← Chapters

မင်းကများ ဟေးရှီရေကန်ရဲ့ အရှင်သခင် ဟုတ်လား

Vol. 13 Ch. 123

မင်းကများ ဟေးရှီရေကန်ရဲ့ အရှင်သခင် ဟုတ်လား

Vol. 13 Ch. 123

တိတ်ဆိတ်ငြိမ်သက်နေသော အေးစိမ့်ရေကန်သည် စိမ်းမြမြ ကျောက်စိမ်းရည်ပမာ ရှိသော်လည်း အောက်သို့ နက်ဆင်းသွားလေလေ တဖြည်းဖြည်း မှောင်မည်းလာလေလေ ဖြစ်သည်။

ဖားပြုတ်သခင်၏ကြီးမားသော ပုံရိပ်သည် ရေထဲတွင် ကျွမ်းကျင်စွာ လှုပ်ရှားလျက် ခြေထောက်နှစ်ဖက်ဖြင့် ကန်ပြီး အောက်ဘက်သို့ ပေရာချီ ထပ်မံ ငုပ်လျှိုးသွား၏။

ချောမွေ့နေသော ဧရာမ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ဝပ်လိုက်ပြီးမှ ၎င်း၏ပြူးထွက်နေသော မျက်လုံးအိမ်များတွင် နောင်တနှင့် ဒေါသများ ပေါ်လာပေသည်။

သက်တောင့်သက်သာ နေချင်ဇောဖြင့် လျိုပင်းကို အသက်ချန်ထားခဲ့မိသည်မှာ အမှားကြီး မှားသွားခဲ့ခြင်း ဖြစ်သည်။

ဤသို့ ဖြစ်လာမည်မှန်း သိလျှင် နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး၏လိုက်လံသတ်ဖြတ်ခြင်း ခံရမည့် အန္တရာယ်ကို ရင်ဆိုင်ပြီးတော့ပင် ထိုလူကို စားပစ်လိုက်ကာ အဆင့်တက်ရန် ကြိုးစားခဲ့သင့်ပေသည်။

မည်သို့ပင်ဖြစ်စေ မိမိဂူအောင်းရာတွင် ပုန်းနေလျှင် ရာစုနှစ်ပေါင်းများစွာနေသွား၍ရသည်မဟုတ်ပါလား။

အစောက မင်ရောင်ဝတ်ရုံနှင့်ပုံရိပ်ကို ပြန်တွေးမိသောအခါ ဖားပြုတ်သခင်၏ရင်ထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာသည်။

ဤမျှ ရှည်လျားသော သက်တမ်းတစ်လျှောက် ဟေးရှီရေကန်၏အကာအကွယ်ဖြင့် ယခုလို အရှုံးကြီး မရှုံးဖူးခဲ့ပေ။

နှမြောစရာကောင်းသည်မှာ ဘေးနားတွင် အမြုတေဖွဲ့စည်းခြင်းအဆင့် သိုင်းပညာရှင်တစ်ဦး ရှိနေခြင်းပင် ဖြစ်သည်။ သို့မဟုတ်ပါက ထိုကောင်လေး၏အသက်ကို ယူကာ ခန္ဓာကိုယ်သန့်စင်ထားသော သူ့အသားကို ယဇ်ပူဇော်သကဲ့သို့ စားသုံးပစ်လိုက်မည် ဖြစ်သည်။

"ထားလိုက်ပါတော့လေ... ဒီလောက်နှစ်တွေအထိ အသက်ရှင်လာတာပဲ... ဒီတစ်ခါ ဒေါသကိုအောင့်ထားပြီး ဒဏ်ရာသက်သာအောင် အနားယူလိုက်မယ်... ပြီးမှ ချင်ပြည်နယ်ထဲ သွားပြီး စိတ်ကြိုက် လိုက်စားတော့မယ်"

ဖားပြုတ်သခင်၏စိတ်နေစိတ်ထားက တော်တော်လေး ကောင်းမွန်လှပေသည်။ သို့မဟုတ်ပါကလည်း နှစ်ပေါင်း လေးထောင်ကျော် ကျင့်ကြံမှုကို စုဆောင်းနိုင်မည် မဟုတ်ပေ။

၎င်းသည် ခန္ဓာကိုယ်ကို အနားယူရန် ပြင်လိုက်စဉ်မှာပင် ကြီးမားသော မျက်လုံးအိမ်နှစ်လုံးမှာ အံ့သြတုန်လှုပ်စွာဖြင့် အပေါ်ဘက်သို့ မော့ကြည့်လိုက်မိ၏။

