အခန်း (၈၇)
Vol. 9 Ch. 87
အခန်း။ ၈၇
လုချွမ်း၏ ခြိမ်းခြောက်မှုကို ခံလိုက်ရပြီးနောက် ကျောက်လင်းသည် ထိတ်လန့်တုန်လှုပ်ခြင်းနှင့်အတူ ဒေါသများလည်း အလိပ်လိုက် ထွက်ပေါ်လာတော့သည်။
သူမသည် ဒေါသအရှိန်ဖြင့် မျက်လုံးများကို အပြူးသား စိုက်ကြည့်နေမိသော်လည်း လုချွမ်းမှာမူ စာရွက်ကို ပစ်ပေးပြီးသည်နှင့် နောက်သို့လှည့်ကာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ဤသူတော်စင်မလေး၏ စရိုက်အရ ရဲစခန်းရှိ ရှင်သန်ကျန်ရစ်သူများ၏ အသက်ဘေးကို ကာကွယ်ရန်အတွက် သူမအနေဖြင့် သတ်သေရန် မည်သို့မျှ ကြိုးစားတော့မည်မဟုတ်ကြောင်း လုချွမ်း အသေအချာ ယုံကြည်ထားသည်။
ကျောက်လင်းမှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရင်နေရသည်။ ဤဇွန်ဘီဘုရင်သည် ဤမျှအထိ ယုတ်မာကောက်ကျစ်ကာ သူမအား သတ်သေခွင့်မရစေရန် ရဲစခန်းရှိ လူသားများ၏ အသက်ဖြင့် ခြိမ်းခြောက်လိမ့်မည်ဟု သူမ အိပ်မက်ပင် မမက်ခဲ့ဖူးပေ။
တစ်ချိန်တည်းမှာပင် သူမသည် အကြီးအကျယ် ထိတ်လန့်သွားရသည်။ ဇွန်ဘီဘုရင်များသည် အသိဉာဏ် မြင့်မားတတ်ကြောင်း ကိုယ်ပျောက်နေသူထံမှ ကြားသိခဲ့ရသော်လည်း ယနေ့တွင်မူ ၎င်းကို ကိုယ်တွေ့ ကြုံလိုက်ရပြီ ဖြစ်သည်။ ဤဇွန်ဘီဘုရင်သည် သူမ၏ ပြန်လည်ရှင်သန်နိုင်စွမ်းကို သိရှိရုံသာမက သူမအား ထိန်းချုပ်ရန်အတွက် အခြားသူများကို ဓားစာခံအဖြစ် အသုံးချရလောက်အောင်ပင် ပါးနပ်နေသည် မဟုတ်ပါလား။
ကျောက်လင်းမှာ သံသယများဖြင့် ပြည့်နှက်နေမိသည်။ ဤသည်မှာ သွေးဆာနေသော ဇွန်ဘီတစ်ကောင် အမှန်တကယ် လုပ်ဆောင်နိုင်သည့် အရာမျိုးလား။ လှည့်ကွက်နှင့် အကွက်ချစီမံတတ်သော လူသားများသာလျှင် ဤသို့သော ကိစ္စမျိုးကို လုပ်ဆောင်နိုင်မည် ထင်သည်။
ကျောက်လင်းအနေဖြင့် တစ်ဖက်လူ၏ တောင်းဆိုချက်ကို လုံးဝ လက်မခံလိုသော်လည်း ရဲစခန်းရှိ အပြစ်မဲ့ ရှင်သန်ကျန်ရစ်သူများကို ထောက်ထားကာ မတတ်သာဘဲ ဒူးထောက် အလျှော့ပေးလိုက်ရတော့သည်။
ကမ္ဘာမပျက်မီက ရဲအရာရှိတစ်ဦး ဖြစ်ခဲ့သည့်အတွက် ကျောက်လင်း၏ တာဝန်မှာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်ပင်။ သူမသည် အခြားသူများကို ကယ်တင်ရန်အတွက် သူမအသက်ကိုပင် စတေးဝံ့သူ ဖြစ်သော်လည်း သူမကြောင့် အခြားတစ်ဦးဦး အသက်ဆုံးရှုံးရမည်ကိုမူ အဖြစ်မခံနိုင်ပေ။
