နတ်ဝိညာဉ်အဆင့်ဖြင့် မသေမျိုးတစ်ဝက်ကို ဆန့််ကျင်သည်
Vol. 53 Ch. 791
"ဘိုးဘေး၊ ကျုပ်ကိုကူညီပါဦး"
လုယန် သိစိတ်အသံလှိုင်းမှ ဖန်ဝူယာကိုလှမ်းပြောသည်။
အားလုံးက အောင်းလင်းနှင့် တောင်သုံးလုံးအရှင်ကိုသာ အာရုံစိုက်နေကြသည်။ နတ်ဝိညာဉ်အဆင့်ရှေးဟောင်းစွမ်းအားရှင်ကို သတိမထားမိကြ။
ကောင်းကင်ရုံးတော်အကြောင်း ယွမ်ကျိထံမှ ဖန်ဝူယန်သိထားပြီးဖြစ်သည်။
"ငါမင်းကို တစ်ကြိမ်ကာကွယ်မယ်လို့ ကတိပေးထားခဲ့တော့ မင်းစိတ်ကြိုက် လှုပ်ရှားလို့ရပါတယ်။ ဘာမှမဖြစ်စေရဘူး"
လုယန်က ဖန်ဝူယာကို လေဟာနယ်လမ်းကြောင်းတစ်ခုဖြင့် အဝေးသို့လျှို့ဝှက်ပို့ဆောင်ပေးရန် အကူအညီတောင်းသည်။ ရည်ရွယ်ထားသည့်နေရာသို့ရောက်ချိန်တွင် သစ်ပင်စိုက်ပညာဖြင့် ကိုယ်ပွားတစ်ခုဖန်တီးသည်။
ဂိုဏ်းသခင်လေးလုအဖြစ် ရုပ်ဖျက်၍ ပွဲဝင်ရန်ပြင်ဆင်သည်။
သူသုံးသည့်ရုပ်ဖျက်မျက်နှာဖုံးသည် ဂိုဏ်းသခင်လုအဖြစ် သူပထမဆုံးသရုပ်ဆောင်ချိန်တွင် ကူးဖြတ်ခြင်းအဆင့် တိကျန်းမျိုးနွယ်အကြီးတစ်ယောက်က ပေးခဲ့ခြင်းဖြစ်သည်။
မသေမျိုးတစ်ဝက်အဆင့်စွမ်းအားမရှိဘဲ သူ့သရုပ်မှန်ကို ဘယ်သူမှထိုးထွင်းမမြင်နိုင်။
...
အသိခက်သည့် စကားသံတစ်ခု နဂါးနန်းတော်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။
"ဪ...မသေမျိုးတစ်ဝက်အဆင့်လောက်နဲ့ ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ တော်ဝင်ကာကွယ်သူကို စိန်ခေါ်ရဲတယ်ပေါ့။ ငါတို့ကောင်းကင်ရုံးတော်ကို ရန်စဖို့ အဲလောက်လွယ်တယ်ထင်နေတာလား"
ဖန်ဝူယာ၏ အကူအညီကြောင့် လုယန်အသံက လေဟာနယ်ကိုဖြတ်သန်း၍ နဂါးနန်းတော်ထဲတွင် အကြိမ်ကြိမ်ပဲ့တင်ထပ်သွားသည်။
ထိုအသံလှိုင်းပညာသည် မသေမျိုးတစ်ဝက်အဆင့်ပညာရပ်တစ်ခုဖြစ်သည်။ အသံရင်းမြစ်၏ တည်နေရာကို ဘယ်သူမှအာရုံမခံနိုင်။
"ကောင်းကင်ရုံးတော်တဲ့"
"ကောင်းကင်ရုံးတော်ကလူပဲ"
လူသားမျိုးနွယ်ရော ပင်လယ်မျိုးနွယ်များပါ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
အောင်းလင်းနိုးထလာသည်နှင့် ကောင်းကင်ရုံးတော်ကလူ ရောက်လာသည်။ တုံ့ပြန်မှုက မယုံနိုင်အောင်မြန်ဆန်သည်။ အောင်းလင်းနှင့် ချိတ်ဆက်မှုတစ်မျိုး ဖန်တီးထားခြင်းဖြစ်မည်။
