ဧရာမမျောက်ဝံ လေးပစ်ခြင်း။ ဟွားရှန်ကို နှုတ်ဆက်ခြင်း။ (၂)
Vol. 27 Ch. 403
စူးချန်ခုန်းသည် ထရပ်ပြီး ပြတင်းပေါက်မှ လမ်းဘက်သို့ ကြည့်လိုက်သည်။ လမ်းတစ်လျှောက်တွင် ခပ်သုတ်သုတ် သွားလာနေသော အနက်ရောင်ဝတ်ထားသည့် လူနှစ်ယောက်ကို သူမြင်လိုက်ရသည်။ တစ်ယောက်က အနက်ရောင် အဝတ်အိတ်တစ်လုံးကို ကိုင်ထားသည်။ ပုံစံအရ ထိုအထဲမှာလူတစ်ယောက်ပါပုံရသည်။
“ဟွားယီပဲ။ အဲဒီလူနှစ်ယောက်က ညသန်းခေါင်ကြီး တံခါးလာခေါက်ပြီး သူ့ကို လာခေါ်သွားတာပဲ။ ဘာအတွက်လဲ။ သမားတော်ဟွားရှန်တို့က တစ်ယောက်ယောက်ကို ရန်စမိလိုက်လို့များလား။”
စူးချန်ခုန်းသည် တိတ်တဆိတ် စဉ်းစားနေမိသည်။
ဒီနေ့ ဒီမြို့ငယ်လေးမှာ သူဟာ ဟွားယီနဲ့ တွေ့ဆုံခဲ့ပေမယ့် သူ့ဆရာ သမားတော်ဟွားရှန်ကိုတော့ ဘယ်မှာမှ မတွေ့ခဲ့ရ။ အခုတော့ ညသန်းခေါင်ယံကြီး တစ်ယောက်ယောက်က တံခါးလာခေါက်ပြီး ဟွားယီကို ခေါ်သွားလေပြီ။ ဒီကိစ္စမှာ ဖုံးကွယ်ထားတဲ့အရာတစ်ခုခုရှိရမည်။
“သွားကြည့်ရအောင်။”
ခဏလောက် တွန့်ဆုတ်နေပြီးနောက် စူးချန်ခုန်း ဆုံးဖြတ်ချက်ချလိုက်သည်။
ပုံမှန်ဆိုလျှင် သူသည် ပြဿနာရှာရတာကို မကြိုက်သော်လည်း ဟွားယီသည် သမားတော်ဟွားရှန်၏ တပည့်တစ်ယောက်ဖြစ်ပြီး သမားတော်ဟွားရှန်သည် စူးချန်ခုန်း အပေါ် ကြင်နာစွာ ဆက်ဆံခဲ့သောကြောင့် သူ အရင်တစ်ခေါက်က ကူညီခဲ့သော်လည်း ကျေးဇူးတင်ကြွေးများကို ဤမျှနှင့် ဆပ်ကုန်နိုင်မည် မဟုတ်ပါ။
ဒီအခြေအနေကို သူ မကြုံတွေ့ခဲ့ရပါက အဆင်ပြေမည်ဖြစ်သော်လည်း ယခု သူကြုံတွေ့နေရပြီဖြစ်သောကြောင့် စူးချန်ခုန်း၏ သဘာဝအရ အသိမိတ်ဆွေတစ်ဦး သေဆုံးတော့မည့်အရေးကို မကူညီဘဲ ဒီအတိုင်း ရပ်မကြည့်နိုင်ပါပေ။
စူးချန်ခုန်း ထရပ်ပြီး အဝတ်အစားများ လဲကာ တံခါးကို တိတ်တဆိတ် တွန်းဖွင့်လိုက်သည်။
ဓားရွက်မြို့မှ ဆယ်မိုင်ကျော်အကွာရှိ တောအုပ်တစ်ခုတွင်။
အနက်ရောင်ဝတ်စုံနှင့် အမျိုးသားနှစ်ဦးသည် သူတို့သယ်ဆောင်လာသော အဝတ်အိတ်ကို အကြမ်းပတမ်း ပစ်ချလိုက်သောကြောင့် ဟွားယီသည် သတိလစ်နေရာမှ နိုးထလာပြီး ခန္ဓာကိုယ်မှ ပြင်းထန်သော ဝေဒနာကြောင့် တုန်လှုပ်ကာ အပြင်းအထန် ရုန်းကန်နေသည်။
“ရွှမ်း”
ညာဘက်မှ မုတ်ဆိတ်ရှည်ရှည်နှင့်လူက သူ၏ဓားရှည်ကို ဝှေ့ယမ်းလျက် အဝတ်အိတ်ကို ဆွဲဖွင့်လိုက်ရာ ဟွားယီက ခေါင်းကို ထုတ်၍ အသက်ကို ပြင်းပြင်းရှူနိုင်ခဲ့သည်။
"ခင်... ခင်ဗျားတို့က ဘယ်သူတွေလဲ။ ဘာ... ဘာလုပ်မလို့လဲ။" ဟု ဟွားယီက အနက်ရောင်ဝတ်စုံနှင့် အမျိုးသားနှစ်ဦးကို မြင်သောအခါ ကြောက်ရွံ့ထိတ်လန့်စွာ မေးလိုက်သည်။