သူမ၏ ကိုယ်ပိုင်တန်ဖိုးထားချက်များအရ ကျောက်လင်းသည် သူမ၏ ပုဂ္ဂိုလ်ရေးပြဿနာများကြောင့် အပြစ်မဲ့သော ရှင်သန်ကျန်ရစ်သူများကို အန္တရာယ်မကျရောက်စေရန် ဆုံးဖြတ်လိုက်သည်။ လက်ရှိတွင် ရဲစခန်းသည် ကမ္ဘာပျက်စကာလကကဲ့သို့ ရိက္ခာ၊ လူအင်အားနှင့် လက်နက်ခဲယမ်းများ အလျှံပယ် ရှိနေတော့သည် မဟုတ်ပေ။
ကမ္ဘာပျက်ကပ်ကြီးအတွင်း နှစ်လကျော်ကြာ ရှင်သန်လာခဲ့ပြီးနောက် ရဲစခန်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ ရဲအရာရှိအနည်းငယ်သာ ကျန်ရှိတော့သည်။
လက်ရှိတွင် ရဲစခန်းတစ်ခုလုံး၌ သူမတစ်ဦးတည်းသာလျှင် စွမ်းအားရှင်ဖြစ်ကြောင်း ကျောက်လင်း ကောင်းစွာသိရှိနေသည်။ အချိန်နှင့်အမျှ ပြောင်းလဲနေသော ဤကမ္ဘာပျက်ကပ်အတွင်း သာမန်လူသားများအဖို့ ရှင်သန်ရန် ပိုမိုခက်ခဲလာချေပြီ။
အကယ်၍ ရဲစခန်းသည် သူမ၏ အကာအကွယ်ကို ဆုံးရှုံးသွားပြီး ဇွန်ဘီဘုရင်ကသာ ရှင်သန်ကျန်ရစ်သူများကို အမှန်တကယ် တိုက်ခိုက်ခဲ့ပါက သူတို့အားလုံးမှာ သေတွင်းသက်သက်သာ ဖြစ်ပေလိမ့်မည်။
စက္ကူပေါ်ရှိ လက်ရေးများကို ကြည့်ရင်း ကျောက်လင်း၏ ရင်ထဲတွင် ခါးသီးလှသော သရော်စာတစ်စောင်ကို ဖတ်နေရသကဲ့သို့ ခံစားလိုက်ရသည်။ ဇွန်ဘီတစ်ကောင်၏ ဖမ်းဆီးခြင်းကို ခံရရုံတင်မကဘဲ ၎င်း၏ ခြိမ်းခြောက်မှုကိုပါ ခံနေရသည်မှာ မယုံနိုင်စရာပင်။
ကျောက်လင်းသည် တံခါးဝတွင် ရပ်နေသော လျှပ်စီး ၁ ကို လှည့်ကြည့်ကာ ဒေါသတကြီးဖြင့် “နင်တို့ သူတို့ကို ဘာမှမလုပ်ဖို့ သတိပေးလိုက်မယ်။ မဟုတ်ရင်... မဟုတ်ရင် ငါ့အသက်နဲ့ရင်းပြီး နင်တို့ကို နောင်တရအောင် လုပ်ပစ်မယ်”
လျှပ်စီး ၁ မှာ မည်သို့မျှ တုံ့ပြန်ခြင်းမရှိသည်ကို မြင်သောအခါ ကျောက်လင်းသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း အားကုန်ဟစ်အော်လိုက်တော့သည်။
“ဇွန်ဘီဘုရင် နင် ငါပြောတာကို ကြားနိုင်တယ်ဆိုတာ ငါသိတယ်”
“သူတို့ကို ဘာဒဏ်ရာမှ မပေးမိစေနဲ့လို့ ငါ သတိပေးထားမယ်။ တခြားသူတွေကို နာကျင်အောင် လုပ်ဝံ့ရင် ငါ သေပြလိုက်မှာနော်”
ပတ်ဝန်းကျင်သို့ ရူးသွပ်မတတ် အော်ဟစ်နေသော်လည်း မည်သည့်တုံ့ပြန်မှုမှ ပြန်မရသဖြင့် ကျောက်လင်းမှာ ဆဋ္ဌမထပ်ရှိ အခန်းထဲတွင် တစ်ဦးတည်း ဒေါသတောက်လောင်နေရတော့သည်။
သတ္တမထပ်ရှိ ဧည့်ခန်းသို့ ပြန်ရောက်လာသော လုချွမ်းသည် အောက်ထပ်မှ အော်ဟစ်သံများကို ကြားလိုက်ရသောအခါ ထူးဆန်းသော မျက်နှာအမူအရာတစ်ခု ဖြစ်ပေါ်လာသည်။