လေဟာနယ်လမ်းကြောင်းတစ်ခုပွင့်သွားပြီး တစ်ခြားတစ်ဘက်မှ လူတစ်ယောက်လှမ်းထွက်လာသည်။
အချိန်အတော်ကြာ ပျောက်ဆုံးနေသည့် ဂိုဏ်းသခင်လေးလုဖြစ်သည်။
ခါးတွင် ဓားတစ်လက်ချိတ်ထားသည်။ သူ့အပြုံးက နွေဦးလေပြေလို ညင်သာသည်။ တည်ကြည်ခံ့ညားမှုကလည်း လျော့ပါးမသွား။
လေဟာနယ်ဂိတ်တံခါးအတွင်းသို့ သူနောက်လှည့်ဦးညွှတ်သည်။
"ကူညီပေးတာ ကျေးဇူးတင်ပါတယ်ဦးလေး။ ဒီလောက်ဆိုရပါပြီ"
ထို့နောက် ဂိတ်တံခါးပိတ်သွားသည်။ နောက်ထပ် ကာကွယ်သူတစ်ယောက်မှထွက်မလာ။ ဤသခင်လေး၏လုံခြုံရေးကို စိတ်ပူပုံမရ။ သို့မဟုတ်...သခင်လေးအပေါ် ယုံကြည်မှုအပြည့်ရှိကြ၍လည်း ဖြစ်နိုင်သည်။
သခင်လေးလု
"ဖန်လိုင်ကျွန်းသခင် တောင်သုံးလုံးအရှင်လား"
သူ့နှုတ်ခမ်းတွင် အေးစက်စက်တွန့်ပြုံးတစ်ခုပေါ်လာသည်။ မျက်လုံးများ အနည်းငယ်မှေးစင်းသွားသည်။
"ယုံကြည်မှုစွမ်းအားနဲ့ တည်ဆောက်ထားတဲ့ အရိယဖလသန္ဓေလေးပဲ။ ဒါလေးနဲ့ ဒီမှာအော်ကြီးဟစ်ကျယ်လုပ်ရဲတယ်ပါ့။ မင်းလို ပိုးကောင်မွှားကောင်လောက်ကတော့ ငါ့ညီမကိုယ်တိုင် လှုပ်ရှားစရာမလိုဘူး။ သူ့ကိုယ်စား ငါတိုက်ခိုက်ရင်တောင်ရတယ်"
ထိုသို့ပြောရင်း ထီမထင်သည့်အမူအရာဖြင့် လေဟာနယ်တစ်နေရာသို့ လှမ်းကြည့်နေသည်။
တောင်သုံးလုံးအရှင် မျက်နှာတင်းသွားသည်။ ကြားထားသည့်သတင်းအရ ကောင်းကင်ရုံးတော်ဂိုဏ်းကို ကောင်းကင်ပဲဝါအရှင်နှင့်ဂိုဏ်းချုပ်ယွမ်က အုပ်ချုပ်သည်။ သူမယှဉ်နိုင်သည့် မသေမျိုးနှစ်ယောက်ဖြစ်သည်။
သို့သော်ယခု တစ်ဘက်လူက ဂိုဏ်းသခင်လေးဖြစ်သော်လည်း နတ်ဝိညာဉ်အဆင့်ကျင့်စဉ်စွမ်းအားလောက်ဖြင့် သူ့လိုမသေမျိုးတစ်ဝက်အဆင့်ကို ရင်ဆိုင်မည်ဟု ကြွေးကြော်နေသည်။
တောင်သုံးလုံးအရှင် ဒေါသတကြီးအော်ရယ်သည်။
"ဒါဆိုလည်း ရှေးဟောင်းကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ ပညာတွေကို ကျုပ်လေ့လာခွင့်ရ-"
သူ့စကားမဆုံးမီ ဂိုဏ်းသခင်လုက လက်အုပ်ချီ၍ သူ့ကိုလေးလေးစားစားရှိခိုးလိုက်သည်။ တောင်သုံးလုံးအရှင်မျက်နှာ ဖြူရော်သွားသည်။ သူ့လည်ချောင်းထဲမှ သွေးများလှိမ့်တက်လာသည်။
"ဝေါ့.."
