အောင်းလင်းပေါ်လာပြီ
Vol. 53 Ch. 790
"နဂါးဘိုးဘေးလား"
မွေးနေ့ပွဲတက်လာသည့် ဧည့်သည်များအားလုံး နဂါးအင်ပါယာရှေ့တွင် အသံတိတ်ရပ်နေသည့် ဝတ်ရုံနက်မိန်းမလှကိုကြည့်၍ ပြိုင်တူဆတ်ခနဲထရပ်မိကြသည်။ မျက်လုံးများ ပေါက်ထွက်မတတ် ပြူးကျယ်ဝိုင်းစက်နေသည်။ သူတို့မျက်နှာတွင် အံ့ဩရိပ်များ အထင်းသာပေါ်နေသည်။
နာမည်ကျော်ပင်လယ်မျိုးနွယ်ဝင်တစ်ချို့ အံ့ဩလွန်းသဖြင့် လူသားအသွင်ကို ထိန်းမထားနိုင်ကြတော့။ တဝုန်းဝုန်းအသံမည်လျက် မူလအသွင်ပြန်ရောက်သွားကြသည်။ ကြီးမားသည့်သူတို့အရွယ်အစားကြောင့် နဂါးနန်းတော် ချက်ချင်းပြည့်ကြပ်သွားသည်။
အရှေ့ပင်လယ်တွင် အောင်းလင်း၏ နာမည်ဂုဏ်သတင်းက ကျော်ကြားသည်။ သူ့ပုံတူပန်းချီးများလည်း နေရာစုံသို့ ပျံ့နှံ့သည်။
စားသောက်ပွဲတက်ခွင့်ရသူများသည် အရှေ့ပင်လယ်၏ အထင်ကရပုဂ္ဂိုလ်များဖြစ်သည်။ အောင်းလင်း၏ ပုံတူပန်းချီကို အားလုံးမြင်ဖူးကြသည်။
နောက်ခံတောင့်တင်းသည့် တစ်ချို့ပင်လယ်မျိုးနွယ်တို့တွင် သူတို့၏မသေမျိုးတစ်ဝက်အဆင့်ဘိုးဘေးများကို အောင်းလင်းက အနိုင်ယူခဲ့သည့် မှတ်တမ်းများပင် ရှိသည်။
ဖီးနစ်ဘိုးဘေးကလည်း သူနှင့်နဂါးဘိုးဘေးသည် ချီလင်မသေမျိုး၏ ဇနီးများဖြစ်ကြောင်း နတ်ဆိုးနိုင်ငံတည်ပွဲတော်တွင် ကြေညာခဲ့သည်။
ထိုနှစ်ထပ်ကွမ်းဂုဏ်ပုဒ်အဆင့်အတန်းကြောင့် အားလုံးအံ့ဩပြီးရင်း အံ့ဩခဲ့ရသည်။
"ဘုရားရေ..သူက ရှေးဟောင်းပန်းချီကားထဲပုံစံနဲ့ ချွတ်စွပ်ပဲ။ နဂါးဘိုးဘေးအစစ်ပဲ"
"နဂါးဘိုးဘေးက ဒီနေရာမှာ ဘယ်လိုပေါ်လာနိုင်မှာလဲ"
"တောင်သုံးလုံးအရှင်ပြောတဲ့ နဂါးမျိုးနွယ်ဘိုးဘေးနဲ့ ပတ်သက်နေတယ်ဆိုတဲ့ပစ္စည်းက ဒါလား"
"ပတ်သက်တယ်ဆိုတာထက်ကိုပိုပါတယ်ကွာ"
"ငါတို့အရှေ့ပင်လယ်ရဲ့ လူသားမျိုးနွယ်ခေါင်းဆောင်ပီသတယ်။ နှစ်သုံးသိန်းကြာအောင်ပျောက်ကွယ်နေတဲ့ နဂါးဘိုးဘေးကို သူတကယ်တွေ့အောင်ရှာနိုင်ခဲ့တာပဲ"
