← Chapters

အထူးလက်ဆောင်

Vol. 53 Ch. 589

အထူးလက်ဆောင်

Vol. 53 Ch. 589

ဖန်ဝူယာပိုင်ဆိုင်သည့် လေဟာနယ်အရိယဖလသည် မသေမျိုးတစ်ဝက်များကြားတွင် အားအနည်းဆုံးအမျိုးအစားမဟုတ်။

သို့သော် သူကိုယ်တိုင်မသေမျိုးအဆင့်သို့ရောက်လျှင် ဖန်ဝူယာကို တိုက်ခိုက်အနိုင်ယူနိုင်လိမ့်မည်ဟု မုန်ကျင်းကျိုး တွေးဆနေသည်။

အောင်းယာနှင့်ဖန်ဝူယာ မျက်လုံးချင်းအကြည်ဆိုက်နေသည်ကို သူမြင်ရသည်။ ဖန်ဝူယာကလည်း အတော်စိတ်ကြည်နူးနေဟန်ရှိသည်။

ခုနက 'စွမ်းအင်ထုတ်'ခံရဖို့ ဘေးခန်းထဲသို့ ဖန်ဝူယာဒရွတ်တိုက်ပါသွားခြင်းသည် ကိုယ်တိုင်ကလည်း ဆန္ဒရှိသောကြောင့်ဖြစ်ကြောင်း မုန်ကျင်းကျိုးသိသည်။

ဆန္ဒမရှိလျှင် သ့အရိယဖလစွမ်းအားဖြင့် ထွက်ပြေးလျှင်ရသည်။

...တစ်ကိုယ်တော်ဝိညာဉ်မြစ်ကို အားကျတယ်တဲ့လား။...ဟား...နေ့နှင့်ဦးပေါ့။ ကျုပ်မသေမျိုးတစ်ဝက်အဆင့်ရောက်မှ တစ်ကိုယ်တော်ကျိန်စာလက်သီးအစွမ်းကို ခင်ဗျားသိစေရမယ်..

နောက်ဆုံးတွင် နဂါးအိုအင်ပါယာ ဝင်လာသည်။

မွေးနေ့ရှင်ဝင်လာသဖြင့် ခန်းမထဲမှလူအားလုံး ပြိုင်တူထရပ်ကြသည်။ အသက်ရှည်ပါစေကြောင်း ဆုတောင်းပေးသည်။ သူတို့ဆု‌တောင်းသံက မိုးချုန်းသံလို လှိုင်းရိုက်သတ်လို ညံနေသည်။

အရှေ့ပင်လယ်မှ အဆင့်မြင့်ကျင့်ကြံသူအားလုံး ဤနေရာတွင်စုဝေး၍ ဂုဏ်ပြုနေခြင်းဖြစ်သည်။ အရှေ့ပင်လယ်တွင် နဂါးအိုအင်ပါယာတစ်ယောက်သာ ထိုလေးစားမှုမျိုး ခံယူနိုင်သည်။

အောင်းယာနှင့်ပင်လယ်တာအိုသခင်တို့သာ ချွင်းချက်အဖြစ်ရှိသည်။ သူတို့နှစ်ယောက်က နဂါးအိုထက် အဆင့်အတန်းမြင့်သဖြင့် အရိုအသေပေးဖို့မလို။

"ကောင်းပါပြီ ကောင်းပါပြီ။ ဒီအဘိုးကြီးကို ဒီလောက်အလေးထားဖို့မလိုပါဘူး"

နန်းတော်သခင်ထိုင်ခုံတွင် သူဝင်ထိုင်သည်။ မျက်နှာတွင် သဘောမနောကောင်းသည့်အပြုံးမျိုး ရှိနေသည်။ အားလုံးကို သက်တောင့်သက်သာထိုင်ဖို့ အချက်ပြသည်။

မွေးနေ့ဂုဏ်ပြုပွဲ၏ အရေးကြီးဆုံးအချက်က စိတ်သက်တောင့်သက်သာရှိဖို့ဖြစ်ကြောင်း ပြောသည်။

ကမာမျိုးနွယ် ငါးမျိုးနွယ် မိန်းကလေးများ ခန်းမအလယ်တွင် လှပစွာ ကပြဖျော်ဖြေသည်။ ကကွက်များက လှပသည်။ ပရိတ်သတ်အာရုံကို ဖမ်းစားနိုင်သည်။

