အောင်နိုင်သူ
Vol. 53 Ch. 788
ဖန်ဝူယာ ဘေးပတ်လည်မှလူများကို အကူအညီတောင်းဟန်ဖြင့် မျက်လုံးဝေ့ကြည့်သည်။
မသေမျိုးတစ်ဝက်ဆိုသည်မှာ ကူးဖြတ်ခြင်းအဆင့်ထက် အရိယဖလသန္ဓေတစ်ခုသာ ပိုသာခြင်းဖြစ်သည်။ ရုပ်ခန္ဓာအခြေအနေ ပိုတိုးတက်လာသည်မဟုတ်။
နှစ်ငါးသောင်းကြာပြီးနောက် အောင်းယာနှင့် နောက်တစ်ကြိမ် သူပြန်ရင်ဆိုင်ရသည်။ တစ်ချိန်ကလိုအဖြစ်မျိုးနှင့် အဆုံးသတ်မည်ကို သူစိုးရိမ်သည်။
သို့သော် သူကံဆိုးသည်။ အခန်းထဲတွင် ကျင့်စဉ်အဆင့်အမြင့်ဆုံးဖြစ်သည့် လီဟော်ရန်ပင် သူ့ကိုမကယ်နိုင်။
(**လီဟော်ရန်ကို မသေမျိုးတစ်ဝက်ဟု နတ်မယ်က သတ်မှတ်ခဲ့သည်)
မုန်ကျင်းကျိုး၏သွေးက ယင်ဓာတ်အားတိုးစေသည့် အာနိသင်ရှိသော်လည်း ဝိညာဉ်ပြောင်းအဆင့်များအတွက်သာ အသုံးဝင်သည်။
အားလုံးက စိတ်အားထက်သန်သည့်အကြည့်ဖြင့် ပင်လယ်တာအိုသခင်ကို နှုတ်ဆက်ကြသည်။
သူ့ကို အောင်းယာက အခန်းထဲသို့ ခေါ်သွားပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး ပုံမှန်ပြန်ဖြစ်လာသည်။
နဂါးအိုအင်ပါယာ ချောင်းတစ်ချက်ဟန့်လိုက်သည်။ သူ့မျက်နှာ နီရဲနေသည်။ ကျင့်စဉ်စွမ်းအားအရ အောင်းယာသည် သူ့ကိုမမီ။
သို့သော် အောင်းယာသည် လွန်ခဲ့သည့်နှစ်ငါးသောင်းက ဘိုးဘေးတစ်ယောက်ဖြစ်သည်။ ဝါစဉ်အရ ဤကိစ္စတွင် သူဝင်စွက်၍ မသင့်တော်။
လူရှေ့သူရှေ့တွင် အခန်းထဲဆွဲခေါ်သွားသည့်အဖြစ်က စိတ်အားထက်သန်လွန်းရာကျသည်။
သို့သော် ထိုအတွေးကို ကျိတ်မှိတ်မျိုသိပ်ထားရုံသာ သူတတ်နိုင်သည်။
အောင်းယာ အရေးပေါ်အခြေအနေဖြစ်နေသည်ကိုလည်း သူနားလည်ပါသည်။ သူလည်း နဂါးမျိုးနွယ်ဖြစ်၍ ရာဂပြင်းထန်သည့်ဗီဇရှိသည်။
အသက်ကြီးလွန်း၍ ထိုကိစ္စမျိုး မစွမ်းဆောင်နိုင်သောကြောင့်သာဖြစ်သည်။
"ပင်လယ်တာအိုသခင်နဲ့ ဘိုးဘေးအောင်းယာက ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောကြဦးမှာ။ စားသောက်ပွဲစဖို့ကလည်း အချိန်နည်းနည်းလိုသေးတယ်။
မင်းတို့တွေ ခန်းမထဲသွားပြီး မိတ်ဆွေဟောင်းတွေနဲ့ စကားပြောပါဦးလား"
အားလုံး ချက်ချင်းခေါင်းငြိမ့်သည်။
