ဖားပြုတ်သခင် အေးစိမ့်ရေကန်သို့ ပြန်ဝင်ပြေးခြင်း
Vol. 13 Ch. 122
စကားပြောနေစဉ်မှာပင် ထိပ်ပြောင်ပြောင် လူကြီး၏ပါးစပ်ထဲမှ အစိမ်းရင့်ရောင် အဆိပ်ရည်များ ရုတ်တရက် ပန်းထွက်လာသည်။
အဆိပ်ရည်သည် လေးကိုင်းမှ လွတ်ထွက်သွားသော မြားတစင်းပမာ လေထုကို ခွဲဖြတ်ကာ တိုးဝင်လာသည်။
ရှောင်ချမ်ဝေ့၏လက်ကောက်ဝတ်ကို ရှပ်ထိသွားပြီး ဖြူဝင်းသော အသားအရေပေါ်တွင် ကြောက်မက်ဖွယ်ရာ အပူလောင်ဒဏ်ရာတစ်ခု ကျန်ရစ်ခဲ့သည်။
အစိမ်းရောင်အရည်များ ပေကျံသွားသော နေရာသည် ထိတ်လန့်ဖွယ် ကောင်းလောက်အောင် အလျင်အမြန် စားဖြုန်းခံလိုက်ရပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် အရိုးဖြူများကို ရေးရေးမျှ မြင်လာရသည်။
ဤမျှ ပြင်းထန်သော အဆိပ်သင့်ခံလိုက်ရသော်လည်း၊ ရှောင်ချမ်ဝေ့သည် မျက်နှာပျက်ယွင်းခြင်း မရှိပေ။ မျက်လုံးထောင့်စွန်း အနည်းငယ် လှုပ်ရမ်းသွားရုံသာ ရှိသည်။
သူမသည် လက်ဖဝါးမှ စွမ်းအားကို သုံးဆမျှ ထပ်တိုးလိုက်ပြီး ရှန်းယီက တဖက်လူကို ဖိနှိပ်ထားသည့် အခွင့်ကောင်းကို အသုံးချကာ လူကြီး၏ နားထင်ကို အားကုန်လွှဲရိုက်လိုက်သည်။
ဖားပြုတ်သခင်သည် အဆိပ်မြားဖြင့် အမျိုးသမီးကို မောင်းထုတ်ရန် ကြိုးစားသော်လည်း၊ တစ်ဖက်လူက အသက်နှင့်ရင်း၍ တိုက်ခိုက်လာလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
ထို့ကြောင့် လည်ပင်းပေါ်ရှိ ဓားရှည်ကို ဆွဲထုတ်ပြီး ရှောင်တိမ်းရန် ကြိုးစားလိုက်ပြန်သည်။ သို့သော် လူငယ်၏သေးသွယ်သော ခန္ဓာကိုယ်ထဲတွင် သူကဲ့သို့ နတ်ဆိုးသခင်တောင်မှ အံ့သြသွားစေနိုင်လောက်သည့် စွမ်းအားများ ကိန်းအောင်းနေသည်ကို တွေ့လိုက်ရသည်။
ဂျွတ်
သူသည် ထိုလက်ဝါးရိုက်ချက်ကို အတင်းခံလိုက်ရပြီး ဦးခေါင်းတစ်ခုလုံးတွင် ပင့်ကူအိမ်သဖွယ် အက်ကွဲရာများ ပြည့်နှက်သွားသည်။
ထိုပြင်းထန်သော လက်ဝါးစွမ်းအားအောက်တွင် သူ၏ခန္ဓာကိုယ်ကြီး လွင့်ထွက်သွားသည်။
မြေကြီးပေါ်သို့ မကျခင်မှာပင် ရှန်းယီသည် ဓားကို ကိုင်လျက် ထပ်မံပိုင်းဖြတ်လိုက်ပြန်သည်။ မျက်စိတစ်မှိတ်အတွင်း ဓားချက်ပေါင်း ဒါဇင်များစွာ ကျရောက်သွားပြီး ဓားချက်တိုင်းသည် အဓိက သွေးကြောများကို ဦးတည်ထားခြင်း ဖြစ်သည်။
