← Chapters

ညီမတစ်ယောက်ထပ်ရခြင်း

Vol. 53 Ch. 783

ညီမတစ်ယောက်ထပ်ရခြင်း

Vol. 53 Ch. 783

"အမနာမည်ခေါ်ပြီး ပြန်အသက်သွင်းဖို့မဖြစ်နိုင်တော့ ကျွန်မယောက်ျားနဲ့မသေမျိုးသုံးယောက်က တစ်ခြားနည်းလမ်းစဉ်းစားခဲ့တယ်။

သူတို့ချင်းဆွေးနွေးကြပြီးတော့ ချင်ဟဲပေးတဲ့အကြံအတိုင်း ယုံကြည်မှုစွမ်းအားနဲ့ အသက်သွင်းဖို့ ကြိုးစားကြတယ်။ ဒါကြောင့် မီးနိုင်ငံကို တည်ထောင်ခဲ့တာပါ"

"ယုံကြည်မှုစွမ်းအားက အဲလောက်တောင်အသုံးဝင်တာလား"

လုယန် အံ့ဩမိသည်။ ထိုစွမ်းအားအကြောင်း သူသိပ်မသိ။

သို့သော် မဟာချန်နိုင်ငံသည် ယုံကြည်မှုစွမ်းအားဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ထိုစွမ်းအားသည် သူ့ကောင်းကွက်နှင့်သူရှိပေလိမ့်မည်။

နတ်မယ် ခေါင်းခါသည်။ ယုံကြည်မှုဆိုသည်မှာ လူအများအပျော်တမ်းရှိခိုးကြသည့်အရာဟုသာ မြင်သဖြင့် သူသိပ်အရေးမစိုက်ခဲ့။

အောင်းလင်းဆက်ပြောသည်။

"ကျွန်မယောက်ျားနဲ့ မသေမျိုးသုံးယောက်က အဓိကယုံကြည်မှုစနစ်ကြီးနှစ်ခု တည်ထောင်ခဲ့တယ်။ 'ကောင်းကင်ရုံးတော်'နဲ့ 'ငရဲကိုးထပ်'ပေါ့"

လုယန် "..."

နားကြားများ မှားသွားသလား။ ဒါမှမဟုတ် နာမည်တူနေတာများလား...

"ကောင်းကင်ရုံးတော်စနစ်က သေမျိုးလောကကို ထိန်းချုပ်ဖို့။ ငရဲကိုးထပ်စနစ်က သေခြင်းရှင်ခြင်းကို ထိန်းချုပ်ဖို့ပါ။

အကြမ်းဖျင်းအယူအဆကတော့ ကောင်းကင်ရုံးတော်ကိုအသုံးချပြီး အမအတွက် မသေမျိုးခန္ဓာတည်ဆောက်ဖို့ ယုံကြည်မှုစွမ်းအားစုဆောင်းတာပါ။

ဒါကြောင့် မီးနိုင်ငံမှာ အမရဲ့ပုံတူ ကောင်းကင်ရုံးတော်သခင်ရုပ်ထုကို တည်ဆောက်ခဲ့တယ်။ အမက ကောင်းကင်ရုံးတော်သခင်ပဲ"

လုယန်နှင့်နတ်မယ် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်သည်။ နတ်မယ်မျက်လုံးထဲမှ အပျော်ရိပ်ကို လုယန်မြင်ရသည်။ လုယန်၏မျက်လုံးထဲတွင် နတ်မယ်၏ပုံရိပ် ထင်ဟပ်နေသည်။

"ဒုခေါင်း‌ဆောင်၊ နင်က အတိတ်ကိုကြိုမြင်နိုင်စွမ်းရှိတာပဲ။ အဲ..မဟုတ်ဘူး မှားလို့။ အနာဂတ်ကိုကြိုမြင်နိုင်စွမ်းရှိတယ်လို့ပြောတာ"