"ရှေးဟောင်းခေတ်က ကျင့်ကြံသူတွေ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာတယ်။ မဟာကပ်က တကယ်ရောက်လာပြီပဲ"
ထိုချီးကျူးစကားသံများကြောင့် ယင်ကျိုးသခင်နှင့် ဖန်ကျန်းသခင်တို့ နားမလည်နိုင်အောင်ဖြစ်နေသည်။ ကိုယ့်ပါးကိုယ်ရိုက်သည်။ ထို့နောက်ပြန်ကြည့်သည်။
နဂါးဘိုးဘေးက မူလနေရာတွင် ရပ်နေဆဲဖြစ်သည်။
လေဟာနယ်မသေမျိုးမြက်၏ အဆိပ်အာနိသင်က စွမ်းအားကြီးလွန်းလှသည်။ ကျင့်စဉ်စွမ်းအားလည်ပတ်ထားသည့် သူတို့သည်ပင် အဆိပ်သင့်သည်။
သစ်သားသေတ္တာကိုမဖွင့်မီက နဂါးအင်ပါယာ အမျိုးမျိုးတွေးခဲ့သည်။ ထိုမျှသေးငယ်သည့် သေတ္တာထဲတွင် ဘယ်လိုပစ္စည်းမျိုးရှိနေမည်ကို ခန့်မှန်းခဲ့သည်။
သို့သော် သေတ္တာထဲတွင် ဘိုးဘေးကိုယ်တိုင်ရှိနေမည်ဟုတော့ လုံးဝမတွေးခဲ့မိ။
"ကျုပ်တို့ဘယ်ကိုရောက်လာတာလဲ"
ဧည့်သည်များသာမဟုတ်။ လုယန်လည်း အံ့အားသင့်နေသည်။
လူပေါင်းများစွာရှိနေသည်။ သူ့ရှေ့တွင် သတိလစ်မတတ်စိတ်လှုပ်ရှားနေသည့် နဂါးအဘိုးအိုတစ်ယောက်လည်းရှိသည်။
မဟုတ်သေးဘူး...ဒါက နဂါးအင်ပါယာရဲ့ မွေးနေ့ပွဲလား...
မွေးနေ့ကျင်းပချိန်နှင့်လည်း ကွက်တိကျမည်ထင်သည်။
"အား...နွမ်းခြောက်နေတဲ့ လေဟာနယ်မသေမျိုးမြက်က ဒီမှာဘယ်လိုလုပ်ရှိနေတာလဲ"
သိစိတ်နယ်မြေမှ ထာဝရနတ်မယ်၏အသံ ပေါ်လာသည်။
"လေဟာနယ်မသေမျိုးမြက်ဆိုတာဘာလဲ"
"ပုံရိပ်နယ်မြေတွေနဲ့ စိတ်ကိုလှည့်စားဖို့သုံးတဲ့ ဆေးပင်ပါ။ သူ့အာနိသင်က သိပ်မပြင်းပါဘူး။ ငါချက်တဲ့ဟင်းတွေ ပန်းကန်ထဲထည့်တဲ့အခါမှပဲ ဒီမြက်ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ သုံးတာ"
ဟင်းပွဲပြင်ဆင်ရာတွင် နတ်မယ်က စေ့စပ်သေချာသည်။ အရောင်၊ အနံ့နှင့် အရသာကို မျှတအောင်ဖန်တီးသည်။
နတ်မယ်လေသံက ပုံမှန်အတိုင်းရှိနေသဖြင့် ထိုမြက်ပင်သည် နာမည်ကြီးပြီး အာနိသင်သိပ်မရှိသည့် ဆေးပင်တစ်မျိုးဖြစ်မည်ဟု တွေးလိုက်သည်။
"ဖူး.."