ဖားပြုတ်သခင်၏ခန္ဓာကိုယ်ပေါ်တွင် အသားအရေများ စုတ်ပြဲသွားသော အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး အစိမ်းရင့်ရောင် သွေးလူသားအဖြစ် ပြောင်းလဲသွားကာ အလွန် သနားစဖွယ် အခြေအနေသို့ ရောက်ရှိသွားသည်။
တစ်ဖက်လူ၏ဓားသွားပေါ်တွင် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးစွမ်းအားများ ဖုံးအုပ်ထားပြီး ဓားချက်တိုင်းသည် သူ၏ခန္ဓာကိုယ်ထဲတွင် စွမ်းအားအချို့ ကျန်ရစ်စေကာ မာကျောသော နတ်ဆိုးခန္ဓာကို ရက်ရက်စက်စက် ဆုတ်ဖြဲပစ်နေသည်။
တပြိုင်နက်တည်းမှာပင် ရှောင်ချမ်ဝေ့သည် အတွင်းအားကို အသုံးပြု၍ လက်ကောက်ဝတ် ဒဏ်ရာ ပိုဆိုးမလာစေရန် ခေတ္တ ထိန်းချုပ်လိုက်ပြီးနောက် ရှေ့တက်ကာ သူ့လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
သူမသည် အောက်ဘက်မှနေ၍ လက်ဖဝါးဖြင့် ထပ်မံ ရိုက်ချလိုက်ပြန်သည်။
ကောင်းကင်အပြည့် လွှမ်းခြုံထားသော စွမ်းအားများကို လက်ဖဝါးပေါ်တွင် အတင်းအကျပ် စုစည်းလိုက်ပြီး သူ့ကို အရိုးကျိုးကြေသွားအောင် လုပ်ရန် ရည်ရွယ်လိုက်ခြင်း ဖြစ်သည်။
သူတို့နှစ်ဦးစလုံးသည် နတ်ဆိုးပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးသော သိုင်းပညာရှင်များ ဖြစ်ကြသည်။ ပထမဆုံးအကြိမ် လက်တွဲခြင်း ဖြစ်သော်လည်း အချိတ်အဆက်မိစွာဖြင့် နတ်ဆိုးကို အသက်ရှူချိန်ပင် မပေးဘဲ တိုက်ခိုက်နေကြသည်။
ဤကဲ့သို့ အန္တရာယ်များသော အချိန်တွင် ဖားပြုတ်သခင်သည် လက်မောင်းကို ရုတ်တရက် ဆန့်ထုတ်လိုက်သည်။မျက်စိရှေ့မှာပင် ဆယ်ပေခန့် ရှည်လျားသော ဖားပြုတ်လက်ကြီးအဖြစ် ပြောင်းလဲသွားပြီး လူငယ်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။
တပြိုင်နက်တည်းမှာပင် ခြေထောက်နှစ်ဖက်ကလည်း ပြောင်းလဲသွားပြီး ရှေ့လက်ထက် အနည်းငယ် တိုသော်လည်း ခုနစ်ပေ ရှစ်ပေခန့် ရှည်လျားကာ တောင့်တင်းသန်မာသော နောက်ခြေထောက်များဖြင့် ရှောင်ချမ်ဝေ့ကို ကန်ထုတ်လိုက်သည်။
ရှန်းယီသည် အဖုအထစ်များဖြင့် ပြည့်နှက်နေသော ဖားပြုတ်လက်ကြီးကို နင်းချလိုက်ပြီး ဓားကို ကြမ်းကြုတ်စွာ ဝှေ့ယမ်းလိုက်သည်။
