← Chapters

သေသပ်သည့်အစီအစဉ်

Vol. 53 Ch. 786

သေသပ်သည့်အစီအစဉ်

Vol. 53 Ch. 786

"ဒါဆို လေဟာနယ်မသေမျိုးမြက်ကို ကျုပ်တို့ဘယ်လို သယ်သွားမှာလဲ"

ယင်ကျိုးသခင်ကမေးသည်။ စိုးရိမ်မကင်းဟန်ဖြင့် မျက်မှောင်ကျုံ့နေသည်။

ကြိုတင်ပြင်ဆင်မှုများလုပ်ထားသော်လည်း မလုံလောက်သေးဟု သူခံစားရသည်။

"မသေမျိုးမြက်ကို မှော်အကာအကွယ်တွေကာမထားရင် တစ်လမ်းလုံးအဆိပ်ငွေ့တွေ လွတ်ထွက်ကုန်လိမ့်မယ်။ လမ်းကြောင်းတလျှောက်က သတ္တဝါမှန်သမျှ အဆိပ်သင့်ကုန်မယ်။ ဒါဆို လူတွေရိပ်မိဖို့လွယ်တယ်"

"ဒါပေမယ့် မှော်အကာအကွယ်တွေကာရင် သေတ္တာသေးသေးလေးနဲ့တော့ ထည့်လို့ရမှာမဟုတ်ဘူး"

ယင်ကျိုးကျွန်းသခင်က ထိုပြဿနာကိုဖြေရှင်းဖို့ ယုံကြည်ချက်အပြည့်ရှိသည်။ သစ်သားသေတ္တာငယ်တစ်လုံးထုတ်လိုက်သည်။

"ဒီထဲကနေ အဆိပ်ငွေ့ယိုစိမ့်တာကို မင်းခံစားမိလို့လား"

ဖန်ကျန်းသခင် အံ့အားသင့်သွားသည်။

"ဒီထဲမှာ ထည့်ထားတာ လေဟာနယ်မသေမျိုးမြက်ပင်လား"

"ဒါပေါ့"

ယင်ကျိုးကျွန်းသခင် သေတ္တာကိုဖွင့်သည်။ သေးသွယ်လှပသည့် မသေမျိုးမြက်ပင် ပေါ်လာသည်။

ဖန်ကျန်းသခင် ထိတ်လန့်သွားပြီး အဆိပ်ကိုကာကွယ်ရန် ကျင့်စဉ်စွမ်းအားကို အလိုလိုလည်ပတ်မိသည်။ သို့သော် လက်တစ်ကမ်းတွင်ရှိနေသည့် မသေမျိုးမြက်ပင်မှ အဆိပ်ငွေ့လုံးဝထွက်မလာ။

"ဒါက ဘယ်လိုမှော်စက်ဝန်းမျိုးလဲ"

သေတ္တာအတွင်းဘက် မသေမျိုးမြက်ပင်ဘေးတွင် မှော်စက်ဝန်းတစ်ချို့ ရေးထွင်းထားသည်ကို မြင်ရသည်။

ဖန်ကျန်းသခင်က မပွင့်တပွင့်ပြုံး၍ သစ်သားသေတ္တာကို ပိတ်လိုက်သည်။

"ဘယ်အရာမဆို သူ့ကိုနိုင်တာတစ်ခုတော့ ရှိစမြဲပဲ။ ဒီမှော်စက်ဝန်းက လေဟာနယ်မသေမျိုးမြက်ကို ထိန်းချုပ်နိုင်တယ်။ ရှေးဟောင်းလျှို့ဝှက်မြေတစ်ခုကနေ ယင်ကျိုးသူတော်စင်တွေ ရှာတွေ့ခဲ့တဲ့ အဆိပ်ဖြေမှော်စက်ဝန်းပဲ။

အဆိပ်အားလုံးကို ဖြေနိုင်တယ်။ လေဟာနယ်မသေမျိုးမြက်ကို ခုခံနိုင်တယ်။ တစ်ခုဆိုးတာက ဒီအဆိပ်ဖြေမှော်စက်ဝန်းမှာ မှော်စက်ဝန်းဗဟိုတစ်ခု ရှိရမှာ။ ဒါပေမယ့် လုံးဝရှာမတွေ့ဘူး"

