← Chapters

အခန်း (၈၃)

Vol. 9 Ch. 83

အခန်း (၈၃)

Vol. 9 Ch. 83

အခန်း။ ၈၃

သတိလစ်နေသော ကျောက်လင်းကို ကြည့်ပြီး လုချွမ်းသည် စိတ်ထဲမှနေ၍ လှောင်ပြုံးပြုံးလိုက်မိသည်။ တစ်ညလုံး အောင့်အည်းထားခဲ့ရသမျှ ဒေါသများကို ယခုမှပင် အားရပါးရ ပေါက်ကွဲခွင့်ရတော့သည်။

“နင်က ပြန်ရှင်လာနိုင်တယ် ဟုတ်လား။ အေး... ဒီတစ်ခါတော့ ငါ နင့်ကို မသတ်ဘူး။ နင် ဘယ်လိုနည်းနဲ့ ပြန်ရှင်လာမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”

လုချွမ်းသည် ရန်သူကို အမြစ်ပြတ်ချေမှုန်းရသည်ကို နှစ်သက်သူဖြစ်သည်။ သို့သော် ဤမိန်းမနှင့် ပတ်သက်လာလျှင် အခြေအနေက ကွဲပြားသည်။ ယခင်က သူမအား ဧရာမတူကြီးဖြင့် အရိုးများ ကြေမွသွားသည်အထိ ထုထောင်းခဲ့ဖူးသည်ကို လုချွမ်း ကောင်းစွာ မှတ်မိနေသည်။ သို့သော် ထိုမျှအထိ ဖြစ်ခဲ့ပါလျက်နှင့် သူမက မည်သို့နည်းဖြင့် ပြန်ရှင်လာသည်မသိ။ ရှင်လာရုံတင်မကဘဲ သူ၏ရှေ့တွင် ကျန်းကျန်းမာမာဖြင့် ပြန်ပေါ်လာပြီး တိုက်ခိုက်ရေးစွမ်းရည်မှာလည်း အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။

အတိတ်က သင်ခန်းစာကို ယူ၍ လုချွမ်းသည် ယခုတစ်ကြိမ်တွင် ကျောက်လင်းကို အသေသတ်ရန် အစီအစဉ်မရှိပေ။ သူသည် သတိလစ်နေသော ကျောက်လင်း၏ ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် တာဖန်းကို အနားသို့ ခေါ်လိုက်သည်။ ထို့နောက် ကျောက်လင်း၏ ခြေထောက်များကို ဧရာမတူကြီးဖြင့် ရိုက်ချိုးရန် ခိုင်းစေလိုက်တော့သည်။

ဂွပ်

ကျယ်လောင်လှသော အရိုးကျိုးသံနှင့်အတူ ကျောက်လင်း၏ ခြေထောက်နှစ်ဖက်မှာ ချက်ချင်းပင် ကြေမွသွားတော့သည်။

“အားးးးးးးးးးးးးးးးးးးး”

နောက်တစ်စက္ကန့်တွင် အသတ်ခံရတော့မည့် ဝက်တစ်ကောင်၏ အော်ဟစ်သံကဲ့သို့ စူးရှလှသော အသံကြီးမှာ အဆောက်အအုံများကြားတွင် ဟိန်းထွက်သွားတော့သည်။ ကျောက်လင်း၏ အော်သံမှာ ခြောက်ကပ်နေသော ညဉ့်နက်သန်းခေါင်ယံတွင် ပို၍ပင် နားမခံသာအောင် ဖြစ်ရသည်။ ခြေထောက်များ အတင်းအဓမ္မ ရိုက်ချိုးခံလိုက်ရသည့် ပြင်းထန်လှသော နာကျင်မှုကြောင့် အောက်ဆီဂျင်ပြတ်လပ်ကာ မေ့မြောနေသော ကျောက်လင်းမှာ ရုတ်တရက် လန့်နိုးလာရတော့သည်။

ကျိုးပဲ့သွားသော ခြေထောက်များမှ နာကျင်မှုသည် နောက်တစ်ခဏ၌ပင် နှလုံးသားဆီသို့ လှိုင်းလုံးကြီးသဖွယ် ရိုက်ခတ်သွားပြီး ကျောက်လင်းအား နောက်တစ်ကြိမ် ထပ်မံသတိလစ်သွားစေပြန်သည်။