ထင်းခွဲသကဲ့သို့ပင် ဖားပြုတ်လက်ချောင်းများ ကြားထဲမှနေ၍ အသားထဲသို့ ဓားမြုပ်သွားသည်အထိ ခုတ်ပိုင်းချလိုက်သည်။
ဖားပြုတ်သခင်သည် နာကျင်မှုကြောင့် ဒေါသတကြီး စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
နောက်ခြေထောက်များသည် အောက်ဘက်ရှိ အမျိုးသမီးကို အစွမ်းကုန် ကန်ထုတ်လိုက်သည်။
"……"
ရှောင်ချမ်ဝေ့သည် မူလကတည်းက ဒဏ်ရာရထားပြီးဖြစ်သည်။ သူမ တစ်ကိုယ်လုံးထက်ပင် ကြီးမားသော ဖားပြုတ်ခြေထောက်ကြီးကို ရင်ဆိုင်လိုက်ရသောအခါ လက်ဖဝါးနှစ်ဖက်ဖြင့် ပြန်လည် ရိုက်ထုတ်လိုက်ရာ စုစည်းထားသော စွမ်းအားများသည် ခြေဖဝါးကို ဖောက်ထွက်သွားပြီး ကြောက်မက်ဖွယ် အပေါက်ကြီးတစ်ခု ဖြစ်ကျန်ခဲ့သည်။
သူမသည်လည်း ကန်ထုတ်ခံလိုက်ရသဖြင့် လွင့်စဉ်သွားသည်။ ခန္ဓာကိုယ်ကို မနည်း ပြန်လည် ထိန်းချုပ်လိုက်ပြီးချိန်တွင် သူမ၏ရှေ့၌ ပေ ၂၀၀ ကျော် မြင့်မားသော ဧရာမ သတ္တဝါကြီးတစ်ကောင် ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။
အုံ....အွမ်....
ရှည်လျားပြီးနက်ရှိုင်းသော ဖားပြုတ်အော်သံသည် ပတ်ဝန်းကျင် တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည်။
ဧရာမ ဖားပြုတ်ကြီးသည် မြေပြင်ပေါ်တွင် ဝပ်လျက်ပါးစပ်ကို ပိတ်ထားပြီး ရှေ့ကို စူးစိုက်ကြည့်နေသည်။
၎င်း၏ခန္ဓာကိုယ် မျက်နှာပြင်သည် ချောမွေ့ခြင်း မရှိဘဲ သစ်ခေါက်ကဲ့သို့ ကြမ်းတမ်းပြီး အခေါင်းပေါက်များဖြင့် ပြည့်နှက်နေသည်။
ယခုအခါ ထိုအခေါင်းပေါက်များထဲမှ အစိမ်းရောင် အရည်များတရစပ် ပန်းထွက်လာပြီး ကောင်းကင်အပြည့် မိုးရွာသကဲ့သို့ ဖြစ်နေသည်။
ထိုအဆိပ်မိုးရေများကြားတွင် မင်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ပုံရိပ်သည် ဟိုဟိုသည်သည် ရှောင်တိမ်းနေပြီး ဓားရှည်ကိုပင် ပြန်သိမ်းလိုက်ကာ အခွင့်အရေးရသည်နှင့် လက်သီးဖြင့် ဝင်ထိုးလေသည်။
တောင်ကုန်းတစ်ခုပမာ ကြီးမားသော ဖားပြုတ်ကြီးသည် ထိုလက်သီးချက်များအောက်တွင် ယိုင်နဲ့သွားပြီး နောက်ဆုတ်သွားရကာ ချိုင့်ဝှမ်းတစ်ခုလုံး တုန်ခါသွားလေသည်။