တောင်သုံးလုံးအရင် သွေးတစ်ပွက်အန်ထွက်လာသည်။ ဘေးပတ်လည်မှ ပင်လယ်ရေများ နီရဲသွားသည်။
နောက်သို့ခြေနှစ်လှမ်းယိုင်သွားပြီး လုယန်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေသည်။
နတ်ဝိညာဉ်အဆင့်တစ်ယောက်က ဦးခိုက်သည်။ မသေမျိုးတစ်ဝက်အဆင့်က သွေးအန်သည်။
ထိုမြင်ကွင်းကိုကြည့်၍ လူအုပ်ကြီး မှင်သက်မိသွားသည်။ သူတို့နားလည်ထားသမျှ ကျင့်စဉ်ဗဟုသုတများ ပြောင်းပြန်လန်သွားသည်။
"ဒါဘယ်လိုပညာမျိုးလဲ"
ပင်လယ်တာအိုသခင်ပင် အမူအရာပျက်နေသည်။ ဘယ်လိုပညာမျိုးမှန်းမသိ။ ရှိခိုးရုံဖြင့် တစ်ဘက်ရန်သူ သွေးအန်သည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ။ နတ်ဝိညာဉ်အဆင့်က မသေမျိုးတစ်ဝက်အဆင့်ကို သွေးအန်အောင်လုပ်နိုင်တယ်ပေါ့။ သူဘယ်လိုလုပ်လိုက်တာလဲ"
"မင်းကိုယ်တိုင်မြင်တာပဲမဟုတ်လား။ ဘာကိုမယုံနိုင်ဖြစ်နေသေးတာလဲ"
"နောက်ကွယ်မှာ ကောင်းကင်ရုံးတော်က အဆင့်မြင့်စွမ်းအားရှင်တစ်ယောက် ရှိနေတာများလား"
"မဖြစ်နိုင်ဘူး။ တစ်ခြားအကြောင်းရင်းရှိလိမ့်မယ်။ ဒီလိုအဖြစ်မျိုး စာအုပ်တစ်အုပ်မှာ ဖတ်ဖူးသလိုပဲ။...အဲ ငါမှတ်မိပြီ။ မဟာချန်ခေတ်မှတ်တမ်းတစ်ခုမှာ တွေ့ဖူးတယ်။
ယုံကြည်မှုစွမ်းအားကျင့်ကြံသူတွေဟာ သူတို့ထက် ကံကြမ္မာမြင့်တဲ့ ရန်သူမျိုးနဲ့ကြုံမှာကို အကြောက်ဆုံးပဲတဲ့"
ထိုလူက သူ့ဘာသာတအံ့တဩရေရွတ်နေသဖြင့် သူ့စကားလုံးများက မြန်ဆန်သည်။
"ဟုတ်ပြီ...ကောင်းကင်ရုံးတော်က ရှေးဟောင်းခေတ်မှာ အုပ်စိုးခဲ့တာ။ ဂိုဏ်းသခင်လုက ကောင်းကင်ရုံးတော်ဂိုဏ်းချုပ်လောင်းပဲ။
ပြီးတော့ သူက မသေမျိုးရဲ့တပည့်ပဲ။ ဒီတော့ သူ့ကံကြမ္မာက တောင်သုံးလုံးအရှင်ထက် မြင့်တာပေါ့"
"ဂိုဏ်းသခင်လုက တကယ်ကြောက်စရာကောင်းပါလား"
"မဟုတ်ဘူး၊ တကယ်ကြောက်စရာကောင်းတာက ကောင်းကင်ရုံးတော်ပဲ"
လူအုပ်ကြီး အချင်းချင်းတီးတိုးဆွေးနွေးနေကြသည်။ အမှန်တရားကို တဖြေးဖြေးနားလည်လာသဖြင့် ပို၍ထိတ်လန့်လာသည်။
အောင်းလင်းက ဂိုဏ်းသခင်လုကို လေးလေးစားစားဦးညွှတ်အရိုအသေပေးသည်။
"အကိုလုကိုယ်တိုင် လှုပ်ရှားစရာမလိုပါဘူး။ ညီမလည်း ဒီလူကို နှိပ်ကွပ်နိုင်ပါတယ်"
