ဦးနှောက်
Vol. 53 Ch. 792
ရှေးဟောင်းပါရမီရှင်နှင့် ခေတ်သစ်ပါရမီရှင်တို့ မျက်နှာချင်းဆိုင်ရပ်နေသည်။ တိုက်ပွဲစိတ်ဓာတ်အပြည့်ဖြင့် အသင့်ဖြစ်နေသည်။
"ဂိုဏ်းချုပ်လုရဲ့ ပင်ကိုယ်ပါရမီက ကျုပ်မြင်ဖူးသမျှထဲမှာ အမြင့်ဆုံးပဲ။ တာအိုလမ်းစဉ်ဂိုဏ်းမှာ မသေမျိုးတစ်ဝက်အဆင့် ပင်လယ်တာအိုသခင်ရှိပေမယ့် နဂါးအစစ်ကို မွေးထုတ်ဖို့ဆို ရေကန်က ငယ်လွန်းနေပါသေးတယ်။
ကျုပ်တို့ကောင်းကင်ရုံးတော်က ဉာဏ်ရည်မြင့်မားတဲ့ ပါရမီရှင်ကို ကြိုဆိုပါတယ်။ မင်းစိတ်ဝင်စားမလားမသိဘူး။ မင်းအတွက် ဂိုဏ်းမွေခံသူတော်နေရာတစ်ခုတော့ သေချာပေါက်ရှိမှာပါ"
"ဪ..မင်းရဲ့ဂိုဏ်းသခင်လေးရာထူးနေရာကို ငါလုယူသွားမှာ မစိုးရိမ်ဘူးလား"
ဂိုဏ်းသခင်လု သဘောကျ၍ တဟားဟားရယ်နေသည်။
"စွမ်းအားကြီးတဲ့သူကို လေးစားကြရတယ်။ ဒါဟာ ခေတ်အဆက်ဆက်မပြောင်းလဲတဲ့ အမှန်တရားပဲ။ ငါ့ကိုအနိုင်ယူပြီး မဟာကပ်မှာ ကောင်းကင်ရုံးတော်ရဲ့ ဂုဏ်သရေကိုပြန်ရဖို့ ဦးဆောင်နိုင်ရင် ငါ့ရာထူးကိုဘာလို့လွှဲမပေးနိုင်ရမှာလဲ"
အားလုံးက ဂိုဏ်းသခင်လေးလု၏စိတ်ဓာတ်ကို စိတ်ထဲမှ ကျိတ်လေးစားမိကြသည်။ ထိုလူမျိုး ဂိုဏ်းသခင်လေးဖြစ်နေသည်မှာ အကျိုးမယုတ်။
သဘောထားကြီးမြတ်မှုက ရွယ်တူတန်းတူတို့ထက် များစွာသာလွန်သည်။
လုယန် ခေါင်းခါသည်။
"ဂိုဏ်းသခင်လုရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တာအိုလမ်းစဉ်ဂိုဏ်းက ငါ့ကိုဂရုတစိုက် ပြုစုပျိုးထောင်ပေးခဲ့တာ။ ဒီကျေးဇူးတရားတွေကို စွန့်ပယ်လိုက်ရင် ငါက ကလေကချေတစ်ယောက်နဲ့ ဘာထူးတော့မှာလဲ"
"စိတ်မကောင်းစရာပဲ"
လုယန်ကို ကောင်းကင်ရုံးတော်သို့ စည်းရုံးနိုင်လျှင် မဟာကပ်အပြိုင်အဆိုင်ကာလ၌ သူတို့အနိုင်ရနိုင်ခြေ သိသိသာသာတိုးလာမည်။
သို့သော်ယခု တိုက်ခိုက်ရုံသာရှိတော့သည်။
လုယန်ကို ဂိုဏ်းသခင်လု လျှော့မတွက်ရဲ။ ဓားခုနစ်လက်က ဒေါင်လိုက်အနေအထားဖြင့် သူ့ဘေးပတ်လည်တွင် လွင့်ပျံနေသည်။