မြင်းနဂါးမျိုးနွယ်ကိုယ်စားပြုအဖြစ် မွေးနေ့ပွဲလာတက်သည့်လောင်မာ လုယန်ကိုမြင်သည်နှင့် သရဲတစ်ကောင်တွေ့လိုက်သလို ခံစားရသည်။
''ငါအဝေးကိုရောက်နေတဲ့အချိန် ဘာတွေဖြစ်ကုန်တာလဲ..
ပြီးခဲ့တဲ့တစ်လကမှ မြင်းနဂါးမျိုးနွယ်ကနေ မင်းထွက်သွားတာ။ အခုဘာလို့ နဂါးဘိုးဘေးနဲ့အတူ ရပ်နေတာလဲ...
လောကအတွေ့အကြုံရင့်ကျက်သည့် အောင်းလင်းက ချက်ချင်းအသိပြန်ဝင်လာသည်။ လုယန်ကို ဦးညွှတ်အရိုအသေပြု၍ပြောသည်။
"ကျွန်မကို အိပ်ပျော်နေရာက နှိုးပေးခဲ့တဲ့ တာအိုမိတ်ဆွေလေးကို ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ ကောင်းကင်ရုံးတော်ကိုဝင်ဖို့ ရှင်ဆန္ဒရှိသလား"
လုယန်လည်း ယဉ်ကျေးမှုအရ ပြန်အရိုအသေပေးသည်။ သို့သော် သူ့ဆုံးဖြတ်ချက်က ခိုင်မာသည်။
"ဘိုးဘေးအောင်းလင်း စေတနာနဲ့ကမ်းလှမ်းတဲ့တာကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တာအိုလမ်းစဉ်ဂိုဏ်းသားဖြစ်တဲ့ ကျုပ်အနေနဲ့ တစ်ခြားဘယ်အဖွဲ့အစည်းကိုမှ ဝင်ဖို့မဖြစ်နိုင်ပါဘူး"
"တကယ်စိတ်မကောင်းစရာပဲ"
သူတို့နှစ်ယောက် ပုံမှန်အတိုင်းပြောလိုက်သည့်စကားကြောင့် နားထောင်နေသူများ အတွေးအမျိုးမျိုး ဖြစ်ပေါ်လာသည်။
"ဪ လက်စသတ်တော့ နဂါးဘိုးဘေးက ဖီးနစ်ဘိုးဘေးလိုပဲ ကောင်းကင်ရုံးတော်အဖွဲ့ဝင်ကိုး"
"နဂါးနဲ့ဖီးနစ်ဘိုးဘေးနှစ်ယောက်လုံး ကောင်းကင်ရုံးတော်အဖွဲ့ဝင်တွေလား။ သူတို့က မသေမျိုးဖြစ်နိုင်ခြေရှိတဲ့လူတွေလို့ကြားတယ်။
သူတို့အဆင့်မတက်သေးတာ အံ့ဩစရာပဲ။ ဒါဆို ကောင်းကင်ရုံးတော်က ဘယ်လောက်စွမ်းအားကြီးမယ်မသိဘူး"
"နဂါးဘိုးဘေးက နှစ်တွေအကြာကြီး အိပ်နေခဲ့တာ။ သူ့ကို လုယန်က နှိုးခဲ့တာလား"
အောင်းလင်းကိုမြင်လိုက်ရသဖြင့် ဖန်ဝူယာအံ့အားသင့်နေသည်။ လုယန်က အောင်းလင်းဘေးတွင်ရပ်နေသည်ကိုမြင်ရချိန်တွင် ပို၍ပင်အံ့အားသင့်သွားသည်။
လေဟာနယ်စွမ်းအားသုံး၍ လုယန်၏အင်္ကျီကော်လာကိုလှမ်းဆွဲပြီး သူ့ဘေးသို့ချက်ချင်းခေါ်သည်။
"မင်းဘာတွေဖြစ်ခဲ့တာလဲ ကောင်လေး"
လုယန်က အရိုးခံမျက်နှာဖြင့်
