ကမ္ဘာကြီးကို တုန်လှုပ်စေပြီး လူထုကို ထိတ်လန့်စေသော ဝူချင်းရှီ။ စိတ်စွမ်းအင်ကြောင့် ပုံစံပြောင်းလဲခြင်း။ (၃)
Vol. 27 Ch. 391
(T/N ဒီအပိုင်းတွေကစပြီး မွေးရာပါနယ်ပယ်ကို မူလနယ်ပယ်အဖြစ် ပြောင်းလဲရေးသားမည် ဖြစ်ပါကြောင်း။)
စူးချန်ခုန်း၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုနှင့် ဝမ်းမြောက်မှုတို့ဖြင့် ပြည့်နှက်နေ၏။
သူ၏စွမ်းအင်လမ်းကြောင်းများ ပြတ်တောက်သွားတာက စူးချန်ခုန်းအတွက် သိုင်းပညာကို ရုပ်ပိုင်းဆိုင်ရာဖြင့် လေ့ကျင့်ဖို့ ခက်ခဲစေသော်လည်း သူ၏ စိတ်ဆန္ဒနှင့် စိတ်ဝိညာဉ်ကိုလည်း ပြုပြင်ပြောင်းလဲကာ သဘောပေါက်နိုင်သည့် အခြေအနေသို့ ဦးတည်စေခဲ့သည်။ သူ၏ စိတ်စွမ်းအင်ကို ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲပြီး သူ၏ကိုယ်ပိုင်အတွေးများဖြင့် ဝူချင်းရှီကို ကျင့်ကြံခြင်းဖြင့် ယခင်က သန်မာပြီး ကျန်းမာသော ကိုယ့်ကိုယ်ကိုအတွက်တောင် မဖြစ်နိုင်သည့် တိုးတက်မှုကို ရရှိခဲ့သည်။ ထိုအကြံအစည်ကို သူအရင်က စိတ်ကူးမိခဲ့ပါသေးသည်။
ဤတုန်လှုပ်ခြောက်ခြားစရာ အတွေ့အကြုံက သူ့အတွက် တကယ်တော့ ကျိန်စာတစ်ခု မဖြစ်နိုင်ပါ။
ဝူချင်းရှီသည် နောက်အဆင့်တက်လာတာနဲ့ သူ့ရဲ့ လက်ရှိအခြေအနေကို တိုးတက်အောင် လုပ်ဆောင်နိုင်လောက်မလား။ ဒါကို စူးချန်ခုန်း မသိသော်လည်း အခုထက် ပိုဆိုးလာမှာမဟုတ်ကြောင်းတော့ သူ သေချာ သိပါသည်။ ဖြည်းဖြည်းချင်း ဆက်လေ့ကျင့်ဖို့သာ လိုသည်။
ဝူချင်းရှီကို ကျင့်ကြံပြီး နောက်တစ်ဆင့်တက်လှမ်းဖို့ လမ်းကြောင်းအသစ်တစ်ခုကို ရှာဖွေတာဟာ စူးချန်ခုန်းအတွက် အချိန်တစ်ခုသာ လိုသည်။
ဆည်းဆာတိုက်ပွဲပြီးဆုံးပြီး နှစ်လကြာပြီးနောက်မှာ တာ့ဖုန်းပြည်နယ်မြို့မှာ ရုတ်တရက် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။
“အဲဒါ ဘာကြီးလဲဟ။”
တာ့ဖုန်းပြည်နယ်မြို့တော်၏ မြို့ရိုးတွေပေါ်မှ ကင်းစောင့်တပ်သားတစ်ယောက်က ရုတ်တရက် သတိထားပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ့ရဲ့ မျက်နှာအမူအရာက အံ့အားသင့်နေလျက်။
ကောင်းကင်မှာ အနက်ရောင် အရိပ်တစ်ခု မြန်မြန်ဆန်ဆန် ဖြတ်သွားခဲ့သည်။ ၎င်းက လင်းယုန်ငှက်တစ်ကောင်ပင်။
သို့ပေမယ့် ဤလင်းယုန်က အင်မတန် ကြီးမားပြီး ထူးခြားလှသည်။
ထိုဧရာမလင်းယုန်မှာ အတောင်သုံးဆယ်ရှည်လျားပြီး အနက်ရောင်အမွေးတွေက သွန်းလုပ်ထားတဲ့ သံမဏိတွေလို တောက်ပနေကာ တကယ်ကို ခမ်းနားထည်ဝါလှသည်။