ဓားလက်ကိုင်ရိုးတို့တွင် "ထန်ရှု" "ထန်ရွှမ်" "ထန်ကျိ"စသည့် ကြယ်ခုနစ်လုံးနာမည်များ ရေးထွင်းထားသည်။
"ဒါက ဒဏ္ဍာရီထဲက ခုနစ်စဉ်ကြယ်ဓားစုပဲ"
နဂါးမျိုးနွယ်ခေါင်းဆောင် တအံ့တဩရေရွတ်သည်။
"ခုနစ်စဉ်ကြယ်ဓားဆိုတာ ဘာလဲ"
လူအများစုက တစ်ခါမှမကြားဖူးကြ။
နဂါးမျိုးနွယ်ခေါင်းဆောင်က တည်ငြိမ်လေးနက်လေသံဖြင့် ရှင်းပြသည်။
"ရှေးဟောင်းခေတ်က လျိုနန်ရွှမ်းဆိုတဲ့ ဓားကျင့်ကြံသူတစ်ယောက်ရှိတယ်။ ဗျတ်စောင်းပညာနဲ့ ဓားပညာမှာ ပြိုင်ဘက်ကင်းတယ်။
အဲဒီ့ခေတ်က စွမ်းအားအကြီးဆုံးဓားပညာရှင်ပဲ။ သူ့ပါရမီက မဟာရှားက ဓားမျှော်စင်အရှင်နဲ့ တန်းတူရှိတယ်။
ငါတို့မျိုးနွယ်မှာ ကူးဖြတ်ခြင်းအဆင့်ထိရောက်ခဲ့တဲ့ ဘိုးဘေးတစ်ယောက် ရှိဖူးတယ်။ ဒါပေမယ့်သူက လျိုနန်ရွှမ်းရဲ့ဓားတစ်ချက်တည်းနဲ့ သေခဲ့ရတယ်"
အားလုံး အံ့ဩတုန်လှုပ်သွားကြသည်။ နဂါးမျိုးနွယ်သည် ခုခံနိုင်စွမ်းကြောင့် နာမည်ကျော်သည်။ ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်ထိ ရောက်နေသူတစ်ယောက်၏ ခုခံနိုင်စွမ်းက ခန့်မှန်းမရအောင်မြင့်မားသည်။
သို့သော် လျိုနန်ရွှမ်းက ဓားတစ်ချက်ဖြင့်သတ်လိုက်သည်။
"လျိုနန်ရွှမ်းက လူနဲ့ဓားပေါင်းစပ်တဲ့ပညာမှာ ကျွမ်းကျင်တယ်။ ဓားနှင့်တစ်သားတည်းဖြစ်သွားပြီဆိုရင် အဲဒီ့ဓားတစ်ချက်နဲ့ မသေမျိုးအဆင့်အောက်ကလူတွေအားလုံးကို သတ်နိုင်တယ်။
သူ့ကို မသေမျိုးတစ်ဝက်အဆင့် ဒါမှမဟုတ် မသေမျိုးအဆင့်ထိရောက်လာမယ်လို့ အားလုံးက ထင်ခဲ့ကြတယ်။ ဒါပေမယ့် တိုက်ပွဲတစ်ခုမှာ သူပျောက်ကွယ်သွားတယ်။ ဘယ်တော့မှ ပြန်ပေါ်မလာတော့ဘူး။
သူက မသေမျိုးနယ်မြေတစ်ခုမှာ ပိတ်မိသွားပြီး ပြန်ထွက်မလာနိုင်တော့တာလို့ တစ်ချို့ကပြောကြတယ်။ တစ်ချို့ကလည်း သူသေသွားတာလို့ပြောကြတယ်။
ဒီခုနစ်စဉ်ကြယ်ဓားစုဟာ လျိုနန်ရွှမ်းရဲ့ ဓားတွေပဲ"
သူ့ဓားခုနစ်လက်တွင် ထိုနောက်ခံဇာတ်လမ်းမျိုးရှိနေမည်ဟု လုယန်မထင်ခဲ့။