ထို့နောက် အံ့သြမှုသည် အတိုင်းအဆမရှိသော ဒေါသအဖြစ်သို့ ပြောင်းလဲသွားလေသည်။

"ကောင်းပြီလေ၊လက်ဆောင်လာပေးတဲ့လူပဲ တွေ့ဖူးတယ်... ကိုယ့်အသက်ကို လာအပ်တဲ့လူတော့ တစ်ခါမှ မတွေ့ဖူးသေးဘူး"

ဖားပြုတ်သခင်၏ဒေါသသည် စောစောက တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ခြင်းကြောင့်သာမက နတ်ဆိုးသခင်တစ်ဦး၏ဂုဏ်သိက္ခာကို နင်းခြေခံလိုက်ရခြင်းကြောင့်လည်း ဖြစ်သည်။

သူသည် ဟေးရှီရေကန်၏နတ်ဆိုးသခင် ဖြစ်ပေသည်။ အခြားနေရာတွင် မည်သို့ပင်ဖြစ်စေ ဤ‌ေအးစိမ့်ရေကန်ထဲတွင်မူ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးကိုယ်တိုင် လာလျှင်ပင် သူ့ရှေ့၌ဒူးထောက်ရမည် ဖြစ်သည်။

နောက်တစ်ခဏတွင် ကြီးမားသော ခန္ဓာကိုယ်ကြီးသည် အပေါ်သို့ ပြန်တက်သွားပြီး အမှောင်ရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ လူငယ်၏သေးသွယ်သော ကျောပြင်နောက်သို့ တိတ်တဆိတ် ရောက်ရှိသွားပေသည်။

"မင်းက ခန္ဓာကိုယ်သန့်စင်ထားရုံနဲ့ တစ်လောကလုံးကို သွားလို့ရပြီ ထင်နေတာလား"

နိမ့်ရှိုင်းသော အသံသည် ရှန်းယီ၏ နားစည်ထဲသို့ တိုးဝင်လာသည်။ ဖားပြုတ်သခင်သည် ချောင်းမြောင်းတိုက်ခိုက်ရန်ပင် စိတ်မကူးပေ။

ဟေးရှီရေကန်၏အရှင်သခင်အနေဖြင့် ဤအရိုးခိုက်အောင် အေးစက်သော အအေးဓာတ်က သိုင်းပညာရှင်တစ်ဦးကို ဘယ်လောက်အထိ ခြိမ်းခြောက်နိုင်သလဲဆိုတာ သူ ကောင်းကောင်းသိသည်။

"နှိမ့်ချမှု ဆိုတဲ့ စကားလုံးကို ဘယ်လိုရေးရမလဲဆိုတာ ငါ သင်ပေးပါ့မယ်"

စကားသံနှင့်အတူ တောင့်တင်းသန်မာသော ဖားပြုတ်ခြေထောက်ကြီးဖြင့် ရက်စက်စွာ ရိုက်ချလိုက်သည်။အစောက ခံခဲ့ရသမျှကို အတိုးနှင့်တကွ ပြန်ယူရန် ရည်ရွယ်ထားခြင်း ဖြစ်ပေသည်။

မည်းနက်နေသော ရေလှိုင်းများသည် တမဟုတ်ချင်း ထန်ပြင်းလာသည်။

ဧရာမခြေဖဝါးကြီးမှာ ကောင်းကင်ကို ဖုံးအုပ်ထားသော လက်ဝါးကြီးပမာ လူငယ်၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွား၏။ နောက်တစ်ခဏတွင် ဓားတစ်လက်သည် ခြေချောင်းများကြားသို့ တိကျစွာ ပိုင်းဖြတ်ဝင်ရောက်သွားပြီး လက်မောင်းအထိ ရောက်အောင် ခုတ်ပိုင်းလိုက်ပြန်သည်။

အစိမ်းရင့်ရောင် သွေးများသည် ရေထဲတွင် ပျော်ဝင်ကာ ပျံ့နှံ့သွားလေသည်။

ဖားပြုတ်သခင်သည် စောစောကထက် ပိုမိုပြင်းထန်စွာ စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ပေရာချီ နောက်ဆုတ်သွားရ၏။ ရှေ့လက်နှစ်ဖက်စလုံးမှာ ဓားတစ်လက်တည်းဖြင့် အကိုင်းအခက်များပမာ ပိုင်းဖြတ်ခံလိုက်ရခြင်း ဖြစ်သည်။