ပိုပြီး အံ့အားသင့်စရာကောင်းတာက အနက်ရောင်အမွေးရှိတဲ့ ဧရာမလင်းယုန်ရဲ့ ကျောပေါ်မှာ လူနှစ်ယောက် ရပ်နေတဲ့ မြင်ကွင်းပင်။
“တစ်ယောက်ယောက်က ဧရာမလင်းယုန်ရဲ့ ကျောပေါ်မှာ တက်စီးနေတာလား။ ဒီနတ်ဘုရားတွေက ဘယ်သူတွေများလဲ။” လူအများက ဤမြင်ကွင်းကြောင့် အံ့အားသင့်နေပြီး လင်းယုန်စီးနေတဲ့ လူနှစ်ယောက်က ဘယ်သူဖြစ်နိုင်မလဲဆိုတာ သိချင်နေကြသည်။
လင်းယုန်ငှက်ရဲ့ကျောပေါ်မှာ ရပ်နေတဲ့ နှစ်ယောက်ထဲက တစ်ယောက်က ခံ့ခံ့ညားညား ဝတ်ဆင်ထားပြီး နူးညံ့သိမ်မွေ့တဲ့ အမူအရာရှိတဲ့ အမျိုးသားတစ်ယောက်ဖြစ်ကာ နောက်တစ်ယောက်က သူ့ရဲ့ သန်မာထွားကြိုင်းလှတဲ့ အရောင်အဝါကို မဖုံးကွယ်နိုင်တဲ့ အဝတ်ပါးပါးတွေကို ဝတ်ဆင်ထားသည့် တောင့်တောင့်ဖြောင့်ဖြောင့်နှင့် လူတစ်ယောက်ဖြစ်သည်။
“အရှင်လော့လုံ၊ ကျွန်တော်နဲ့ ခင်ဗျား တာ့ဖုန်းပြည်နယ်မြို့တော်ကို ရောက်လာလိမ့်မယ်လို့ တကယ်ကို မထင်ထားဘူး။”
လင်းယုန်ငှက်ပေါ်၌ သပ်ရပ်လှပတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ ခပ်ချောချောအမျိုးသားက အောက်ဘက်က အဆောက်အအုံတွေကို လွမ်းဆွတ်တမ်းတတဲ့ အရိပ်အယောင်တွေနဲ့ ငုံ့ကြည့်နေလေ၏။
အရှင်လော့လုံလို့ခေါ်တဲ့ တောင့်တောင့်ဖြောင့်ဖြောင့်နဲ့အမျိုးသားက ခေါင်းညိတ်ပြပြီး မျက်လုံးတွေမှာ မျှော်လင့်ချက် အရိပ်အယောင်တွေ ထင်ဟပ်နေလျက်။ “ဒီဟုန်ကျန်းရှန့်က သူရဲကောင်းတစ်ယောက်ပဲ။ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ လူတစ်ယောက်။ သူက ကြာနက်ဂိုဏ်းရဲ့ ပူးပေါင်းကြံစည်မှုကို တားဆီးခဲ့ပြီး အဲ့လို တားဆီးနိုင်တဲ့ ခွန်အားလည်း ရှိတယ်။ သူက တကယ်ကို ထူးခြားတယ်။ ငါတို့ရဲ့ မီးလျှံနဂါးစောင့်တပ်ထဲ ဝင်ဖို့ သူ့ကို စုဆောင်းတာက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ပဲ။”
“ဟားဟား၊ ဒီဟုန်ကျန်းရှန့်က အတော်လေး ကံကောင်းတယ်။ မသန်မစွမ်းဖြစ်နေတဲ့ လူတစ်ယောက်အနေနဲ့တောင် သူက ဒီလို ကောင်းချီးတွေကို ရနေတုန်းပဲ။” ခပ်ချောချောနှင့် အမျိုးသားက ရယ်မောလိုက်သည်။
သူတို့ ဦးတည်ရာဖြစ်တဲ့ တာ့ဖုန်းပြည်နယ်မြို့တော်ရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်ကို ရောက်တဲ့အချိန်ထိ နှစ်ယောက်သား စကားပြောကောင်းနေဆဲပင်။
ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်ထဲက လူတွေဟာ အိမ်တော်ထဲကို ဆင်းသက်လာတဲ့ ဧရာမလင်းယုန်နက်ကြီးကို အံ့အားသင့်စွာ မော့ကြည့်လျက် သတိထားနေကြလေ၏။
"အဲဒါ... သံမဏိငှက်မွှေး ဧရာမလင်းယုန်လား။ ဧကန္တ အဲ့ဒီဧည့်သည်က..."