လုယန် စကားမပြောချင်တော့။

"ပြီးတော့ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်တဲ့ ငရဲကိုးထပ်က အမရဲ့ ထာဝရစွမ်းအားနှင့် အပြန်အလှန်ဆက်စပ်နေတယ်။ ထာဝရအရိယဖလဟာ မပျက်စီးနိုင်ဘူး။

ဒီနည်းလမ်းသုံးရင် အရိယဖလကို ပြန်ခေါ်လို့ရနိုင်တယ်။ အစီအစဉ်မအောင်မြင်ရင်တောင် ငရဲကိုးထပ်ယုံကြည်မှုစွမ်းအားနဲ့ အမကိုပြန်အသက်သွင်းလို့ရတယ်လေ။

အားလုံးက သဘောတရားသက်သက်ပါပဲ။ ဘယ်သူမှ လက်တွေ့အကောင်အထည်မဖော်ဖူးဘူး။ ဒီတော့ ရလာဒ်ဘယ်လိုဖြစ်လာမယ်ဆိုတာ မသိနိုင်ဘူး။

ဒါပေမယ့် ကျွန်မယောက်ျားနဲ့ မသေမျိုးသုံးယောက်က ဒီနည်းလမ်းဟာ အောင်မြင်ဖို့များတယ်လို့ ယုံကြည်ခဲ့ကြပုံပါပဲ"

ယင်ထန်တို့ယုံကြည်သည်မှာ အနာဂတ်တွင် နတ်မယ်ပြန်ရှင်သန်မည်ကို ကြိုသိထားသောကြောင့်ဖြစ်မည်ဟု လုယန်ယူဆသည်။

"အဲဒီ့အချိန်က လူသတ်သမားရဲ့စွမ်းအားနဲသရုပ်မှန်ကိုလည်း မနားတမ်းလေ့လာဆန်းစစ်ခဲ့ကြတယ်။ အချိန်မသေမျိုးက သူ့စွမ်းအားနဲ့ အတိတ်ကိုပြန်ကြည့်ပြီး အမကိုဘယ်လိုသတ်ခဲ့သလဲဆိုတာ ပြန်စစ်ဆေးကြည့်တယ်။

အဲဒီ့အချိန်အပိုင်းအခြားက ဝေဝါးနေတယ်။ ဘာမှသဲသဲကွဲကွဲမမြင်ရဘူး။ ဒီလိုဖြစ်ရတာဟာ ကြောင်းကျိုးဆက်စပ်မှုအရိယဖလစွမ်းအားကြောင့်လို့ တစ်ချို့ကယူဆတယ်။ တစ်ချို့ကလည်း စကားလုံးမှော်ပညာအရိယဖလ ဒါမှမဟုတ် အစားထိုးအရိယဖလလို့တောင် ခန့်မှန်းကြတယ်။

အရိယဖလအတော်များများ တွေးဆကြကြည့်တယ်။ ဒါပေမယ့် အားလုံးက မှန်းဆချက်အနေနဲ့ပဲ ရှိတယ်။ ထိပ်တိုက်ရင်ဆိုင်မတွေ့ရဘဲ ဘယ်အရိယဖလကို လူသတ်သမားသုံးခဲ့သလဲဆိုတာ ဖော်ထုတ်ဖို့မဖြစ်နိုင်ဘူး။

သေချာတာကတော့ လူသတ်သမားဟာ အရမ်းစွမ်းအားကြီးတယ်ဆိုတာပဲ။ မသေမျိုးလေးယောက်ထက် ပိုစွမ်းအားကြီးတယ်။ မီးနိုင်ငံတည်ထောင်ပြီးလို့ နှစ်တစ်ထောင်အကြာမှာ နောက်မျိုးဆက်ထဲကနေ မသေမျိုးတစ်ယောက်ပေါ်လာတယ်။

တော်ဝင်ရှီမျိုးနွယ်(ကောင်းကင်ဆန်းကြယ်ဂိုဏ်းမူလအစမျိုးနွယ်)တစ်ယောက်ပဲ။ ထိုးထွင်းမှုအရိယဖလနဲ့ မသေမျိုးအဆင့်ကို ရောက်ခဲ့တယ်။