"ကျုပ်ဘာမှမလုပ်ဘူး။ နဂါးပုလဲက ကျုပ်ကိုဆွဲခေါ်သွားတာ။ ပုလဲထဲမှာ နဂါးမျိုးနွယ်ဘိုးဘေးအိပ်နေတာတွေ့လို့ ကျုပ်နှိုးခဲ့တာပါ"
ဖန်ဝူယာ လုယန်နဖူးကို ပုတ်လိုက်သည်။
"မင်းတကယ်အတင့်ရဲတာပဲ။ နိုးလာတဲ့အချိန် သူဒေါသထွက်မနေတာ ကံကောင်းသွားတယ်။ မဟုတ်ရင် သူနှာတစ်ချက်ချေတာနဲ့ မင်းသေသွားမှာ"
"နောက်မလုပ်ရဲပါဘူး။ မလုပ်ရဲတော့ပါဘူး"
လုယန်က ပြုံး၍ အလိုက်သင့်ပြောသည်။
"နဂါးမျိုးနွယ်ကလောင်စန်း ရှေးဘိုးဘေးကို ဂါရဝပြုပါတယ်"
နဂါးအင်ပါယာ အမြန်ထရပ်၍ အောင်းလင်းရှေ့တွင် ဒူးထောက်သည်။
အောင်းယာလည်း ဒူးထောက်အရိုအသေပြုသည်။
အောင်းရှို့ဟုခေါ်သည့် နောက်ထပ်နဂါးမျိုးနွယ် ကူးဖြတ်ခြင်းအလတ်တန်းဆင့်တစ်ယောက် ရှိသေးသည်။
သူသည် ဒုတိယနဂါးနန်းတော်သခင်ဖြစ်သည်။ နတ်းဆိုးနိုင်ငံတည်ပွဲတော်တွင် အောင်းလီတို့ကို ဦးခေါင်ခေါ်လာသူဖြစ်သည်။
နတ်ဆိုးနိုင်ငံတည်ပွဲတော်တွင် ဖီးနစ်ဘိုးဘေးကိုမြင်၍ သူအံ့ဩခဲ့သည်။ ယခု နောက်ခြောက်လအကြာတွင် သူတို့၏နဂါးမျိုးနွယ်ဘိုးဘေးကို မြင်ရပြန်သည်။
"နဂါးမျိုးနွယ်ကအောင်းရှို့ ဘိုးဘေးကိုဂါရဝပြုပါတယ်"
နဂါးမျိုးနွယ်တွင် ကူးဖြတ်ခြင်းအဆင့်သုံးယောက်သာရှိသည်ကို မြင်ရသဖြင့် အောင်းလင်း မျက်မှောင်နည်းနည်းကျုံ့သွားသည်။
"အခုလက်ရှိ နဂါးမျိုးနွယ်မှာ မသေမျိုးတစ်ဝက်အဆင့် တစ်ယောက်မှမရှိကြဘူးလား"
နဂါးအိုအင်ပါယာ ရှက်စိတ်ကြောင့် စကားစရှာမရဖြစ်သွားသည်။ ဘယ်လိုပြန်ဖြေရမှန်းမသိတော့။
အရိယဖလသန္ဓေတည်ဆောက်ဖို့ဆိုသည်မှာ လွယ်သည့်ကိစ္စမဟုတ်။
ထိုစဉ် ပင်လယ်မျိုးနွယ်ရော လူသားမျိုးနွယ်များပါ သံပြိုင်အော်ဟစ်၍ ဂါရဝပြုကြသည်။
"အကြီးအကဲအောင်းလင်းကို ဂါရဝပြုပါတယ်"
အားလုံး ဒူးထောက်နေသည်။ သူတို့အော်သံက ဟိန်းထွက်နေသည်။
တောင်သုံးလုံးအရှင် စိတ်ကိုတည်ငြိမ်အောင်ထိန်းသည်။ တစ်ခြားလူများနည်းတူ ကြမ်းပြင်ပေါ်ဒူးထောက်၍ အောင်းလင်းကို ဦးညွှတ်အရိုအသေပြုသည်။
ရုတ်တရက် သူ့ရှေ့မှ ခြေတစ်စုံကို မြင်ရသည်။ သူမော့ကြည့်သည်။ အောင်းလင်းသူ့ရှေ့သို့ ဘယ်အချိန် ရောက်လာမှန်းမသိ။
