အခန်း (၈၈)
Vol. 9 Ch. 88
အခန်း။ ၈၈
အိမ်မွေးတိရစ္ဆာန် တဲ့လား။
လုချွမ်း၏ စကားကို ကြားလိုက်ရသောအခါ ကျိရုရွှယ်မှာ စိတ်ထဲမှ ရယ်ချင်စိတ်ကို အသည်းအသန် အောင့်အည်းထားလိုက်ရသည်။ သူမ၏ ယခင်ဘဝတုန်းက ပြတ်သားပြီး နာမည်ကျော်ကြားလှသည့် ကိုးကြိမ်သေ နတ်ဆိုးရဲမေသည် ယခုအခါ သူမဖခင်၏ အိမ်မွေးတိရစ္ဆာန်အဖြစ် သတ်မှတ်ခံလိုက်ရလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးခဲ့ဖူးပေ။
နတ်ဆိုးရဲမေ ကျောက်လင်းသည် အလွန်တရာ လှပကျော့ရှင်းပြီး ကိုယ်လုံးကိုယ်ပေါက်မှာလည်း အပြစ်ပြောစရာမရှိအောင် ထူးခြားသူ ဖြစ်သည်။ သူမ၏ ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းရည်များကြောင့်လည်း ကမ္ဘာပျက်ကပ်အတွင်း လူသိများထင်ရှားသော တည်ရှိမှုတစ်ခု ဖြစ်ခဲ့သည်။
သူမ၏ စိတ်ဓာတ်များ မှောင်မိုက်ခက်ထန်သွားပြီးနောက်တွင်မူ သူမ၏ အေးစက်ပြတ်သားသော စရိုက်က လူသားစွမ်းအားရှင် အများအပြားကို သူမအား အောင်နိုင်လိုစိတ်များ ဖြစ်ပေါ်စေခဲ့သည်။ သူမကို သိမ်းသွင်းလိုသူများစွာ ရှိခဲ့သော်လည်း ထိုသူအားလုံး၏ အဆုံးသတ်မှာ အတူတူပင်။ တစ်ဦးမကျန် အရှက်တကွဲ ထွက်ပြေးခဲ့ကြရသည် သို့မဟုတ် သူမ၏လက်ချက်ဖြင့်ပင် အသက်ပျောက်ခဲ့ကြရသည်။
အကယ်၍ ယခင်ဘဝမှ အစွမ်းထက်သော လူသားစွမ်းအားရှင်ကြီးများသာ နတ်ဆိုးရဲမေသည် သူမဖခင်၏ အိမ်မွေးတိရစ္ဆာန်အဖြစ် အမွေးခံနေရသည်ကို သိသွားပါက သူတို့အားလုံး အံ့အားသင့်လွန်းသဖြင့် မေးရိုးပင် ပြုတ်ကျသွားနိုင်ပေသည်။
တစ်ဖက်တွင်လည်း လုချွမ်းသာ ဤရဲမေ၏ အနာဂတ် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို သိသွားပါက မည်မျှအထိ ထိတ်လန့်သွားမလဲဆိုသည်ကို ကျိရုရွှယ် အလွန်ပင် သိချင်နေမိသည်။
သို့သော် လုချွမ်းမှာမူ ထိုကဲ့သို့ ဝေးဝေးလံလံ တွေးတောမနေပေ။ ကျောက်လင်း၏ စကားများကို ကြားပြီးနောက်တွင် ဤအမျိုးသမီးသည် အခြေအနေကို အလျှော့ပေးလိုက်ပြီဖြစ်ကြောင်း သူ သိရှိသွားသဖြင့် စိတ်အေးသွားရသည်။
ပြန်လည်ရှင်သန်နိုင်စွမ်းရှိသော ဤအမျိုးသမီးသည် သူမ၏ သတ်သေလိုစိတ်ကိုသာ လက်မလျှော့ပါက ဤရပ်ကွက်အတွင်းရှိ ပေါက်ကွဲရန် စက္ကန့်ပိုင်းသာ လိုတော့သည့် အချိန်ကိုက်ဗုံးတစ်လုံးနှင့် တူနေပေလိမ့်မည်။ အကယ်၍ သူမက စိတ်အလိုကျ သတ်သေပြီး ပြန်လည်နိုးထလာတိုင်း သူ့ကို ရူးသွပ်စွာ လိုက်လံဒုက္ခပေးနေမည်ဆိုပါက ခေါင်းခဲစရာပင်။