အကပညာသည်လည်း ကျင့်ကြံနည်းတစ်ခုပင်ဖြစ်သည်။ ထိုအကပညာသုံး၍ တာအိုလမ်းစဉ်လိုက်စားသူ မရှိတော့မဟုတ်။ အရေအတွက်နည်းခြင်းဖြစ်သည်။

ယခုထိ အကပညာတွင် အမြင့်ဆုံးအဆင့်ထိ ကျွမ်းကျင်ထားသူမှာ ကျူးထန်ဖြစ်သည်။

ဤလောကထဲသို့ သူဝင်၍ နတ်ဆိုးနိုင်ငံကို တည်ထောင်ခဲ့ပြီးနောက်ပိုင်း အကတာအိုလိုက်စားသူ ပိုများလာသည်။

....

"ဒီပုလဲကနေထွက်ဖို့ တစ်ခြားဘာနည်းလမ်းမှ ရှာမရဘူး။ ရိုက်ခွဲလိုက်တာက အကောင်းဆုံးပါပဲ"

နတ်မယ်က ခပ်ဝင့်ဝင့်ရယ်မော၍ ပြောသည်။ နောက်ဆုံးတွင် သူအစောပိုင်းက အကြံပြုခဲ့သည့်နည်းလမ်းသာရှိတော့သည်။

တစ်ခြားရွေးချယ်စရာမရှိသဖြင့် လုယန် နတ်မယ်စကားကို လက်ခံလိုက်ရသည်။

....

မွေးနေ့ပွဲက အစီအစဉ်အတိုင်း ဆက်သွားသည်။ ရေထဲတွင် ကပြဖျော်ဖြေသည်။ ခရုသင်းမျိုးနွယ်က မသေမျိုးသံစဉ်ကို တီးမှုတ်သည်။

ရေကမာပညာရှင်များက နဂါးအို၏ဂုဏ်သရေကို ဖော်ကျူးသည့် ကဗျာလင်္ကာများရွတ်ဆိုသည်။ နဂါးမျိုးနွယ်အကြီးအကဲများက မူလအသွင်ပြောင်း၍ မှော်အစွမ်းအမျိုးမျိုးပြသသည်။

နဂါးအင်ပါယာငယ်စဉ်ကဆောင်ရွက်ခဲ့သည့် ကြိုးပမ်းအားထုတ်မှုများအကြောင်း သရုပ်ဖော်ပြဇာတ်ခင်းသည်။

နဂါးအိုအင်ပါယာ ဝိုင်ခွက်ကိုမြှောက်ရင်း ပျော်ရွှင်စွာရယ်မောနေသည်။ နှစ်နှစ်ထောင်လောက် ပြန်လည်နုပျိုသွားသလိုရှိသည်။

အောက်ဘက်တွင်ရှိနေသည့် အရှင်ဟေးယု အတော်နေရခက်နေသည်။ ထိုကြိုးပမ်းမှုများနောက်ကွယ်တွင် အများစုမသိကြသည့် လျှို့ဝှက်ဇာတ်လမ်းများ ရှိနေသောကြောင့်ဖြစ်သည်။

ထိုဇာတ်လမ်းများကို သူထုတ်ပြချင်နေသည်။ သို့သော် မွေးနေ့ပွဲဖြစ်၍ နဂါးအင်ပါယာက တစ်ခြာလူများကို ကြိမ်တုတ်ဖြင့်ရိုက်သည့်ဇာတ်လမ်းမျိုး ထုတ်ပြောလျှင် သင့်တော်မည်မဟုတ်။

အရှင်ရွှမ်ရွှေ့လည်း သူ့လိုပင် အနေရခက်နေသည်။

ပြဇာတ်သရုပ်ဖော်ပြီးဆုံးပြီးနောက် မွေးနေ့လက်ဆောင်ပေးသည့်အစီအစဉ် ရောက်လာသည်။

နဂါးအိုသည် ငယ်စဉ်က အတော်မြာပွေသူဖြစ်သည်။ သူ့သားသမီးများ သုံးဆယ်ထက်မနည်းရှိသည်။

ကျင့်စဉ်အဆင့်မြင့်လာလေ သားသမီးရဖို့ခက်ခဲလေဖြစ်ကြောင်း အားလုံးသိသည်။ နဂါးအိုလည်း ထိုသို့သာဖြစ်သည်။