ဖေယန်လည်း သူ့အခန်းကနေ ချက်ချင်းထွက်လာပြီး ဆင်းသက်လာတဲ့ လင်းယုန်နက်ကြီးကို မြင်တဲ့အခါ သူ့မျက်လုံးထဲမှာ အံ့အားသင့်မှု အရိပ်အယောင်တို့ ပေါ်လာလေ၏။
သံမဏိငှက်မွှေး ဧရာမလင်းယုန်ဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်ရဲ့ ခြံဝင်းထဲမှာ ဂုဏ်သရေရှိစွာ ဆင်းသက်လာပြီး သူ့ရဲ့ဧရာမ အတောင်ပံတွေကြောင့် လေပြင်းတွေက ဝှေ့ကနဲ။ ၎င်း၏ ကြောက်စရာကောင်းပြီး စူးရှတဲ့ အကြည့်တွေက အနီးအနားမှ စစ်သားတွေ ကျောချမ်းစေသည်။
သို့ပေမယ့် သံမဏိငှက်မွှေး ဧရာမလင်းယုန်ဟာ တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိဘဲ မြေပြင်ပေါ်သို့သာ လှဲချလိုက်သည်။
သားသားနားနားဝတ်စားထားတဲ့လူနဲ့ ကြွက်သားတောင့်တောင့်နှင့်လူနှစ်ယောက်စလုံးဟာ လင်းယုန်ငှက်ရဲ့ကျောပေါ်ကနေ သစ်ရွက်ကြွေ မြေခသလို ညင်သာစွာ ဆင်းသက်ကာ သူတို့ရဲ့ထူးခြားလှတဲ့ ကိုယ်ဖော့ပညာကျွမ်းကျင်မှုကို ပြသလိုက်သည်။
"အရှင်ဖေယန်၊ မတွေ့တာ အတော်ကြာပြီနော်။" ကြော့ကြော့ရှင်းရှင်း ဝတ်စားဆင်ယင်ထားတဲ့လူက ဖေယန်နှင့် မျက်လုံးချင်းဆုံကာ နှုတ်ခမ်းထောင့်ဝယ် အပြုံးတစ်ခုနှင့် ဆိုလေ၏။
ဖေယန်က အံ့အားသင့်နေရာမှ လျင်မြန်စွာ အသိဝင်လာပြီး ရှေ့သို့ အလျင်အမြန် ပြေးကာ လေးစားမှုနှင့် အံ့အားသင့်မှုတို့ဖြင့် “မိန်းမစိုးရှ၊ အဝေးကြီးကနေ ရောက်လာတာပဲဗျာ။ စောစောစီးစီး ခရီးဦးမကြိုမိလို့ ခွင့်လွှတ်ပါဗျာ။ ကျေးဇူးပြုပြီး အထဲကြွပါခင်ဗျ။” ဟု ပြောလိုက်သည်။
သူက ဘေးနားမှ ကြွက်သားတောင့်တောင့်တောင့်နှင့် အမျိုးသားကိုလည်း လျစ်လျူမရှုခဲ့ပါ။
ထိုလူနှစ်ယောက်သည် ဖေယန်၏ ဖိတ်ကြားချက်ကို ငြင်းဆန်ခြင်းမရှိဘဲ လက်ခံပြီး ဂုဏ်သရေရှိ ဧည့်သည်တော်များကို ကြိုဆိုရန် သီးသန့်ထားရှိသော ခန်းမထဲသို့ လိုက်သွားခဲ့သည်။
“မိန်းမစိုး ရှရှန်နန်လား… ဒါပေမယ့် ဘာလို့ ဒီကို လာတာလဲ”
တစ်ချိန်တည်းမှာပဲ ဖေယန် အံ့အားသင့်နေမိသည်။ မိန်းမစိုးရှက သာမန်လူ မဟုတ်ပါ။ သူဟာ မဟာမီးလျှံအင်ပါယာမြို့တော်ကနေ လာပြီး မဟာမီးလျှံဧကရာဇ်ကို ခစားသူဖြစ်သည်။ ရာထူးအဆင့်ဆင့်ကို ဖြတ်ကျော်ပြီး တရားဝင် ရာထူးတိုးမြှင့်ခံရသည့် ရာထူးမြင့်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။