ဖန်ကျန်းသခင် အံ့အားသင့်သွားသည်။ ထိုမျှဆန်းကြယ်သည့်အရာမျိုးရှိမည်ဟု ထင်မထားမိ။ သေတ္တာကို နောက်တစ်ကြိမ်ဖွင့်၍ မှော်စက်ဝန်းကိုကြည့်ရန် ပြင်သည်။ သို့သော် ဖန်ကျန်းသခင်က တားသည်။

"နောက်ထပ်ဖွင့်လို့မရဘူး။ သေတ္တာထဲမှာ နောက်ထပ်မှော်စက်ဝန်းတစ်ခုပါသေးတယ်။ နောက်တစ်ကြိမ်ဖွင့်ရင် အဲဒီ့မှော်စက်ဝန်းက လေဟာနယ်မသေမျိုးမြက်ကို ဖျက်ဆီးပစ်မှာ။ အဆိပ်တွေအားလုံး ထွက်လာလိမ့်မယ်။

အဲဒီ့အချိန်ကျရင် အဆိပ်ဖြေမှော်စက်ဝန်းတောင် ထိန်းချုပ်နိုင်တော့မှာမဟုတ်ဘူး"

ဖန်ကျန်းသခင် နားလည်သွားသည်။

"ဒါဆို နဂါးအိုမွေးနေ့ပွဲကျမှပဲ ဖွင့်ရတော့မှာပေါ့"

"ဟုတ်တယ်"

ဖန်ကျန်းသခင် ခဏစဉ်းစားနေသည်။ အစကတည်း အရာအားလုံးကို တွက်ချက်ပြင်ဆင်ထားသည်။ ဟာကွက်လုံးဝမရှိ။

"တစ်ခုတည်းသောဟာကွက်က ဟိုကျူးရွှမ်ကျွန်းသူခိုးလေးယောက် သူတို့အလုပ်သူ ကောင်းကောင်းမလုပ်နိုင်ခဲ့တာပဲ"

တောင်သုံးလုံးအရှင် သက်ပြင်းချရင်း ပြောသည်။

"နဂါးနန်းတော်မှာ နဂါးပုလဲတစ်လုံးရှိတယ်။ ရှေးဟောင်းခေတ်ကပစ္စည်းလို့ ပြောကြတယ်။ နဂါးဘိုးဘေးနဲ့ဆက်စပ်နေတဲ့ပစ္စည်းတဲ့။ နဂါးအိုအင်ပါယာက အဲဒါကို အရမ်းတန်ဖိုးထားတာ။

အဲဒီ့နဂါးပုလဲက အဆိပ်ဖြေနိုင်တဲ့ အာနိသင်လည်းရှိတယ်။ လေဟာနယ်မသေမျိုးမြက်ရဲ့ အာနိသင်ကို ထိခိုက်နိုင်တယ်။ ကံကောင်းတာက ကျူးရွှမ်သူခိုးတွေ မခိုးနိုင်ပေမယ့် နဂါးပင်လယ်မြို့တော်က ရထားတဲ့သတင်းအရ တာအိုလမ်းစဉ်ဂိုဏ်းကတပည့်တစ်ယောက်က နဂါးပုလဲကို ယူသွားတယ်တဲ့။

အခု နဂါးပုလဲဘယ်ရောက်နေတယ်ဆိုတာ နဂါးနန်းတော်တောင် မသိဘူး"

"ပျောက်သွားရင် ပိုကောင်းတာပေါ့။ နဂါးပုလဲကို နဂါးနန်းတော်က မရှာနိုင်ရင် အားလုံးအဆင်ပြေတယ်"

ယင်ကျိုးသခင် သေတ္တာကို တောင်သုံးလုံးအရှင်ဆီ လှမ်းပေးသည်။

လူသုံးယောက် အပြုံးချင်းဖလှယ်၍ တာဝန်ကိုယ်စီခွဲဝေယူသည်။

ထိုအချိန်တွင် ဖန်လိုင်ကျွန်းဆီသို့ မယုံနိုင်လောက်အောင်မြန်ဆန်သည့်အရှိန်ဖြင့် ပျံသန်းလာသည့် ဆေးလုံးအရွယ် အလုံးတစ်လုံး မှော်အတားအဆီးများကိုဖြတ်သန်း၍ သေတ္တာကိုဖောက်ထွင်းပြီး အဆိပ်ဖြေမှော်စက်ဝန်းဗဟိုသို့ ဝင်သွားသည်ကို ဘယ်သူမှသတိမထားမိကြ။

ထိုနေရာသည် မှော်စက်ဝန်းဗဟို ဖြစ်ဟန်တူသည်။

.....