ဗျတ်စောင်းနှင့်ဓားပညာ ပြိုင်ဘက်ကင်းသည့် လျိုနန်ရွှမ်းအကြောင်း သူသိထားပါသည်။ 'လူနှင့်ဓားတစ်သားတည်း'ပညာကို ကျွမ်းကျင်သူဖြစ်သည်။
"နတ်မယ်၊ ဒီအကြောင်းခင်ဗျားသိလား"
ကောက်ကာငင်ကာမေးလာသဖြင့် နတ်မယ် အကြပ်ရိုက်သွားသည်။ သေချာပြန်စဉ်းစားသည်။ ထို့နောက် ခေါင်းခါသည်။
"ငါသိပ်မမှတ်မိဘူး။ သူငါနဲ့တိုက်ခိုက်တုန်းက ထူးဆန်းတဲ့ဓားတွေ အများကြီးထုတ်သုံးခဲ့တာပဲ။ ဒါပေမယ့် အဲဒီ့ဓားတွေ ဘယ်လိုပုံစံရှိလဲ ငါသိပ်အာရုံမစိုက်ခဲ့ဘူး။
ဓားပုံစံတွေကလည်း အတူတူတွေလိုပဲလေ"
ဂိုဏ်းသခင်လု ထန်ရှုဓားကိုကိုင်၍ ပြုံးနေသည်။
"ငါတို့အရင်တစ်ခေါက်တိုက်ခိုက်ခဲ့တာ ရွှေသန္ဓေအလတ်တန်းအဆင့်တုန်းကနော်။ တစ်နှစ်ကျော်အချိန်အတွင်းမှာ ငါတို့နှစ်ယောက်လုံး နတ်ဝိညာဉ်အလတ်တန်းဆင့်ကို ရောက်လာမယ်လို့ ထင်မထားဘူး"
လုယန်ဘာမှမပြော။ ချင်ဖုန်းဓားကို ဆွဲထုတ်သည်။
"ဝှီး"
ဓားအလင်းက ရေပြင်ကိုခွဲ၍ ထိုးတက်သွားသည်။ လေဟာနယ်တစ်ခုဖြစ်လာသည်။
မီးတောက်စစ်နှစ်မျိုးက ချင်ဖုန်းဓားကိုအားဖြည့်ပေးသည်။ ဓားချီဖြင့် ရွှေရောင်ငှက်နှစ်ကောင်အသွင် ပြောင်းသွားသည်။
ရွှေငှက်များက မီးနီရောင်တောင်ပံများကို တဖျတ်ဖျတ်ခတ်နေသည်။ အရှေ့ပင်လယ်၏ရေထုက သူတို့လှုပ်ရှားမှုကို တားဆီးနိုင်စွမ်းမရှိ။
ထန်ရှုဓားက ခံ့ညားထည်ဝါသည်။ ရှေးဟောင်းခေတ်၏ ဂုဏ်သရေကို ထုတ်ဖော်ပြသနေသည်။ ဓားရိပ်က ပို၍ကြည်လင်ထက်မြက်လာသည်။
တစ်ခြားဓားခြောက်လက်ကလည်း လှောင်အိမ်မှထွက်လာသည့် နဂါးခြောက်ကောင်နှင့်ပမာတူသည်။ ရွှေရောင်မီးငှက်များကို ခုတ်ဖြတ်သည်။
ရွှေမီးငှက်များ ပြတ်ထွက်သွားသည်။ သို့သော် ထိုအပိုင်းပြတ်များက မီးငှက်ငယ်များအဖြစ် ပြောင်းသွားပြန်သည်။ ပြင်းထန်သည့် သူတို့အပူဓာတ်က လျော့ပါးမသွား။
"ဒါဘာမီးတောက်လဲ"
အရှေ့ပင်လယ်မှ အတွေ့အကြုံရင့်သည့် ကျင့်ကြံသူများပင် ထိုမီးတောက်စစ်မျိုး တစ်ခါမှမမြင်ဖူး။