အောင်းလင်းက တောင်သုံးလုံးအရှင်ကို မျက်လုံးမှေးစင်း၍ စိုက်ကြည့်နေသည်။ သူ့မျက်လုံးသူငယ်အိမ်များက ရွှေရောင်နဂါးမျက်လုံးများအဖြစ် ပြောင်းလဲသွားသည်။
အေးစက်စက်အပြုံးမျိုး ထွက်ပေါ်နေသည်။
"ခုနက ငါမြင်တာမမှားရင် ငါရောက်လာတဲ့အချိန်မှာ နင်ကဝိညာဉ်ခွာပြီး ငါ့မျိုးနွယ်ဝင်ကို ပူးကပ်ဖို့ ပြင်နေတာမဟုတ်လား"
တောင်သုံးလုံးအရှင် လျှို့ဝှက်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ အောင်းလင်းကိုမြင်သည်နှင့် သူချက်ချင်းရပ်ခဲ့သည်။ သူ့လုပ်ရပ်ကို ဘယ်သူမှမရိပ်မိဟု ထင်ခဲ့သည်။
သို့သော် တစ်ခြားလူများကိုသာ အရူးလုပ်၍ရမည်။ ရှေးဟောင်းခေတ်အတွင်း ဉာဏ်ရည်ထူးခြားပြီး တိုက်ပွဲအတွေ့အကြုံများစွာရှိခဲ့သည့် အောင်းလင်းကို လှည့်စား၍မရ။
ရှေးဟောင်းခေတ်သည် ယနေ့ခေတ်ထက် များစွာပိုရှုပ်ထွေးသည်။ ပူးကပ်သည့်ကိစ္စများ မကြာခဏဖြစ်သည်။
"ဘယ်လို"
အောင်းလင်းစကားကြောင့် လူအုပ်ကြီး လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ တောင်သုံးလုံးအရှင်ထံ အကြည့်များစုပြုံကျလာသည်။
ဉာဏ်ရည်နည်းနည်းနိမ့်သူများက အခြေအနေကိုပင် သဘောမပေါက်ကြ။
တောင်သုံးလုံးအရှင်မျက်နှာတွင် အူကြောင်ကြောင်အမူအရာမျိုးပေါ်နေသည်။ အောင်းလင်းစကားကို နားမလည်သည့်ပုံစံမျိုးဖြစ်သည်။
"အကြီးအကဲအောင်းလင်း၊ ကျုပ်အပေါ် တစ်ခုခုအထင်မှားနေတာလား"
အောင်းလင်း နှာခေါင်းတစ်ချက်ရှုံ့သည်။ တောင်သုံးလုံးအရှင်၏အခြေအနေကို တစ်ချက်ကြည့်ရုံဖြင့် သူထိုးထွင်းမြင်သည်။
"အထင်မှားတယ်တဲ့လား။ ဒါဆို နင်ရှင်းပြပါဦး။ ယုံကြည်မှုစွမ်းအားနဲ့ တည်ဆောက်ထားတဲ့ အရိယဖလသန္ဓေက နင့်ကိုယ်ထဲမှာ ဘာလို့ရှိနေတာလဲ"
တောင်သုံးလုံးအရှင်တွင် အရိယဖလသန္ဓေရှိကြောင်း သိလိုက်ရသဖြင့် ပင်လယ်မျိုးနွယ်ရော လူသားမျိုးနွယ်များပါ အံ့ဩသွားကြသည်။
"နဂါးဘိုးဘေး ဘာပြောသွားတာလဲ။ တောင်သုံးလုံးအရှင်မှာ အရိယဖလသန္ဓေရှိတယ်တဲ့။ ဒါဆိုသူက မသေမျိုးတစ်ဝက်အဆင့်ကို ရောက်နေတဲ့သဘောလား"