ထိုးထွင်းမှုအရိယဖလက အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်နိုင်စွမ်းရှိတယ်။ တစ်နေရာတည်းမှာထိုင်ပြီး နေရာစုံကိုကြည့်နိုင်တယ်။ မိုးမြေကြားကအရာမှန်သမျှ သူအာရုံက မလွတ်ဘူး"

"တစ်နေရာတည်းကနေ နေရာစုံကိုမြင်နိုင်တယ်ဆိုတော့ အတော်ထူးခြားတာပဲ။ အနာဂတ်ကိုကြည့်နိုင်တဲ့ အချိန်အရိယဖလထက်တောင် ပိုအသုံးဝင်သလိုပဲ။

ရှီမျိုးနွယ်ကနေ ဒီလိုပါရမီရှင်မျိုးပေါ်ထွက်လာမယ်လို့ မထင်ခဲ့မိဘူး"

နတ်မယ်က ချီးကျူးသည်။

နေရာစုံကိုကြည့်နိုင်သည်ဆိုသည်မှာ အတိတ်၊ပစ္စုပ္ပန်၊အနာဂတ် သုံးခုလုံးကို မြင်နိုင်သည့်သဘောဖြစ်သည်။

အချိန်မသေမျိုးက အနာဂတ်ကို ကြည့်နိုင်သည်ဆိုသော်လည်း ထိုမျှရှင်းရှင်းလင်းလင်းမြင်နိုင်သည်မဟုတ်။ ဖြစ်နိုင်ခြေရှိသည့် အနာဂတ်ပုံရိပ်တစ်ခုကိုသာ မြင်ရခြင်းဖြစ်သည်။

အောင်းလင်းက ခေါင်းခါ၍ ပြန်ပြောသည်။

"အမသူ့ကို အထင်ကြီးလွန်းနေပြီထင်တယ်။ သူက မသေမျိုးဖြစ်တယ်ဆိုရုံပါပဲ။ စွမ်းအားအရဆို သူကအောက်ဆုံးအဆင့်ပဲရှိတာပါ"

လုယန် မျက်ခုံးတစ်ချက်လှုပ်သွားသည်။ မသေမျိုးတစ်ဝက်အဆင့်ဖြစ်သည့် အောင်းလင်းလိုလူသာ ထိုစကားမျိုး ပြောခွင့်ရှိသည်။

အမလျန်ယိ၊ အမယွမ်၊ နတ်မယ်နှင့် ယင်ထန်တို့လေးယောက်လည်း ထိုစကားမျိုးပြောခွင့်ရှိပါသည်။

"ကျွန်မယောက်ျားနှင့် မသေမျိုးသုံးယောက်က လူသတ်မှုဖြစ်စဉ်ကိုကြည့်ပေးဖို့ ဒီ'သမိုင်းမသေမျိုး'ကို တောင်းဆိုခဲ့တယ်။

သူက ချွေးသီးချွေးပေါက်ကျတဲ့အထိ အရိယဖလစွမ်းအားကို ထုတ်သုံးပြီးကြည့်တယ်။ ဒါပေမယ့် ဘာမှရေရေရာရာမမြင်ရဘူး။

အနာဂတ်ကိုကြည့်ဖို့ကြိုးစားတဲ့အခါ အချိန်ကလာအပိုင်းအခြားတစ်ခုထဲက ပုံရိပ်တွေကိုပဲ သူမြင်ရတယ်။ ဘယ်အချိန်ဖြစ်လာမယ်ဆိုတာ သူအတိအကျမသိဘူး။

ဥပမာ နှစ်သုံးသိန်းကိုးသောင်းအတွင်း မဟာကပ်ကာလတစ်ခုမှာ စွမ်းအားအပြိုင်အဆိုင်တွေဖြစ်လာပြီး မသေမျိုးတစ်ယောက်သေမယ်ဆိုတာ သူမြင်တယ်။

လက်ရှိလောကကိုကြည့်တဲ့အခါမှပဲ အသေးစိတ်အတိအကျ သူမြင်နိုင်တာ"

ထိုစကားကြောင့် လုယန် နှလုံးခုန်ရပ်ချင်သလိုဖြစ်လာသည်။ သမိုင်းမသေမျိုးပြောသည့် အနာဂတ်သည် လက်ရှိကာလကို ရည်ညွှန်းခြင်းဖြစ်မည်။

မသေမျိုးများသေမည်ဆိုသည်မှာ မဟာယုခေတ်၏ ပထမအင်ပါယာကို ရည်ညွှန်းခြင်းလော...။သို့မဟုတ် တစ်ခြားမသေမျိုးများ ရှိသေးသလော..