"ရွှေကျီးကန်းမီးတောက်စစ်နဲ့တော့ တူတယ်။ ဒါပေမယ့် ခြေနှစ်ချောင်းတည်းရှိတဲ့ ရွှေကျီးကန်းရယ်လို့ ငါတစ်ခါမှမကြားဖူးဘူး"
ကျင့်စဉ်လမ်းမဝင်ရသေးသည့် ကလေးငယ်များပင် ခြေသုံးချောင်းရွှေကျီးကန်းအကြောင်း ကြားဖူးသည်။
သူတို့နှစ်ယောက် ရေထဲတွင် တိုက်ခိုက်ကြသည်။ ကောင်းကင်တွင်တိုက်ခိုက်ကြသည်။ ကျွန်းပေါ်တွင် တိုက်ခိုက်ကြသည်။
တိုက်ကွက်ပေါင်းရာချီ ရင်ဆိုင်သည်။ သူတို့တိုက်ခိုက်သည့်နေရာတိုင်း အပျက်အစီးများအဖြစ် ကျန်ခဲ့သည်။
သူတို့တိုက်ခိုက်စွမ်းအားကိုကြည့်၍ အားလုံးအံ့ဩကြရသည်။
နတ်ဝိညာဉ်အလတ်တန်းဆင့်ဖြင့် ထိုစွမ်းအားမျိုး ရှိနိုင်သလော...
ဤအရှေ့ပင်လယ်ထိပ်သီးများသည် ငယ်စဉ်ကတည်းက ကျင့်စဉ်အဆင့်အမျိုးမျိုးရှိသည့် ပါရမီရှင်များစွာမြင်ဖူးသည်။
သို့သော် လုယန်နှင့်ဂိုဏ်းသခင်လုကို တစ်ယောက်မှမမီ။
တစ်ချို့ကူးဖြတ်ခြင်းအဆင့်ဘိုးဘေးများ ရင်ထဲတွင် လေးလံနေသည်။ ထိုပါရမီမျိုးကို သူတို့မယှဉ်နိုင်။
"လုယန်က မှော်ပညာကျင့်ကြံသူလို့ ပြောကြတယ်မဟုတ်လား။ ဘာလို့သူ့ဓားပညာက ဂိုဏ်းသခင်လုနဲ့ လက်ရည်တူယှဉ်နိုင်လောက်အောင် စွမ်းအားကြီးနေတာလဲ"
စုစည်းခြင်းအဆင့်ဘိုးဘေးတစ်ယောက် တွေးရခက်နေသည်။
ဓားပညာတစ်ခုတည်းဆိုလျှင် လုယန်သည် ဂိုဏ်းသခင်လုနှင့် ယှဉ်နိုင်စရာအကြောင်းမရှိ။ မှော်ပညာသုံးမှသာ လက်ရည်တူဖြစ်သင့်သည်။
တစ်ခြားစုစည်းခြင်းအဆင့်ဘိုးဘေးတစ်ယောက်က ခေါင်းခါသည်။
"မဟုတ်ဘူး။ သူက မှော်ပညာတင်ကျင့်ကြံတာမဟုတ်ဘူး။ မဟာရှားမှာ ငါဆေးသွားရှာတုန်းက ကြားခဲ့တယ်။
လုယန်မှာ ဓားဝိညာဉ်မြစ်ရှိတယ်တဲ့။ ဒါကြောင့်သူ့ကို ဝစီပိတ်က တပည့်အဖြစ် လက်ခံခဲ့တာ"
"သူ့မှာ ဓားဝိညာဉ်မြစ်ရှိတယ်ပေါ့"
ဘေးပတ်လည်မှလူများ ရင်ထိတ်သွားသည်။ မျက်ခုံးလှုပ်လာကြသည်။
ရှေးဟောင်းခေတ်မှစ၍ ယနေ့ခေတ်ထိ မှော်ပညာပါရမီထိပ်တန်းအဆင့်ရှိသည့် ဓားကျင့်ကြံသူမျိုး တစ်ခါမှသူတို့မမြင်ဖူးကြ။