ဥပမာ အောင်းယာအဖြစ်ကိုကြည့်နိုင်သည်။ ဖန်ဝူယာနှင့်တွဲခဲ့သည့်အချိန်က တစ်လလုံးလုံး အခန်းအောင်းခဲ့ကြဖူးသည်။ သို့သော် အောင်းယာ ကိုယ်ဝန်မရ။

"အ‌ဖေ၊ ဒါက မဟာရှားဆေးပညာရှင်ကို ကျုပ်ဖော်စပ်ခိုင်းထားတဲ့ အလှည့်ကိုးပါးဝိညာဉ်ဆေးလုံးပါ။ ခန္ဓာကိုယ်လည်ပတ်မှုကို မျှတစေတယ်။ ဝိညာဉ်နဲ့ခန္ဓာနှစ်ခုလုံးကို အားဖြည့်ပေးပါတယ်"

နဂါးနန်းတော်အိမ်ရှေ့မင်းသားက သေတ္တာထဲမှ ဆေးလက္ခဏာကိုးပါးပါဝင်သည့် ဆေးတစ်လုံးကို ထုတ်ပြသည်။ သေတ္တာဖွင့်လိုက်သည်နှင့် ဆေးနံ့က သင်းပျံ့လာသည်။ တကယ့်အံ့ဖွယ်ဆေးလုံးဖြစ်သည်။

"အဖေ၊ ဒါက ပင်လယ်ကြမ်းပြင် ငရဲချောက်နက်ထဲက ကျုပ်ယူလာတဲ့ ထာဝရရောင်စုံအမြဲစိမ်းပန်းပွင့်ပါ"

နဂါးနန်းတော်ဒုတိယမင်းသားက လက်ဆောင်ပေးသည်။ အမြဲစိမ်းပန်းပွင့်သည် ဘယ်တော့မှမညှိုးနွမ်း။ ထာဝရဖြစ်တည်မှုကို ကိုယ်စားပြုသည်။ အလွန်ကောင်းသည့် မွေးနေ့လက်ဆောင်ဖြစ်သည်။

သို့သော် ထိုပန်းသည် စုစည်းခြင်းအဆင့်သားရဲများပြည့်နေသည့် ငရဲချောက်နက်ထဲတွင်သာ ပေါက်သည်။ ထိုပန်းမျိုးကို ယူလာပေးခြင်းသည် နဂါးနန်းတော်ဒုတိယမင်းသား၏ ဖခင်အပေါ်အလေးထားမှုကိုပြသည်။

စုစည်းခြင်းအဆင့်တို့၏ လက်ဆောင်အများစုက ထိုလက်ဆောင်ကို ယှဉ်၍မရ။

"အမြဲစိမ်းပန်းပွင့်က အတော်လှတာပဲ"

ယန်ချီပြန်ဖြည့်ဖို့ အလှည့်ကိုးပါးဝိညာဉ်ဆေးကို စားနေရင်းမှ ဖန်ဝူယာက မှတ်ချက်ပေးသည်။

မုန်ကျင်းကျိုး ဖန်ဝူယာကိုတအံ့တဩလှမ်းကြည့်သည်။ ထိုဆေးမျိုးကို သွားလေရာ‌ဆောင်ထားသလားမသိ။

ဖန်ဝူယာက မသိမသာအရှိန်သပ်၍ မုန်ကျင်းကျိုးကို သိစိတ်အာရုံမှရှင်းပြသည်။

"ဒါကို ခုနကမှ လေဟာနယ်အရိယဖလစွမ်းအားနဲ့ ငါတို့ဂိုဏ်းကနေ ယူလိုက်တာပါ"

မုန်ကျင်းကျိုး ခေါင်းငြိမ့်သည်။

ထို့နောက် ဖန်ဝူယာက စားပွဲအောက်တွင် လေဟာနယ်စွမ်းအားဖြင့် ငရဲ‌ချောက်နက်သို့ တိုက်ရိုက်ရောက်သည့် လေဟာနယ်ဂိတ်တံခါးတစ်ခု လျှို့ဝှက်ဖန်တီးနေသည်ကို သူမြင်ရသည်။

အရောင်ငါးမျိုးပါသည့် အမြဲစိမ်းပန်းတစ်ပွင့်ကို ဆွဲယူသည်။

"မွေ့နေ့ပွဲပြီးရင် ရှောင်ယာကို ဒါလေးလက်ဆောင်ပေးမယ်"