ထင်ထားသည့်အတိုင်းပင် လူတိုင်းတွင် အားနည်းချက်ကိုယ်စီ ရှိကြသည်။ တစ်စုံတစ်ဦး၏ အားနည်းချက်ကိုသာ ဆုပ်ကိုင်နိုင်ပါက ထိုသူကို အလွယ်တကူ ထိန်းချုပ်နိုင်ပေသည်။ ကျောက်လင်းကဲ့သို့ သူတော်စင်စိတ်ဓာတ်ရှိသူများသည် ကမ္ဘာပျက်ကပ်အတွင်း ကိုင်တွယ်ရ အလွယ်ကူဆုံးသော လူစားမျိုးပင်။
အခြားသူများ၏ အသက်ကို အသုံးချကာ ခြိမ်းခြောက်ခြင်းမှာ မှားယွင်းသည်ဟု လုချွမ်း မယူဆပေ။ ကမ္ဘာပျက်ကပ်အတွင်း ရှင်သန်နိုင်ရန်အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုတတ်ခြင်းမှာ မရှိမဖြစ်လိုအပ်သော အရည်အချင်းတစ်ခုသာ ဖြစ်သည်။
သူစိမ်းများအတွက် မိမိအသက်ကို စတေးဝံ့သူ ကျောက်လင်းကဲ့သို့သော လူစားမျိုးမှာ အမှန်တကယ်ပင် ထူးဆန်းလွန်းလှသည်။ အကယ်၍ သူမတွင် ပြန်လည်ရှင်သန်နိုင်စွမ်းရှိသော စွမ်းရည်သာ မရှိပါက သူမ သေဆုံးသွားခဲ့သည်မှာ ကြာလှချေပြီ။
သို့သော် လုချွမ်းသည်လည်း မိမိကိုယ်ကိုယ် အနှိုင်းမဲ့အစွမ်းထက်သူဟု မယူဆဘဲ သူ့တွင်လည်း အားနည်းချက်ရှိသည်ကို ကောင်းစွာ သိရှိထားသည်။
လုချွမ်းသည် နို့ဘူးလေးကို ကိုင်ကာ နို့သောက်နေသော ချီချီလေးကို လှည့်ကြည့်လိုက်မိသည်။ သူမ၏ ချစ်စဖွယ်ကောင်းသော ပုံရိပ်လေးက သူ့အား နူးညံ့ကြင်နာသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။ ဤကမ္ဘာသစ်ကြီးမှာ သူ့အတွက် အလွန်စိမ်းသက်နေပြီး မည်သည့်တွယ်တာမှုမျှ မရှိခဲ့သော်လည်း ယခုအခါ ချီချီလေး ရှိလာသည့်အတွက် လုချွမ်းတွင် သူမသည်သာလျှင် သူ၏အဓိက တွယ်တာမှုနှင့် အထိပါးမခံနိုင်ဆုံးသော အရာ ဖြစ်လာခဲ့သည်။
ချီချီလေး၏ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်လာမည့် မည်သည့်အရာကိုမဆို သူ လုံးဝ ခွင့်ပြုမည်မဟုတ်ပေ။
“ဟေး... ဟေး... ဇွန်ဘီဘုရင် ငါပြောတာ ကြားလား”
“ငါ ဗိုက်ဆာနေပြီ။ တစ်ခုခု စားချင်တယ်။ မင်း ငါ့ကို တစ်ခုခု ကျွေးဦးမလား”
“မင်းက ငါသေမှာကို ဒီလောက်တောင် ကြောက်နေတာဆိုတော့။ ငါ့ကို အငတ်ထားပြီး သေခိုင်းမှာတော့ မဟုတ်ဘူးမလား”
ကျောက်လင်းသည် စိတ်ပျက်လက်ပျက်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း အော်ဟစ်နေတော့သည်။ သူမ၏ ဝမ်းဗိုက်မှာလည်း ဆာလောင်မှုကြောင့် အသံများ ထွက်ပေါ်နေပြီ ဖြစ်သည်။ မနေ့ကတည်းက သူမ ဘာမျှမစားရသေးသလို သူမ ခက်ခက်ခဲခဲ စုဆောင်းထားရသည့် ရိက္ခာအနည်းငယ်မှာလည်း ရဲစခန်းရှိ ရှင်သန်ကျန်ရစ်သူများထံ ပေးအပ်ခဲ့ပြီးဖြစ်သည်။