"ဒါဆိုရင်တော့သူက နှစ်တစ်သိန်းအတွင်း အရှေ့ပင်လယ်ရဲ့ ပထမဆုံးမသေမျိုးတစ်ဝက်ဖြစ်လိမ့်မယ်"
အောင်းလင်းဆက်ပြောသည်။
"ဒီလောက်အပေါစားဆန်တဲ့ အရိယဖလတည်ဆောက်နည်းကို နင်ဘယ်ကသင်ထားလဲ ငါမသိဘူး။ အခု ယုံကြည်မှုစွမ်းအားတွေက နင့်ကိုယ်ထဲကို နက်နက်ရှိုင်းရှိုင်းစိမ့်ဝင်နေပြီမဟုတ်လား။
နင့်ရုပ်ခန္ဓာကိုယ် မထိန်းချုပ်နိုင်တဲ့အချိန်တွေ များနေပြီထင်တယ်။ ဒီတော့ နင့်ကိုယ်နင်ကယ်တင်ဖို့ ပူးကပ်ဖို့နည်းလမ်းအပြင် တစ်ခြားနည်းလမ်းမရှိတော့ဘူးလေ"
အရင်က ယုံကြည်မှုစွမ်းအားအကြောင်း အောင်းလင်းသိပ်မသိပါ။ သို့သော် မီးနိုင်ငံသည် ယုံကြည်မှုစွမ်းအားကို အခြေခံ၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
မီးနိုင်ငံတွင် နှစ်နှစ်သောင်းကြာအောင်နေခဲ့ပြီးနောက် ထိုစွမ်းအားအသုံးပြုပုံကို သူကောင်းကောင်းနားလည်လာသည်။
"နဂါးဘိုးဘေးက ယုံကြည်မှုစွမ်းအားအကြောင်း ဒီလောက်နားလည်နေမယ်လို့ ထင်မထားဘူး"
တောင်သုံးလုံးအရှင်မျက်လုံးတွင် ရက်စက်သည့်အရိပ်အယောင်များပေါ်လာသည်။ မျက်နှာက တင်းမာခက်ထန်လာသည်။
အခြေအနေတစ်ခုချင်း အောင်းလင်းသုံးသပ်ပြသည်ကို သူနားထောင်နေခဲ့သည်။ ဆက်ဟန်ဆောင်နေ၍ မရတော့ကြောင်း နားလည်သွားသည်။
"အစက ဘယ်သူမှမသိအောင် နဂါးအိုအင်ပါယာကို ကျုပ်ပူးကပ်ပြီး အရှေ့ပင်လယ်တစ်ခုလုံးကို ထိန်းချုပ်ဖို့ တွေးခဲ့တာပါ။
အခု ခင်ဗျားက ကျုပ်ကိုဒီအခွင့်အရေးမပေးမှတော့ ကျုပ်စွမ်းအားသုံးတာ အပြစ်မတင်နဲ့ပေါ့"
သူနဂါးအိုကိုပူးကပ်သည့်ကိစ္စ လူသိမခံချင်ခဲ့။ နောက်ဆက်တွဲပြဿနာများ ရှုပ်ထွေးလာမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
သို့သော် သူတိုက်ခိုက်နိုင်စွမ်းမရှိ၍မဟုတ်။
လုယန် ပင်လယ်တာအိုသခင်ဘေးတွင် အပိုးကျိုးကျိုးထိုင်ရင်း တွေးနေသည်။ သူသာ တောင်သုံးလုံးအရှင်လောက်စွမ်းအားရှိလျှင် သူဦးညွှတ်ပူဇော်လိုက်သည်နှင့် တောင်သုံးလုံးအရှင် သွေးအန်လောက်မည်ထင်သည်။
********************************