← Chapters

ကူးဖြတ်ခြင်းအဆင့်နှင့်မသေမျိုးတစ်ဝက်တိုက်ပွဲ

Vol. 53 Ch. 787

ကူးဖြတ်ခြင်းအဆင့်နှင့်မသေမျိုးတစ်ဝက်တိုက်ပွဲ

Vol. 53 Ch. 787

ကူးဖြတ်ခြင်းအဆင့်နှင့် မသေမျိုးတစ်ဝက်တို့ တိုက်ပွဲဖြစ်တော့မည်။ အရှေ့ပင်လယ်တွင် နှစ်တစ်သိန်းကြာအောင် မမြင်ခဲ့ရသည့် တိုက်ပွဲမျိုးဖြစ်သည်။

ဝါရင့်ကူးဖြတ်ခြင်းအဆင့် သခင်ဟေးယုက ချက်ချင်းလှုပ်ရှားသည်။

ပင်လယ်တာအိုသခင် အတိတ်အမှတ်တရများထဲ နစ်မျောနေချိန်တွင် အချိန်တာအိုစွမ်းအားကို လျှို့ဝှက်ထုတ်လွှတ်၍ တိုက်ခိုက်သည်။ သမိုင်းအမှန်တရားကို ဖော်ထုတ်ရန် အချိန်ကိုထိန်းချုပ်သည်။

ဖန်ဝူယာ မပေါ့ဆရဲ။ လေဟာနယ်စွမ်းအားဖြင့် တန်ပြန်တိုက်ခိုက်သည်။

ဟေးယုက လျှို့ဝှက်ပညာတစ်ခုကို ထုတ်သုံးသည်။ ဖန်ဝူယာ၏ အာရုံငါးပါးထဲမှတစ်ခုကို ပိတ်ဆို့သည်။ ခဏတာ အကြားအာရုံပြတ်တောက်သွားသည်။

ဟေးယုက အကြိမ်ကြိမ်တောင်းပန်တိုးလျိုးသော်လည်း ဖန်ဝူယာ ဘာမှကြားဟန်မတူ။

ဖန်ဝူယာ ပွတ်ကာသီကာ အနိုင်ရသွားသည်။ ဟေးယုလည်း ဂုဏ်ရှိရှိ ရှုံးနိမ့်သွားသည်။

ခွန်ဖုန်မျိုးနွယ်သည် ထိပ်တန်းပင်လယ်မျိုးနွယ်ဆယ်ခုစာရင်းဝင်ဟူသည့် နာမည်ဂုဏ်သတင်းနှင့် တကယ်လိုက်ဖက်သည်ဟု မုန်ကျင်းကျိုးယူဆသည်။

ယနေ့အထိ ထိုမျိုးနွယ်ရှင်သန်နိုင်ခြင်းသည် စွမ်းအားကြီး၍သာဖြစ်ရမည်။

မျိုးနွယ်စုများစွာ ပင်လယ်မျက်နှာပြင်ပေါ် သွားလာနေသည်။ အနီးအနားတွင် ခွန်ဖုန်မျိုးနွယ်များလည်းရှိနေသည်။ ထို့ကြောင့် ဟေးယုကိုညှာတာသည့်အနေဖြင့် ဖန်ဝူယာ အားအပြည့်ထုတ်မသုံး။

ထို့ကြောင့် ဟေးယုမျက်နှာ သိပ်ပုံမပျက်လှ။

ရှောက်မိန်လီနှင့် ရှောက်ရှင်းဟိုင်တို့ ကျိတ်၍သက်ပြင်းချကြသည်။ သူတို့ဘိုးဘေးသည် အတော်ပါးစပ်သရမ်းသည်ဟု ထင်မိကြသည်။

ရှောက်ရှင်းဟိုင် ခေါင်းတလားတစ်လုံးထုတ်ရန် အသင့်ပြင်နေခဲ့သည်။ ဘိုးဘေးအလောင်းကို ပင်လယ်ပြင်တွင် ပစ်မထားချင်။ ထိုသို့ပစ်ထားလျှင် ခွန်ဖုန်မျိုးဆက်သစ်များ မသိတတ်ရာကျမည်။

သို့သော်ယခု ဟေးယု အသက်မသေသဖြင့် ခေါင်းတလားကို ထုတ်စရာမလိုတော့။

ခေါင်းတလားက နဂါးသွေးများစွာ စွန်းထင်းနေသည်။ အတွင်းဘက် အနက်ရောင်မျက်နှာပြင်က အနီရောင်ပြောင်းသွားသည်။ ခြောက်ခြားစရာဖြစ်နေသည်။ ခေါင်းတလားအရည်အသွေး မူလထက်မြင့်တက်လာသည်။