ငါ့ကို သေပြလိုက်မယ် ဟုတ်လား။
ဤသည်မှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသော ခြိမ်းခြောက်မှုပင်။
လုချွမ်း၏ မှတ်ဉာဏ်ထဲ၌ ဤကဲ့သို့သော စကားလုံးမျိုးကို နောက်ဆုံးကြားခဲ့ဖူးသည်မှာ... အချစ်အလွမ်း ဇာတ်ကားကြီးများတွင် မင်းသမီးက မင်းသားကို ခြိမ်းခြောက်သည့် အခန်းများ၌သာ…..
“ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မယ်လို့ ခြိမ်းခြောက်တာက တကယ့်ကို ကြောက်စရာကောင်းလိုက်တာ။ ငါ့ကို သူ့ရည်းစားများထင်နေတာလား”
လုချွမ်း စိတ်ထဲမှ ခနဲ့ပြုံး ပြုံးလိုက်မိသည်။ ကျောက်လင်း၏ စကားကို ကြားလိုက်ရချိန်တွင် ဤအမျိုးသမီးသည် အလွယ်တကူ သတ်သေတော့မည်မဟုတ်ကြောင်း သူ အသေအချာ သိလိုက်ပြီဖြစ်သည်။ စိတ်ထားနူးညံ့လွန်းသော သူတော်စင်မမျိုးကို ကိုင်တွယ်ရာတွင် ဤကဲ့သို့သော နည်းလမ်းမျိုးကသာ အထိရောက်ဆုံး မဟုတ်ပါလား။
ဘေးနားရှိ ကျိရုရွှယ်သည်လည်း ကျောက်လင်း၏ အော်ဟစ်သံကို သဘာဝကျကျပင် ကြားလိုက်ရသည်။
“ဖေဖေက သူမကို ခြောက်ထပ်မှာ ပိတ်လှောင်ထားပုံရတယ်။ အခွင့်အရေးရရင် ငါ သွားကြည့်ဦးမှပဲ”
“တကယ်တော့ ငါသာ သူမကို နေရောင်ခြည်ရပ်ကွက်ဆီ ဖိတ်မခေါ်ခဲ့ရင် ဒီကိုးကြိမ်သေ နတ်ဆိုးရဲမေတစ်ယောက် အခုလို အခြေအနေမျိုး ကြုံရမှာ မဟုတ်ဘူး...”
ဤအချက်ကို ပြန်တွေးမိသောအခါ ကျိရုရွှယ် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။ ဤနတ်ဆိုးရဲမေသည် လူသားများထဲတွင် အလွန်ပင် စွမ်းဆောင်ရည်မြင့်မားသူ တစ်ဦးဖြစ်သော်လည်း သူမကြောင့်ပင် ယခုအခါ ဇွန်ဘီဖေဖေ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီဖြစ်သည်။ ခြေထောက်နှစ်ဖက်လုံးမှာလည်း ရိုက်ချိုးခံထားရသဖြင့် သေခွင့်လည်းမရှိသလို ပြေးခွင့်လည်းမရဘဲ အလွန်ပင် သနားစဖွယ်ကောင်းသော အခြေအနေသို့ ရောက်ရှိနေတော့သည်။
မနေ့ညက သူမသာ ရုတ်တရက် သစ္စာမဖောက်ခဲ့ပါက ကျောက်လင်း ဤကဲ့သို့ ဖြစ်လာမည်မဟုတ်ပေ။ ကျောက်လင်းတစ်ယောက် ဇွန်ဘီများ၏ ဝိုင်းဝန်းထိုးနှက်မှုကို ခံခဲ့ရသည့် မြင်ကွက်ကို ပြန်မြင်ယောင်မိတိုင်း ကျိရုရွှယ်၏ မျက်နှာလေးမှာ ရှက်သွေးဖြာကာ နီရဲလာရသည်။
“ငါ ကျိရုရွှယ်တစ်ယောက် ဒီလိုမျိုး ဟာသကြီးဖြစ်အောင် လုပ်မိလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး...”