အသက်သုံးဆယ်ကျော်အရွယ် ဂတုံးခေါင်းပြောင်ပြီး ရက်စက်ကြမ်းကြုတ်သည့်ပုံပေါက်သော အမျိုးသားက ဟွားယီကို အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။ "ငါတို့က ဘယ်သူတွေလဲ ဟုတ်လား။ မင်း အနီးအနားက ရုံးတော်ကိုသွားပြီး ငါ့တို့အကြောင်း သတင်းပို့သွားပို့တာမဟုတ်ဘူးလား။ မင်း အခုထိ ငါတို့ဘယ်သူလဲဆိုတာ မသိသေးဘူးလား" ဟု ပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ ဟွားယီ၏ခန္ဓာကိုယ်သည် ကြောက်ရွံ့မှုနှင့် ဒေါသတို့ ရောနှောကာ တုန်ယင်သွားလေ၏။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူသည် အနီးအနားရှိ ခရိုင်မြို့တစ်မြို့ရှိ ရုံးတော်တစ်ခုထံ သွားရောက်ခဲ့ပြီး လက်စားချေမည်ကို စိုးရိမ်သောကြောင့် ဤမြို့ငယ်လေးသို့ အလျင်စလို လာခဲ့ရသည်။ သို့သော် တစ်စုံတစ်ယောက်က သူ့ထံသို့ ဤမျှမြန်မြန် ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"ပြောစမ်း မင်းကဘယ်သူလဲ။ ဘာလုပ်ချင်တာလဲ" မုတ်ဆိတ်ရှည်ရှည်နှင့်လူက ဓားကိုကိုင်လျက် ဟွားယီကို ချိန်ကာ အေးစက်စက်မေးလိုက်သည်။ သူတို့က ဟွားယီကို သူ၏အမည်နှင့် သတင်းပို့ရသည့်အကြောင်းရင်းကို သိရဖိူ့ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အခြေအနေကို နားလည်ပြီးနောက် သူ့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်ဖြစ်သည်။
ဟွားယီက အံတကြိတ်ကြိတ်နှင့် “ကျွန်… ကျွန်တော့်ဆရာက သမားတော်တစ်ယောက်ပါ။ လွန်ခဲ့တဲ့ တစ်လလောက်က ခင်ဗျားလူတွေက သူ့ကို ခေါ်သွားပေမယ့် သူ ပြန်မလာသေးဘူး။ ကျွန်တော်က အစောင့်တွေကို အကူအညီတောင်းချင်လို့ပါ” လို့ ပြောလိုက်သည်။
“ဒါဆို မင်းက အဲဒီလူအိုကြီးရဲ့ တပည့်ပေါ့။”
အဲဒီအချိန်မှာ အနက်ရောင်ဝတ်ထားတဲ့ လူနှစ်ယောက်က အကြမ်းဖျင်း သဘောပေါက်သွားတာကြောင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“စိတ်မပူပါနဲ့၊ အဲ့ဒီလူအိုကြီးက အဆင်ပြေပါတယ်။ ဒါပေမယ့် မင်းကတော့ ဒုက္ခရောက်နေပြီ” လို့ မုတ်ဆိတ်ရှည်ရှည်နဲ့လူက ပြုံးကာ ဆိုလေ၏။ သူ့ရဲ့ ဓားရှည်က အေးစက်တဲ့အလင်းရောင်တို့ ထင်ဟပ်နေလျက်။
ဂတုံးပြောင်နဲ့လူရဲ့ မျက်လုံးတွေကလည်း အေးစက်တဲ့ အရိပ်အယောင်တို့ အထင်းသား။ အခု ဒီလူငယ်လေးရဲ့ အထောက်အထားနဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိသွားပြီဆိုတော့ ဒီကလေးကို အသက်ရှင်အောင် ထားဖို့မလိုတော့ပါ။