သတိမလစ်မီ သူမ၏စိတ်ထဲ၌ ကျိရုရွှယ်ကိုသာ အပြစ်တင်နေမိတော့သည်။

“တောက်... ဒီကိုယ်ပျောက်နေတဲ့သူ နင်တော့ ငါ့ကို တကယ့်ကို ဒုက္ခပေးလိုက်တာပဲ”

“နင့်ကိုသာ ငါ ပြန်တွေ့လို့ကတော့ ဘယ်တော့မှ အလွတ်မပေးဘူး”

သို့သော် ဤနေရာ၌ ကျောက်လင်းမှာ အကြီးအကျယ် ငိုချင်စိတ်ပေါက်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ထိုကိုယ်ပျောက်စွမ်းအားရှင်၏ မျက်နှာကို တစ်ခါမျှ မမြင်ဖူးခဲ့ခြင်းကြောင့်ပင်။ သူမစိတ်ထဲ၌ ရန်ငြိုးဖွဲ့ချင်လျှင်ပင် မည်သူ့ကို ရန်ငြိုးဖွဲ့ရမည်မှန်း မသိလောက်အောင် ဖြစ်နေရသည်။

လုချွမ်းက ကျောက်လင်းအား ထပ်မံမလိုက်သောအခါ သူမသည် နာကျင်မှုကြောင့် ထပ်မံသတိလစ်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော် သူမ၏ မျက်ဝန်းထောင့်များမှ မျက်ရည်နှစ်စက်မှာ စီးကျနေဆဲပင်။

“ဒီမိန်းမက နာလွန်းလို့ ငိုနေတာလား”

ကျောက်လင်း၏ သနားစဖွယ် အခြေအနေကို မြင်သော်လည်း လုချွမ်း၏ ရင်ထဲ၌ ဂရုဏာအနည်းငယ်မျှပင် မရှိပေ။ သူ၏ မျက်ဝန်းများမှာ အေးစက်စက် အမူအရာများဖြင့်သာ ပြည့်နှက်နေသည်။ ယနေ့တွင် ဤမိန်းမသည် သူ့အား သတ်ရန် ကြိုးစားခဲ့ရုံသာမက ချီချီလေး၏ ဘေးကင်းရေးကိုပါ ခြိမ်းခြောက်ခဲ့သူ မဟုတ်ပါလား။

အကယ်၍ သူမအား သတ်ပစ်လိုက်ခြင်းဖြင့် အနာဂတ်အန္တရာယ်ကို အမြစ်ပြတ်နိုင်မည်ဆိုပါက သူသည် ဒေါသတကြီးဖြင့် စောစောကတည်းကပင် အစိတ်စိတ်အမြွှာမြွှာ ခုတ်ပိုင်းပြီးသား ဖြစ်လိမ့်မည်။ လုချွမ်းသည် သူ၏ ထိန်းချုပ်မှုပြင်ပ၌ အန္တရာယ်တစ်ခု ရှိနေသည်ကို အလွန်ပင် မုန်းတီးသည်။

ထို့ကြောင့် သူသည် ဤရဲမေကို သေခွင့်မပေးဘဲ လှောင်အိမ်ထဲမှ ခွေးတစ်ကောင်ကဲ့သို့ အရှင်လတ်လတ် ဖမ်းဆီးထားရန် ဆုံးဖြတ်လိုက်သည်။ တစ်ခါသေပြီးတိုင်း ပိုမိုသန်မာလာသည့် သူမ၏ စွမ်းရည်မှာ လုချွမ်းအား စိတ်မသက်မသာ ဖြစ်စေသည်။ အကောင်းဆုံး တုံ့ပြန်မှုမှာ သူမအား သူ၏ မျက်စိအောက်တွင်သာ ထားရှိပြီး အမြဲတမ်း ထိန်းချုပ်ထားရန်ပင်။