ဟေးယုလွှတ်ခနဲပြောလိုက်သည့် ဖန်ဝူယာ၏အတိတ်ဖြစ်ရပ်ကိုကြားပြီးနောက် စုယီရန်စိတ်ထဲတွင် သူဝယ်ထားသည့် ယန်အားတိုးသွေးသန္ဓေကို ကောင်းကောင်းအသုံးချဖို့ အခိုင်အမာဆုံးဖြတ်လိုက်သည်။

"ဒါက ဘယ်နတ်ဆိုးသားရဲရဲ့သွေးလဲ။ နဂါးနဲ့ဖီးနစ်သွေးတွေထက်တောင် ပိုပြီးအာနိသင်ထက်မြက်တဲ့ပုံပဲ။ နဂါးနဲ့ဖီးနစ်ကမွေးလာတဲ့ သားသမီးတစ်ယောက်ရဲ့ သွေးသန္ဓေများလား"

လူတစ်စု အရှေ့ပင်လယ်သို့ ခိုးဝင်လာသည်။ ရေအောက်သို့ရောက်သည်နှင့် လူတစ်ယောက်၏လှမ်းခေါ်သံကို ကြားရသည်။

"ယီရန်၊ ဒီဘက်မှာ...ဒီဘက်မှာ"

အသံလာရာသို့ စုယီရန် လှမ်းကြည့်သည်။ နဂါးကြေးခွံဝတ်ရုံနှင့် နဂါးမတစ်ယောက် လက်ဝှေ့ယမ်းပြနေသည်။

ထိုနဂါးမ၏မျက်နှာက ချောမောလှပသည်။ ရှားပါးနူးညံ့သည့် အလှပိုင်ရှင်ဖြစ်သည်။

"ကွေ့အာ၊ နင်ဒီမှာဘာလုပ်နေတာလဲ"

စုယီရန် တအံ့တဩမေးသည်။ နဂါးအင်ပါယာမွေးနေ့ပွဲတက်ဖို့ သူ့ကိုဖိတ်ခေါ်ခဲ့သည့် အောင်းကွေ့အာဖြစ်သည်။

ကွေ့အာက စုယီရန်လက်ကိုဆွဲ၍ မကျေမနပ်လေသံဖြင့်ပြောသည်။

"အဲဒါပြောတာပဲ။ ငါနဲ့တွေ့ဖို့ နင်စောစာကြိုပြီးလာခဲ့ရင် ရရဲ့သားနဲ့။ အခု မွေ့နေပွဲကျင်းပတဲ့နေ့ကျမှ ပေါ်လာတယ်ပေါ့"

လက်ရှိအခြေအနေကိုလည်း အောင်းကွေ့အာမမေ့ပါ။ ပင်လယ်တာအိုသခင်ကို လေးလေးစားစားနှုတ်ဆက်သည်။

"ဒါက အကြီးအကဲဖန်ဝူယာထင်တယ်။ အဖေက ရှင်တို့ကို ဒီကနေစောင့်ကြိုဖို့ ကျွန်မကို လွှတ်လိုက်တာပါ"

အောင်းကွေ့ဟာဟူသည့်နာမည်ကြောင့် မုန်ကျင်းကျိုးတို့လူစု အမူအရာပြောင်းသွားသည်။

တစ်ချိန်က တာအိုရှင်ဝစီပိတ် နဂါးပုလဲခိုးခဲ့သည်မှာ ထိုအောင်းကွေ့အာထံမှဖြစ်သည်။ နောက်ပိုင်းတွင် ဝစီပတ်က အရှက်မရှိ "မေမေ"ဟု ခေါ်ခဲ့သည်။

လုယန်ပါမလာသဖြင့် တော်သေးသည်။ ပါလာလျှင် အခြေအနေက အတော်လေးအနေခက်စရာဖြစ်မည်။

သို့သော် ထိုသို့မတွေးသင့်ကြောင်း မုန်ကျင်းကျိုး စဉ်းစားမိပြန်သည်။ သူသည် ဘေးကြည့်သူသာဖြစ်သည်။ လုယန်အနေခက်ခက်မခက်ခက် သူနှင့်ဘာမှမဆိုင်။

လုယန်ပါမလာသည်က အတော်ဆိုးသည်။

အောင်းကွေ့အာက အားလုံးကို ရေအောက်ပင်လယ်ကြမ်းပြင်အထိ ခေါ်သွားသည်။ ပင်လယ်မြို့တော်အစွန်တွင် အနုစိတ်ပုံထော်ထားသည့် နဂါးပုံအဆောက်အဦးရှိသည်။ နဂါးနန်းတော်ဖြစ်သည်။