၎င်းသည် ခန္ဓာကိုယ်ပေါ်ရှိ အခေါင်းပေါက်များထဲမှ အဆိပ်မြားပေါင်းများစွာကို ရှေ့သို့ အသည်းအသန် ပစ်လွှတ်လိုက်လေသည်။

သေချာပင် မကြည့်ရသေးခင်မှာပင် ရှေ့မှနေ၍ အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး သူ့ထက် မနိမ့်သော နတ်ဆိုးစွမ်းအားများဖြင့် အပေါ်မှနေ၍ ပိုင်းဖြတ်ချလိုက်ပြန်သည်။

ကြီးမားသော မျက်လုံးအိမ်ကြီးမှာ ဝက်ဆီးအိမ်ပမာ ပေါက်ထွက်သွား၏။

သုံးပေခန့်ရှိသော ဓားသွားသည် အသားတစ်စကို လှီးထုတ်လိုက်ပြီး ဦးခေါင်းခွံထဲသို့ ကန့်လန့်ဖြတ် စိုက်ဝင်သွားသည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် ဖားပြုတ်သခင်သည် ဘာဖြစ်သွားမှန်းပင် မသိလိုက်ဘဲ အားအင်များ ကုန်ခမ်းကာ အောက်သို့ ပြန်လည် နစ်မြုပ်သွားလေသည်။

မှုန်ဝါးနေသော မြင်ကွင်းထဲတွင် မင်ရောင်ဝတ်ရုံနှင့် လူငယ်သည် တည်ငြိမ်သော မျက်နှာထားဖြင့် ရှိနေ၏။ ပြင်းထန်သော အဆိပ်များ ရောနှောနေသည့် ရေလှိုင်းများသည် သူ့အနားသို့ပင် မကပ်နိုင်ကြပေ။ သူသည် ရေစီးကြောင်းကို နင်းလျက် ရေအောက်ဘုရင်တစ်ပါးကဲ့သို့ ခန့်ညားစွာ လျှောက်လှမ်းလာနေသည်။

သူက လက်ကို အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် အေးစက်လှသော ရေစီးကြောင်းများသည် သူ့အလိုအလျောက် လမ်းဖယ်ပေးကြ၏။ ၎င်းမှာ မွေးရာပါ ပါလာသော စွမ်းရည်တစ်ခုကဲ့သို့ပင်။

"ငါက ဟေးရှီရေကန်ရဲ့ အရှင်သခင်ကွ"

ဖားပြုတ်သခင်သည် စူးရှစွာ ဟိန်းဟောက်လိုက်ပြီး နီရဲနေသော လျှာကြီးကို ဓားတစ်လက်ပမာ ထုတ်လွှတ်ကာ ထိုးစိုက်လိုက်သည်။

ရှန်းယီသည် သူ့ကို စူးစိုက်ကြည့်နေပြီး မျက်ဝန်းနက်များထဲတွင် အနီရောင် မြူခိုးများ ထွက်ပေါ်လာကာ လက်ကို တင်းတင်းဆုပ်လိုက်လေသည်။

ထန်ပြင်းနေသော ရေစီးကြောင်းများသည် ဖားပြုတ်သခင်၏လျှာကို ချက်ချင်း ရစ်ပတ်လိုက်ပြီးနောက် ခြေလက်များနှင့် တစ်ကိုယ်လုံးကိုပါ ချုပ်နှောင်လိုက်တော့သည်။

အဆုံးမဲ့သော စွမ်းအားများသည် သူ့ကို ရေထဲမှာတင် ကြိတ်ခြေဖျက်ဆီးပစ်တော့မည့်အလား ရှိနေ၏။

နှစ်ပေါင်းများစွာ သူ အားအကိုးရဆုံး ဖြစ်ခဲ့သော ဟေးရှီရေကန်သည် ယခုအခါ သူ့အပေါ် ရက်စက်ကြမ်းကြုတ်သော မျက်နှာစာကို ထုတ်ပြလာခြင်းပင် ဖြစ်သည်။

နတ်ဆိုးကြီး၏ဧရာမ ခန္ဓာကိုယ်ကြီးသည် ရုန်းကန်နေရ၏။

ရှန်းယီသည် လှိုင်းစီးလျက် ရောက်ရှိလာပြီး လျှာကြီးကို လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။