"နောက်ထပ်နှစ်တစ်သောင်းကြာတော့ အမကိုဘယ်အချိန်မှ ပြန်အသက်သွင်းနိုင်မယ်ဆိုတာ ကျွန်မယောက်ျားလည်း သေချာမပြောတတ်တော့ဘူး။ ဒါကြောင့် ကျွန်မကို အိပ်စက်ခိုင်းပြီး အမပြန်ရှင်သန်တဲ့အချိန် ကျွန်မကိုလာနှိုးတာကိုစောင့်ဖို့ အကြံပြုတယ်။

ဒါကြောင့် ကျွန်မ အိမ်တော်မှာ အိပ်လိုက်တယ်"

သက်တမ်းအကန့်အသတ်ရှိသေးသူဖြစ်၍ အောင်းလင်းသည် ထာဝရစောင့်နေနိုင်မည်မဟုတ်။

"ဒါဆိုအခု မီးနိုင်ငံ မရှိတော့ဘူးပေါ့"

ထိုကိစ္စကို အောင်းလင်း သိချင်နေဆဲဖြစ်သည်။

လုယန် ပြန်ဖြေသည်။

"နတ်မယ်သေသွားခဲ့တာ နှစ်လေးသိန်းကြာပြီ။ မီးနိုင်ငံပျက်စီးသွားတာ နှစ်သုံးသိန်းကြာပါပြီ။ နောက်ပြီး ချီလင်မသေမျိုးရဲ့ တိုက်ပွဲနေရာကို ကျုပ်နဲ့နတ်မယ် တွေ့ခဲ့တယ်။

ဖျက်ဆီးခြင်းအရိယဖလပိုင်တဲ့ မသေမျိုးတစ်ယောက်နဲ့ သူတိုက်ခိုက်ခဲ့တာ။ အဲဒီတိုက်ပွဲနေရာဟာ ဘိုးဘေးအောင်းလင်းအိပ်ခဲ့တဲ့နေရာ ဖြစ်ဖို့များတယ်။

ဘိုးဘေးအတွက် ယင်ထန်လုပ်ပေးခဲ့တဲ့ နဂါးလက်ကောက်က စွမ်းအားကုန်နေပြီ"

လုယန် နဂါးလက်ကောက်ကိုထုတ်၍ ပိုင်ရှင်ထံပြန်ပေးသည်။

အောင်းလင်း နဂါးလက်ကောက်ကိုယူပြီးနောက် ငေးငိုင်သွားသည်။ ထိုလက်ကောက်စွမ်းအင်ကုန်နေသည်မှာ ဘာအဓိပ္ပါယ်မှန်း သူကောင်းကောင်းသိသည်။

လုယန် ဆက်ပြောသည်။

"ပြီးတော့ ချီလင်က ဘိုးဘေးကိုနေရာပြောင်းပေးတဲ့အချိန်မှာလည်း တိုက်ခိုက်ခံခဲ့ရတယ်။ ဒါကြောင့် ဘိုးဘေးရဲ့ဝိညာဉ် ကြေမွသွားတယ်။ နတ်မယ်က သေဟန်ဆောင်စွမ်းအားကိုဖယ်ရှားပြီး ဝိညာဉ်ကို ပြန်စုစည်းပေးခဲ့တာပါ။

