် အကြောင်းရင်း
Vol. 53 Ch. 782
ကာလရှည်ကြာအိပ်စက်ရာမှနိုးလာပြီး နတ်မယ်ကိုမြင်သည်နှင့် အောင်းလင်းမျက်ရည်ကျနေသည်။
"ရှောင်လင်း၊ နင်ငါ့ကို မှတ်မိသေးတယ်ပေါ့"
နတ်မယ် သူ့ကိုယ်သူလက်ညှိုးထိုးပြ၍ တအံ့တဩမေးသည်။ ကျန်းလျန်ယိသည် သူ့ကိုလုံးဝမမှတ်မိ။
အောင်းလင်းက မျက်ရည်များကိုသုတ်၍ ညင်သာစွာခေါင်းရမ်းသည်။
"မမှတ်မိပါဘူး။ ဒါပေမယ့် ကျွန်မယောက်ျားနဲ့ တစ်ခြားမသေမျိုးသုံးယောက်က ပြောတယ်။ အရင်က လောကမှာမသေမျိုးငါးယောက်ရှိတာတဲ့။
တစ်ယောက်သေသွားတဲ့အချိန်မှာ လူအားလုံးရဲ့မှတ်ဉာဏ်တွေ ဖျက်ဆီးခံရတယ်။ အဲဒီ့မသေမျိုးအကြောင်း သူတို့မေ့သွားတယ်။ သေသွားတဲ့မသေမျိုးဟာ ကျွန်မအတွက် အလွန်အရေးပါတဲ့လူလို့ ပြောကြတယ်။ အဲဒီ့မသေမျိုးက ဒီကအမပဲဖြစ်မှာပေါ့"
ထို့နောက် အောင်းလင်းက နတ်မယ်လက်ကိုကိုင်၍
"ဒါပေမယ့် ကျွန်မယောက်ျားနဲ့ မသေမျိုးသုံးယောက်ပြောပြတဲ့ အမအကြောင်းတွေကို ကျွန်မလုံးဝမမှတ်မိဘူး"
နတ်မယ်ကို မြင်မြင်ချင်း သူ့စိတ်ထဲတွင် ယုံကြည်အားကိုစိတ်နှင့် ခင်မင်ရင်းနှီးစိတ်များ ထူးထူးခြားခြားပေါ်လာသည်။
သူ့ရင်ထဲမှ ဟာကွက်တစ်ခု ပြည့်စုံသွားသလို ခံစားရသည်။
"ပြီးတော့ ကျွန်မယောက်ျားကပြောတယ်။ သေဟန်ဆောင်ပညာသုံးထားတဲ့ကျွန်မကို နှိုးနိုင်တဲ့လူဟာ အမတစ်ယောက်ပဲရှိတယ်တဲ့။
ကျွန်မယောက်ျားဘယ်မှာလဲ။ အမကို သူခေါ်လာပြီး ကျွန်မကို ပြန်နှိုးမယ်လို့ပြောခဲ့တာ"
အောင်းလင်း ဘေးပတ်လည်ကို ကျီးကန်းတောင်းမှောက် မျက်လုံးဝေ့ရှာသည်။ သို့သော် သူလဲလျောင်းနေသည့်နေရာက ကျယ်ပြန့်သည့်ရေကန်အလယ်မှ နန်းဆောင်တစ်ခုဖြစ်ကြောင်း သတိထားမိသွားသည်။
"မဟုတ်သေးဘူး..ဒါက ဘယ်နေရာလဲ။ ကျွန်မက အိမ်တော်မှာအိပ်နေခဲ့တာပါ"
နားမလည်သည့်အရိပ်များ သူ့မျက်လုံးတွင် ပြည့်နေသည်။ သူ့ယောက်ျားပြောခဲ့သည့်အခြေအနေနှင့် ကွာခြားနေသည်။
"အမ၊ ဘာတွေဖြစ်ကုန်တာလဲ"
နတ်မယ်လည်း ဘာမှမပြောတတ်။ တစ်ချိန်လုံးငြိမ်နေခဲ့သည့်လုယန်က ဝင်မေးသည်။
"ဘိုးဘေးအောင်းလင်း၊ ဘိုးဘေးအိပ်မပျော်ခင်က အခြေအနေကို ပြောပြပါလား"
"...ဒါကဘယ်သူလဲ"
ယခုမှ နတ်ဝိညာဉ်အဆင့်လူငယ်တစ်ယောက် နတ်မယ်ဘေးတွင်ရှိနေကြောင်း အောင်းလင်းသတိထားမိသည်။
"လုယန်ပါ။ ငါတို့ထာဝရမျိုးဆက်ရဲ့ဒုခေါင်းဆောင်ပေါ့။ ငါ့ကို အသက်ပြန်သွင်းခဲ့တာသူပဲ"
လုယန်ကို များစွာတန်ဖိုးထားသည့်လေသံဖြင့် နတ်မယ်က မိတ်ဆက်ပေးသည်။
"ဘယ်လို..."