မည်သို့ပင်ဆိုစေကာမူ ကျောက်လင်း၏ ခြေထောက်များ ကျိုးသွားပြီဖြစ်ရာ သူမအနေဖြင့် ထပ်မံ၍ ပြဿနာရှာနိုင်လိမ့်မည်ဟု လုချွမ်း မယုံကြည်တော့ပေ။

ဤရဲမေကို သေခွင့်မပေးသရွေ့ သူမသည် တစ်ကျော့ပြန်ရှင်သန်လာပြီး သူ့ကို လက်စားချေနိုင်မည်မဟုတ်ပေ။

ထို့နောက် လုချွမ်းသည် အဆောက်အအုံ ၅ ရှေ့တွင်ရှိသော မူလက တံခါးကို ခတ်ရန်အသုံးပြုသည့် သံခြေကျင်းကို ကောက်ယူလိုက်သည်။ ယခုအခါတွင်မူ ၎င်းသည် ကျောက်လင်းကို ချည်နှောင်ရန်အတွက် အကောင်းဆုံးကိရိယာ ဖြစ်နေတော့သည်။

ကျိရုရွှယ်သည် ဒုတိယထပ် ဝရန်တာမှနေ၍ ဤအဖြစ်အပျက်အားလုံးကို စောင့်ကြည့်နေခဲ့သည်။ သူမ၏ နူးညံ့ပြီး ဂရုစိုက်တတ်သော ဖခင်ဖြစ်သူတွင် ယခုကဲ့သို့ ရက်စက်ပြတ်သားသော အပိုင်းအစများ ရှိနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သို့သော် ဖခင်ဖြစ်သူ၏ ပြတ်သားသော လုပ်ရပ်များကို မြင်တွေ့ရသောအခါ ကျိရုရွှယ်သည် စက်ဆုပ်ရွံရှာခြင်းမရှိဘဲ အမှန်တကယ်ပင် ဝမ်းမြောက်မိသွားသည်။

ဤကမ္ဘာပျက်ကပ်ကြီးအတွင်း ကြင်နာသနားတတ်ခြင်းသည် မိမိကိုယ်ကိုယ် သေတွင်းထဲသို့ တွန်းပို့ခြင်းနှင့်သာ တူလှပေသည်။ ကျိရုရွှယ်သည် ယခင်ဘဝက လူသားဧကရီဖြစ်လာရန် ကြိုးပမ်းသည့် ခရီးတစ်လျှောက်တွင် သတ်ဖြတ်ခြင်းပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးသည်။ ဘေးနားရှိသူများ၏ သစ္စာဖောက်မှုကို ခံရခြင်းမှာလည်း နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေသော ကိစ္စပင်။ ထို့ကြောင့် ဤကမ္ဘာကြီးတွင် ရှင်သန်နိုင်ရန်အတွက် အေးစက်ပြီး ရက်စက်တတ်ရန် လိုအပ်ကြောင်းကို ကျိရုရွှယ် ကောင်းစွာ နားလည်ထားပြီးသားဖြစ်သည်။

အစပိုင်းတွင်မူ ဇွန်ဘီဖေဖေသည် သူမအပေါ်တွင် အလွန်နူးညံ့လွန်းသဖြင့် လူသားအသိစိတ်ရှိသော ဤဇွန်ဘီမှာ ကမ္ဘာပျက်ကပ်အတွင်း ရှင်သန်နိုင်ပါ့မလားဟု ကျိရုရွှယ် စိုးရိမ်ခဲ့ဖူးသည်။ သို့သော် ယခုအခါတွင်မူ သူမ၏ဖခင်သည် သူမထင်ထားသည်ထက် များစွာ ပိုမိုပြတ်သားသူဖြစ်ကြောင်း သိလိုက်ရသဖြင့် လုံးဝ စိတ်အေးသွားရတော့သည်။

“ဒီတစ်ခါ ဖေဖေက ရန်သူကို မသတ်ဘဲ ခြေထောက်ကိုပဲ ချိုးလိုက်တာကြည့်ရင် ကိုးကြိမ်သေ နတ်ဆိုးရဲမေရဲ့ တစ်ခါသေပြီးတိုင်း ပိုသန်မာလာတဲ့ စွမ်းအားကို သူ ရိပ်မိသွားပုံရတယ်...”