ဂိုဏ်းသခင်လုက ပြန်၍အရိုအသေပေးသည်။ သူ့မျက်နှာမှအပြုံးက နွေဦးလေပြေလို ပျော့ပျောင်းသည်။ စိတ်ရင်းနှင့်ပြုံးသည့် အပြုံးမျိုးဖြစ်သည်။
"ညီမရှောင်လင်း၊ မတွေ့ရတာ နှစ်သုံးသိန်းတောင်ကြာပြီပဲ။ အားလုံးအဆင်ပြေရဲ့လား"
"အခုလိုစိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်အကိုလု။ ကျွန်မအားလုံးအဆင်ပြေပါတယ်။ ကျွန်မ ဒီလောက်အကြာကြီးအိပ်ပျော်သွားမယ်လို့ မထင်မိတာလေးပါပဲ။
အခု လောကကြီးက ကောင်းကင်ရုံးတော်နဲ့ ငရဲကိုးထပ်အကြောင်း မသိကြတော့ဘူး"
"ငရဲကိုးထပ်တဲ့လား.. အဲဒါ ဘယ်လိုနေရာလဲ"
"ငါတော့ မကြားဖူးဘူး"
အောင်းလင်းစကားကြောင့် လူအုပ်ကြီးအတွက် နောက်ထပ်စိတ်ဝင်စားစရာအကြောင်းတစ်ခု ထပ်တိုးလာပြန်သည်။
"အချိန်ရေစီးကြောင်းက ရှည်လျားတော့ သက်ရှိအားလုံးရဲ့မှတ်ဉာဏ်တွေကို ဖျက်ဆီးနိုင်တာပေါ့။ အကိုနိုးထလာတဲ့အချိန်မှာ တစ်ချိန်က ဩဇာအထွတ်အထိပ်ရှိခဲ့တဲ့ ကောင်းကင်ရုံးတော်ကိုတောင် လူတွေကမသိကြတော့ပါဘူး"
ဂိုဏ်းသခင်လုက မပွင့်တပွင့်ပြုံး၍ ခေါင်းခါနေသည်။
"အကို့ဆရာပေးထားတဲ့ မှော်တံဆိပ် လှုပ်ရှားလာတော့ တစ်ခုခုပြဿနာဖြစ်သလားထင်လိုက်တာ။ ညီမနိုးထလာလို့ ဒီလိုဖြစ်တာမှန်း မသိခဲ့ဘူး။ နောက်ဆယ်နှစ်လောက်ကြာရင် ညီမကို ကိုယ်တိုင်နှိုးမယ်လို့ တွေးထားခဲ့တာပါ။ အခုတော့ လုယန်က အရင်လက်ဦးသွားတယ်။
အင်း...အခုကိစ္စက ညီမတို့နဂါးမျိုးနွယ်ရဲ့ အတွင်းရေးကိစ္စပါ။ အကိုဝင်စွက်ဖို့မသင့်ဘူး။ ဒါနဲ့စကားမစပ်..အကိုက လုယန်နဲ့ အတော်ရေစက်ပါတယ်။ သူနဲ့လက်ရည်စမ်းဖူးတယ်။ သရေနဲ့ အဆုံးသတ်ခဲ့တယ်"
"သရေ...ဟုတ်လား"
အောင်းလင်းမျက်နှာတွင် အံ့ဩရိပ်များပေါ်လာသည်။
"အကို၊ ကျွန်မတို့ဆရာနဲ့ ဂိုဏ်းချုပ်တောင် အကို့ပါရမီကို အမြဲတမ်းချီးကျူးခဲ့တာပါ။ နောင်တစ်ချိန် သူတို့ကိုယ်စား ကောင်းကင်ရုံးတော်တာဝန်ကို ပုခုံးပြောင်းထမ်းရွက်မယ့်လူလို့ ပြောကြတာ။
ဒီလုယန်ဆိုတာက အဲလောက်တောင်အစွမ်းအစရှိတယ်ပေါ့"
"ဂိုဏ်းသခင်လုက နဂါးဘိုးဘေးရဲ့ အကိုကြီးဆိုပါလား"
ဂိုဏ်းသခင်လုကို ကျန်းလျန်ယိက 'အကိုကြီး'ဟု ခေါ်ခဲ့သည့်အဖြစ်ကို လူအုပ်ကြီး ပြန်သတိရလာသည်။
ဂိုဏ်းသခင်လုသည် အမှန်တကယ်ပင် နဂါးနှင့်ဖီးနစ်ဘိုးဘေးတို့၏ အကိုကြီးဖြစ်နေသည်။