မနေ့ညက တိုက်ပွဲများကြောင့် သူမ၏ ခွန်အားများ ကုန်ခမ်းနေရသည့်အပြင် တာဖန်း၏ ရိုက်နှက်မှုကြောင့် ခြေထောက်နှစ်ဖက်လုံး ကျိုးကာ သွေးများစွာ ဆုံးရှုံးခဲ့ရသည်။ ရေတစ်စက်ပင် မသောက်ရဘဲ အင်အားများ တစတစ ကုန်ခမ်းလာနေသဖြင့် ဒုတိယအဆင့် စွမ်းအားရှင်ဖြစ်သည့် ကျောက်လင်းပင်လျှင် အတော်လေး ရုန်းကန်နေရပြီ ဖြစ်သည်။
လုချွမ်းသည် ကျောက်လင်း၏ အခြေအနေကို ကြည့်လိုက်သောအခါ သူမ၏ မျက်နှာမှာ သွေးမရှိသလို ဖြူဖျော့နေပြီး နှုတ်ခမ်းများမှာလည်း ခြောက်သွေ့နေသည်ကို တွေ့လိုက်ရသည်။
ဆဋ္ဌမထပ်တွင် ကလေးအသုံးအဆောင်များသာ ရှိသဖြင့် လုချွမ်းသည် လျှပ်စီး ၁ ကို စေခိုင်းကာ ရဲမေကို သယ်ဆောင်သွားစေလိုက်သည်။ ပဉ္စမထပ်ရှိ အခန်းတံခါးကို ဖွင့်လိုက်သောအခါ ကျောက်လင်း၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားတော့သည်။
သူမသည် ဆဋ္ဌမထပ်ရှိ ပစ္စည်းစုဆောင်းထားမှုမှာပင် မယုံနိုင်စရာကောင်းလှပြီဟု ထင်မှတ်ထားခဲ့သော်လည်း ယခု ပဉ္စမထပ်တွင်လည်း လူသုံးကုန်ပစ္စည်းမျိုးစုံဖြင့် ပြည့်နှက်နေလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။
အခန်းအတွင်း၌ သောက်ရေသန့်ဘူးများနှင့် ကလေးနို့မှုန့်ဘူးများကို အထပ်လိုက် စီထားပြီး ပေါင် ၅၀ အိတ် ဆန်အိတ်ကြီးများမှာလည်း မျက်နှာကျက်အထိ ပုံထားလေသည်။ ထို့အပြင် တာရှည်ခံသည့် ပေါင်မုန့်များ၊ ဘီစကစ်များ၊ ခေါက်ဆွဲခြောက်ထုတ်များနှင့် အခြားစားသောက်ဖွယ်ရာများမှာလည်း အလျှံပယ် ရှိနေသည်။
ဤမျှများပြားလှသော အစားအစာများကို မြင်လိုက်ရသောအခါ ကျောက်လင်း၏ မျက်ဝန်းအစုံမှာ ဝေဝါးသွားပြီး အံ့ဩဝမ်းသာမှုကြောင့် အရောင်များပင် တောက်ပလာတော့သည်။
ဘုရားရေ... ကမ္ဘာပျက်ကပ်အတွင်း သူမ ဖြတ်သန်းခဲ့ရသည့် နှစ်လတာကာလအတွင်း ယခုကဲ့သို့ ရိက္ခာအမြောက်အမြားကို မည်သည့်နေရာတွင်မှ မမြင်ဖူးခဲ့ပေ။
ဤဇွန်ဘီဘုရင်သည် ပတ်ဝန်းကျင်ရှိ ရိက္ခာအားလုံးကို သိမ်းကျုံးယူဆောင်လာခဲ့ခြင်းလော။ တစ်ဆောင်လုံးသာ ဤကဲ့သို့ ရိက္ခာများဖြင့် ပြည့်နေမည်ဆိုပါက မတွေးဝံ့စရာပင်။