"လုယန်၊ ဒီကိုလာခဲ့"

လေဟာနယ်တာအိုသခင်ဖန်ဝူယာ အော်ခေါ်သည်။ လေဟာနယ်အရိယဖလစွမ်းအားဖြင့် လေထုထဲသို့ အသာအယာဖမ်းဆွဲသည်။

ဘာမှမထူးခြား။

"ဒီလိုမဖြစ်သင့်ပါဘူး..ဟိုကောင်လေးလုယန် ဘယ်နေရာကိုများ ထွက်ပြေးသွားတာလဲ"

သူနားမလည်နိုင်အောင် ဖြစ်နေသည်။ သူသည် လေဟာနယ်အရိယဖလပိုင်ရှင်ဖြစ်သည်။ ကျင့်ကြံသူလောကထဲ ဘယ်နေရာကိုမဆို သက်တောင့်သက်သာ သွားလာနိုင်သည်။

နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို အရိယဖလစွမ်းအားဖြင့် ရှာဖွေသည့်အလုပ်မှာ မခက်ခဲလှ။

"လုယန်၊ လာစမ်း"

နောက်တစ်ကြိမ် သူကြိုးစားသည်။ လေထဲသို့ လက်ကိုဆန့်ထုတ်၍ ဖမ်းဆွဲသည်။ သို့သော် လုယန်၏အရိပ်အယောင်ကို သူမမြင်ရ။

သရဲဝိညာဉ်ဝင်ပူး၍ စိတ်နှင့်ခန္ဓာ ကွဲကွာနေသယောင်ထင်ရသည့် ဖန်ဝူယာကို မုန်ကျင်းကျိုးကြည့်နေသည်။ ဘာမှမရှိလေဟာနယ်ထဲသို့ လက်ဖြင့်လှမ်းဆွဲနေသည်။

ဘာမှလည်းထူးခြားမလာ။

ဘိုးဘေးဖန်ဝူယာပင် မရှာနိုင်လျှင် ထိုလုယန်သည် မသေမျိုးများဖန်တီးထားသည့် လေဟာနယ်တစ်ခုခုသို့ ရောက်သွားခြင်းဖြစ်လိမ့်မည်။

လွန်ခဲ့သည့်ငါးရက်က ဖန်ဝူယာသည် လေဟာနယ်အရိယဖလစွမ်းအားဖြင့် လေဟာနယ်လမ်းကြောင်းတစ်ခုဖွင့်၍ အရှေ့ပင်လယ်သို့ ခြေတစ်လှမ်းဖြင့် အရောက်လာခဲ့သည်။

မုန်ကျင်းကျိုးတို့ကို အကျိုးအကြောင်းမေးသည်။

မုန်ကျင်းကျိုးတို့သုံးယောက်လည်း လုယန် ဘယ်ဆီပျံသွားမှန်းမသိကြ။ ခေါင်းတွင်တွင်ယမ်းပြကြသည်။

တစ်ခြားနည်းလမ်းမရှိသဖြင့် လေဟာနယ်အရိယဖလစွမ်းအားသုံး၍ ဖန်ဝူယာ လုယန်ကို ဝိညာဉ်ခေါ်သလို ဆင့်ခေါ်နေခြင်းဖြစ်သည်။

သို့သော် မအောင်မြင်။

ထို့နောက် မုန်ကျင်းကျိုးတို့သုံးယောက်နှင့် ရှောက်ရှင်းဟိုင်ကိုခေါ်၍ ခွန်ဖုန်မျိုးနွယ်ဆီ သွားသည်။ အရှင်ဟေးယုက သူတို့ကို ကိုယ်တိုင်ထွက်ကြိုသည်။

စွမ်းအားကြီးသည့် ဟေးယုအရှင်သည်ပင် ဖန်ဝူယာနှင့်ယှဉ်လျှင် နောက်မျိုးဆက်မျှသာဖြစ်သည်။

မှတ်တမ်းများအရ ဖန်ဝူယာသည် တစ်ချိန်က ခွန်ဖုန်မျိုးနွယ်နှင့် အဆက်အဆံရှိခဲ့ဖူးသည်။ လွန်ခဲ့သည့် နှစ်ငါးသောင်းကဖြစ်သည်။