နဂါးနန်းတော်ကို သက်တမ်းရင့်သန္တာကျောက်တန်းများ ဝန်းရံထားသည်။ ညင်သာစွာယိမ်းလွှဲလှုပ်ရှားနေသည့် ရေမှော်ပင်များက ခန်းဆီးအဖြစ်ရှိနေသည်။ နန်းတော်တည်ဆောက်ပုံက ခမ်းနားထည်ဝါသည်။

အတွင်းပိုင်းနံရံတွင် တလက်လက်တောက်ပနေသည့် ကျောက်မျက်ပုလဲမျိုးစုံ တန်ဆာဆင်ထားသည်။ နူးညံ့တောက်ပသည့်အလင်းများ ထွက်ပေါ်နေသည်။

ပုစွန်နှင့်ကဏန်းမျိုးနွယ်များ သတိမပြတ် စောင့်ကြပ်နေသည်။ ယာရှာမျိုးနွယ်များက ကင်းလှည့်နေသည်။

ဧည့်သည်တစ်ချို့တစ်ဝက် နဂါးနန်းတော်ထဲသို့ ရောက်နှင့်ပြီးဖြစ်သည်။ အားလုံးက အဓိကမျိုးနွယ်စုတို့၏ ခေါင်းဆောင်များဖြစ်သည်။ ကျင့်ကြံသူလောကမှ ထိပ်တန်းကျင့်ကြံသူများ၏ လှုပ်ရှားမှုများကို အလွန်စိတ်ဝင်စားသည်။

ပင်လယ်တာအိုသခင်အကြောင်းလည်း သူတို့သိသည်။ လွန်ခဲ့သည့်နှစ်ငါးသောင်းက နာမည်ကျော်ခဲ့သူဖြစ်သည်။ သူ့အကြောင်းဒဏ္ဍာရီများ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြသည်။

"ဟိုမှာကြည့်၊ အဲဒါ ပင်လယ်တာအိုသခင်ပဲ"

"ဒဏ္ဍာရီထဲက မသေမျိုးတစ်ဝက်ဆိုတာလား"

"ငါတို့အရှေ့ပင်လယ်မှာ သူ့လိုလူမျိုး ဘာလို့မရှိရတာလဲကွာ"

"မဟာကပ်အပြိုင်အဆိုင်ကာလရောက်ခါနီးတော့ မသေမျိုးတစ်ဝက်တွေတောင် စပေါ်လာပြီပေါ့"

အောင်းကွေ့အာက ဖန်ဝူယာတို့ကို နဂါးနန်းတော်၏ အတွင်းပိုင်းအကျဆုံးနေရာသို့ခေါ်သွားသည်။ လေးလံသည့်တံခါးရွက်နှစ်ခုကို တွန်းဖွင့်သည်။ မျက်စိတစ်ဆုံးထိုးထွက်နေသည့် ကျောက်တိုင်ကြီးတစ်ခုကို ရစ်ပတ်နေသည့် ရှေးဟောင်းနဂါးတစ်ကောင် ရှိနေသည်။

တာအိုသခင်ရှေ့တွင် နဂါးအင်ပါယာ မလေးမစားမလုပ်ရဲ။ ကျောက်တိုင်မှဆင်းလာပြီး လူသားအသွင်သို့ပြောင်းသည်။

နဂါးအင်ပါယာသည် တကယ်အိုမင်းနေပြီဖြစ်သည်။ လူသားအသွင်က သင်္ချိုင်းသို့ခြေတစ်ဘက်လှမ်းနေသည့် အဘိုးအိုတစ်ယောက်ပုံစံရှိသည်။ ခြေလှမ်းများက တုန်ရင်နေသည်။ လှိုင်းတစ်ချက်ပုတ်ရုံဖြင့် လဲပြိုတော့မယောင်ရှိသည်။ အောင်းကွေ့အာက သူ့ဆီအမြန်ပြေးပြီး တွဲကူသည်။

"ပင်လယ်တာအိုသခင်ဘိုးဘေးကို အောင်းစန်း ဂါရဝပြုပါတယ်"

"ရပါပြီ။ မင်းက သိပ်ကျန်းမာတာမဟုတ်ဘူး။ အဲလောက် ဒုက္ခခံစရာမလိုပါဘူး"