ချင်ပြည်နယ်တွင် အမြုတေဖွဲ့စည်းခြင်းအဆင့် နှင့် ယှဉ်ပြိုင်နိုင်သော ခန္ဓာကိုယ်သန့်စင်သူ သိုင်းပညာရှင် မပေါ်ထွက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုရင်း ရှောင်ချမ်ဝေ့သည် ဝင်ရောက်စွက်ဖက်ရန် မဖြစ်နိုင်တော့ကြောင်း ခံစားလိုက်ရသည်။
ကိုယ်တွင်းအမြုတေစွမ်းအင်ကို မသုံးဘဲ မူလခန္ဓာကိုယ် ထုတ်ဖော်ထားသော နတ်ဆိုးနှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်သည် ဆိုသည်မှာ...လွန်လွန်းနေပေပြီ။
သူမသည် လက်ကောက်ဝတ်ကို ငုံ့ကြည့်လိုက်သည်။အစောပိုင်းက ဖားပြုတ်သခင်ကို ပြင်းထန်စွာ ဒဏ်ရာရစေမည့် အခွင့်အရေးကောင်းကို လက်လွတ်မခံချင်သဖြင့် အဆိပ်ရည်ကို မရှောင်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် နှစ်ကြိမ်ဆက်တိုက် အစွမ်းကုန် ထုတ်သုံးခဲ့သည်။
ယခုအခါ လက်ကောက်ဝတ် တစ်ခုလုံးရှိ အသားများသည် အစိမ်းရောင် အရည်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်ရာ အခြေအနေကို ထိန်းထားနိုင်ရန် စွမ်းအားအများစုကို အသုံးပြုနေရသည်။
ရှောင်ချမ်ဝေ့သည် သွားကို တင်းတင်းစေ့ထားပြီး နာကျင်မှုကို ကြိတ်မှိတ်သည်းခံနေရသည်။
အစောပိုင်းက ဖားပြုတ်ခြေထောက်၏ကန်ချက်ကြောင့် ယခင်က တောဘုရင်ပေးခဲ့သော ဒဏ်ရာဟောင်းပြန်ကြွလာပြီး သူမ၏နှုတ်ခမ်းထောင့်မှ သွေးအနည်းငယ် စီးကျလာသည်။
ရှန်းယီ၏စွမ်းအားကြီးမားမှုသည် သူမ ထင်ထားသည်ထက် ကျော်လွန်နေသည်။ သူမအနေဖြင့် တုံ့ဆိုင်းမနေဘဲ အခွင့်အရေးကို အရယူခဲ့သော်လည်း... ပေတစ်ရာ အကွာအဝေး အတွင်းတွင် ဤမျှ ကြီးမားသော နတ်ဆိုးတစ်ကောင်ကို သတ်ဖြတ်ရန်မှာ အလွန် ခက်ခဲလွန်းလှသည်။
နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးများပင် မလုပ်နိုင်သော ကိစ္စကို သူမတို့နှစ်ယောက်က မည်သို့လုပ်နိုင်မည်နည်း။
ထင်ထားသည့်အတိုင်းပင် ဖားပြုတ်သခင်သည် အဆိပ်မိုးရွာချပြီး ဒေါသကို အနည်းငယ် ဖြေဖျောက်လိုက်သည်။ ထို့နောက် မျက်နှာကို ရှန်းယီ၏လက်သီးတစ်ချက် ထပ်မံ အထိုးခံလိုက်ရသည်။
မူလကတည်းက အက်ကွဲရာများ ပြည့်နှက်နေသော ခေါင်းကြီးမှာ အက်ရာများ ပိုနက်သွားသည်။
တောင်ကုန်းပမာ ကြီးမားသော ကိုယ်လုံးကြီး နောက်သို့ လန်သွားသော်လည်း နောက်ခြေထောက်များတွင် အားအင်အပြည့် စုစည်းထားပြီး ဖြစ်သည်။
