← Chapters

ချင်ပြည်နယ်သို့ ဆိုက်ရောက်လာတော့မည့် ကပ်ဘေး

Vol. 13 Ch. 127

ချင်ပြည်နယ်သို့ ဆိုက်ရောက်လာတော့မည့် ကပ်ဘေး

Vol. 13 Ch. 127

ထင်ယန်စီရင်စု၊ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးစံအိမ်

မကြာမီမှာပင် လျှိုပင်း၏အလောင်းကို လူအချို့က လာရောက်သယ်ဆောင်သွားကြပြီး ဟေးရှီရေကန်မှ တပ်မှူးများကိုလည်း ဘေးဘက်ဝင်းအတွင်းမှ ခေါ်ထုတ်သွားကြလေသည်။

ခြံဝင်းထဲတွင် လူသုံးဦးသာ ကျန်ရစ်တော့၏။

ယိုလုံထောင်သည် ရှောင်ချမ်ဝေ၏ လက်ကောက်ဝတ်ကို ကြည့်လိုက်ပြီး စိုးရိမ်ပူပန်သံဖြင့် မေးလိုက်သည်။

"ဒေါ်လေးရှောင်က ဟေးရှီရေကန်က နတ်ဆိုးအရှင်ကြောင့် ဒဏ်ရာရခဲ့တာလား"

သူ နတ်ဆိုးနှိမ်နင်းရေးဌာနတွင် တပ်မှူးဖြစ်စဉ်က မွေးစားမိခင်ကိုပြုစုစောင့်ရှောက်မည့်သူ မရှိခဲ့ပေ။ တိုက်ဆိုင်စွာပင် ရှောင်ချမ်ဝေသည်လည်း ဒဏ်ရာကုသနေချိန်ဖြစ်၍ မွေးစားမိခင်နှင့်အတူ ကာလတစ်ခုကြာ နေထိုင်ခဲ့သည်။

မည်သို့မည်ပုံ ညီအစ်မများ ဖြစ်သွားကြမှန်းမသိသော်လည်း သူသည် ရှင်းပြ၍မရအောင်ပင် အကြီးအကဲတစ်ဦး ရရှိသွားခဲ့လေသည်။

မွေးစားမိခင် ကွယ်လွန်သွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ရာ ဒေါ်လေးရှောင်ကို တွေ့လိုက်ရသည့်အချိန်မှသာ ကျွေးမွေးပြုစုခဲ့သော ကျေးဇူးတရားများကို ပြန်လည်အောက်မေ့ သတိရမိတော့သည်။

ထို့ကြောင့် ယိုလုံထောင်သည် သူမကို အကြီးအကဲတစ်ဦးအဖြစ် အမြဲတမ်း ရိုးသားစွာ ဆက်ဆံလေ့ရှိပြီး ရိုသေလေးစားမှု အနည်းငယ်မျှပင် ပျက်ကွက်ခြင်းမရှိခဲ့ပေ။

"ငါ နည်းနည်း ပေါ့သွားလို့ပါ"

ရှောင်ချမ်ဝေက ဂရုမစိုက်သလို ခေါင်းခါလိုက်သည်။ နတ်ဆိုးဖမ်းဆီးသူများအတွက် ဒဏ်ရာရခြင်းမှာ သာမန်ကိစ္စသာ ဖြစ်သည်။

ယိုလုံထောင်သည် မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံရသည်။

"ဒေါ်လေး စံအိမ်မှာပဲ အရင် အနားယူနေလိုက်ပါ၊ ကျွန်တော် လက်ရှိကိစ္စတွေ ပြီးသွားရင် ဟေးရှီရေကန်ကို သွားပြီး အဲဒီကောင်ကို ပညာသွားပေးလိုက်ပါ့မယ်"

သူ မထင်မှတ်ထားသည်မှာ ရှောင်ချမ်ဝေက ရုတ်တရက် အကြည့်လွှဲလိုက်ပြီး ပြောလာခြင်းပင်။

"သွားစရာ မလိုတော့ပါဘူး၊ အဲဒီကောင်... သေသွားပြီ"

ပုံမှန်ဆိုလျှင် တည်ငြိမ်သော အကြီးအကဲတစ်ဦး ဖြစ်သော်လည်း ယနေ့တွင်မူ မထင်မှတ်ဘဲ နှစ်ကြိမ်တိုင်တိုင် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင် ဖြစ်ခဲ့ရသည်။

ယိုလုံထောင် အနည်းငယ် အံ့သြသွားပြီး ဘေးနားရှိ လူငယ်ကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိသည်။

ဤရာထူးအထိ ရောက်လာနိုင်သူသည် သေချာပေါက် လူဖျင်းမဟုတ်ပေ။

သူ့မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။

"ညီလေးရှန်းများ ဖြစ်နေမလား..."