အခု အပြင်လောကမှာ မီးနိုင်ငံအကြောင်းသိတဲ့လူ တစ်ယောက်မှမရှိတော့ဘူး။ ဒါဟာ မီးနိုင်ငံအကြောင်း ဖျောက်ဖျက်ချင်တဲ့ ဖျက်ဆီးခြင်းအရိယဖလပိုင်ရှင်ရဲ့ လက်ချက်ဖြစ်ဖို့များတယ်။ သူက မသေမျိုးလေးယောက်ကို ဆန့်ကျင်ဖို့တောင် ဝန်မလေးဘူး"

သူအိပ်ပျော်နေချိန်အတွင်း ထိုမျှကိစ္စများစွာ ဖြစ်ပျက်ခဲ့မည်ဟု အောင်းလင်းထင်မထား။

လေထုက ထိုင်းမှိုင်းလာသဖြင့် နတ်မယ်က စေတနာဖြင့် နှစ်သိမ့်ဖျောင်းဖျသည်။

"ကဲပါ..ကဲပါ...ဒီကိစ္စတွေ ပြောမနေနဲ့တော့။ ထပ်တွေးနေလည်း ဘာမှအကျိုးမရှိဘူး။ ငါရှိနေရင် ဘာမှအမှားအယွင်းမဖြစ်နိုင်ပါဘူး"

အောင်းလင်း ခေါင်းငြိမ့်သည်။

"မသေမျိုးအမကို ကျွန်မယုံပါတယ်"

ဤအခြေအနေမျိုးတွင် နတ်မယ်ကိုမယုံသင့်ဟု လုယန်တွေးနေသည်။

"ပြီးတော့ မင်း...မင်းနာမည်က လုယန်လား"

အောင်းလင်းကုတင်ပေါ်မှထရပ်ပြီး သူ့နဂါးမြီးကို တစ်ချက်ခါလိုက်သည်။

လုယန်ကို လေးလေးစားစားဦးညွှတ်အရိုအသေပြု၍ အလေးအနက်လေသံဖြင့်

"မသေမျိုးအမကို အသက်ပြန်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မယောက်ျားနဲ့ မသေမျိုးသုံးယောက်ရော၊ ကျွန်မနဲ့လျန်ယိရော ချင်ဟဲရော မင်းအပေါ်မှာ ကျေးဇူးကြွေးအများကြီးတင်သွားပါပြီ"

လုယန် အနေရခက်လာသည်။ ထိုလေးစားမှုကို သူမခံယူရဲ။ သို့သော် သူခံယူရဲသည်မရဲသည်ကို တစ်ဘက်ကထည့်တွက်မည်မဟုတ်။

သူသည် အောင်းလင်း၏ဆံပင်တစ်ချောင်းကိုပင် လှုပ်ခါအောင်လုပ်နိုင်စွမ်းမရှိ။

နတ်မယ်က အမြန်ဝင်ပြောသည်။

"အား..ဒုခေါင်းဆောင်၊ မရှက်ပါနဲ့။ ထာဝရမျိုးဆက်ရဲ့ ဒုခေါင်းဆောင်ဆိုတာ တရားဝင်တပည့်မဟုတ်တဲ့ ရှောင်လင်းတို့ လျန်ယိတို့ထက် ပိုအဆင့်အတန်းမြင့်တယ်။

ရာထူးအရဆိုရင် ရှောင်လင်းကနင့်ကို 'အကိုကြီး'လို့ ခေါ်သင့်တာပါ"

"နတ်မယ်၊ အဓိပ္ပါယ်မရှိတာတွေ မပြောပါနဲ့။ ရာထူးဆိုတာ ဒီလိုသတ်မှတ်တာမှမဟုတ်တာ"

လုယန်က နတ်မယ်ကို မျက်လုံးဖြင့် သတိပေးသည်။ သို့သော် နတ်မယ်က သူအချက်ပြသည်ကို သတိမထားမိ။

အောင်းလင်း နောက်တစ်ကြိမ်ဦးညွှတ်သည်။ ပြုံးစေ့စေ့မျက်နှာဖြင့်

"အကိုလုယန်ကို အောင်းလင်းဂါရဝပြုပါတယ်"

***********************************

All Chapters