သူ့မျက်နှာက အပျော်ရိပ်များပြည့်နေသည်။

မင်းသားများ မင်းသမီးများ နဂါးအကြီးအကဲများ စုစည်းခြင်းအဆင့်နဂါးမျိုးနွယ်များ လက်ဆောင်ကိုယ်စီပေးကြသည်။

ထို့နောက်တွင် ကူဖြတ်ခြင်းအဆင့်ဧည့်သည်များ လက်ဆောင်ပေးရမည့်အလှည့်ရောက်လာသည်။

ရထားသည့် လက်ဆောင်များထဲတွင် အောင်းရန်ပေးသည့် ဘိုးဘေးနဂါးမြက်ကို နဂါးအင်ပါယာသဘောအကျဆုံးဖြစ်သည်။

ကြည့်ချင်စိတ်ကို မထိန်းနိုင်ဘဲ အောင်းရန်ကို အမြန်ယူလာဖို့ သူပြောခဲ့သည်။

နဂါးအင်ပါယာသည် နဂါးဘိုးဘေးကို အလွန်ရိုသေလေးစားသည်။

နဂါးဘိုးဘေးစွမ်းအားရှင်အောင်းလင်း။ မသေမျိုးတစ်ဝက်အဆင့်များထဲတွင် စွမ်းအားအကြီးဆုံးဟု အများသိကြသည်။

အောင်းလင်းနှင့်ပတ်သက်သည့်အရာအားလုံးကို နဂါးအင်ပါယာတန်ဖိုးထားသည်။

နဂါးလက်သည်းပုံရှိသည့် နဂါးဘိုးဘေးမြက်ကို သူသေချာကြည့်သည်။ ရှေးဟောင်းခေတ်က ထိုမြက်ပင်ကို ကိုယ်တိုင်စိုက်ပျိုးခဲ့သည့် နဂါးဘိုးဘေးအောင်းလင်း၏ပုံရိပ်ကို မြင်ယောင်နေဟန်ရှိသည်။

"နဂါးအင်ပါယာ၊ ကျုပ်ဆီမှာလည်း နဂါးဘိုးဘေးနဲ့ပတ်သက်တဲ့ ပစ္စည်းတစ်ခုရှိပါတယ်"

တောင်သုံးလုံးအရှင်က သစ်သားသေတ္တာကို လက်နှစ်ဘက်ဖြင့်ကိုင်မြှောက်၍ ရိုရိုသေသေပြောသည်။

ပင်လယ်တာအိုသခင်ရောက်လာချိန်တွင် သူခဏတာရင်ထိတ်သွားခဲ့သည်။ သို့သော် လေဟာနယ်မသေမျိုးမြက်သည် မသေမျိုးတစ်ဝက်များအပေါ်မှာပင် သက်ရောက်မှုရှိကြောင်း ပြန်တွေးမိသဖြင့် စိတ်ပြန်တည်ငြိမ်လာသည်။

"ဪ...အဲဒါကလည်း ဘိုးဘေးနဲ့ဆက်စပ်နေတဲ့ပစ္စည်းလား။ ဘာပစ္စည်းလဲ"

နဂါးအို၏ စိတ်ဝင်စားမှု မြင့်တက်လာသည်။ ပင်လယ်မျိုးနွယ်နှင့် လူသားမျိုးနွယ်ကြားတွင် အမြဲတမ်းပဋိပက္ခဖြစ်ခဲ့သော်လည်း လူသားမျိုးနွယ်ခေါင်းဆောင်တောင်သုံးလုံးအရှင်ကိုတော့ သူလေးစားသည်။

နဂါးဘိုးဘေးသည့် အရှေ့ပင်လယ်မှ ဒဏ္ဍာရီပုဂ္ဂိုလ်ဖြစ်သည်။ သူ့ဩဇာက နတ်းဆိုးနယ်မြေမှ ကျန်းလျန်ယိထက်မနိမ့်။

အကြည့်အားလုံး တောင်သုံးလုံးအရှင်ဆီ လှည့်လာသည်။ သေတ္တာထဲမှပစ္စည်းကို မြင်ချင်ကြသည်။

အတွေ့အကြုံနုသည့် ယင်ကျိုးသခင်နှင့် ဖန်ကျန်းသခင် ရင်တထိတ်ထိတ်ဖြစ်နေသည်။

တောင်သုံးလုံးအရှင်က အနည်းငယ်ပြုံး၍ တည်ငြိမ်စွာပြောသည်။

"လက်ဆောင်တစ်ခုရဲ့ အရေးကြီးဆုံးအပိုင်းက ရင်ခုန်စိတ်လှုပ်ရှားရတာပဲလေ။ နဂါးအင်ပါယာကိုယ်တိုင် ဖွင့်ကြည့်လိုက်ပါလား"