"သူ မဟုတ်ရင် ဘယ်သူရှိဦးမှာလဲ"

ရှန်းယီ ပြန်မဖြေနိုင်ခင်မှာပင် ရှောင်ချမ်ဝေ၏ နှုတ်ခမ်းထောင့်စွန်းတွင် ဂုဏ်ယူသောအရိပ်အယောင်ပါသည့် အပြုံးတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။

သူမသည် အနက်ရောင် ဝတ်စုံဝတ်ဆင်ထားပြီး လက်သီးချက်များမှာ ရွာသွန်းဖြိုးနေသော မိုးစက်များအလား ကောင်းကင်ယံတွင် ရပ်လျက် နှစ်ပေါင်း လေးထောင် သက်တမ်းရှိ ဖားပြုတ်သခင်ကြီးကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ခဲ့ပုံအား ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ဖော်ပြလေတော့သည်။

ရှန်းယီ နားထောင်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ဤအမျိုးသမီးသည် တိုက်ပွဲတွင် သူမပါဝင်ခဲ့သည်ကို ချန်လှပ်ထားပြီး ပို၍ပို၍ ချဲ့ကားပြောဆိုနေပေသည်။

"အဲဒီအချိန်တုန်းက သူသေတော့မယ်လို့ ငါထင်ခဲ့တာ... သူ့ဓားကို ကောက်ပေးတုန်းကဆို ငါ့မှာ ကြောင်တောင်တောင်တောင် ဖြစ်သွားရတယ်"

ရှောင်ချန်ဝေသည် တုန်လှုပ်နေပုံရဆဲဖြစ်ပြီး တစ်ဆက်တည်း ပြောချလိုက်လေသည်။

"..."

ဒေါ်လေးရှောင်၏အမူအရာကို ကြည့်ပြီးနောက် ယိုလုံထောင်သည် သူတို့နှစ်ဦးကြား ခေါက်တုံ့ခေါက်ပြန် ကြည့်လိုက်ရာမှ သဲ့သဲ့မျှ ပြုံးလိုက်မိသည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် နတ်ဆိုးဖမ်းဆီးသူတစ်ယောက်အနေဖြင့် မည်သည့်မုန်တိုင်းမျိုးကို မမြင်ဖူးဘဲ ရှိပါ့မလဲ။

ဤမျှအထိ ကွက်ကွက်ကွင်းကွင်း မှတ်မိနေခြင်းကို ကြည့်လျှင် ၎င်းမှာ အမှန်တကယ်ပင် တုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ခဲ့ပုံရသည်။

စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် ချဲ့ကားပြောဆိုခြင်း ရှိကောင်းရှိနိုင်သော်လည်း ဟေးရှီရေကန် အဝင်ဝထိသွားကာ ဖားပြုတ်သခင်ကြီးကို သတ်ဖြတ်နိုင်ခဲ့ခြင်းကပင် ယိုလုံထောင်ကို အံ့သြစေရန် လုံလောက်နေပြီဖြစ်သည်။

သူ ချင်ပြည်နယ်သို့ မပြန်သည်မှာ ကြာပြီဖြစ်၍ နတ်ဆိုးဖမ်းဆီးသူများကြားတွင် ဤမျှ အရည်အချင်းရှိသောသူတစ်ယောက် မည်သည့်အချိန်က ပေါ်ထွက်လာမှန်း မသိခဲ့ပေ။

ယိုလုံထောင် ခေါင်းခါလိုက်ပြီး လေးစားမှုပါသော လေသံဖြင့် ပြောလိုက်သည်။

"ညီလေးရှန်းက ချင်ပြည်နယ်အတွက် ကြီးမားတဲ့ ဘေးအန္တရာယ်တစ်ခုကို ထပ်မံ ဖယ်ရှားပေးခဲ့တဲ့အတွက် နတ်ဆိုးနှိမ်နင်းရေးဌာန ကိုယ်စား ကျေးဇူးတင်ပါတယ်"