နဂါးနန်းတော်၏ ခန်းမက ရောင်စုံသန္တာကျောက်များ အဖိုးတန်ပုလဲများဖြင့် တည်ဆောက်ထားသည်။ လရောင်ကြောင့် နံရံများပေါ် အလင်းပြန်နေသည်။ ရေညှိရေမှော်များက မြစိမ်းရောင်ခန်းဆီးများလို လူးလွန့်လှုပ်ရှားနေသည်။
မွေးနေ့ပွဲတက်လာသည့် ပင်လယ်မျိုးနွယ်များ ပတ်ဝန်းကျင်နှင့်အဆင်ပြေအောင် လူအသွင်ပြောင်းထားကြသည်။ မူလပုံစံဖြင့်နေလျှင် အရွယ်အစားအမျိုးမျိုး ကွဲပြားနေပေလိမ့်မည်။
တစ်ချို့က ဆယ်ပေခန့်မြင့်မည်။ တစ်ချို့က ပေပေါင်းထောင်ချီမြင့်မည်။ အတူဝိုင်းထိုင်ဖို့ မဖြစ်နိုင်။
ဖိတ်ခေါ်ထားသည့်ဧည့်သည်များ တစ်ဝက်ကျော်ရောက်နေပြီဖြစ်သည်။ အခန်းထဲဝင်လာချိန်တွင် စိတ်အားတက်ကြွနေသည့် ဒုတိယမင်းသားကို မုန်ကျင်းကျိုးမြင်ရသည်။
မင်းသားနှစ်၏ သက်ရှည်ဆေးရှာပုံတော်က သိပ်အဆင်မချောဟု ပြောကြသည်။
အင်ပါယာရှား၏သက်တမ်းကို ဆွဲဆန့်ဖို့ ထိုသက်ရှည်ဆေးကို သုံးစရာမလိုဟု မုန်ကျင်းကျိုးတွေးမိသည်။ ထောင်ယော်ယဲ့ထံမှ ငှက်မသေမျိုးမြက်ကိုသုံး၍ ကျင့်စဉ်အဆင့်အတင်းတိုးမြှင့်ပြီး သက်တမ်းဆွဲဆန့်လျှင်လည်းရသည်။
ကျင့်စဉ်အဆင့်မြင့်လာလျှင် သက်တမ်းကိစ္စ ပြဿနာမရှိတော့။
သို့သော် ထိုကိစ္စကို မင်းသားနှစ်အား ထုတ်ပြောဖို့ သူစိတ်မကူး။ မင်းသားနှစ်သည် သူတို့အထောက်အပံ့ရဖို့ မသမာနည်းဖြင့်လှည့်စားခဲ့သည်။ ထိုမင်းသားနှစ်ကို သူသိပ်သဘောမကျ။
မုန်ကျင်းကျိုးကိုမြင်သည်နှင့် မင်းသားနှစ်၏မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်းလာနှုတ်ဆက်သည်။
"မုန်ကျင်းကျိုး၊ မင်းတကယ်ပေါ်လာပြီပေါ့"
သူ့သင်္ဘောပေါ်တွင် အမည်မသိကူးဖြတ်ခြင်းကျင့်ကြံသူတစ်ယောက်က မုန်ကျင်းကျိုးတို့ကို ဖမ်းခေါ်သွားခဲ့သည်။ ထို့ကြောင့် သူအတော်စိုးရိမ်ပူပန်နေခဲ့သည်။
နောက်ပိုင်းတွင် လုယန်တို့လူစု နဂါးနန်းတော်၏ ပင်လယ်မြို့တွင်ရှိနေကြောင်း သူကြားသည်။ လက်ရှိတွင် ခွန်ဖုန်မျိုးနွယ်နှင့်အတူ နေထိုင်ကြောင်း သိရသည်။
ထိုအချိန်ကျမှ သူသက်ပြင်းချနိုင်သည်။
သူ့သင်္ဘောပေါ်တွင် လုယန်တို့ တစ်ခုခုဖြစ်သွားလျှင် မဟာရှားသို့ သူအသက်ရှင်လျက်ပြန်နိုင်ဖို့မလွယ်။ တာအိုလမ်းစဉ်ဂိုဏ်းနှင့် မုန်မိသားစုက သူ့ကိုလက်စားခြေရန်လိုက်လာလျှင် စုစည်းခြင်းဆယ်ယောက်နှင့် ကူးဖြတ်ခြင်းတစ်ယောက်သာရှိသည့် သူ့လှေသုံးစင်း ခုခံနိုင်စွမ်းရှိမည်မဟုတ်။
