← Chapters

စိတ်လေးသွားခြင်း

Vol. 39 Ch. 532

စိတ်လေးသွားခြင်း

Vol. 39 Ch. 532

ချပ် ချပ် ချပ်..

ထိုစဉ် တံခါးအပြင်ဘက်မှ အမြန်လှမ်းလာသည့် ခြေသံများကို ကြားလိုက်ရကာ ယင်းက ချင်းညောင်၏ လှုပ်ရှားမှုများကို ရပ်တန့်သွား‌စေ၏။ ကျန်းရီက ရုတ်တရက် ဒေါသထွက်လာတော့သည်။ ဒီလောက် အရေးကြီးတဲ့အချိန်မှာ ဘယ်သူက သူ့အစီအစဉ်ကို လာနှောင့်ယှက်တာလဲ သူ တကယ် ကံဆိုးတာပဲ။

ချပ် ချပ် ချပ်..

လူတစ်ယောက်တည်း မဟုတ်ပေ။ သံချပ်ကာ ဝတ်ထားသည့် စစ်သည်တော်တစ်စု ဖြစ်၏။ စိတ်ဝိညာဉ်မျောလွင့် ခရီးသွား အမြင့်ဆုံးအဆင့် အမျိုးသမီးစစ်သည်တော် တစ်ဦးက ဦးဆောင်လာတာပဲ ဖြစ်သည်။ သူမက အထဲသို့ ဝင်လာချိန်တွင် ချင်းညောင်နှင့် မြေပြင်ပေါ်ရှိ ဖုန်မှုန့်များကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ဘာတွေ ဖြစ်နေတာလဲ”

“သူ..”

ချင်းညောင်က ရှင်းပြတော့မည့် အချိန်တွင် စိတ်ဝိညာဉ်မျောလွင့်ခရီးသွား အမြင့်ဆုံးအဆင့် အဘွားအိုက စိတ်မရှည်‌ လက်မရှည် လက်ကာပြလိုက်ပြီးနောက် အော်လိုက်သည်။

“ဒီသူလျှိုကို ခေါ်သွားလိုက်.. ဧကရီက မဟူရာဖီးနစ်မြို့ထဲမှာ သူ့ကို တွေ့ချင်နေတယ်”

“အမ်..”

ကျန်းရီ၏ စိတ်ဝိညာဉ်က လှုပ်ခါသွားပြီး သူက ခါးသက်မှုကို ခံစားလိုက်ရတော့သည်။ သူသည် ထွက်ပြေးရန် နီးစပ်နေပြီ ဖြစ်သည်။ သို့သော် တစ်စုံတစ်ခုက ဖြစ်ပျက်လာ၏။ ယခု သူက ဖီးနစ်အော်သံနယ်မြေရဲ့ ကောင်းကင်အဆင့်ဧကရီဆီ ခေါ်သွားခံရတော့မှာလား။ ပြီးခဲ့တဲ့ ရက်ပိုင်းက သူ့အားစိုက်ထုတ်မှုတွေအားလုံး အချည်းနှီး ဖြစ်သွားခဲ့ပြီ။ မဟူရာဖီးနစ်မြို့မှာ သူ့အသက်ကို ထိန်းထားနိုင်ရင် မေးခွန်းအမှတ်အသားကြီးတစ်ခု ဖြစ်နေအုံးမှာပဲ။

အစောင့်များသည် ရှေ့သို့ မြန်မြန်ဆန်ဆန် ရောက်လာပြီးနောက် နံရံပေါ်မှ ဝိညာဉ်ချုပ်နှောင်ခြင်း ချိန်းကြိုးအဆုံးတစ်ဖက်ကို ယူလိုက်၏။ ပြီးနောက် လူနှစ်ယောက်က ကျန်းရီကို ထူမပြီး အပြင်သို့ ထွက်သွားတော့သည်။

ဘန်း..