မည်သို့ပင်ဆိုစေကာမူ ကိုယ်ပျောက်နေသူဟူသော အထောက်အထားမှာ ယနေ့မှစ၍ မရှိတော့ပေ။ သူမအနေဖြင့် အောက်ထပ်သို့ ဆင်းကာ ကျောက်လင်းကို သွားရောက်တွေ့ဆုံရန် အခွင့်အရေး ရှာဖွေရတော့မည်။ ကျိရုရွှယ်၏ စိတ်ထဲတွင်မူ ဤကိုးကြိမ်သေ နတ်ဆိုးရဲမေကို သူမ၏ လက်အောက်သို့ သိမ်းသွင်းလိုသော ဆန္ဒက အမြဲရှိနေခဲ့သည်။
တကယ်တော့ ကိုးကြိမ်သေ နတ်ဆိုးရဲမေသည် လူသားမျိုးနွယ်၏ နောက်ဆုံးကာလအထိ ရှင်သန်နိုင်ခဲ့သည့် အလွန်စွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
အကယ်၍ သူမ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် အစောပိုင်းကာလများတွင် ပြန်လည်ရှင်သန်ခြင်း အခွင့်အရေးများကို အလဟဿ မဖြုန်းတီးခဲ့ပါက သူမသည် ဧကရာဇ်အဆင့်သို့ပင် တက်လှမ်းနိုင်သည့် အခွင့်အရေးရှိသူ ဖြစ်သည်။ ကမ္ဘာပျက်ကပ်တစ်ခုလုံးကို ခြုံငုံကြည့်လျှင်ပင် ဤကဲ့သို့ ကောင်းကင်ဘုံကို အံတုနိုင်သော စွမ်းရည်မျိုးပိုင်ဆိုင်သည့် စွမ်းအားရှင်မှာ အလွန်ပင် ရှားပါးလှသည်။
အကယ်၍ ထိုကဲ့သို့ စွမ်းအားကြီးသော စွမ်းအားရှင်တစ်ဦးကို မိမိလက်အောက်သို့ သိမ်းသွင်းနိုင်ပါက အနာဂတ် ကမ္ဘာပျက်ကပ်အတွင်း ရှင်သန်ရမည့် ခက်ခဲမှုများမှာ များစွာ လျော့ပါးသွားပေလိမ့်မည်။ အရေးကြီးဆုံးအချက်မှာ လက်ရှိ ကမ္ဘာပျက်ကပ်၏ အစောပိုင်းကာလတွင် ဤနတ်ဆိုးရဲမေမှာ ရိုးသားဖြူစင်သေးပြီး သူတစ်ပါးကို အလွယ်တကူ ယုံကြည်တတ်သေးခြင်းပင်။
ဤအခွင့်အရေးကိုသာ အမိအရ မဆုပ်ကိုင်နိုင်ပါက နောင်တစ်ချိန်တွင် သူမ၏ စိတ်ဓာတ်များ ခက်ထန်မှောင်မိုက်သွားလျှင် ကိုင်တွယ်ရသည်မှာ အလွန်ပင် ခက်ခဲသွားပေလိမ့်မည်။
ထိုသို့ တွေးတောရင်း ကျိရုရွှယ်သည် လုချွမ်း၏အနားသို့ တိုးကပ်သွားကာ ဘာမျှမသိနားမလည်သည့်ဟန်ဖြင့် အပြစ်ကင်းစင်စွာ မေးလိုက်သည်။
“ဖေဖေ... သမီး အသံတချို့ ကြားနေရသလိုပဲ။ အောက်ထပ်မှာ ဘာတွေ ဆူညံနေတာလဲဟင်”