ထိုတစ်ချက်တည်းနှင့်ပင် ရှေးဟောင်းခေတ်၌ သူ့စိတ်ကြိုက်ပြုမူနိုင်လောက်သည်။
တောင်သုံးလုံးအရှင်စိုက်ကြည့်နေသည်ကို ဂိုဏ်းသခင်လု သတိထားမိသည်။ ကြွက်သားများ တင်းမာနေသည်။ အန္တရာယ်အရိပ်အယောင်မြင်သည်နှင့် ချက်ချင်းထွက်ပြေးတော့မည့် ပုံစံမျိုးဖြစ်သည်။
ဂိုဏ်းသခင်လု ခပ်ညှင်းညှင်းရယ်သည်။
"စိတ်မပူပါနဲ့။ မင်းနဲ့ညီမရှောင်လင်းကြားက ပြဿနာက ကောင်းကင်ရုံးတော်နဲ့ ဘာမှမပတ်သက်ဘူး။ ဒီကိစ္စမှာ ငါဝင်စွက်ရင် ညီမရှောင်လင်းက ငါ့ကိုစိတ်ဆိုးမှာစိုးတယ်။
ငါဒီကိုလာတာ ညီမရှောင်လင်း အဆင်ပြေမပြေလာကြည့်ရုံပါပဲ။ အခု သူအန္တရာယ်ကင်းတယ်ဆိုတော့ ငါစိတ်အေးသွားပြီ။ ညီမရှောင်လင်းကို မင်းနိုင်တာပဲဖြစ်ဖြစ် ညီမရှောင်လင်းက မင်းကိုနိုင်တာပဲဖြစ်ဖြစ် ကောင်းကင်ရုံးတော်က ဝင်မစွက်ဘူး။
ငါ့ကတိစကားဟာ ကောင်းကင်ရုံးတော်ရဲ့ဆန္ဒကို ကိုယ်စားပြုတယ်"
ထိုသို့ပြောပြီးနောက် ဂိုဏ်းသခင်လု ဘေးဘက်သို့လျှောက်သွားသည်။ အားလုံးက သူတိုက်ပွဲကြည့်ဖို့ ဘေးထွက်သွားသည်ဟု ထင်ကြသည်။ သို့သော် အမှန်တော့ လုယန်ဆီ လျှောက်သွားခြင်းဖြစ်သည်။
"ယာယီဂိုဏ်းချုပ်လု၊ မတွေ့ရတာကြာပြီနောက်။ မင်းကျင့်စဉ်အဆင့်လည်း တိုးတက်လာပြီဆိုတော့ ငါတို့တစ်ပွဲတစ်လမ်းလောက် လက်ရည်စမ်းကြမလား"
လုယန် မင်သက်မိသွာားသည်။ လူအများအာရုံစိုက်မခံရအောင် သူ့ဘာသာ ဘေးတွင်အသာထိုင်နေခြင်းဖြစ်သည်။ သို့သော် တစ်ဘက်လူကသူ့ဆီ ဦးတည်လာသည်။
သူပြဿနာမဖြစ်ချင်။ သို့သော် ကြောက်လည်းမကြောက်။ ထို့ကြောင့် အကြံတောင်းသည့်သဘောဖြင့် သူ့ဘေးမှ ပင်လယ်တာအိုသခင်ကို လှည့်ကြည့်သည်။
ပင်လယ်တာအိုသခင်က နှာခေါင်းတစ်ချက်ရှုံ့၍ မျက်နှာတင်းတင်းဖြင့် စားပွဲကိုဘုန်းခနဲရိုက်လိုက်သည်။
"ငါ့ကိုမေးနေဖို့လိုသေးလို့လား။ ငါတို့တာအိုလမ်းစဉ်ဂိုဏ်းပါရမီရှင်တွေရဲ့စွမ်းအားကို သူသိသွားအောင် ပြရမှာပေါ့"
ထောက်ခံမှုရလာသဖြင့် လုယန်စိတ်အေးသွားသည်။ ယုံကြည်ချက်အပြည့်ရှိဖြင့် ရှေ့တိုးရန် ပြင်ဆင်သည်။
မုန်ကျင်းကျိုးက ထိုသုံးယောက် ပြဇာတ်ခင်းသည်ကို အေးစက်စက်စိုက်ကြည့်နေသည်။ ထိုစိတ်ကူးမျိုး စောစောကြိုမတွေးခဲ့မိသည်ကို နောင်တရနေသည်။
*********************************