ဖေယန်သည် ယခင်က မိန်းမစိုးရှကို တာ့ဖုန်းပြည်နယ်၏ အုပ်ချုပ်ရေးမှူးအဖြစ် ရာထူးရခဲ့စဉ်က တစ်ကြိမ်သာ တွေ့ဖူးပြီး ဧကရာဇ်၏အမိန့်တော်ကို ပို့ဆောင်ခဲ့သူမှာ မိန်းမစိုးရှဖြစ်သည်။
ယခု မိန်းမစိုးရှ ပြန်ပေါ်လာတာက အရေးကြီးသည့် ကိစ္စတစ်ခုခု ရှိနေလို့ဖြစ်ရမည်။
ဧည့်သည်ခန်းမဆောင်တွင် မိန်းမစိုးရှနှင့် ရှိန်လောက်စရာကောင်းသော လော့လုံတို့ နှစ်ဦးစလုံး နေရာယူလိုက်ကြသည်။
မိန်းမစိုးရှက အချိန်မဖြုန်းဘဲ တည့်ပြောလိုက်သည်။ “ဟုန်ကျန်းရှန့်ရော။ သူဘယ်မှာလဲ။”
“သူတို့က ကျန်းရှန့်အတွက် ရောက်လာကြတာလား။” ဖေယန်က စတင်တွေးလိုက်သည်။
ဖေယန်က “မိန်းမစိုးရှ၊ ဟုန်ကျန်းရှန့်ကို ဘာအတွက်များ လိုအပ်တာလဲလို့ မေးလို့ရမလားခင်ဗျ။”
“စိတ်ချပါ။ ဒါက ကောင်းတဲ့အရာပါ။ အရမ်း အရမ်းကိုမှ ကောင်းတဲ့အရာပဲ။ ကြာနက်ဂိုဏ်းရဲ့ ပူးပေါင်းကြံစည်မှုကို ဟုန်ကျန်းရှန့် အရင်က အနိုင်ယူခဲ့တာက အတော်လေး ကောင်းမြတ်တဲ့အလုပ်ပဲ။”
မိန်းမစိုးရှက အပြုံးချိုချိုလေးဖြင့် ပြန်ဖြေသည်။
“ဆည်းဆာလွင်ပြင်က တိုက်ပွဲအကြောင်းလား။ သူတို့က ဆရာစူးကို ရှာနေတာပဲ။” ဖေယန်က ဒါကိုကြားတော့ စိတ်သက်သာရာရသွားပြီး သူတို့ရှာနေတဲ့ ဟုန်ကျန်းရှန့်က စူးချန်ခုန်း ဖြစ်တယ်ဆိုတာ နားလည်သွားသည်။ ဒါပေမယ့် သူတို့ ပြောတဲ့စကားအရတော့ တော်တော်လေး ကံကောင်းတဲ့အရာလို့ ထင်ရသည်။
ချက်ချင်းပင် ဖေယန်က “ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ မိန်းမစိုးရှ။ ဟုန်ကျန်းရှန့်ကို လာဖို့ လူတစ်ယောက်ကို အကြောင်းကြားခိုင်းလိုက်ပါ့မယ်။ နောက်ဆုံးတစ်ခေါက် တိုက်ပွဲမှာတုန်းက သူ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တော့ အခုသူက လူသူကင်းဆိတ်တဲ့နေရာမှာ နာလန်ပြန်ထူနေလို့ပါ။” ဟု ပြောပြသည်။
“အင်း” မိန်းမစိုးရှက အလျင်မလိုဘဲ စိတ်ရှည်ကြောင်း ပြသသည့်အနေနှင့် ခေါင်းညိတ်ပြလိုက်သည်။
တစ်ချိန်တည်းမှာပဲ လော့လုံကလည်း မူလနယ်ပယ်အဆင့်အောက်မှာ ရှိနေချိန်မှာ မူလနယ်ပယ်က သိုင်းပညာရှင်တစ်ယောက်ကို သတ်နိုင်ခဲ့တဲ့ ‘ဟုန်ကျန်းရှန့်’ နဲ့ တွေ့ဖို့ စိတ်အားထက်သန်နေလေ၏။
“တိဟန်၊ စစ်သူကြီးဟုန်ကို ဒီကိုခေါ်လာခဲ့”
ဖေယန်က တိဟန်ကို ချက်ချင်းခေါ်ပြီး ‘ဟုန်ကျန်းရှန့်’ ကို ခေါ်လာဖို့ အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
တိဟန်က နားလည်သဖြင့် ခေါင်းညိတ်ပြပြီး အိုက်ဝေ့အိမ်တော်ဆီ ထွက်သွားလေတော့သည်။