ကျင့်စဉ်အဆင့်အရရော ဝါစဉ်အရပါ မြင့်နေသဖြင့် ဖန်ဝူယာကို ဟေးယုအရှင် မလေးမစားမလုပ်ရဲ။

"စိတ်မပူပါနဲ့ ကောင်လေးတွေ။ အရှေ့ပင်လယ်မှာ ငါ့ကိုယှဉ်နိုင်တဲ့လူမရှိပါဘူး"

ဖန်ဝူယာက အတက်အကျမရှိသည့်လေသံဖြင့်ပြောသည်။ သူ့လေသံက ယုံကြည်ချက်အပြည့်ရှိနေသည်။

သူ့စကားလည်း မမှားပါ။ မသေမျိုးတစ်ဝက်အဆင့် တစ်ယောက်မှမရှိသည့် အရှေ့ပင်လယ်တွင် သူသည် တကယ်ပြိုင်ဘက်ကင်းဖြစ်သည်။

နောက်ငါးရက်အကြာတွင် ထောင်ယော်ယဲ့ ငှက်မသေမျိုးခန္ဓာစွမ်းအားသုံး၍ဖြစ်လာသည့် တန်ပြန်သက်ရောက်မှုများ ပျောက်ကွ်သွားသည်။

နဂါအိုအင်ပါယာ၏ မွေးနေ့ပွဲလည်း စတင်တော့မည်။ ဖန်ဝူယာက အားလုံးကို မွေးနေ့ပွဲတက်ဖို့ ခေါ်သွားသည်။

နဂါးအင်ပါယာ၏ နှစ်ကိုးထောင်ပြည့်မွေးနေ့ပွဲသည် အရှေ့ပင်လယ်တွင် ထိပ်တန်းပွဲတော်တစ်ခုဖြစ်သည်။ လေဟာနယ်အဆင့်နှင့်အထက် ပင်လယ်မျိုးနွယ် လူသားမျိုးနွယ်အားလုံး ဖိတ်စာရကြသည်။

ဖန်ဝူယာ လက်နှစ်ဘက်နောက်ပစ်၍ တိမ်တိုက်ပေါ်တွင်ရပ်နေသည်။ ပင်လယ်မျက်နှာပြင်တွင် လူသားမျိုးနွယ်များက သူတို့စွမ်းအားကို ကြွားလုံးထုတ်ရင်း အရှေ့ပင်လယ်ကိုဖြတ်သန်း၍ မွေးနေ့ပွဲတက်ရန် သွားနေကြသည်။

ငါးမျိုးနွယ်၊ ကဏန်းမျိုးနွယ်၊ ခရုမျိုးနွယ် စသည့် ဖိတ်စာရထားသည့် မျိုးနွယ်စုံမှဘိုးဘေးများ သူတို့မူလအသွင်ဖြင့် ပင်လယ်ပြင်တွင်ရှိနေသည်။

"အရှေ့ပင်လယ်ကို ငါမရောက်တာ အတော်ကြာပြီ။ အရင်လိုစည်ကားနေတုန်းပါပဲလား"

ဖန်ဝူယာ ပုံမှန်လေသံဖြင့် မှတ်ချက်ပြုသည်။ တာအိုသခင်တစ်ယောက်၏ ဟန်ပန်အမူအရာအပြည့်ရှိသည်။ မျိုးနွယ်အရေအတွက်အားဖြင့် အရှေ့ပင်လယ်သည် နတ်ဆိုးနယ်မြေထက်ပင် ပိုများသေးသည်။

"ဘိုးဘေးက အရှေ့ပင်လယ်ကို ရောက်ဖူးတယ်ပေါ့"

မုန်ကျင်းကျိုး စပ်စုသည်။

ဖန်ဝူယာက တဟားဟားအော်ရယ်သည်။ သူအတော်စိတ်ပျော်ရွှင်နေပုံရသည်။

"ရောက်ဖူးတာပေါ့ကွာ။ တစ်ချိန်က အရှေ့ပင်လယ်မှာ ငါအတော်လေး နာမည်ကြီးခဲ့တာ။...အင်း မင်းတို့လူငယ်တွေက တာအိုလမ်းစဉ်ဂိုဏ်းကိုပြန်အသက်သွင်းတဲ့လူအဖြစ်ပဲ ငါ့ကိုသိကြမှာပေါ့။