လဲပြိုမတတ်ဖြစ်နေသည့် နဂါးအင်ပါယာကိုကြည့်၍ ပင်လယ်တာအိုသခင်က ပြောသည်။

"ငါလာတာ နဂါးပုလဲကိစ္စ ဆွေးနွေးချင်လို့ပါ။ ငါ့ရဲ့ အရိယဖလသန္ဓေကိုသုံးပြီး လုယန်နဲ့နဂါးပုလဲကို ရှာကြည့်ခဲ့တယ်။ ဘာအမှားအယွင်းဖြစ်လဲတော့မသိဘူး။ ဘယ်လိုမှရှာမရဘူး။ မင်းရဲ့နဂါးပုလဲမှာ ဘယ်လိုထူးခြားချက်တွေရှိနေတာလဲ"

နဂါးအို ခေါင်းခါသည်။

"ကျုပ်လည်းမသိဘူး။ ဒါက ရှေးဟောင်းအမွေအနှစ်တစ်ခုဆိုတာပဲ သိပါတယ်။ မပျက်စီးနိုင်ဘူး။ အဆိပ်ဖြေနိုင်စွမ်းရှိတယ်။ နဂါးပုလဲထဲမှာ ပုလဲငယ်တစ်လုံးရှိတာကိုတောင် ကျုပ်မသိပါဘူး"

"ရှေးဟောင်းအမွေအနှစ်...ဒီပုလဲရဲ့ဇစ်မြစ်ကို မင်းတစ်ခါမှ စုံစမ်းမကြည့်ဖူးဘူးလား"

နဂါးအိုက အခက်တွေ့နေဟန်ဖြင့်

"ဘိုးဘေးလည်းသိတဲ့အတိုင်းပဲ။ သမိုင်းအဆက်ပြတ်ခဲ့တဲ့အချိန်တွေရှိတယ်လေ။ ရှေးဟောင်းခေတ်အကြောင်း ကျုပ်တို့သိပ်မသိဘူး။ ကျုပ်ရှေ့ကဘိုးဘေးတွေ နဂါးနန်းတော်ကို အမွေခံတဲ့အချိန်မှာ နန်းတော်တစ်ခုလုံး ရတနာမျိုးစုံအပြည့်ရှိနေတာပါ။

အတော်များများရဲ့ဇစ်မြစ်ကို ကျုပ်တို့မသိဘူး။ သိပ်ပြီးမထူးခြားတဲ့ ဒီနဂါးပုလဲလည်း အပါအဝင်ပေါ့။ ရတနာတွေအားလုံး စာရင်းပြုစုဖို့တောင် နှစ်သောင်းချီကြာခဲ့ပါတယ်။ စာရင်းပြုစုရတာတောင် အတော်ခက်ခဲတယ်။ သူတို့ဇစ်မြစ်ကို စုံစမ်းဖို့ဆို ပိုဝေးတာပေါ့။ ဘိုးဘေးနားလည်မှာပါ"

ဖန်ဝူယာ လေတစ်ချက်မှုတ်ထုတ်၍ စိုက်ကြည့်သည်။ ထိုမျှကြွယ်ဝမှုမျိုးကို သူတစ်ခါမှမကြုံခဲ့ရ။ တာအိုလမ်းစဉ်ဂိုဏ်းသာ ယခုလောက်ချမ်းသာလျှင် သူ့ကိုဂိုဏ်းကိုပြန်အသက်သွင်းသူအဖြစ် အများကသိကြမည်မဟုတ်။

ဂိုဏ်းအဆင်းရဲဆုံးအချိန် သူပေါ်ထွက်ခဲ့၍သာ 'ပြန်အသက်သွင်းသူ'အဖြစ် သိကြခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ဂိုဏ်းကိုချမ်းသာကြွယ်ဝအောင်လုပ်နိုင်ခဲ့သော်လည်း နဂါးနန်းတော်၏ကြွယ်ဝမှုအဆင့်မျိုးတော့ မရောက်ခဲ့။

သို့သော်လည်း မသေမျိုးတစ်ဝက်များ၏ လျှို့ဝှက်နယ်မြေများကို သိမ်းယူခဲ့သဖြင့် ယခု တာအိုလမ်းစဉ်ဂိုဏ်းသည် နဂါးနန်းတော်ထက် ပိုချမ်းသာပါသည်။

"ကောင်းပြီလေ၊ မင်းဆီမှာ ဘာသဲလွန်စမှမရှိဘူးဆိုတော့ မွေးနေ့ပွဲပြီးမှပဲ ငါဆက်ရှာရတော့မှာပေါ့"