ထိုစကားကို ကြားသောအခါ ရှောင်ချမ်ဝေ သတိပြန်ဝင်လာပြီး နတ်ဆိုးနှိမ်နင်းရေးဌာနကို ကိုယ်စားပြုစရာမလိုကြောင်း ပြောရန် ပြင်လိုက်သော်လည်း ရှန်းယီက လက်ကို အနည်းငယ်ဆုပ်ကာ အရိုအသေပြုလိုက်သည်။

"နတ်ဆိုးဖမ်းဆုကြေးယူတာက ကျွန်တော့်တာဝန်ပါ၊ စစ်သူကြီးက မြှောက်ပြောလွန်းပါပြီ"

နတ်ဆိုးနှိမ်နင်းရေးဌာန၏ကုသိုလ်မှတ်တမ်းများမှာ ဆုလာဘ်များနှင့် လဲလှယ်ရန် အချိန်ကြာမြင့်စွာ စုဆောင်းရပြီး တွက်ခြေမကိုက်လှပေ။ ထို့ကြောင့် နတ်ဆိုးဖမ်းဆီးသူများဘက်မှ ရေတွက်ခြင်းက ပိုကောင်းပေလိမ့်မည်။

"နှိမ့်ချနေစရာ မလိုပါဘူး"

ယိုလုံထောင်က ထိုစကားကို သဘောမတူသည့်ပုံစံဖြင့် လေးနက်စွာ ပြောလိုက်သည်။

"ချင်ပြည်နယ်မှာ မငြိမ်မသက်မှုကြီး ဖြစ်လာတော့မယ်၊ ညီလေးရှန်းလို ပညာရှင်တစ်ယောက် ရှိနေတာက နတ်ဆိုးကပ်ဘေးမှာ ချင်ပြည်နယ်အတွက် အသက်ရှင်ဖို့ အခွင့်အလမ်းတစ်ခု ပိုရတာပါပဲ"

ဤစကားကြောင့် ရှန်းယီသည် နားမလည်နိုင်စွာဖြင့် လှမ်းကြည့်လိုက်မိသည်။

စောစောက ကျန်းချန်ယွင်၏ပြောစကားအရဆိုလျှင် ချင်ပြည်နယ်တွင် ပညာရှင် အနည်းငယ် ရှားပါးသွားသော်လည်း စီရင်စု ၁၂ ခုကို ကာကွယ်ရန် လုံလောက်သည်ဟု ဆိုသည်။

အဘယ်ကြောင့် ဤနတ်ဆိုးနှိမ်နင်းရေးစစ်သူကြီး၏နှုတ်မှ ပြိုလဲတော့မည့် အဆောက်အအုံကြီးကဲ့သို့ စကားမျိုးကို ကြားနေရသနည်း။

ရှောင်ချမ်ဝေ၏မျက်နှာထားမှာ လေးနက်သွားသည်။

"တကယ်ပဲ အဲဒီလောက် ရှုပ်ထွေးတော့မှာလား"

ချင်ပြည်နယ်သည် နှစ်ပေါင်းများစွာ အေးချမ်းခဲ့သည်။ မငြိမ်မသက်ဖြစ်ရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ နတ်ဆိုးဘုရင်လေး အဆင့်တက်သွားခြင်းကြောင့်သာ ဖြစ်သည်။

ထိုအရာကသာ ချင်ပြည်နယ်ကို ဝိုင်းရံထားသော နတ်ဆိုးများကို ပြန်လည် လှုပ်ရှားလာစေခြင်း ဖြစ်သည်။

ယိုလုံထောင် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ရာ မျက်ခုံးများကြားမှ ပင်ပန်းနွမ်းနယ်မှုများက ပိုမို ထင်ရှားလာသည်။