"ကောင်းတယ်..ကောင်းတယ်...ငါသဘောကျတဲ့ ပြိုင်ဘက်မျိုးပဲ။ နတ်ဝိညာဉ်အလတ်တန်းဆင့်ရောက်လာတော့လည်း မင်းကငါနဲ့ လက်ရည်တူယှဉ်နိုင်သေးတာပဲ"
ဂိုဏ်းသခင်လု အော်ဟစ်ရယ်မောနေသည်။ ထိုမျှတိုက်ပွဲကောင်းမျိုး မနွှဲရသည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။ သူနှင့်လက်ရည်တူယှဉ်နိုင်သူများသည် အနည်းဆုံး ဝိညာဉ်ပြောင်းထိပ်ဆုံးအဆင့်ရှိကြသည်။
လက်ကောက်ဝတ်ကို ဖျတ်ခနဲခါလိုက်သည်။ ထန်ရှုဓားက ခုနစ်စင်ကြယ်ဓားစုထဲ ပြန်ရောက်သွားသည်။ ထို့နောက် ကောင်းကင်ကို လက်ညှိုးထိုးလိုက်သည်။
ဓားခုနစ်လက်က မဟာမှော်စက်ဝန်းကြီးတစ်ခုဖြစ်ပေါ်လာသည်။
"ဂိုဏ်းချုပ်လု၊ ဒီတိုက်ကွက်ကို မြည်းကြည့်ပါဦး"
ဂိုဏ်းသခင်လု လက်နှစ်ချောင်းကိုဆန့်ထုတ်၍ ညင်သာစွာခါယမ်းလိုက်သည်။ ဓားအော်သံများ အဆက်မပြတ်ထွက်လာသည်။
ဓားစက်ဝန်းက လုယန်ဦးခေါင်းအထက်သို့ ရောက်လာသည်။ တောက်ပချွန်ထက်သည့် ဓားဦးထိပ်များက အောက်ဘက်သို့ချိန်ရွယ်ထားသည်။
"ဂိုဏ်းချုပ်လု၊ သတိထားပါ။ ဒါကို "မသေမျိုးဒူးထောက်တဲ့ဓားတစ်လက်"ပညာလို့ ခေါ်တယ်။ ချီလင်မသေမျိုးတောင် ဒီဓားစက်ဝန်းအောက်မှာ ဒူးထောက်ရတယ်"
ရှေးဟောင်းလျှို့ဝှက်ချက်တစ်ခုကို ကြားလိုက်ရသဖြင့် ပရိတ်သတ်များ ထိန်းချုပ်မရအောင် လှုပ်လှုပ်ရှားရှားဖြစ်လာသည်။
"မသေမျိုးဒူးထောက်တဲ့ဓားတစ်လက်...တကယ်ဩဇာရိပ်လွှမ်းတဲ့ နာမည်မျိုးပါလား"
"ချီလင်မသေမျိုးကို ဒီဓားစက်ဝန်းနဲ့ အနိုင်ယူခဲ့တာလား"
"ဒီဓားစက်ဝန်းကို ဘယ်သူတီထွင်ခဲ့တာလဲ။ ဓားပညာရော မှော်စက်ဝန်းပညာပါကျွမ်းကျင်တဲ့ ရှေးဟောင်းခေတ်မသေမျိုးရယ်လို့ တစ်ယောက်မှမကြားဖူးပါဘူး"
လူအုပ်ထဲ အကျိတ်အနယ် ဆွေးနွေးငြင်းခုံနေသည်။ သူတို့သည် ရှေးဟောင်းကျမ်းရော ခေတ်သစ်ကျမ်းပါ နှံ့စပ်သူများဖြစ်သည်။
သို့သော် ထိုဓားစက်ဝန်း၏သမိုင်းကြောင်းမျိုး တစ်ခါမှမတွေ့ဖူးကြ။
"ဟုတ်ပြီ။ ဒါက ချီလင်မသေမျိုးရဲ့ မျက်နှာပျက်စရာ သမိုင်းကြောင်းတစ်ခုဖြစ်လိမ့်မယ်။ ဒါကြောင့် ဒီအကြောင်းကို နောက်မျိုးဆက်တွေဆီ သူအရောက်မခံခဲ့တာ"