၎င်းသည် လူစကား ပြောလိုက်သည်။ "မင်းတို့နှစ်ယောက်က တကယ်ကြီးလား ငါ ဆက်မကစားနိုင်တော့ဘူး"
လွန်ခဲ့သော နှစ်များစွာက အေးချမ်းစွာနေခဲ့ရသဖြင့် မဟာချန်မင်းဆက်မှ ဤခွေးကောင်များ၏ရက်စက်မှုကို မေ့နေခဲ့ပုံ ရသည်။ ယခု သတိပြန်ဝင်လာသောအခါ ဆက်နေချင်စိတ် မရှိတော့ပေ။
နောက်ခြေထောက်များဖြင့် မြေကြီးကို ဆောင့်ကန်လိုက်ပြီး ခန္ဓာကိုယ်ကြီးကို လေပေါ်သို့ မြှောက်တင်လိုက်သည်။
ပေတစ်ရာကျော် အကွာအဝေးကို လွယ်ကူစွာ ကျော်ဖြတ်ပြီး ဟေးရှီရေကန် ထဲသို့ ဗွမ်း ခနဲ ခုန်ဆင်းသွားရာ ရေလှိုင်းကြီးများ ထသွားလေသည်။
"……"
ရှန်းယီသည် မြေပြင်ပေါ်သို့ ရုတ်တရက် ပြန်ဆင်းသက်လာပြီး အသက်ရှူ အနည်းငယ် မြန်နေသည်။
နှစ်ပေါင်း လေးထောင်ကျော် အသက်ရှင်ခဲ့သော နတ်ဆိုးတစ်ကောင် ဖြစ်သည့်အတိုင်း ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် ဟိုတစ်ချိန်က ချင်းဖုန်းတောင်ပေါ်ရှိ ကျောင်းနဂါးသခင်ထက်ပင် ပိုမို မာကျောနေသည်။
ဤမျှစွမ်းအားကြီးသော ပြိုင်ဘက်မျိုး သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။
"ဒီအဆင့် နတ်ဆိုးတစ်ကောင်ကို ထွက်ပြေးအောင် လုပ်နိုင်တာ၊ ဘယ်နေရာသွားပြောပြော ဂုဏ်ယူစရာ ကောင်းနေပါပြီ"
ရှောင်ချမ်ဝေ့သည် အေးစက်နက်ရှိုင်းသော ရေကန်ကို စိုက်ကြည့်ရင်း နှုတ်ခမ်းမှ သွေးစကို သုတ်လိုက်သည်။ စိတ်ပျက်သည့် အရိပ်အယောင် မရှိပေ။ မည်သို့ပင်ဖြစ်စေ စမ်းသပ်ကြည့်ရုံသာ ဖြစ်ပြီး ကြီးကြီးမားမား မျှော်လင့်မထားခဲ့ပေ။
သူမ နေရာမှာ ကျန်းချန်ယွင် ရောက်နေရင်လည်း ဤနေ့ရလဒ်က ယခုလိုသာ ဖြစ်နေမှာပင်။
နတ်ဆိုးနှိမ်နင်းရေးဌာန၏တဲစခန်းဘေးတွင် တပ်ဖွဲ့တပ်ဖွဲ့ခေါင်းဆောင်များ၊ တပ်မှူးများနှင့် တပ်သား အများအပြားသည် အစောပိုင်းက ရှန်းယီ ဖားပြုတ်သခင်ကို အကြမ်းပတမ်း ရိုက်နှက်နေသည့် မြင်ကွင်းကြောင့် စကားပင် မပြောနိုင်အောင် ဖြစ်နေကြသည်။
ကြောက်ရွံ့ဖွယ် ကောင်းလောက်အောင် စွမ်းအားကြီးသော နတ်ဆိုးကြီးသည် ဤအတိုင်း ထွက်ပြေးသွားခဲ့သည်။ ခြိမ်းခြောက်စကားပင် တစ်ခွန်းမှ မပြောခဲ့ချေ။