ရထားလုံးပျံအချို့ကလည်း အပြင်ဘက်၌ ရပ်နေခဲ့ပြီး ဖြစ်သည်။ အစောင့်နှစ်ဦးက ကျန်းရီကို ရထားလုံးပျံထဲသို့ အကြမ်းပတမ်း တွန်းထည့်လိုက်၏။ အစောင့်တစ်ဦးက သူနှင့် အထဲတွင် နေပြီး တစ်ယောက်ကမူ မြင်းလှည်းကို ထိန်းချုပ်၏။ မကြာမီ၌ မြင်းလှည်းအားလုံး ကောင်းကင်ထဲသို့ တက်သွားကာ အနောက်မြောက်အရပ်ဆီသို့ ပျံသန်းသွားတော့၏။

“သူ့ကို ဝိညာဉ်ကျွန်အဖြစ် သန့်စင်မှာလားလို့ ဧကရီဆီ မေးရမယ်၊ သူ့ခွန်အားက ကြောက်ဖို့ကောင်းတယ် လူအများစုက သူ့ကို မသန့်စင်နိုင်မှာ စိုးရိမ်မိတယ်”

ဒေသသခင်မချင်းယွီ၏ စကားများက ကျန်းရီ၏ စိတ်ထဲ ထပ်မံပေါ်ပေါက်လာရာ ကျန်းရီကို ကျောချမ်းသွားစေ၏။ ပင်လယ်နတ်ဆိုးများက တိုက်ခိုက်လာနေသည်။ ဖီးနစ်အော်သံနယ်မြေက စစ်ပွဲ၏ အလယ်တွင် ရှိနေသည်။ ထို့အတွက် သိုင်းပညာရှင်များစွာ တိုက်ခိုက်ရန် လိုအပ်နေသည်။ ဧကရီက ယခုထွက်လာပြီး ကျန်းရီကို သူမဆီ တမင်တကာ ခေါ်လာခိုင်းနေ၏။ သူမသည် သူ့ကို ဝိညာဉ်ကျွန်အဖြစ် သန့်စင်ချင်ပြီး ပင်လယ်နတ်ဆိုးများကို သတ်ဖြတ်ရန်အတွက် သူ့ကို ကူညီခိုင်းချင်သည်လော။ ဝိညာဉ်ကျွန်က ဘာမှန်း သူ မသိသော်ငြား တစ်စုံတစ်ယောက်၏ ဝိညာဉ်ချိပ်အား ပေးအပ်ခြင်းနှင့် ဆင်တူတာ ဖြစ်လောက်သည်။ နှစ်မျိုးလုံး၌ သူက ရုပ်သေးတစ်ရုပ် ဖြစ်သွားပေလိမ့်မည်။

ရုပ်သေးတစ်ရုပ် ဖြစ်ဖို့လား။

ယင်းက သေတာထက် ပိုဆိုးပေလိမ့်မည်။ ကျန်းရီက စိတ်ထဲ၌ တိတ်တဆိတ် ရေရွတ်ပြောပြီးနောက် ကျိန်ဆဲတာ မရပ်တန့်တော့ပေ။ သူသည် အစောပိုင်းက လွတ်မြောက်ရန် နီးကပ်နေပြီ ဖြစ်သည်။ အင်မတန် နီးကပ်နေခဲ့ချေပြီ။

အား.. ဆိုးလိုက်တဲ့ကံ။

ဖီးနစ်အော်သံနယ်မြေ၏ ဧကရီက ကောင်းကင်ဧကရာဇ်အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်ပြီး အမျိုးသားများကို စိတ်ဝင်စားခြင်း မရှိသည့် အမျိုးသမီးချင်း နှစ်သက်သူ ဖြစ်သည်။

ကျန်းရီက အတွေးများကြောင့် ပူပြင်းသော ခေါင်မိုးပေါ်ရှိ ကြောင်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူက ဖြေရှင်းနည်းအချို့ကို တွေးတောနေ၏။ ပြဿနာက ဝိညာဉ်ချုပ်နှောင်ခြင်း ချိန်းကြိုးများဖြင့် အချည်ခံထားရတာပဲ ဖြစ်သည်။ သူ့ကို စောင့်ကြည့်နေသည့်သူက အလွန်အတွေ့အကြုံရှိပြီး သူ အရူးလုပ်တာ ခံစရာအကြောင်းပြချက် မရှိပေ။ သူက ရွေးချယ်စရာ မရှိတော့ဘဲ တိတ်တိတ်ဆိတ်ဆိတ် ထိုင်ပြီးသာ စောင့်ဆိုင်းနေရတော့၏။