"မှော်စက်ဝန်းအသက်သွင်းမယ်"
ထိုစကားဆုံးသည်နှင့် ဓားစက်ဝန်းလှုပ်ရှားလာသည်။ လမ်းကြောင်းတစ်လျှောက်မှ အရာအားလုံးကို ဖျက်ဆီးသည်။ မိုးမြေကို ထိုးခွဲတော့မယောင်ရှိသည်။
ဘုတ်ခနဲ အသံတစ်ချက်ထွက်လာသည်။ လုယန်ပင် ထိုဓားစက်ဝန်း၏စွမ်းအားကို မခံနိုင်။ မြေပေါ်သို့ ဒူးထောက်ကျသွားသည်။
သို့သော် ဓားစက်ဝန်းကိုအညံ့ခံမည့်ဟန်မရှိဘဲ စူးစူးရဲရဲစိုက်ကြည့်နေသည်။ ဓားဆေးကန်ကိုထုတ်သည်။
"ဓားတစ်သောင်းအသွင်ပြောင်းစွမ်းအား"
ဓားချီများက သူ့လမ်းညွှန်မှုဖြင့် ဓားဆေးကန်များအဖြစ် ပြောင်းလဲ၍ ကောင်းကင်တစ်ခုလုံး ပြည့်နက်သွားသည်။
မိုးမရွာမီဖြစ်တည်နေသည် တိမ်မည်းများနှင့် ပမာတူသည်။ မိုးမြေတစ်ခုလုံးကို လွှမ်းမိုးနိုင်သည့် စွမ်းအားမျိုးရှိသည်။
လုယန်ရှုံးတော့မည်ဟု ထင်နေကြသည့်လူအားလုံး မင်သက်မိသွားသည်။
"ဒါက ဘာပညာလဲကွာ"
"သူပြောသွားတယ်လေ။ ဓားတစ်သောင်းအသွင်ပြောင်းပညာတဲ့"
"ဒါပေမယ့် ဓားမှမရှိတာ"
လုယန်ရဲ့ ဓားတာအိုနားလည်နိုင်စွမ်းက 'နှလုံးသားမှာဓားရှိ'တယ်လို့ ယုံကြည်ပြီး ဘယ်အရာမဆို ဓားအဖြစ်သုံးနိုင်တဲ့အဆင့်ကို ရောက်သွားလို့ဖြစ်မယ်။
သူအရှေ့ပင်လယ်ကိုရောက်ပြီးတော့ ဝိညာဉ်ပြောင်းအဆင့်ဆယ်ယောက်ကျောက်ကို ဒီပညာနဲ့အနိုင်ယူခဲ့တာလို့ ပြောကြတယ်"
"ဟုတ်တယ် ဟုတ်တယ်။ ငါလည်းကြားဖူးတယ်။ ဒီပညာက ဓားချီတွေကို ခေါင်းသုံးလုံးလက်ခြောက်ခုလူတွေအဖြစ်တောင် ပြောင်းလဲနိုင်တယ်တဲ့"
လုယန်က တိုက်ပွဲကိုသာ အပြည့်အဝအာရုံစိုက်သည်။ ဘေးလူများပြောနေသည့်စကားကို အရေးမစိုက်။
"သွားတော့"
ဓားဆေးကန်များ မိုးရွာသလိုကျလာသည်။ မြင်ရသည်ပင် ကျောချမ်းစရာကောင်းသည်။
ဓားတာအိုစွမ်းအင်နှစ်မျိုး ထိတွေ့ချိန်တွင် တစ်ခါမှမကြားဖူးသည့် ပေါက်ကွဲသံမျိုးထွက်လာသည်။ မိုးမြေတုန်ခါသွားသည်။ တိမ်တိုက်များ ဝရုန်းသုန်းကားဖြစ်သည်။ စွမ်းအင်လှိုင်းဂယက်များ ကောင်းကင်သို့ထိုးတက်သွားသည်။