အောင်းလင်း ပို၍နားရှုပ်လာသည်။ သူထင်ထားသည်နှင့် တစ်ခြားစီဖြစ်နေသည်။
ခေါင်းငုံ့၍ သူစဉ်းစားသည်။ မှတ်ဉာဏ်များကို ပြန်စုစည်းသည်။
"ကျွန်မအိပ်မပျော်ခင်...ဘယ်ကစပြောရမလဲ..အင်း ဟုတ်ပြီ။ မသေမျိုးတိုက်ပွဲဖြစ်တဲ့နေ့ပေါ့။
အဲဒီတုန်းက လျန်ယိက ကျင့်စဉ်ဝင်နေတာ။ ကျွန်မယောက်ျားက သူ့ကိုကာကွယ်ပေးနေတာ။ ကျွန်မစာဖတ်နေရင်း ရုတ်တရက် စိတ်ထဲမှာဗလာဖြစ်သွားတယ်။
ရင်ဘတ်ထဲက စူးအောင့်လာတယ်။ တစ်ခုခုကို ဆုံးရှုံးလိုက်ရသလိုမျိုးပဲ။ အဲဒါပြီးတော့ ကျွန်မယောက်ျား ဒေါသတကြီးအော်လိုက်တဲ့အသံကို ကြားရတယ်။
ချီလင်ပုံစံအစစ်ပြောင်းပြီး ကောင်းကင်ကနေ သူဖြတ်ပြေးလာတယ်။ သူဖြတ်သွားတဲ့လမ်းကြောင်းမှာ ကြယ်တွေအများကြီး ကြေမွကျန်ခဲ့တယ်။
တစ်ခြားဂြိုလ်မှာနေတဲ့ ယင်ထန်တို့သုံးယောက်လည်း ကျွန်မယောက်ျားလိုပဲ။ တစ်ခုခုကို အာရုံခံမိကြတယ်ထင်တယ်။ လေးယောက်လုံး မြောက်ပိုင်းကြယ်ကမ္ဘာဆီသွားကြတယ်။
ဘယ်ကမှန်းမသိတဲ့ ရန်သူတစ်ယောက်နဲ့ သူတို့အပြင်းအထန်တိုက်ခိုက်တယ်။ သူတို့အဲလောက်ဒေါသထွက်နေတာမျိုး ကျွန်မတစ်ခါမှ မမြင်ဖူးဘူး။ သေရေးရှင်ရေးအခြေအနေမျိုးပဲ။
တိုက်ပွဲက ခုနစ်ရက်ကြာတယ်။ အဲဒီ့အချိန်အတွင်း အခြေအနေသိချင်လို့ လျန်ယိကို ကျွန်မသွားမေးတယ်။ ကျွန်မလိုပဲ သူလည်းဘာမှမသိဘူး။
ခုနစ်ရက်ကျော်သွားတော့ ကျွန်မယောက်ျား ဒဏ်ရာအပြင်းအထန်ရပြီး ပြန်လာတယ်။ ရန်သူက အရမ်းလျှို့ဝှက်ပြီး ရင်ဆိုင်ရခက်တယ်တဲ့။
စိတ်ချရအောင် လျန်ယိနဲ့ကျွန်မကို သေဟန်ဆောင်ပညာသုံးဖို့ပြောတယ်။ လျန်ယိက သေဟန်ဆောင်ပညာကို ချက်ချင်းသုံးပြီး အိပ်သွားတယ်။
ကျွန်မက မလုပ်ချင်ဘူးလို့ငြင်းတယ်။ အခြေအနေကိုရှင်းပြဖို့ သူ့ကိုပြောတယ်။ ကျွန်မအတင်းခေါင်းမာနေတော့ သူရှင်းပြတယ်။
အခုဖြစ်နေတဲ့ မူမမှန်မှုတွေအားလုံး မသေမျိုးအမသေသွားတဲ့ကိစ္စနဲ့ ပတ်သက်နေတယ်တဲ့။ အမကိုသတ်တဲ့လူက အမနဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေအားလုံးကိုပါ ဖျက်ဆီးပစ်တာ။
မသေမျိုးအမသေတာကိုသိတော့ သူတို့ဒေါသထွက်ကြတယ်။ ရန်သူကို အပြတ်ရှင်းဖို့ကြိုးစားပေမယ့် မအောင်မြင်ကြဘူး။ ဒါကြောင့် ဒုတိယအစီအစဉ်တစ်ခု လုပ်ကြရတယ်။