မြင်းလှည်းက အလင်းစီးကြောင်းသဖွယ် ကောင်းကင်ကို ထိုးဖောက်လျက် လေကို ခွင်းသွားသည်။ ဝိညာဉ်သားရဲက ၎င်း၏ တောင်ပံကို တဖြတ်ဖြတ် ခတ်နေ၏။ မျက်လုံးများက ဗလာကျင်းလျက် တုံးအနေသည်။ ကြမ်းတမ်းသော လေပြင်းက ကျန်းရီကို မျက်လုံးများ မှေးကျဉ်းသွားစေတော့သည်။ သူက သူ၏ကိုယ်ပိုင်အနာဂတ်ကို တွေ့မြင်နေရသည့်အလား အရှေ့ရှိဝိညာဉ်သားရဲကို ကြည့်နေတော့သည်။

မဟူရာဖီးနစ်မြို့က ကြိမ်နက်မြို့နှင့် နေ့ဝက်ခန့် သွားရသည့် အကွာအဝေးတွင် ရှိပြီး ခမ်းနားကြီးကျယ်သော ရှေးဟောင်းမြို့တစ်မြို့ ဖြစ်သည်။ ကြိမ်နက်မြို့ထက်တောင် ရှေးကျသည့် သမိုင်းကြောင်းတစ်ခု ရှိသည်။ ကြိမ်နက်ခရိုင်ထဲရှိ ဒုတိယမြောက် အကြီးမားဆုံး မြို့ဖြစ်ပြီး ကြိမ်နက်ခရိုင်၏ အနောက်ဘက်တွင် နောက်ဆုံးခံစစ်မျဉ်းလိုင်းလည်း ဖြစ်ပေသည်။ မဟူရာဖီးနစ်မြို့ သိမ်းပိုက်ခံရလျှင် ကြိမ်နက်မြို့က ဆက်အသိမ်းခံရမှာ ဖြစ်သည်။ ကြိမ်နက်ခရိုင်တစ်ခုလုံးက ရန်သူ၏ လက်ထဲ ကျရောက်သွားပေလိမ့်မည်။

မဟူရာဖီးနစ်မြို့တစ်ဝိုက်ရှိ အရံအတားကို မဖွင့်ထားပေ။ သို့သော် စစ်သည်တော်များစွာက မြို့ရိုး၌ စောင့်ကြပ်နေကြပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။ အေးစက်ပြီး အသက်ကင်းမဲ့သော လေထုက မဟူရာဖီးနစ်မြို့၌ ဝန်းရံနေပေတော့သည်။

ရေသူမျိုးနွယ်စု တပ်ဖွဲ့သည် မဟူရာဖီးနစ်မြို့သို့ တပ်များ မပို့ခဲ့ပေ။ မဟူရာဖီးနစ်မြို့၏ အနောက်ဘက်၌ မြို့ငယ်လေးများ တစ်ရာကျော် ရှိပေသည်။ တစ်ဝက်ကျော်က ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ ရေသူမျိုးနွယ်စု တပ်ဖွဲ့များသည် အစက မဟူရာဖီးနစ်မြို့ဆီသို့ တိုက်ရိုက်ချီတက်ရန် ရည်ရွယ်ခဲ့တာ ဖြစ်သည်။ သို့သော် ဧကရီရောက်လာပြီးနောက် ယင်းကို ကျော်သွားရန် ဆုံးဖြတ်ခဲ့တော့၏။ တပ်သားများနှင့် အမြဲတမ်း တောက်လျှောက် တိုက်ခိုက်နေသည့် ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်ကလည်း ရပ်တန့်သွားတော့သည်။

ဝှစ်..

ရထားလုံးပျံများစွာက ကောင်းကင်ကို ခွင်းလျက် ပျံသန်းလာတော့သည်။ မြို့ရိုးပေါ်ရှိ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်နှစ်ဦးက လေထဲ ချက်ချင်း ပျံတက်လိုက်၏။ သူမက အတွင်းရှိ လူများကို အတည်ပြုပြီးနောက် ဝင်ခွင့်ပေးလိုက်တော့သည်။

ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တွေ အများကြီးလား။

ကျန်းရီက တစ်ချက် ကြည့်ပြီး သူ့အကြည့်တို့က နက်မှောင်သွားသည်။ အနည်းဆုံးတော့ စိတ်ဝိညာဉ်မျောလွင့်ခရီးသွား သိုင်းပညာရှင် တစ်သောင်းခန့် ရှိပြီး စစ်သည်တော်သန်းချီ ဗာဂျရာနယ်ပယ် သိုင်းပညာရှင် တစ်ဒါဇင်ခန့် ရှိပေမည်။

ရထားလုံးပျံက မြို့လယ်၏ ရင်ပြင်ကြီး၌ ရပ်တန့်သွားတော့သည်။ ကျန်းရီသည် အစောင့်နှစ်ဦးနောက်သို့ လိုက်လာပြီး မြို့၏ အနောက်အရပ်ရှိ နန်းတော်ဆီသို့ ဦးတည်သွားနေရသည်။

“အဲဒီမှာ ဘယ်သူလဲ”

နန်းတော်ကို အစောင့်များက ဝိုင်းထားပြီး မလှမ်းမကမ်းကနေ အော်လိုက်၏။ စိတ်ဝိညာဉ်မျောလွင့်ခရီးသွား အမြင့်ဆုံးအဆင့် သိုင်းပညာရှင်က သူမလက်ထဲရှိ အမိန့်ပြားကို ပြပြီးနောက် အော်ပြောလိုက်သည်။

“မြို့သခင်မချင်းယွီရဲ့ လက်အောက်မှာ အလုပ်လုပ်နေတာပါ၊ ဧကရီနဲ့တွေ့ဖို့အတွက် လူတစ်ယောက် ခေါ်လာဖို့ အမိန့်ပေးခံထားရလို့ပါ”

တံဆိပ်ပြားက အစစ်ဖြစ်သည်။ အစောင့်က လက်ခါပြလျက် သူတို့ကို ဖြတ်သန်းသွားလာခွင့် ပေးလိုက်၏။ နန်းတော်ထဲတွင် ဧကရီနှင့် မြို့သခင်မချင်းယွီ နှစ်ဦးလုံး ရှိနေသည်။ သာမန်သူလျှိုဆိုလျှင် သေခြင်းတရားဆီသို့ သူ လျှောက်လှမ်းရပေလိမ့်မည်။

လမ်းတစ်လျှောက်၌ စစ်ဆေးရေး နေရာများစွာ ရှိသည်။ နောက်ဆုံး၌ သူတို့သည် ဗဟိုခန်းမသို့ ရောက်သွား၏။ စိတ်ဝိညာဉ်မျောလွင့် ခရီးသွား အမြင့်ဆုံးအဆင့် သိုင်းပညာရှင်သည် တံခါးအပြင်ဘက်၌ စောင့်ကြပ်နေရာမှ အော်ပြောလိုက်၏။

“မြို့သခင်မ သူလျှို ရောက်လာပါပြီ”

“ဝင်လာခိုင်းလိုက်..”

အတွင်းဆောင်ကနေ ဒေသသခင်မချင်းယွီ၏ နူးညံ့သောအသံ ထွက်ပေါ်လာတော့သည်။ ကျန်းရီက အသက်ပြင်းပြင်း တစ်ချက် ရှုပြီးနောက် စိတ်စုစည်းလိုက်၏။ ယခုအခိုက်အတန့်က သူ၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်မည် ဖြစ်သည်။

ကျန်းရီကို အစောင့်နှစ်ဦးက ထိန်းကိုင်ပြီး အထဲသို့ လျှောက်လာ၏။ ဧရာမဗဟိုခန်းဆောင် ဖြစ်ပြီး အထဲတွင် မည်သူ တစ်ဦးတစ်ယောက်မှ ရှိမနေပေ။ အမြင့်ဆုံးအဆင့် စိတ်ဝိညာဉ်မျောလွင့်ခရီးသွား သိုင်းပညာရှင်က မရပ်သွားဘဲ ဘေးရှိ ခန်းမငယ်ဆီသို့ ဦးတည်သွားလိုက်သည်။ ကျန်းရီသည် ခန်းမငယ်ဆီသို့ ရောက်သွားချိန်၌ လှည့်ပတ်ကြည့်လိုက်ရာ မြို့သခင်မချင်းယွီကို ချက်ချင်း တွေ့သွား၏။ သူ၏ အကြည့်တို့က သူမဘေးရှိ လူဆီ ရောက်သွားသည်။ ကျန်းရီအဖို့ အံ့ဩသွားရသည်က လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က သူမနှင့်အတူ အိပ်ခဲ့သည့် အမျိုးသမီး ဖြစ်နေပေ၏။

“ဖီးနစ်အော်သံဧကရီ..”