"ဘယ်သူနိုင်သွားတာလဲ"
ဓားဆေးကန်များနှင့် ခုနစ်စင်ကြယ်ဓားများ မြေပြင်တွင်ပြန့်ကျဲနေသည်။ ဓားချီကိုယ်စီဖုံးလွှမ်းနေသည့် လုယန်နှင့် ဂိုဏ်းသခင်လုတို့ မြေပေါ်တွင်ဒူးထောက်လျက် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေသည်။
ဝိညာဉ်စွမ်းအင်များ လုံးဝကုန်ခမ်းနေသော်လည်း သူတို့မျက်လုံးတွင် တိုက်ပွဲစိတ်ဓာတ်များ ထင်ဟပ်နေဆဲဖြစ်သည်။
"တော်ပါပြီ...တော်ပါပြီ။ ဒီမှာပဲ ရပ်ကျတာပေါ့"
ရုတ်တရက် ဂိုဏ်းသခင်လု တဟားဟားအော်ရယ်သည်။
"ငါတို့ဆက်တိုက်ခိုက်ရင် ဆေးလုံးတွေကို အားကိုးရတော့မယ်။ အဲလိုဆို မင်းအတွက် မတရားရာကျမယ်။ တိုက်ပွဲရပ်ပြီ"
"ဒါဆိုလည်း ရပ်တာပေါ့"
လုယန်လည်း လက်ခံသည်။ ဆက်တိုက်ခိုက်လျှင် ဘယ်သူနိုင်သည်ရှုံးသည်ဖြစ်စေ အဓိပ္ပါယ်မရှိတော့။
အချင်းချင်း ပြုံး၍ကြည့်ကြသည်။ အပြန်အလှန်လေးစာစိတ်မျိုး ပေါ်လာသည်။
ထိုမြင်ကွင်းကိုကြည့်၍ ဝါရင့်ကူးဖြတ်ခြင်းအဆင့်များ သက်ပြင်းချကြသည်။
"ပြိုင်ဘက်ကင်းပါရမီရှင်တွေဟာ ပြိုင်ဘက်ကောင်းတွေ့ဖို့ခဲယဉ်တယ်ဆိုတာ သိပ်မှန်တာပဲ။ လက်ရည်ညီတဲ့ ပြိုင်ဘက်ကောင်းမျိုးတွေ့ရတော့ သူတို့အနာဂတ်ကျင့်စဉ်လမ်းအတွက် အများကြီးအကျိုးရှိတာပေါ့"
လုယန်သရုပ်ဆောင်သည်က အိပ်မက်ရေပွက်ထဲကထက်ပင် ပိုပီပြင်သည်ဟု ထောင်ယော်ယဲ့ထင်မိသည်။
တိုက်ပွဲအစအဆုံးမြင်ခဲ့ရသည့် အရိုးရိုင်းလည်း အံ့ဩနေသည်။ သူ့တစ်သက် ထိုသရုပ်ဆောင်စွမ်းရည်မျိုး ဘယ်တော့မှ တတ်မြောက်မည်မထင်။
လီဟော်ရန်လည်း တွေးနေသည်။ ချင်ဟော်ရန်သာ လုယန်လို ဦးနှောက်မျိုးရှိလျှင် ကိုးငရဲဂိုဏ်းသည် ယခုအချိန် ချမ်းသာနေလောက်သည်။
မုန်ကျင်းကျိုးကလည်း အားအင်ကုန်ခမ်းနေသည့်လုယန်နှင့်ဂိုဏ်းသခင်လုကို တစ်ပြိုင်တည်းအနိုင်ယူ၍ ကိုယ်တိုင်ဂိုဏ်းသခင်ရာထူးယူသင်မယူသင့် တွေးနေသည်။
***********************************