"ဆရာ့ဆီက စာပြန်လာတယ်၊ နေပြည်တော်က ချင်ပြည်နယ်ရဲ့အကူအညီတောင်းခံမှုကို ထပ်ပြီး ငြင်းလိုက်တယ်တဲ့။ ဟွမ်ယွမ်နယ်ပယ် ဆရာသခင်ကြီးတွေမှာ ပိုအရေးကြီးတဲ့ ကိစ္စတွေ ရှိနေကြတယ်လေ။ချင်ပြည်နယ်ကို နတ်ဆိုးတွေ တကယ်ပဲ သိမ်းပိုက်သွားရင်တောင် သူတို့ကိစ္စတွေပြီးမှ ငါတို့ကို ပြန်တိုက်ယူပေးဖို့ စဉ်းစားကြလိမ့်မယ်"

သူ၏သပ်ရပ်သော မျက်နှာပေါ်တွင် ပြတ်သားမှု အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။

"ကျွန်တော်တို့ ကိုယ့်အားကိုယ်ကိုးကြရတော့မှာပါ"

ရင်းနှီးသူများရှေ့တွင် ရောက်နေသောကြောင့် ဖြစ်မည်၊ သူအနည်းငယ်လျှော့တိလျှော့ရဲ နေလိုက်ပြီး စားပွဲဆီသို့ ပြန်လျှောက်သွားသည်။

"တစ်ယောက်တည်းနဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့် နတ်ဆိုးကြီး သုံးကောင်ကို ထိန်းထားရတာ ကျွန်တော့်အတွက် တကယ်ပဲ ဝန်ပိလွန်းတယ်... ထားလိုက်ပါတော့၊ ဒီကိစ္စတွေ မပြောဘဲ ပျော်စရာကိစ္စလေးပဲ ပြောရအောင်"

ယိုလုံထောင်သည် ရေနွေးကရားကို ကိုင်လိုက်ပြီး သူတို့နှစ်ဦးအတွက် လက်ဖက်ရည် ငှဲ့ပေးရင်း ပြုံးကာ ပြောလိုက်သည်။

"ကျွန်တော့် ဂျူနီယာညီမလေး သိုင်းဘုံကျောင်းမှာ အမြုတေဖွဲ့စည်းဖို့ ကျရှုံးသွားတယ်တဲ့။ သူ တိတ်တိတ်လေး မျက်ရည်သုတ်နေတာကို မြင်ခဲ့ရတယ်လို့ ဆရာက ပြောတယ်"

"..."

ရှောင်ချမ်ဝေမှာ ထိုအရာက မည်သည့်နေရာတွင် ပျော်စရာကောင်းမှန်း နားမလည်နိုင်ပေ။

ရှန်းယီ အကြည့်လွှဲလိုက်သည်။တဖက်လူက ဆရာ နှင့် သိုင်းဘုံကျောင်း အမြုတေဖွဲ့စည်းခြင်း ဟု ပြောလိုက်ကတည်းက သူ အတော်အတန် ရိပ်မိသွားပြီဖြစ်သည်။

ဤသူသည် ဟုန်လေ့ပြောဖူးသော ချင်ပြည်နယ် စစ်သူကြီးများအနက် ဒုတိယအဆင့်ရှိသည့် စစ်သူကြီး၏တပည့် ဖြစ်ပေလိမ့်မည်။

ထို ဂျူနီယာညီမလေး ဆိုသည်မှာလည်း လင်းပိုင်ဝေ့ ဖြစ်လောက်သည်။

"ကျွန်တော် သူ့ကို သိုင်းဘုံကျောင်း ဆေးကြောသန့်စင်ခွင့် တစ်ကြိမ် ပေးလိုက်တယ်၊ နောက်ထပ် သုံးလလောက်တော့ ကြာလိမ့်မယ်။ သူပြန်လာရင် ဝမ်းနည်းပက်လက်ဖြစ်မနေဖို့ မျှော်လင့်ရတာပဲ"

ယိုလုံထောင်သည် နောက်ဆုံးတွင် သူ့အတွက် လက်ဖက်ရည် ငှဲ့လိုက်လေသည်။

"ဒါဆို နင်ကရော"

ရှောင်ချမ်ဝေ မျက်မှောင်ကြုတ်လိုက်သည်။ ယင်ဝိညာဉ်ကိုကျင့်ကြံနေသော အမြုတေအဆင့် သိုင်းပညာရှင်တစ်ဦးအနေဖြင့် သူသည်လည်း ကုန်ဆုံးသွားသည်များကို ပြန်လည်ဖြည့်ရန် သိုင်းဘုံကျောင်းကို လိုအပ်ပေသည်။