"လုယန်ပျောက်သွားတာ ငါတကယ်စိတ်မကောင်းပါဘူး။ ငါ့လူတွေလွှတ်ပြီး စုံစမ်းခိုင်းခဲ့ပေမယ့် ဘာမှမသိရသေးဘူး"
မင်းသားနှစ်က တကယ်ဝမ်းနည်းဟန်ဖြင့် ခေါင်းခါ၍ သက်ပြင်းချသည်။ လုယန်ကို သူတွေ့အောင်ရှာနိုင်လျှင် ကျေးဇူးကြွေးတစ်ခုတင်မည်။ နောင်တစ်ချိန် သူနန်းပလ္လင်အတွက်တိုက်ခိုက်လျှင် လုယန်၏အကူအညီကို သူရနိုင်သည်။
"ကိစ္စမရှိပါဘူး။ လောင်လုက အသက်ပြင်းပါတယ်။ ဘာမှမဖြစ်နိုင်ပါဘူး"
မုန်ကျင်ကျိုး ခပ်အေးအေးပြောလိုက်သည်။
ယခုရှိနေသူများထဲတွင် လုယန်အတွက် စိတ်မပူဆုံးလူမှာ သူသာဖြစ်သည်။
နဂါးအိုအင်ပါယာသာ ဒုက္ခရောက်ချင်ရောက်မည်။ လုယန်သည် လုံးဝဒုက္ခရောက်နိုင်စရာမရှိ။
"ပင်လယ်တာအိုသခင်ရော မပါဘူးလား"
မင်းသားနှစ် ဆက်မေးသည်။ ဒဏ္ဍာရီဘိုးဘေးနှင့် သူတွေ့ဆုံလိုသည်။
"ဘိုးဘေးက နဂါးမျိုးနွယ်ကမိတ်ဆွေတွေနဲ့ တာအိုဆွေးနွေးနေတယ်"
"သဘောပေါက်ပါပြီ"
မုန်ကျင်းကျိုးနှင့် ခွန်ဖုန်မျိုးနွယ်ဝင်များ အတူဝိုင်းထိုင်သည်။ တည်ခင်းထားသည့် သစ်သီးများကို မကြာခဏနှိုက်စားသည်။
နဂါးနန်းတော် နည်းနည်းလှုပ်လှုပ်ရှားရှားဖြစ်နေသည်။ အထူးသဖြင့် လူသားမျိုးနွယ်ကျင့်ကြံသူများ ဂဏာမငြိမ်ဖြစ်နေသည်။ ဟေးယုအရှင်က တစ်ချက်လှည့်ကြည့်ပြီး နှာခေါင်းရှုံ့သည်။
"တောင်သုံးလုံးအရှင်နဲ့ သူ့အဖော်နှစ်ယောက် ဒီလောက်စောစောရောက်လာမယ်ထင်မထားဘူး။ နဂါးအိုအင်ပါယာကို သူတို့တကယ်လေးစားကြတာပဲ"
တောင်သုံးလုံးအရှင် ယင်ကျိုးကျွန်းအရှင်နှင့် ဖန်လိုင်ကျွန်းအရှင်တို့သည် အရှေ့ပင်လယ်တွင် ဩဇာညောင်းသူများဖြစ်သည်။ အထူးသဖြင့် တောင်သုံးလုံးအရှင်ကို လူသားကျင့်ကြံသူများ လေးစားကြသည်။
ကျင့်စဉ်လမ်းချောမွေ့စေဖို့ သူ့ရုပ်ထုရှေ့တွင် ဆုတောင်းကြသည်။
တောင်သုံးလုံးအရှင်လက်ထဲမှ သစ်သားသေတ္တာငယ်ကို အရိုးရိုင်းမြင်ပြီးနောက် သူတို့လူစုတွင် ဘာလက်ဆောင်မှပါမလာကြောင်း ပြန်သတိရလာသည်။
"ငါတို့လည်း လက်ဆောင်တစ်ချို့ ကြိုပြင်ထားသင့်တယ်ထင်တယ်"