ကြယ်ကမ္ဘာတွေကို သန့်စင်ပြီး တိုက်နယ်ခြောက်ခုဖန်တီးတယ်။ လူသတ်သမားကိုပါ ဒီထဲမှာလှောင်ပိတ်ထားလိုက်တယ်။ အဲဒီ့လူသတ်သမားကို အချိန်တိုအတွင်း ကျွန်မတို့ မရှင်းပစ်နိုင်ခဲ့ဘူး။
သူဘယ်မှာလဲဆိုတာတောင် ကျွန်မတို့မသိဘူး။ ဆွေးနွေးတိုင်ပင်ကြပြီးတော့ အမကိုပြန်အသက်သွင်းနိုင်အောင် နည်းလမ်းရှာဖို့ ဆုံးဖြတ်ကြတယ်။
အမကိုပြန်အသက်သွင်းဖို့ အလွယ်ကူဆုံးနည်းလမ်းက အမနာမည်ကို ခေါ်ဖို့ပဲ။ ဒါပေမယ့် သူတို့တောင် အမနာမည်ကို မေ့သွားတာလေ။ ကိုယ်ပွားတွေထောင်ချီခွဲပြီး နာမည်မျိုးစုံ တစ်ပြိုင်တည်းခေါ်ကြည့်တယ်။ ဒါပေမယ့် မအောင်မြင်ဘူး။
ပုံမှန်ဆို ဒီလောက်နာမည်အများကြီး တစ်ပြိုင်တည်းခေါ်ရင် နာမည်မှန်တစ်ခုတော့ ခေါ်မိသင့်တယ်။...ဖြစ်နိုင်ခြေရှိတယ်လို့ ပြောတာပါ။
ဒီတော့ ကိုယ်ပွားတစ်ခုက နာမည်မှန်ခေါ်မိပေမယ့် လူသတ်သမားက တစ်နည်းနည်းနဲ့ လျှို့ဝှက်တားဆီးခဲ့တာဖြစ်မယ်လို့ ယူဆကြတယ်။
ဒါကလည်း ခန့်မှန်းရုံသက်သက်ပါပဲ။ မှန်မမှန်အတတ်မပြောနိုင်ဘူး။ ဘာပဲပြောပြော အမနာမည်ကိုခေါ်မိရင်တောင် ခေါ်ပြီးတာနဲ့ အဲဒီ့နာမည်ကို သူတို့မေ့သွားမှာပဲလေ"
လုယန်က တည်ငြိမ်စွာသုံးသပ်သည်။
"နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုရှိပါသေးတယ်"
"ဘာလဲ"
နတ်မယ်ရော အောင်းလင်းပါ ပြိုင်တူလှည့်မေးသည်။
"လျှို့ဝှက်ရန်သူက 'ထာဝရနတ်မယ် ပဲဝါအရှင်'ဆိုတဲ့နာမည်ကို ရှေးဟောင်းဘာသာစကားမှာပဲ ပိတ်ဆို့ခဲ့ပြီး လက်ရှိဘာသာစကားနဲ့ မပိတ်ဆို့ခဲ့တာဖြစ်နိုင်တယ်။
...နတ်မယ်၊ ခင်ဗျားတစ်ခါကပြောတာ မှတ်မိတယ်။ ဘယ်ဘာသာစကားနဲ့ဖြစ်ဖြစ် တစ်ယောက်ယောက်က ခင်ဗျားဘွဲ့နာမည်နဲ့ နာမည်ရင်းကိုခေါ်မိရင် ခင်ဗျားပြန်ရှင်သန်နိုင်တယ်လို့လေ။
ဒါပေမယ့် ဒီအကြောင်းကို ခင်ဗျားတစ်ယောက်ပဲ သိထားတာ။ တစ်ခြားဘယ်သူ့ကိုမှ မပြောပြခဲ့ဘူးမဟုတ်လား"
နတ်မယ် ပြန်သတိရလာသည်။ သူပြန်ရှင်သန်ပြီးမကြာမီ လုယန်က 'အနာဂတ်မြင်ပညာ'ကိုသင်နေချိန်တွင် ထိုအကြောင်းမေးသဖြင့် ပြောပြခဲ့ခြင်းဖြစ်သည်။
"လက်ရှိဘာသာစကား...ဟုတ်လား"
လုယန်ဘာပြောသည်ကို အောင်းလင်းနားမလည်။ သူအိပ်ပျော်နေချိန်တွင် အဖြစ်အပျက်များစွာ ကျော်လွန်ခဲ့သည်ဟု ထင်မိသည်။