လက်ချောင်းများကြားမှ နတ်ဆိုးစွမ်းအားများ ပေါက်ကွဲထွက်လာရာ နီရဲသော လျှာကြီးမှာ အသားစများအဖြစ် လွင့်စင်သွားတော့သည်။

ဖားပြုတ်သခင်သည် ဆက်တိုက်ဖြစ်ပေါ်နေသော နာကျင်မှုကြောင့် ဦးနှောက်ပင် ထုံထိုင်းသွားရသည်။

ယခုအခါ သူ့ခေါင်းထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။

ပြေး ဟေးရှီရေကန်ထဲကနေ ပြေးမှဖြစ်မယ်

သူ ရင်ဆိုင်နေရတာ သိုင်းပညာရှင် မဟုတ်ဘူး၊ရေအောက်က ကြောက်စရာကောင်းတဲ့ နတ်ဆိုးတစ်ကောင်ပဲ။

၎င်းသည် ရေစီးကြောင်း၏ချုပ်နှောင်မှုကို အစွမ်းကုန် ရုန်းထွက်ပြီး အပေါ်ဘက်သို့ အသက်လုကာ ပြန်တက်သွားလေသည်။

ထွက်ပြေးသွားသော အမည်းရောင် ပုံရိပ်ကြီးကို ကြည့်ရင်း ရှန်းယီသည် ဤအေးစိမ့်ရေကန်ကို နှမြောတသစွာ တစ်ချက်ကြည့်လိုက်မိသည်။

တကယ်တော့ သူ ဤနေရာတွင်နေရသည်မှာ အိမ်ပြန်ရောက်သလိုမျိုး တော်တော်လေးသက်သောင့်သက်သာ ရှိလှပေသည်။

စိတ်အာရုံကို တစ်ချက် လှုပ်ရှားလိုက်သောအခါ အေးစက်သော ရေစီးကြောင်းတစ်ခုက သူ့ကို ပင့်မပေးလိုက်ပြီး လျင်မြန်စွာ လိုက်လံ ဖမ်းဆီးတော့သည်။

……

ဟေးရှီရေကန် အနီးရှိ ကုန်းစောင်းပေါ်တွင်

ရှောင်ချမ်ဝေ့သည် လျိုပင်း၏ခေါင်းကို ရွှံ့ဗွက်ထဲသို့ အတင်း ဖိနှိပ်ထား၏။

ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် အိုမင်းနေသော ဒု-စစ်သူကြီးသည် ပါးစပ်ထဲတွင် ရွှံ့များ ပြည့်နေသော်လည်း တဟားဟား ဆက်လက် ရယ်မောနေဆဲပင်။

"နင် ဘာကို စောင့်နေတာလဲ... သူ ရေကန်ထဲက ပြန်တက်လာမှာကိုလား... ဒါမှမဟုတ် ဖားပြုတ်သခင်က သူ့ကို အစာချေပြီးရင် ငါတို့ကိုပါ လာစားမှာကို စောင့်နေတာလား"

"ဟား... ယိုလုံထောင်ကို ခေါ်လိုက်ပါဦး... အဲဒီကောင် ပြန်ထွက်လာနိုင်မလားဆိုတာ ငါ ကြည့်ချင်သေးတယ်..."

သူ၏ဆူညံသော စကားသံများကို ကြားသောအခါ ရှောင်ချမ်ဝေ့က တည်ငြိမ်သော မျက်နှာထားဖြင့် ဘေးသို့ လက်ကမ်းလိုက်သည်။

"ကျွန်မကို ဓားမြှောင်တစ်လက် ပေးပါ"

တပ်မှူးအချို့ တုံ့ဆိုင်းစွာဖြင့် ချဉ်းကပ်လာပြီး ထက်မြက်သော ဓားမြှောင်တစ်လက်ကို ကမ်းပေးလိုက်ကြ၏။

ရှောင်ချမ်ဝေ့သည် ဓားကို ယူလိုက်ပြီး လျိုပင်း၏ ခေါင်းကို ဆွဲမကာ ပါးစပ်ထဲသို့ ဓားဖြင့် ထိုးထည့်ပြီး မွှေပစ်လိုက်လေသည်။

ရွှံ့နွံများနှင့် လျှာသည် မျက်စိတစ်မှိတ်အတွင်း ကြေမွသွားတော့၏။

သူမသည် ဓားကို ပစ်ချလိုက်ပြီး လျိုပင်း၏ဆံပင်ကို ဆွဲကာ ပါးစပ်ကို ပိတ်ထားပြီး လျှာသားများနှင့် ရွှံ့များကို မျိုချခိုင်းလိုက်လေသည်။

"ဟူး..."