ဘာလက်ဆောင်မှမပေးဘဲ နဂါးနန်းတော်တွင် အလကားထိုင်စားနေရသည်ကို မုန်ကျင်းကျိုး နည်းနည်းရှက်နေသည်။
မုန်ကျင်းကျိုးက လက်ခါပြသည်။
"နဂါးအိုအင်ပါယာက အကြီးအကဲတစ်ယောက်ပဲ။ ဝိညာဉ်ပြောင်းအဆင့်နဲ့ စုစည်းခြင်းအဆင့်တွေပဲ မွေးနေ့လက်ဆောင်ပြင်ဆင်သင့်တာ။ ငါတို့လို အငယ်တန်းတွေက စားရုံသောက်ရုံပါပဲ"
အရိုးရိုင်း စိတ်သက်သာရာရသွားသဖြင့် ခေါင်းပြန်ငုံ့ပြီး သစ်သီးများကိုဆက်စားသည်။
"ဟေးယု"
ရုပ်ရည်ခံ့ညားသည့် ပင်လယ်မျိုးနွယ်ဝင်တစ်ယောက် အနားသို့လျှောက်လာပြီး နှုတ်ဆက်သည်။ ဘယ်မျိုးနွယ်ကမှန်းတော့မသိ။
ထိုလူကိုမြင်သည်နှင့် ဟေးယုမျက်နှာလည်း ပြုံးရွှင်လာသည်။
"ရွှမ်ရွှေ့၊ မတွေ့ရတာ ဆယ်နှစ်တောင်ကြာပြီ။ မင်းက ကုတင်ပေါ်လှဲနေရတယ်လို့ ကြားမိသလားလို့ပါ။ အခုတော့ ပုံမှန်လိုပါပဲလား"
"မပြောချင်တော့ပါဘူးကွာ။ ဒီလိုအကြောင်းပြစရာတစ်ခုခုမရှိရင် ငါ့မျိုးဆက်သစ်တွေက ငါ့ကိုမျိုးနွယ်ခေါင်းဆောင် ဆက်လုပ်စေချင်နေတာလေ။
အရမ်းစိတ်ရှုပ်စရာကောင်းတယ်။ ငါအိုနေပြီ၊ မကျန်းမာတော့ဘူး၊ ဒါကြောင့် မျိုးနွယ်ခေါင်းဆောင်အသစ်ရွေးကြပါလို့ ငါပြောလိုက်တယ်"
"ငါမင်းကိုအမြဲတမ်းပြောသားပဲ။ မျိုးနွယ်ခေါင်းဆောင်လုပ်ရတာ မလွယ်ပါဘူးလို့။ အခုငါ့ကိုကြည့်၊ ငြိမ်းချမ်းနေတာကြာလှပေါ့"
ဟေးယုက ဝင့်ကြွားသည့်လေသံဖြင့် ပြောသည်။
နှစ်ယောက်သားစကားလက်ဆုံကျနေသည်ကိုကြည့်၍ မုန်ကျင်းကျိုးက ရှောက်ရှင်းဟိုင်ကို ထိုပင်လယ်မျိုးနွယ်အကြောင်း စပ်စုသည်။
"အဲဒါ လိပ်နက်မျိုးနွယ်က ကူးဖြတ်ခြင်းအဆင့် အရှင်ရွှမ်ရွှေ့လေ။ သူနဲ့ဘိုးဘေးဟေးယုက ငယ်ကတည်းကသိကြတာ။ အရမ်းရင်းနှီးပြီး အတွဲလည်းညီတယ်။
နှစ်ယောက်လုံး အနက်ရောင်ခန္ဓာကိုယ်ရှိလို့ သူတို့ကို 'အရှေ့ပင်လယ်ငမဲညီအကို'လို့ ခေါ်ကြတယ်"
"အရှေ့ပင်လယ်ငမဲညီအကို"
"မင်းလည်းသိပါတယ်။ ငါတို့မျိုးနွယ်က အမြန်နှုန်းကြောင့် နာမည်ကျော်တယ်။ လိပ်နက်မျိုးနွယ်က ခုခံနိုင်စွမ်းကောင်းလို့ နာမည်ကျော်တယ်။
သူတို့နှစ်ယောက်ငယ်ငယ်တုန်းက ခြေမငြိမ်ဘူး။ နေရာစုံမှာ ဂြိုလ်မွှေတယ်။ သူတို့မနိုင်တဲ့ရန်သူနဲ့တွေ့ရင် ဘိုးဘေးက အရှင်ဟေးယုကိုဆွဲခေါ်ပြီးပြေးတယ်။