နိုးထလာကတည်းက အောင်းလင်းသည် ရှေးဟောင်းဘာသာစကားဖြင့်သာ ပြောခဲ့သည်။ လုယန်နှင့်နတ်မယ်နှစ်ယောက်လုံး ရှေးဟောင်းဘာသာစကားကို ကျွမ်းကျင်သည်။
ထို့ကြောင့် ပြောဆိုဆက်သွယ်ရာတွင် အခက်အခဲမရှိ။ အပြင်လောကတွင် ရှေးဟောင်းဘာသာစကားပြောသူ တစ်ယောက်မှမရှိတော့ကြောင်း သူမသိသေး။
"ဟုတ်တယ်၊ လက်ရှိရထားတဲ့ အထောက်အထားတွေအရ မီးနိုင်ငံပျက်စီးတဲ့အချိန်မှာ ရှေးဟောင်းဘာသာစကား ပျောက်ကွယ်သွားတယ်။
အခု အပြင်လောကမှာသုံးနေကြတာက ဘာသာစကားအသစ်ပဲ"
နတ်မယ်က ပြန်ဖြေသည်။
လုယန် ထပ်သုံးသပ်သည်။
"ဒီလိုတွေးလိုက်ရင် အားလုံးအချိတ်အဆက်ရှိလာပြီ။ ရှေးဟောင်းဘာသာသုံးရင် ခင်ဗျားကို ပြန်အသက်သွင်းဖို့ မဖြစ်နိုင်ဘူးနတ်မယ်။
ဘယ်ဘာသာစကားနဲ့မဆို အသက်သွင်းနိုင်တယ်ဆိုတာကိုလည်း ယင်ထန်မသေမျိုးတို့လေးယောက်ရော လျှို့ဝှက်ရန်သူပါ မသိကြဘူး။
ဒီအချက်ကို ဘယ်သူမှ မစဉ်းစားမိကြဘူး"
လုယန် ကောက်ချက်ချသည်။ ထိုသို့နားလည်လာပြီးနောက် စိတ်သက်သာရာရမှုနှင့် ခြောက်ခြားစိတ်က သူ့ရင်ထဲသို့ ပြိုင်တူဝင်လာသည်။
ထိုအချက်တစ်ခုကို ဘယ်သူမှမစဉ်းစားမိခဲ့၍သာ ကံကောင်းခြင်းဖြစ်သည်။ အကယ်၍ ဘာသာစကားပြောင်းလဲပြီးနောက်ပိုင်း ရန်သူက နတ်မယ်နာမည်ကို ဆက်၍ပိတ်ဆို့ထားလျှင် နတ်မယ်သည် ပြန်ရှင်သန်ဖို့ ဘယ်တော့မှ အခွင့်အရေးရမည်မဟုတ်။
သူ့ပါးစပ်ထဲရှိသည့်နာမည်တစ်ခုပြောရင်း နတ်မယ်ပြန်ရှင်သန်ခဲ့သည့်အဖြစ်ကို ပြန်တွေးမိသည်။ ကံကောင်းလွန်းခြင်းသာဖြစ်သည်။ အတိတ်ဘဝတစ်ခုတွင် ကမ္ဘာလောကကို ကယ်တင်ခဲ့သည့်ကုသိုလ်က ဤနေရာတွင် အကျိုးပေးလာပုံရသည်။
မဟုတ်သေး...နတ်မယ်ကို အသက်သွင်းမိခြင်းသည် ကုသိုလ်အကျိုးဟု သတ်မှတ်နိုင်ပါမည်လော...
"နေပါဦး...နေပါဦး...ကျွန်မယောက်ျားတို့ တည်ထောင်ခဲ့တဲ့ မီးနိုင်ငံက ပျက်စီးသွားပြီလို့ ပြောနေတာလား"
အောင်းလင်း အတော်အံ့အားသင့်သွားသည်။ မသေမျိုးလေးယောက်တည်ထောင်ခဲ့သည့် နိုင်ငံတစ်ခုက ဘယ်လိုပျောက်ကွယ်နိုင်မည်နည်း။
"ဘိုးဘေးအောင်းလင်း၊ မီးနိုင်ငံအကြောင်းကို ခင်ဗျားသိတယ်ပေါ့"
အောင်းလင်း ခေါင်းငြိမ့်သည်။
"သိတာပေါ့။ မီးနိုင်ငံတည်ထောင်တာကို ငါကိုယ်တွေ့ကြုံခဲ့တာပဲလေ"
******************************