သူ့မျက်လုံးက တစ်ဖက်သို့ ရွေ့လိုက်စဉ် အနက်ရောင်ဝတ်ရုံဝတ် မိန်းမပျိုလေးတစ်ဦးကို တွေ့လိုက်ရသည်။ တစ်ချက်ကြည့်ရုံဖြင့် သူမက ဖီးနစ်အော်သံနယ်‌မြေ၏ အရှင်သခင်ဆိုတာ ကျန်းရီသေချာ သိနေပေသည်။

မြို့သခင်မချင်းယွီနှင့် ကျန်သည့်သူများက သူမထိုင်နေသည့် နေရာ၌ ကာပြီး မတ်တပ်ရပ်နေ၍ သူမ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မတွေ့ရပေ။

ယင်းကား အလွန်ငယ်ရွယ်သည့် မိန်းမပျိုလေး တစ်ဦး ဖြစ်သည်။ သူမ၏ အနက်ရောင် အဝတ်အစားများက အထူးပြုလုပ်ထားပြီး ပြီးပြည့်စုံသော ခန္ဓာကိုယ်ကို အထင်းသား ပေါ်နေစေသည်။ သူမက ထိုနေရာ၌ ငြိမ်သက်စွာ ထိုင်နေရုံမျှသာ ထိုင်နေသော်ငြား ဤစကြဝဠာကြီး၏ ဗဟိုဟူသော ခံစားချက်မျိုး အခြားသူများအား ပေးစွမ်းသည်။ သူမအနီးတစ်ဝိုက်ရှိ အလင်းများအားလုံးကို စုပ်ယူနေသလိုပင်။ သူမက မည်သည့်အရှိန်အဝါမျှ မထုတ်ဖော်ခဲ့သော်ငြား ကျန်းရီနှင့် သူမဘေးရှိ လူများက အသက်ရှုရ ခက်ခဲနေ၏။

အရေးအကြီးဆုံးအရာက သူမ၏မျက်နှာဖြစ်သည်။ မည်သည့်မျက်နှာဖုံးမျှ မဝတ်ဆင်ထားသော်ငြား ကျန်းရီသည် သူမ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ နက်ရှိုင်းသော အနက်ရောင်မျက်ဝန်းတစ်စုံကိုသာ မြင်နေရ၏။

ဒါ ဘယ်လို မှော်ပညာမျိုးလဲ ပုံမှန်မဟုတ်ဘူး.. ကောင်းကင်ဧကရာဇ်ရဲ့စွမ်းအားလား..။

ကျန်းရီက စိတ်ထဲအံ့ဩနေ၏။ သူသည် နတ်ဆိုးဧကရီကို ကြိမ်ဖန်များစွာ တွေ့ဖူးပြီး ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်၏ အမဲလိုက်ခြင်း ခံခဲ့ရကာ ကောင်းကင်ကံကြမ္မာမဟာအစီအရင်ကို သုံးလျက် ကောင်းကင်ဧကရာဇ်အဆင့်အထိ တက်လာသော ကျီထင်ယွီ၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။ လူသားတစ်ယောက် ဖြစ်သည့် ကောင်းကင်ဧကရာဇ်အဆင့်နှင့် ထိုမျှနီးကပ်စွာ နေဖူးသည်မှာ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။

ဘန်း..