လျိုပင်းမှာမူ ဖားပြုတ်သခင် ရေထဲခုန်ဆင်းသွားသည့် အခိုက်အတန့်တွင် မျက်လုံးထဲမှ မျှော်လင့်ချက်များ ပျောက်ဆုံးသွားခဲ့ရသည်။
နတ်ဆိုးက ထွက်ပြေးသွားပြီ၊ သူကတော့ သေရတော့မည်။
ဒီတိရစ္ဆာန်က ဟိုကောင်လေးကို ဒဏ်ရာရအောင်တောင် မလုပ်နိုင်ခဲ့ဘူးလား။
"ဟင်"
စိတ်ပျက်အားငယ်နေစဉ် သူ့မျက်နှာပေါ်တွင် သံသယ အရိပ်အယောင်များ ပေါ်လာသည်။
ရှန်းယီသည် ဘယ်လောက်နက်မှန်း မသိသော ရေကန်အေးကြီးဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး အောက်သို့ ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ရှင် ဘာလုပ်မလို့လဲ" ဟု ရှောင်ချမ်ဝေ့က သူ့ကျောပြင်ကို ကြည့်ကာ အံ့သြစွာ မေးလိုက်သည်။
"အကူအညီအတွက် ကျေးဇူးပါပဲ"
ရှန်းယီ ခေါင်းညိတ်ပြလိုက်သည်။
အင်မော်တယ်နတ်ဆိုးပြောင်းလဲခြင်းဒုတိယအဆင့် ပြီးနောက် သူ၏စွမ်းအားများ အလျင်အမြန် တိုးတက်လာခဲ့သော်လည်း၊ ပြင်ပအမြုတေ စွမ်းအားကို ပေါင်းထည့်လျှင်ပင် ထိုနတ်ဆိုး... အထူးသဖြင့် ကျောင်းနဂါးသခင်ထက် ပိုသန်မာသော ဖားပြုတ်နတ်ဆိုးနှင့် ရင်ဆိုင်ရသည်မှာ သိပ်မသေချာလှပေ။
ဤ ငွေခေါင်းလောင်းအဆင့် နတ်ဆိုးဖမ်းစီးသူ ၏ အကူအညီကြောင့် ဖားပြုတ်သခင်ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့ပြီး သူ့အတွက် ယုံကြည်မှု ပိုရှိလာစေခဲ့သည်။
ထိုအချက်ကို တွေးမိသောအခါ ရှန်းယီ၏ရင်ထဲတွင် စိတ်အားထက်သန်မှုများ တောက်လောင်လာသည်။
အရပ်ရှည်ရှည် ပုံရိပ်သည် မည်သူမျှ အနားမကပ်ရဲလောက်အောင် အေးစက်သော ဟေးရှီရေကန်ထဲသို့ တွန့်ဆုတ်ခြင်းမရှိဘဲ ခုန်ဆင်းလိုက်သည်။
ထိုအခိုက်အတန့်တွင် ဟေးရှီရေကန် နံဘေးရှိ လူများအားလုံး ကြောင်အသွားကြ၏။
တောဘုရင်နှင့် ရင်ဆိုင်ရစဉ်ကပင် တည်ငြိမ်နေခဲ့သော ရှောင်ချမ်ဝေ့သည် ယခုအခါ မျက်လုံးပြူးသွားပြီး မျက်နှာထား ပြောင်းလဲသွားသည်။
အဝေးမှကုန်းပေါ်တွင် လျိုပင်း၏အရူးတစ်ပိုင်း ရယ်မောသံ ရုတ်တရက် ထွက်ပေါ်လာသည်။ ကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံး အရာကို မြင်လိုက်ရသကဲ့သို့ အသက်ပင် မရှူနိုင်အောင် ရယ်မောနေသည်။
"အဲဒီ အဆိပ်ဖားပြုတ်ကို ဘာကြောင့် ဟေးရှီရေကန် နတ်ဆိုးသခင် လို့ ခေါ်လဲဆိုတာ... သူ မသိဘူးလား"