ကျိရုရွှယ်သည် လေးစားအားကျစွာဖြင့် ခေါင်းညိတ်လိုက်မိပြီး သူမ၏ နှုတ်ခမ်းဖျားတွင်လည်း အလိုအလျောက် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

ကျိရုရွှယ်အဖို့ ဇွန်ဘီဘုရင်ဆိုသည်မှာ အသိဉာဏ်မဲ့လေ သူမ ပိုပျော်လေပင်။ အကြောင်းမှာ ထိုကဲ့သို့သော သတ္တဝါမျိုးသည် လူသားမျိုးနွယ်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်သောကြောင့်ပင်။ သို့သော် အကယ်၍ ဇွန်ဘီဘုရင်မှာ သူမ၏ဖခင် ဖြစ်နေမည်ဆိုပါက သူသည် အတတ်နိုင်ဆုံး ဉာဏ်ကောင်းနေရန်သာ ကျိရုရွှယ် ဆုတောင်းမိသည်။

မည်သို့ပင်ဆိုစေကာမူ ကမ္ဘာပျက်ကပ်အတွင်း ရှင်သန်ရခြင်းမှာ မလွယ်ကူလှပေ။ လက်ရှိအခြေအနေအရ ဤကိုးကြိမ်သေ နတ်ဆိုးရဲမေမှာ သူမဖခင်၏ လက်တွင်း၌ ရှိနေခြင်းက အကောင်းဆုံးရလဒ်ပင်။

ဤမိန်းမသည် လှည့်စားရလွယ်သည်ဆိုသော်လည်း လုံးဝဥဿုံ လူအိုက်တစ်ယောက်တော့ မဟုတ်ပေ။

ယခုအခါ သူမသည် နေရောင်ခြည်ရပ်ကွက်အတွင်းရှိ ဇွန်ဘီဘုရင်အကြောင်းကို သိရှိသွားပြီဖြစ်ရာ သူမအား ဤနေရာမှ လုံးဝအထွက်မခံနိုင်တော့ပေ။ အကယ်၍ ဤသတင်းအချက်အလက်သာ ပေါက်ကြားသွားပါက သူမ၏ဖခင်မှာ ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။ လူသားမျိုးနွယ်အတွက် ဇွန်ဘီဘုရင်ဆိုသည်မှာ အလွန်တရာ အန္တရာယ်ကြီးမားလှသော ဖြစ်တည်မှုတစ်ခု မဟုတ်ပါလား။

သို့သော် ဇွန်ဘီဘုရင်၏ ပင်ကိုယ်တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်အမင်း မမြင့်မားလှသဖြင့် လူသားစွမ်းအားရှင်တစ်ဦးဦး၏ ပစ်မှတ်ထားခြင်းကို ခံရပါက အလွယ်တကူပင် အသက်ဘေးကြုံရနိုင်သည်။ ဇွန်ဘီဘုရင်နှင့် ရင်ဆိုင်ရာတွင် လူသားတို့အတွက် အဓိကအခက်အခဲမှာ ၎င်း၏ တည်နေရာကို ရှာမတွေ့ခြင်းနှင့် ဇွန်ဘီအုပ်ကြီးထဲမှ မည်သူမှာ ဘုရင်ဖြစ်သည်ကို ခွဲခြားမရခြင်းပင်။ ထို့ကြောင့် ဇွန်ဘီဘုရင်တစ်ယောက်အတွက် အကောင်းဆုံးသော ပုန်းကွယ်မှုမှာ သာမန်ဇွန်ဘီအုပ်များကြားတွင် ထင်ပေါ်ခြင်းမရှိဘဲ ရောနှောနေထိုင်ခြင်းပင်။

လက်ရှိပြဿနာမှာ ကျောက်လင်းသည် နေရောင်ခြည်ရပ်ကွက်၌ ဇွန်ဘီဘုရင်ရှိနေကြောင်းကို အသေအချာ သိရှိသွားခြင်းပင်။ အကယ်၍ သူမသာ ထွက်ပြေးလွတ်မြောက်သွားပြီး ဤအကြောင်းကို ရှင်သန်သူများအခြေစိုက်စခန်းသို့ ဖွင့်ချလိုက်ပါက သူမ၏ဖခင်အတွက် အလွန်စိုးရိမ်စရာ ဖြစ်လာပေလိမ့်မည်။