"ကောင်းသားပဲ"

အနီးတွင်ရပ်နေသည့် အောင်းကွေ့အာက သေတ္တာကိုယူ၍ နဂါးအင်ပါယာလက်ထဲသို့ သွားပေးသည်။

အစီအစဉ်အောင်မြင်သလောက်ရှိပြီဟု တောင်သုံးလုံးအရှင် တွေးနေသည်။

သေတ္တာထဲတွင် နဂါးဘိုး‌ဘေးနှင့်ပတ်သက်သည့်ပစ္စည်း ဘာမှမရှိ။ နဂါးအင်ပါယာကိုယ်တိုင် သေတ္တာဖွင့်၍ လေဟာနယ်မသေမျိုးမြက်၏အဆိပ်သင့်သွားစေရန် ပရိယာယ်သုံးခြင်းသာဖြစ်သည်။

စိတ်လောနေသည့် နဂါးအင်ပါယာက သေတ္တာကိုအမြန်ဖွင့်သည်။

ဘုန်းခနဲ အသံတစ်ချက်ထွက်လာသည်။ တစ်ခုခုပေါက်ကွဲသွားသည့်အသံမျိုးဖြစ်သည်။ ထူထဲသည့်မီးခိုးများ သေတ္တာထဲမှ လိမ့်ထွက်လာသည်။ မြင်ကွင်းတစ်ခုလုံး မှုန်ဝါးသွားသည်။

လူနှစ်ယောက်ပေါ်လာသည်။ ထိုထဲမှတစ်ယောက်ကို မြင်ရချိန်တွင် နဂါးအင်ပါယာ မင်သက်မိသွားသည်။ စိတ်လှုပ်ရှားလွန်းသဖြင့် အတော်ကြာအောင် သူစကားမပြောနိုင်။

ရင်ဘတ်ကိုဖိလျက် မျက်ဖြူဆိုက်ပြီး သတိလစ်မတတ်ဖြစ်နေသည်။

တောင်သုံးလုံးအရှင်က မသေမျိုးမြက်အဆိပ်ကို ခုခံရန် ကျင့်စဉ်စွမ်းအားကို လည်ပတ်သည်။ မသေမျိုးမြက်အဆိပ်က ထိုမျှပြင်းထန်မည်ဟု ထင်မထား။ ဝိညာဉ်အာရုံကိုပင် ပိတ်ဆို့တားဆီးနိုင်သည်။

အေးစက်စက်ပြုံး၍ နဂါးအင်ပါယာဆီ တိုးကပ်သွားသည်။

"နဂါးအင်ပါယာ၊ ကျုပ်ယူလာတဲ့ အထူးလက်ဆောင်ကို သဘောကျရဲ့လား"

"ကျ...ကျတာပေါ့"

"အခု စိတ်ထဲမှာဝေဝါးနေသလို၊ ခင်ဗျားဝိညာဉ်မတည်မငြိမ်ဖြစ်နေသလို၊ ပုံရိပ်ယောင်တွေမြင်နေရသလို ခံစားရလား"

"အင်း"

တောင်သုံးလုံးအရှင်မျက်နှာတွင် အောင်နိုင်သူအပြုံးမျိုးရှိနေသည်။ သို့သော် အနားသို့ရောက်ချိန်တွင် သူ့အပြုံးများရုတ်တရက် ရပ်တန့်သွားသည်။

မီးခိုးများကြားမှ လူနှစ်ယောက်ကို သူမြင်ရသည်။

မီးခိုးများပျောက်ကွယ်သွားချိန်တွင် အောင်းလင်းနှင့်လုယန်တို့၏ရုပ်သွင် ထင်ထင်ရှားရှားပေါ်လာသည်။

တောင်သုံးလုံးအရှင် ကျောက်ရုပ်လိုဖျက်သွားသည်။ မျက်လုံးများ ငေးကြောင်နေသည်။

နဂါးမျိုးနွယ်ဘိုးဘေးက ဒီမှာဘာလို့ရှိနေတာလဲ...

ငါပါ အဆိပ်မိသွားတာများလား...

***********************************

All Chapters