"ချင်ပြည်နယ်မှာ သိုင်းဝိဇ္ဖာတစ်ပါးပဲ ရှိနိုင်တာ၊ ကျွန်တော် ဘယ်လောက်ယူယူ အကန့်အသတ်က ဒီလောက်ပါပဲ... ပြီးတော့ ကျွန်တော့်မှာ နေပြည်တော်သွားဖို့ အချိန်လည်း မရှိဘူးလေ"

ယိုလုံထောင် တည်ငြိမ်စွာ ထိုင်လိုက်ပြီး လက်ဖက်ရည်ဖြင့် လည်ချောင်းကို စိုစွတ်စေလိုက်သည်။

"ဂျူနီယာညီမလေးက နှစ်ယောက်ပဲ ရှိတာလေ၊ အကြီးမကို မကူညီနိုင်ရင် အငယ်မလေးကိုတော့ ကူညီရမှာပေါ့။ ဒီနှစ်တွေမှာ စုဆောင်းထားတဲ့ ကုသိုလ်အမှတ်တွေက အဲဒီကလေးသုံးယောက် တစ်ယောက်တစ်ကြိမ်စီ ရဖို့ လုံလောက်ပါတယ်။ ဂျူနီယာညီလေးဖန်း ဆိုတာကိုတော့ ကျွန်တော် မတွေ့ဖူးသေးဘူး၊အခု သူဘယ်လိုနေလဲ၊ ပိုင်ကျစ်မင်များ သူ့ကို အနိုင်ကျင့်နေမလားဆိုတာ မသိရဘူး"

လူလတ်ပိုင်းအရွယ်အမျိုးသားသည် ပြုံးနေသော်လည်း အပြုံးထဲတွင် အထီးကျန်ဆန်မှု အရိပ်အယောင်များ ပါဝင်နေသည်။

"ဆရာအပါအဝင် ချင်ပြည်နယ်တစ်ခုလုံးက ဘယ်သူမှ နင့်ညီမလေးကို မကူညီနိုင်ကြပါဘူး၊ နင့်ကိုယ်နင် ဘာလို့ အပြစ်တင်နေရတာလဲ... အနည်းဆုံးတော့ နင်က စစ်သူကြီးတစ်ယောက်ပဲ၊ ပိုကောင်းတဲ့ လက်ဖက်ခြောက်လေးတောင် မရနိုင်ဘူးလား"

ရှောင်ချန်ဝေသည် စိတ်မသက်မသာဖြစ်ကာ လက်ဖက်ခြောက်များကို ဖယ်ရှားပြီး လက်ဖက်ရည်ခွက်ကို ရှန်းယီဘက်သို့ တွန်းပေးလိုက်သည်။

"..."

ရှန်းယီသည် သူမကို လူခေါ်လာပေးရန် ကူညီခဲ့မိသည်ကို နောင်တရစပြုလာသည်။ ယခင်က ပုံမှန်ဟု ထင်ရသော ဤအမျိုးသမီးသည် ရုတ်တရက် အလွန်အမင်း ရူးကြောင်ကြောင်နိုင်လာသည်။

စစ်သူကြီးယို၏အကြီးအကဲဖြစ်တဲ့သူက သူ့ကို လက်ဖက်ရည်ငှဲ့ပေးနေတာက ဘယ်လို အခြေအနေမျိုးလဲ။

"အလေးအနက်ကိစ္စ ပြောကြတာပေါ့"

ယိုလုံထောင် ပြုံးလိုက်ပြီး ရှန်းယီကို ကြည့်ကာ ပြောလေသည်။

"မူလက ဒီကိစ္စကို ဒေါ်လေးရှောင်နဲ့ အပ်မလို့ပဲ၊ ဒါပေမဲ့ သူက ဒဏ်ရာရထားတယ်လေ။ ဒါကြောင့် ညီလေးရှန်း အားမအား မေးချင်လို့ပါ၊ ကျွန်တော့်ကို အကူအညီ အသေးစားလေးတစ်ခုလောက် ပေးနိုင်မလားလို့ပါ... စည်းမျဉ်းကို ကျွန်တော် နားလည်ပါတယ်"