ရန်သူက မခွာတမ်းလိုက်လာပြီး တိုက်ခိုက်ရင် ဘိုးဘေးက ရွှမ်ရွှေ့ရဲ့လိပ်ကျောကုန်းကို ဒိုင်းကာအဖြစ်သုံးတယ်။ ရန်သူတိုက်ခိုက်တဲ့အရှိန်ကို အသုံးချပြီး ထွက်ပြေးဖို့ အရှိန်မြှင့်တယ်။
ဒီနည်းလမ်းက ပြိုင်ဘက်ကင်းတယ်။ သူတို့ကို ဘယ်သူမှဘာမှမလုပ်နိုင်ကြဘူး။ အခုသူတို့ ကူးဖြတ်ခြင်းအဆင့်ရောက်လာပြီးမှ သိပ်မတွဲဖြစ်တော့တာ"
"အသက်ကြီးလို့ ပိုရင့်ကျက်လာတဲ့သဘောလား"
"ဘိုးဘေးရဲ့အမြန်နှုန်းက အထွတ်အထိပ်ကိုရောက်လာလို့ဆိုရင် ပိုမှန်မယ်။ သူ့ကိုဘယ်သူမှ မီအောင်မလိုက်နိုင်တော့ဘူးလေ။
ဒီတော့ အရှင်ရွှမ်ရွှေ့ရဲ့အကာအကွယ် မလိုတော့ဘူးပေါ့"
ရွှမ်ရွှေ့အပြင် တစ်ခြားကူးဖြတ်ခြင်းအဆင့်ခုနစ်ယောက် ရောက်လာပြီး ကိုယ်စီနေရာယူသည်။ တစ်ချို့က ရုပ်ရည်ခံ့ညားသည်။ တစ်ချို့က ရွက်ကြမ်းရေကျိုသာဖြစ်သည်။
သို့သော် တူညီသည့်အချက်တစ်ခုရှိသည်။ သူတို့မျက်လုံးများက တည်ငြိမ်ပြီး ထူးခြားသည့်ဟန်ပန်မျိုးရှိသည်။
အရှင်ဟေးယုနှင့် အရှင်ရွှမ်ရွှေ့တို့မျက်လုံးများကတော့ လုံးဝဂဏာမငြိမ်။ လုံးဝဣန္ဒြေမရ။
တစ်ခြားပင်လယ်မျိုးနွယ် ကူးဖြတ်ခြင်းအဆင့်ခုနစ်ယောက်က ထိုအရှင်နှစ်ယောက်နှင့် ခပ်ဝေးဝေးနေသည်။ သူတို့၏ ရှက်စရာအတိတ်အကြောင်းများကို ဖော်ထုတ်မည်စိုး၍ဖြစ်သည်။
အချိန်က တဖြေးဖြေးကုန်လွန်သွားသည်။ မွေးနေ့ပွဲစမည့်အချိန် နီးကပ်လာသည်။ ဖိတ်ကြားထားသည့် ဧည့်သည်တော်အားလုံး ရောက်လာသည်။
အောင်းယာနှင့် ဖန်ဝူယာလည်း မွေးနေ့ပွဲတက်ရန် ဘေးခန်းထဲမှထွက်လာသည်။
အောင်းယာမျက်နှာက ရွှင်လန်းတက်ကြွနေသည်။ မူလစွမ်းအားများ ပြန်ရလာဟန်ရှိသည်။
ဖန်ဝူယာမျက်နှာက လူသေတစ်ယောက်လို ဖြူရော်နေသည်။ ခြေသလုံးကြွက်သားများ တုန်ရင်နေသည်။
"အဆင်ပြေရဲ့လားဘိုးဘေး"
မုန်ကျင်းကျိုးက စိုးရိမ်တကြီးကပ်မေးသည်။
ဖန်ဝူယာက အံတင်းတင်းကြိတ်၍ အားတင်းပြုံးသည်။
"သိပ်ပြဿနာမရှိပါဘူး။ နည်းနည်းအနားယူလိုက်ရင် အဆင်ပြေပါတယ်။ တစ်ကိုယ်တော်ဝိညာဉ်မြစ်ရှိတဲ့မင်းကို ငါအားကျတယ်။ မင်းမှာ ငါ့လိုဒုက္ခမျိုး မရှိနိုင်ဘူးလေ"
မုန်ကျင်းကျိုး "..."
***********************************