ပြောသာပြောလိုက်သော်လည်း သူ့စိတ်ထဲတွင် ယုံကြည်မှုသိပ်မရှိ။

ဘာသဲလွန်စမှမရှိဘဲ သူဘယ်နေရာသွားရှာရမည်နည်း။

လုယန်ကို တစ်ကြိမ်ကာကွယ်မည်ဟု သူကတိပေးထားသည်။ သို့သော် ထိုကတိက ဆိုးဝါးသည့်နိမိတ်ဖြင့် စတင်လာသည်။

"ဒါနဲ့စကားမစပ်...ကျုပ်တို့နဂါးမျိုးနွယ်မှာ ဘိုးဘေးနဲ့တွေ့ချင်တဲ့လူတစ်ယောက် ရှိပါတယ်"

နဂါးအိုကပြောသည်။

"ဘယ်သူလဲ"

ဖန်ဝူယာစဉ်းစားသည်။ နဂါးနန်းတော်သို့မရောက်သည်မှာ နှစ်သောင်းချီကြာခဲ့ပြီဖြစ်သည်။ သူနှင့်သိကျွမ်းသူ ဘယ်သူရှိနိုင်ဦးမည်နည်း။

လှပပြီး ဆွဲဆောင်မှုရှိသည့် မိန်းကလေးတစ်ယောက် ကျောက်တိုင်နောက်မှထွက်လာသည်။ သူ့မျက်လုံးများက ဝိညာဉ်ကိုညှို့ငင်ဖမ်းစားနိုင်သည်။ နဖူးမှနဂါးကြေးခွံသုံးခုက ထိုညှို့ငင်နိုင်စွမ်းကို အားဖြည့်ထားသည်။

"အောင်း...အောင်းယာ"

ဖန်ဝူယာ ဂဏာမငြိမ်ဖြစ်လာသည်။ ထိုမိန်းကလေးသည် သူ့နှလုံးသားထဲတွင် ဖျောက်ဖျက်မရအောင် စွဲထင်နေသည့် အောင်းယာပင်ဖြစ်သည်။

"ရှင်လည်း မသေမျိုးတစ်ဝက်ဖြစ်နေပြီပေါ့"

နှစ်ငါးသောင်းသူသည့်သက်တမ်းသည် ကူးဖြတ်ခြင်းအဆင့်တစ်ယောက် ရှင်သန်နိုင်သည့်အတိုင်းအတာမဟုတ်။

အောင်းယာရှေ့တွင် ဖန်ဝူယာ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေသည်။

အောင်းယာက ဖန်ဝူယာကိုစိုက်ကြည့်သည်။

"ကျွန်မက ရှင့်လောက်အစွမ်းအစမရှိဘူး။ အခုထိ ကူးဖြတ်ခြင်းအဆင့်ပဲရှိသေးတယ်။ နဂါးမျိုးနွယ် သေရေးရှင်ရေးကြုံရင် ဒါမှမဟုတ် ရှင်ပြန်ပေါ်လာရင် ကျွန်မကိုနှိုးဖို့ ကျွန်မမအိပ်စက်ခင် မျိုးဆက်သစ်တွေကိုမှာထားခဲ့တာလေ"

အောင်းယာက နောက်ထပ်ဘာမှရှင်းမပြဘဲ မပွင့်တပွင့်ပြုံး၍ ဖန်ဝူယာလက်ကိုဆွဲပြီး ဘေးဘက်အခန်းထဲသို့ဝင်သွားသည်။

"အဆင်သင့်လိုက်တာ။ ပြီးခဲ့တဲ့သုံးလေးရက်ကမှ ကျွန်မနိုးလာတာ။ အရင်ကစွမ်းအားမျိုး ပြန်မရသေးဘူး။ ယင်ယန်တာအိုကျင့်ကြံဖို့ အချိန်ကိုက်ပဲ။ ပြီးတော့ ဟိုအရင်က ရှင်ဘာလို့ထွက်ပြေးသွားတယ်ဆိုတာလည်း ဆွေးနွေးကြတာပေါ့"

ဖန်ဝူယာမျက်နှာ ချက်ချင်းသွေးဆုတ်ဖြူရော်သွားသည်။ သူအရှေ့ပင်လယ်သို့လာသည်မှာ လုယန်ကို ကယ်ဖို့ဖြစ်သည်။ ယခု ဘာကြောင့် သူ့အကျင့်သီလ ချိုးဖျက်ခံရသည်မသိ။

ကူးဖြတ်ခြင်းအဆင့်က မသေမျိုးအဆင့်ကို စိန်ခေါ်သည့်အဖြစ်မျိုး နောက်တစ်ကြိမ်ကြုံရပြန်သည်။

****************************************

All Chapters