ချီချီလေး၏ ချစ်စဖွယ်ကောင်းပြီး အပြစ်ကင်းစင်သော အသံလေးကို ကြားလိုက်ရသောအခါ လုချွမ်း ခေတ္တမျှ မှင်သက်သွားရသည်။ သူ ခေါင်းလှည့်ကြည့်လိုက်ရာ ချီချီလေး၏ အလွန်ဖြူစင်လှပပြီး လောကအညစ်အကြေးများ မဝင်ရောက်သေးသော မျက်ဝန်းအစုံကို တွေ့လိုက်ရသည်။
ကမ္ဘာပျက်ကပ်သည် ရက်စက်ကြမ်းကြုတ်လှသော်လည်း ချီချီလေးမှာ ငယ်ရွယ်သေးသဖြင့် သူမ၏ ကလေးဘဝကို ကြမ်းတမ်းခက်ခဲမှုများ မရှိစေချင်ပေ။ ဤလောကကြီးသည် မည်မျှပင် မှောင်မိုက်နေပါစေ သူကိုယ်တိုင် ထိုအမှောင်ထုထဲတွင် ရပ်တည်ကာ အန္တရာယ်အားလုံးကို တားဆီးပေးသွားမည်ဟု ဆုံးဖြတ်ထားသည်။
ဖခင်မေတ္တာသည် တောင်ကြီးတစ်လုံးကဲ့သို့ ခိုင်မာလှသည်။ ချီချီလေးအား မိမိ၏ သမီးအရင်းကဲ့သို့ မှတ်ယူထားသည့်အတွက် သူမအတွက် လှပသော ကမ္ဘာတစ်ခု ဖန်တီးပေးရန်မှာ သူ၏ တာဝန်ပင် ဖြစ်သည်။ မွေးကင်းစအရွယ်မှာတင် မိဘမဲ့ဖြစ်ခဲ့ရသည့် သနားစဖွယ် ချီချီလေးကို မည်သည့်ဆင်းရဲဒုက္ခမျှ ထပ်မံ မခံစားစေလိုတော့ပေ။
သို့သော် အောက်ထပ်ရှိ ပြန်လည်ရှင်သန်နိုင်သော ထိုရဲမေမှာ အလွန်အန္တရာယ်ကြီးမားသဖြင့် လုံးဝ လွှတ်ပေး၍မရပေ။ အတန်ကြာ စဉ်းစားပြီးနောက် လုချွမ်းသည် စာရွက်ပေါ်တွင်
လက်ရေးဖြင့် “အဲဒါ ဖေဖေ မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်ပါ” ဟု ရေးသားလိုက်သည်။
သူမအား ယခုအချိန်တွင် လွှတ်ပေး၍လည်းမရသလို တိုက်ရိုက်သတ်ပစ်၍လည်း မဖြစ်သဖြင့် အဆောက်အအုံ ၅ အတွင်း၌သာ ဆက်လက်ထားရှိရမည်ဖြစ်သည်။ သူမအား ရေနှင့် အစားအစာ မှန်မှန်ကျွေးကာ အသက်ရှင်အောင် ထားရှိခြင်းက အဆောက်အအုံအတွင်း အိမ်မွေးတိရစ္ဆာန် တစ်ကောင် မွေးထားသကဲ့သို့ပင်။
အပြင်လောကတွင် ရှိနေပါက မည်သည့်အချိန်တွင် အသက်ပျောက်သွားမည်မှန်း မသိနိုင်သော်လည်း ဤနေရာတွင်မူ အနည်းဆုံးတော့ သူမ အသက်ရှင်နေနိုင်သေးသည်။ ထို့ကြောင့် သူမအနေဖြင့် သူ့ကိုပင် ကျေးဇူးတင်သင့်သည်ဟု လုချွမ်း တွေးတောနေတော့သည်။