ကျောက်လင်းမှာ ငိုချင်ရက် လက်တို့ဖြစ်နေရသည်။ အကြောင်းမှာ လွန်ခဲ့သော နှစ်လလုံးလုံး သူမသည် ဝအောင်တစ်နပ်မျှပင် မစားခဲ့ရဘဲ ယခုကဲ့သို့ အစားအစာများကို မြင်လိုက်ရချိန်တွင် သွားရည်ပင် ကျလာမိသောကြောင့် ဖြစ်သည်။ ဤအချက်ကို တွေးမိသောအခါ ကျောက်လင်းမှာ သွားကြိတ်မိတော့သည်။ အပြင်လောကတွင် သူမ အဘယ်ကြောင့် ရိက္ခာရှာမရခဲ့တာလဲဆိုသည်မှာ ယခုတော့ ရှင်းသွားပြီဖြစ်သည်။
ရိက္ခာအားလုံးကို ဤဇွန်ဘီဘုရင်က ဤနေရာသို့ သယ်ယူလာခဲ့ခြင်း မဟုတ်ပါလား။
ဤနှစ်လအတွင်း သူမမှာ ရေတစ်ငုံသောက်ရန်ပင် တွန့်တိုနေခဲ့ရပြီး နေ့စဉ်နှင့်အမျှ အလွန်ခြွေတာကာ ဆင်းရဲဒုက္ခရောက်ခဲ့ရသည်မှာ တကယ့်ငရဲခန်းပင်။ သို့သော် ကျောက်လင်းသည် ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ ဇဝေဇဝါ ဖြစ်သွားပြန်သည်။
“ဇွန်ဘီဘုရင်က ဘာလို့ လူသားတွေရဲ့ ရိက္ခာတွေကို ဒီလောက်အများကြီး စုဆောင်းထားရတာလဲ။ သွေးဆာနေတဲ့ ဘီလူးတွေက ဒါတွေကို စားဖို့ မလိုဘူးမဟုတ်လား”
“ဒါ ရှင်သန်ကျန်ရစ်သူ လူသားတွေကို အပြင်ထွက်ပြီး အစားအစာရှာလာအောင် အကျပ်ကိုင်ဖို့ လုပ်ထားတာများလား”
ဤအချက်မှလွဲ၍ ကျောက်လင်းအနေဖြင့် အခြားဖြစ်နိုင်ခြေကို မတွေးတောနိုင်တော့ပေ။
လုချွမ်းသည် လျှပ်စီး ၁ ကို စေခိုင်းကာ ကျောက်လင်းအား မြေပြင်ပေါ်သို့ ပစ်ချလိုက်ရာ သူမမှာ နာကျင်မှုကြောင့် မျက်နှာပျက်သွားပြီး တအင်းအင်း ညည်းတွားနေရရှာသည်။
“တောက်... ကောက်ကျစ်တဲ့ ဇွန်ဘီဘုရင် နင့်ကို ငါ လွယ်လွယ်နဲ့ လွှတ်မပေးဘူး”
“ငါ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ နင့်ကို အကြံပေးချင်တယ်။ ငါ့ကို အရမ်းနှိပ်စက်ရင်တော့ နောင်တရစေရမယ်”
သို့သော် ကျောက်လင်း၏ စကားပင် မဆုံးသေးမီ လျှပ်စီး ၁ က ပေါင်မုန့်နှစ်လုံးနှင့် ရေသန့်တစ်ဘူးကို သူမ၏ ပေါင်ပေါ်သို့ ပစ်ပေးလိုက်သည်။
ထိုအထဲတွင် အမဲသားခြောက်တစ်ဖတ်ပင် ပါဝင်နေသည်ကို မြင်လိုက်ရသောအခါ ကျောက်လင်း၏ မျက်လုံးများမှာ လျှပ်စစ်မီးသီးများကဲ့သို့ ဝင်းလက်သွားတော့သည်။ သူမသည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ အထုပ်များကို ဆွဲဖြဲကာ အငမ်းမရ စားသောက်ပါတော့သည်။
ပေါင်မုန့်တစ်လုပ်၊ ရေတစ်ငုံဖြင့် ကျောက်လင်းတစ်ယောက် စတင်ပွဲတော်တည်နေ၏။ ဝမ်းဗိုက်အတွင်း အစာများ ပြည့်စုံစွာ ရောက်ရှိသွားသည့် ဤခံစားချက်မျိုးမှာ သူမ တစ်ခါမျှ မကြုံဖူးခဲ့သော အရာပင်။ ပေါင်မုန့်မှ ထွက်ပေါ်လာသော ဂျုံနံ့လေးက သူမ၏ အရိုးများကိုပင် ပျော့ခွေသွားစေမည့်အလား ခံစားရစေသည်။