ထို့နောက် သူက အမျိုးသမီးကို ခေါင်းညိတ်ပြလိုက်သည်။

"အမြုတေအဆင့်တစ်ခုဆို ရပါပြီ၊ နောက်တစ်ခါ ပြန်ပေးပါ့မယ်"

"စစ်သူကြီးယိုကလည်း... နည်းနည်းလောက် သဘောထားကြီးလို့ မရဘူးလား"

ရှောင်ချမ်ဝေ မျက်လုံးလှန်ကြည့်လိုက်ပြီး ငွေရောင်ခေါင်းလောင်းလေးထဲမှ နှလုံးသွေးတစ်စက်ကို ထုတ်ပေးလိုက်သည်။

ယိုလုံထောင်က ဆက်ပြောသည်။

"ကျွန်တော် စံအိမ်မှာ သိမ်းထားတဲ့ ကောင်းကင်နေခွင်းလေး ကို လူတစ်ယောက် ယူသွားတယ်။ ဒါက ထင်ယန်စီရင်စုကို စောင့်ရှောက်ဖို့ ဆရာချန်ထားပေးခဲ့တဲ့ ရတနာပစ္စည်းပဲ။ ကျွန်တော်က မြို့ထဲမှာ သိပ်မရှိတာများတော့ ထင်ယန်မြို့မှာ တစ်ခုခုဖြစ်မှာစိုးလို့ ယူမသွားခဲ့ဘူး"

ဤစကားကြောင့် ရှောင်ချမ်ဝေ လုံးဝ တောင့်တင်းသွားပြီး နောက်ဆက်တွဲ ကြားလိုက်ရသည်က သူမကို ပို၍ အံ့သြသွားစေသည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက အဲဒီလေးနဲ့ ပစ်လိုက်တဲ့ နေခွင်းမြားက တိမ်ဖြူကျောင်းတော်ရဲ့ဘိုးဘေးဝတ်ပြုခန်းမကို ဖျက်ဆီးပစ်လိုက်ပြီး ကျောင်းတော်ရဲ့ဓားသိုင်းအနှစ်သာရ အခိုးခံလိုက်ရတယ်... ဒါ ကျွန်တော့်အမိန့်လားဆိုပြီး လာမေးကြတယ်"

လူလတ်ပိုင်းအရွယ် အမျိုးသားသည် အနည်းငယ် လက်လျော့ထားသည့်ပုံ ပေါက်နေသည်။

"ကောင်းကင်နေခွင်းလေးကို ကိုင်ထားတဲ့ ယန်ရှင်းခုံး နောက်ကို သူ့ကို လိုက်ခိုင်းမလို့လား" ရှောင်ချမ်ဝေ မတ်တတ်ရပ်လိုက်သည်။

"မဟုတ်ပါဘူး"

ယိုလုံထောင် ခေါင်းခါလိုက်ပြီး ဒေါ်လေးရှောင်၏ တုံ့ပြန်မှုကို ကြည့်ကာ တိုးညှင်းစွာ ပြောလိုက်သည်။

"ညီလေးရှန်းကို တိမ်ဖြူကျောင်းတော်ဆီ တစ်ခေါက်လောက် သွားပေးဖို့ အကူအညီတောင်းချင်ရုံပါ၊ဘိုးဘေးခန်းမအတွက် လျော်ကြေးငွေ ငွေတုံးနှစ်ရာ ယူသွားပေးပြီး ဒါက နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့လက်ချက်မဟုတ်ဘူးဆိုတာ ပြောပြပေးပါ၊ ဒါပါပဲ"

"လေးကို ပြန်ယူဖို့ကတော့ ဒေါ်လေးရှောင် ကိုယ်တိုင် သွားရလိမ့်မယ်... ဒါပေမဲ့ ဒေါ်လေးရှောင်က ဒဏ်ရာရထားတယ်လေ။ တကယ်လို့ ညီလေးရှန်းက သူ့ကို ကူညီပြီးလိုက်သွားပေးမယ်ဆိုရင် အဲဒီလေးကို ညီလေးရှန်း အကာအကွယ်အတွက် ခဏယူထားလို့ ရပါတယ်။ ကျွန်တော် ချင်ပြည်နယ်ကို ပြန်လာနိုင်တဲ့အချိန်ကျမှ ညီလေးလည်း အဲဒီမှာရှိနေရင် ကျွန်တော် ပြန်လာယူပါ့မယ်"

All Chapters