ရှောင်ချမ်ဝေ့ သက်ပြင်းရှည်ကြီး ချလိုက်ပြီး လူအိုကြီးကို ဆွဲထူကာ အေးစိမ့်ရေကန်ဘက်သို့ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်မိပြန်သည်။

သူမ ရင်ထဲမှ သံသယများအား မည်သူ့ကို ပြောပြရမှန်း မသိတော့ပေ။

ဘာကြောင့်လဲ

အစောင့်အရှောက်စစ်မှူးများ စောင့်ကြပ်နေသည့် နတ်ဆိုးများသည် နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးများအတွင်ပင် ကိုင်တွယ်ရခက်ကြောင်း သူမ ပြောခဲ့ဖူးသည်။

ရှန်းယီနှင့်အတူ ရေကန်ပြင်ပတွင် ဖားပြုတ်သခင်ကို ချောင်းမြောင်းလုပ်ကြံရန်လည်း သဘောတူခဲ့သည်။

တကယ်တမ်းလည်း အခြေအနေက အတော်လေး ကောင်းမွန်ခဲ့သော်လည်း ရှန်းယီသည် မတင်းတိမ်နိုင်ဘဲ ထိုသေဆုံးခြင်းနယ်မြေသို့ အေးအေးဆေးဆေး ဝင်သွားခဲ့ခြင်း ဖြစ်ပေသည်။

"ရှင်သာ နောက်တစ်ခါ အဲဒီလို ရွံစရာကောင်းတဲ့ အပြုံးမျိုး ထပ်ပြရင် စစ်သူကြီးယိုနဲ့ တွေ့ဖို့ အခွင့်အရေး မရှိတော့ဘူးလို့ ကျွန်မ အာမခံတယ်"

ရှောင်ချမ်ဝေ့သည် စိတ်ကို ပြန်လည် စုစည်းလိုက်ပြီး လျိုပင်းကို တစ်ချက်ကြည့်လိုက်သည်။

နတ်ဆိုးနှိမ်နင်းရေး သံကြိုးများဖြင့် အရိုးနှင့် ချီပင်လယ်ကို အဖောက်ခံထားရသော လူအိုကြီးသည် လျှာ အဖြတ်ခံလိုက်ရသော်လည်း ကျေနပ်နေပုံရသည်။

သူက သေရမည့်သူ ဖြစ်ရာ သူ့ကို ဒုက္ခပေးသော ကောင်လေးပါ အတူသေရမည်ဖြစ်သဖြင့် အဘေယ်ကြောင့် မဝမ်းသာဘဲနေနိုင်မည်နည်း။

တပ်သားတစ်ရာကျော်မှာလည်း ခေါင်းငုံ့နေကြ၏။ ဒု-စစ်သူကြီးလျိုက ရူးသွပ်နေသော်လည်း သူပြောသော စကားမှာလည်း အမှားကြီး မဟုတ်ပေ။

အလွန်အေးစက်သော ရေကန်နှင့် အရိုးထိ လှိုက်စားနိုင်သော အဆိပ်များ၊ ဒဏ်ရာရထားသော်လည်း စွမ်းအားကြီးဆဲဖြစ်သော နတ်ဆိုးသခင်...

လျှာ အဖြတ်ခံရမှာ ကြောက်သဖြင့် သူတို့သည် မျက်နှာကို တည်ငြိမ်အောင် ထားပြီး ရှောင်ချမ်ဝေ့နောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့ကြသည်။

ရုတ်တရက် ပေပေါင်းများစွာ မြင့်မားသော ရေလှိုင်းကြီးများ ပန်းထွက်လာပြီး ညှီစော်နံသော နတ်ဆိုးအငွေ့အသက်များ ဝန်းရံလာကာ ကြီးမားသော အရိပ်မည်းကြီး ကျရောက်လာတော့သည်။

လူတိုင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်ကြ၏။

မျက်စိရှေ့တွင် မြင်လိုက်ရသည်မှာ တောင်ကုန်းတစ်ခုပမာ ကြီးမားသော ဖားပြုတ်သခင်မှလွဲ၍ အခြား မည်သူ ဖြစ်နိုင်ဦးမည်နည်း။

All Chapters