ကမ္ဘာပျက်ကပ် ကြာရှည်လာသည်နှင့်အမျှ အရင်းအမြစ်များမှာ တစတစ ရှားပါးလာခဲ့သည်။ ကိုယ်ကျိုးစွန့်လိုသော စိတ်ဓာတ်ရှိသည့် ကျောက်လင်းသည် သူမ ရှာဖွေရရှိသမျှ ရိက္ခာအများစုကို ရှင်သန်ကျန်ရစ်သူများအား ခွဲဝေပေးခဲ့ပြီး သူမအတွက်မူ အနည်းငယ်သာ ချန်ထားလေ့ရှိသည်။ ထို့ကြောင့် နောက်ပိုင်းတွင် သူမသည် ရေတစ်ငုံစီသာ သောက်ကာ နေ့စဉ်နှင့်အမျှ ဗိုက်ဟောင်းလောင်းဖြင့် ဖြတ်သန်းခဲ့ရသည်။
ယခုအခါ ဝအောင်စားလိုက်ရသည့် ခံစားချက်က သူမကို အတိုင်းထက်အလွန် ကျေနပ်စေသည်။ အထူးသဖြင့် အမဲသားခြောက်ကို ဆွဲဖြဲကာ ဝါးစားနေချိန်တွင် ကျောက်လင်း၏ မျက်ဝန်း၌ မျက်ရည်များပင် ဝဲတက်လာရသည်။
“ဒါ အသားရဲ့ အရသာပေါ့လေ။ ဘယ်လောက်တောင် ကောင်းလိုက်သလဲ”
“ငါ ဗိုက်ပြည့်တဲ့ ခံစားချက်ကို မရခဲ့တာ ဘယ်လောက်တောင် ကြာသွားပြီလဲ မသိတော့ဘူး။ ဒီမှာပဲ နေ့တိုင်း ဒီလိုမျိုး နေရမယ်ဆိုရင်လည်း မဆိုးပါဘူး...”
ရုတ်တရက် ကျောက်လင်းက ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်သည်။
“ငါ ဘာတွေ လျှောက်တွေးနေတာလဲ။ အားလုံးက ငါ သူတို့ကို အခြေစိုက်စခန်းဆီ ဦးဆောင်ခေါ်သွားဖို့ စောင့်နေကြတာလေ။ ငါက ဘယ်လိုလုပ် ဒီမှာပဲ ကိုယ်ကျိုးကြည့်ပြီး သာယာနေလို့ ဖြစ်မှာလဲ”
သို့သော် ကျောက်လင်းသည် သူမ၏ ကြေမွနေသော ခြေထောက်များကို ငုံ့ကြည့်လိုက်မိသည်နှင့် စိတ်ဓာတ်များ ချက်ချင်း ပြန်လည်ကျဆင်းသွားရပြန်သည်။
“အခုတော့ ငါ့ခြေထောက်တွေက ဒုက္ခိတဖြစ်နေပြီ။ သတ်သေပြီး ပြန်ရှင်ဖို့ကလည်း မဖြစ်နိုင်တော့ဘူး။ ငါ ဘာလုပ်နိုင်မှာလဲ...”
ထိုစဉ် ကျောက်လင်း၏ မျက်လုံးများ ပြန်လည်ဝင်းလက်လာသည်။ သူမ တစ်ခါမျှ မမြင်ဖူးသော်လည်း ကိုယ်ပျောက်နေသူဟူသော လူကို ရုတ်တရက် သတိရလိုက်ခြင်းပင်။ ယခုတစ်ကြိမ်တွင် သူမ လှည့်စားခံခဲ့ရသော်လည်း ကျောက်လင်းက မျှော်လင့်ချက် ထားနေဆဲ ဖြစ်သည်။
“ကိုယ်ပျောက်နေတဲ့သူက ဇွန်ဘီဘုရင်ကို အပြတ်ရှင်းချင်တာဆိုတော့ သူမ အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူး။ သူမရဲ့ အစွမ်းနဲ့ဆိုရင် ငါ့ကို သေချာပေါက် လာကယ်နိုင်မှာပဲ”
“ကိုယ်ပျောက်နေတဲ့သူရေ... နင် ငါ့ကို လှည့်စားခဲ့တာကို ငါ အပြစ်မတင်ပါဘူး။ ငါ့ကို အမြန်ဆုံးသာ လာကယ်ပေးပါတော့”
ထိုသို့တွေးရင်း ကျောက်လင်းသည် ပေါင်မုန့်ကို အားရပါးရ တစ်ချက် ထပ်ကိုက်လိုက်ပြန်သည်။
“တကယ် အရသာရှိတာပဲ...”