ကိုးကြိမ်သေ နတ်ဆိုးရဲမေ၏ အစောပိုင်းစိတ်ဓာတ်ကို ကျိရုရွှယ် ကောင်းစွာသိရှိထားသည်။ အကယ်၍ ရန်သူသာ လွတ်မြောက်သွားပါက ဇွန်ဘီဘုရင်အပေါ် လက်စားချေလိုစိတ်ဖြင့်

ဖြစ်စေ သူမ၏ စိတ်ထဲမှ တရားမျှတမှုဟု ယူဆချက်ကြောင့်ဖြစ်စေ ဇွန်ဘီဘုရင်ကို လုပ်ကြံသတ်ဖြတ်ရန် နည်းလမ်းပေါင်းစုံကို ရှာကြံပါလိမ့်မည်။

ထို့ကြောင့် ရန်သူ၏ ခြေထောက်များကို ချိုးနှိမ်ကာ လှုပ်ရှားမှုကို ကန့်သတ်လိုက်သည့် သူမဖခင်၏ နည်းဗျူဟာမှာ သံသယဖြစ်ဖွယ်မရှိဘဲ အကောင်းဆုံးသော ဖြေရှင်းချက်ပင်။ ကျောက်လင်းအနေဖြင့် ထိုသို့လုပ်ဆောင်ခြင်းကြောင့် နာကျင်မှု ခံစားရမည်လားဆိုသည်ကိုမူ... ကျိရုရွှယ်က အနည်းငယ်မျှပင် ဂရုမစိုက်ပေ။

မူလက သူမသည် ကိုးကြိမ်သေ နတ်ဆိုးရဲမေနှင့် မဟာမိတ်ဖွဲ့ရန် ကြံစည်ခဲ့ခြင်းမှာ သူမ၏ဖခင်သည် အားနည်းလွန်းသည်ဟု ထင်မြင်မိသဖြင့် ရဲမေ၏အင်အားကို အသုံးချကာ ဖခင်ကို ကာကွယ်လိုသောကြောင့် ဖြစ်သည်။ ကျိရုရွှယ်၏ နှလုံးသားထဲတွင် သူမ၏ဖခင်သည် အမြဲတမ်း အရေးအကြီးဆုံး ဖြစ်သည်။

ကိုးကြိမ်သေ နတ်ဆိုးရဲမေသည် အနာဂတ်တွင် အလွန်အစွမ်းထက်လာမည့် လူသားစစ်သည်တော်တစ်ဦးဖြစ်ပြီး လက်အောက်ခံအဖြစ် သိမ်းသွင်းနိုင်ပါက အလွန်အသုံးဝင်မည့် မဟာမိတ်ဖြစ်နိုင်သော်လည်း... ကျိရုရွှယ်အဖို့မူ သူမဖခင်နှင့် ယှဉ်လျှင် ဘာမျှအရေးမပါလှပေ။

သူမဖခင်သည် ဇွန်ဘီဘုရင်ဖြစ်သည်ဟူသော အမှန်တရားကို မည်သည့်အခါမျှ ထုတ်ဖော်မပြသနိုင်ပေ။ အနည်းဆုံးတော့ ယခုအချိန်တွင် မဖြစ်နိုင်သေးပေ။ အနာဂတ်တွင် သူမဖခင် သို့မဟုတ် သူမကိုယ်တိုင်က လူသားစွမ်းအားရှင်များ၏ တိုက်ခိုက်မှုကို မကြောက်မရွံ့ဘဲ ခုခံနိုင်လောက်အောင် သန်မာလာသည့် အချိန်ရောက်မှသာ ဖြစ်ပေလိမ့်မည်။ လက်ရှိအချိန်တွင်မူ သူမနှင့် သူမ၏ဖခင်သည် လူမသိသူမသိဖြင့် အေးအေးဆေးဆေးနှင့် သတိထားကာ ရှင်သန်နေထိုင်ရန်သာ လိုအပ်သည်။

All Chapters