ကျန်းရီကို ထိန်းကိုင်ထားသည့် အစောင့်နှစ်ဦးက ကျန်းရီကို မြေကြီးပေါ် ပစ်ချလိုက်သည်။ သူတို့က အရိုအသေပေးပြီးနောက် ထွက်သွား၏။ ကျန်းရီ၏ တစ်ကိုယ်လုံး တုတ်နှောင်ခံထားရပြီး သူက မြေကြီးပေါ် လဲနေရတော့သည်။ သူက ဆိတ်ဆိတ်သာ နေလျက် ဖီးနစ်အော်သံနယ်မြေ၏ ကောင်းကင်ဧကရာဇ်ပညာရှင်ကို စိုက်ကြည့်လိုက်သည်။

“သူက တကယ် အတော်လေး ထူးဆန်းတယ်”

ဖီးနစ်အော်သံဧကရီက ကျန်းရီကို အချိန်အတော်ကြာ လေ့လာပြီးနောက် ရုတ်တရက် သိမ်မွေ့စွာ ပြောလိုက်တော့သည်။ သူမ၌ နှစ်လိုဖွယ် အသံမျိုးရှိ၏။ မနှေးလွန်း မမြန်လွန်း သာယာနာပျော်ဖွယ် အသံမျိုး ဖြစ်သည်။ ဤကောင်းကင်ဧကရာဇ်က ထူးကဲသော တည်ရှိမှုမျိုး ဖြစ်ကြောင်း ကျန်းရီတောင် ဝန်ခံရမှာပဲ ဖြစ်သည်။

ဒေသသခင်မချင်းယွီသည် ဖီးနစ်အော်သံ ကောင်းကင်ဧကရာဇ်အဆင့် သိုင်းပညာရှင်ကို ချစ်မြတ်နိုးစွာ ကြည့်လိုက်၏။ သူမက ကျက်သရေရှိရှိ ပြုံးကာ ပြောလိုက်တော့သည်။

“ဧကရီ သူ့ကို ဝိညာဉ်ကျွန်အဖြစ် သန့်စင်ချင်လား၊ ဒီသူလျှိုရဲ့ခွန်အားက ကောင်းတယ် ကျွန်မတို့အတွက် ရေသူမျိုးနွယ်စစ်သား အများအပြားကို သူ သတ်ပေးနိုင်မှာ”

ဖီးနစ်အော်သံ ကောင်းကင်ဧကရာဇ်သိုင်းပညာရှင်က စကားထပ်မပြောပေ။ မြို့သခင်ချင်းယွီနှင့် ကျန်သည့် အမျိုးသမီးက တိတ်ဆိတ်မှုကို မဖြိုခွင်းရဲချေ။ ကျန်းရီက အလွန်စိတ်လှုပ်ရှားပူပန်နေ၏။ သို့သော် ယခုအချိန်၌ သူ့တွင် ဖြေရှင်းနည်း မရှိဘဲ ကောင်းကင်ဧကရာဇ်ပညာရှင်အတွက် နောက်ဆုံး ဆုံးဖြတ်ချက် ချမှာကိုသာ စောင့်ဆိုင်းနေရမှာ ဖြစ်သည်။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွား၏။ ကျန်းရီ၏ စိတ်တို့ လေးလံလာသည်။ ဖီးနစ်အော်သံ ကောင်းကင်ဧကရာဇ် သူ့ကို ကြည့်သည့်ပုံက အနည်းငယ် ကွဲပြားနေတာကို သတိပြုမိလိုက်၏။ ကလေးတစ်ဦးသည် ကစားစရာအသစ်ကို တွေ့သည့်အချိန်တွင် ဖြစ်နေသည့်ပုံနှင့် တူပေသည်။

“ကောင်းပြီ”

ရုတ်တရက် ဖီးနစ်အော်သံ ကောင်းကင်ဧကရာဇ်သိုင်းပညာရှင် မတ်တပ်ထရပ်လိုက်၏။ သူမ လက်ကို မြောက်လိုက်ကာ ပြောလိုက်တော့သည်။

“ချင်းယွီ ငါ့အမိန့်ကို ကြေညာလိုက်၊ တစ်မြို့လုံး အစောင့်တွေ ချထား ပြီးရင် မင်းတို့နှစ်ယောက်က ငါ့ကို စောင့်ရှောက်ပေး၊ ဝိညာဉ်ခွန်အားတချို့ကို သုံးပြီး ဒီကောင်လေးကို သန့်စင်မယ်”

ငါတော့ သွားပြီပဲ။ ကျန်းရီသည် ရေခဲကျောက်တိုင်ဖြင့် ဖိချေခံလိုက်ရသည့်ပမာ ကျန်းရီ၏နှလုံးခုန်နှုန်းဖြစ်လာပြီး သူ့စိတ်ထဲ လေးလံလာတော့သည်။

***

All Chapters