အရှေ့ပင်လယ်မှာ ငါကြုံတွေ့ခဲ့တာတွေကို သိမှာမဟုတ်ဘူး"

ဖန်ဝူယာအရှေ့ပင်လယ်တွင် ကျင်လည်ခဲ့သည့်အချိန်က ရှေးကျလွန်းသည်။ ရှောက်မိန်လီနှင့် ရှောက်ရှင်းဟိုင်တို့ပင် သူ့အကြောင်းမကြားဖူးကြ။

"ငါ့ဘွဲ့နာမည်(ပင်လယ်တာအိုသခင်)ရှေ့မှာ ထည့်ထားတဲ့ 'ပင်လယ်'ဆိုတဲ့စကားလုံးက အရှေ့ပင်လယ်မှာ ငါကျင်လည်ခဲ့တဲ့နှစ်တွေကို အစွဲပြုထားတာ။

ငါအဲဒီတုန်းက စုစည်းခြင်းအဆင့်ပဲရှိသေးတာ။ လေဟာနယ်ပညာကိုလေ့လာရင်း လေဟာနယ်လမ်းကြောင်း အနှောက်အယှက်တစ်ခုကြုံပြီး တာအိုလမ်းစဉ်ဂိုဏ်းကနေ အရှေ့ပင်လယ်ကို ရောက်လာတယ်။

လေဟာနယ်လမ်းကြောင်းမှာ အပြင်းအထန်ဒဏ်ရာရခဲ့တယ်။ ငါ့စွမ်းအားလည်း ရွှေသန္ဓေအဆင့်ထိ ကျသွားတယ်။ ကံကောင်းထောက်မလို့ တံငါသည်တစ်ချို့က ငါ့ကိုကယ်ခဲ့တယ်။

အဲဒီ့တံငါရွာလေးမှာ နဂါးနန်းတော်က ခိုးထွက်လာတဲ့ မင်းသမီးလေးတစ်ယောက်နဲ့ဆုံတယ်။ ငါတို့နှစ်ယောက် မြင်မြင်ချင်း မေတ္တာမျှသွားတယ်။ မင်းသမီးရဲ့ဂရုစိုက်မှုနဲ့ ငါ့ဒဏ်ရာတွေ တဖြေးဖြေးပျာက်သွားတယ်။

ငါတို့ ပေါ်ပေါ်ထင်ထင်တွဲကြတယ်။ တာအိုလက်တွဲဖော်တွေဖြစ်လာတယ်။ အရှေ့ပင်လယ်မှာ စွန့်စားကြတယ်။ မသေမျိုးဆေးပင်တွေရှာကြတယ်။ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ကြတယ်။ လျှို့ဝှက်နယ်မြေတွေကို ဝင်ကြတယ်.."

ဖန်ဝူယာ သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။ သူ့လေသံက ဆွေးမြေ့ရိပ်သန်းနေသည်။

"အင်း...အသွင်မတူတော့ အိမ်သူမဖြစ်ဘူးတဲ့။ ငါတို့က မျိုးနွယ်ချင်းမတူတော့ နောက်ဆုံးမှာ အတူမနေနိုင်ကြဘူးပေါ့"

ဖန်ဝူယာ၏ သက်ပြင်းရှည်ထဲတွင် မုန်ကျင်းကျိုးတို့ စိတ်အာရုံနစ်မျောသွားသည်။ တစ်ချိန်က သူ့ခံစားချက်ကို ခံစားမိလာသယောင်ရှိသည်။

နောက်ဘက်တွင်ရှိနေသည့် ဟေးယုအရှင်က သူ့ဘာသာတီးတိုးရေရွတ်နေသည်။

"မဟုတ်သေးပါဘူး။ နဂါးမျိုးနွယ်တွေရဲ့ ပင်ကိုယ်သဘာဝက ရာဂစိတ်ပြင်းထန်တယ်။ အဲဒီ့ဒဏ်ကို မခံနိုင်လို့ ပင်လယ်တာအိုသခင်ဘိုးဘေး ထွက်ပြေးသွားတာလို့ ငါကြားမိသလားလို့ပါ"

ဖန်ဝူယာ ဖြတ်ခနဲနောက်လှည့်လာပြီး ဟေးယုကို စိုက်ကြည့်သည်။

*************************************

All Chapters