ဟွားယီ ရင်ထဲသိမ့်ကနဲ ဖြစ်သွားလေ၏။ သူက ဆေးပညာကို လေ့လာနေတဲ့ ကျောင်းသားတစ်ယောက် ဖြစ်သည်။ ဓားချွန်တွေကိုင်ဆောင်ထားပြီး သိုင်းပညာမှာ ကျွမ်းကျင်တဲ့ လူသန်ကြီးနှစ်ယောက်ကို မည်သို့ယှဉ်နိုင်မည်နည်း။
“ဘယ်သူလဲ”
ဒါပေမယ့် ရုတ်တရက် မုတ်ဆိတ်ရှည်ရှည်နဲ့လူက လှည့်ပြီး အော်လိုက်သည်။
တောအုပ်အဝင်တွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး မျက်လုံးအနည်းငယ် မှေးပြီး အေးစက်စက် မျက်နှာထားနှင့် လူငယ်တစ်ဦးသည် သူတို့ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာလေ၏။
ဤလူငယ်လေးက ထုံးစံအတိုင်း သူ၏အသွင်အပြင်ကို အနည်းငယ် ပြောင်းလဲပြီး ဤနေရာသို့ လိုက်လာသော စူးချန်ခုန်းပင်ဖြစ်လေသည်။
ရိုးသားသောအမူအရာဖြင့် စူးချန်ခုန်းက “လူကြီးမင်းတို့၊ ကျွန်တော့်ကို မျက်နှာသာပေးပြီး ဒီလူငယ်ကို လွှတ်ပေးလိုက်ပါ” ဟု ပြောလိုက်သည်။
“ဒီလူက… နည်းနည်းထူးဆန်းတယ်။”
ဂတုံးပြောင်နှင့် မုတ်ဆိတ်မွေးတို့ နှစ်ဦးစလုံး၏ နှလုံးသားထဲတွင် အနည်းငယ် အေးစက်သွားကြသည်။
စူးချန်ခုန်းက ခါးတွင် ဓားတစ်ချောင်းကိုင်ထားသည်ကို သတိပြုမိသော်လည်း သူ၏ခြေလှမ်းများသည် ဒဏ်ရာရထားသကဲ့သို့ ပေါ့ပါးပြီး အားမရှိသကဲ့သို့ဖြစ်နေသည်။
“မျက်နှာပေးရမှာလား။ ရတာပေါ့” ဟု မုတ်ဆိတ်မွေးနှင့်လူက ပြုံးရွှင်စွာဆိုပြီး စူးချန်ခုန်းသည် တစ်မီတာခန့်အကွာသို့ ချဉ်းကပ်လာသည်ကို ကြည့်နေသည်။ သတ်ဖြတ်လိုသော စိတ်များက သူ၏မျက်ဆန်များထဲတွင် တောက်ပနေ၏။
“ရွှီး”
မုတ်ဆိတ်ရှည်ရှည်နှင်ြလူက ရုတ်တရက် သူ့ဓားကို ဆွဲထုတ်ပြီး စူးချန်ခုန်းရဲ့ လည်ပင်းကို ခုတ်ချလိုက်သည်။
သူတို့က ဒီလူငယ်လေးရဲ့ သရုပ်မှန်ကို မသိပေမယ့် ဒီအချိန် ဒီနေရာမှာ ပေါ်လာတာက သူဟာ မိတ်ဆွေမဟုတ်ဘဲ မကောင်းတဲ့ရည်ရွယ်ချက်ရှိသော ရန်သူတစ်ယောက်ဖြစ်တယ်လို့ သေချာပေါက် ဆိုလိုပါသည်။ အသာစီးရဖို့ အရင်ဆုံး တိုက်ခိုက်ရမည်ဖြစ်သည်။
မုတ်ဆိတ်ရှည်ရှည်နှင့်လူ၏ စွမ်းအားကား မနည်းလှပေ။ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်မှ နတ်ဘုရားစွမ်းအားနယ်ပယ်ရဲ့ အစွမ်းသတ္တိကို ပိုင်ဆိုင်ထားတာကြောင့် ခရိုင်နဲ့ မြို့ငယ်လေးတွေကို လွှမ်းမိုးနိုင်သူဖြစ်သည်။
ဒါပေမယ့် မုတ်ဆိတ်ရှည်ရှည်နှင့်လူက သူ့ရဲ့တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်တဲ့အခါ စူးချန်ခုန်းကလည်း သူ့ဓားနဲ့ ရုတ်တရက် ရွေ့လိုက်သည်။ အေးစက်တဲ့ အလင်းတန်းတစ်ခု ခဏလေးနှင့် ပျောက်ကွယ်သွားလေ၏။
စုချန်းခုန်းရဲ့ ဓားဟာ အမြန်နှုန်းနဲ့ စွမ်းအား နှစ်မျိုးလုံးမှာ မုတ်ဆိတ်ရှည်ရှည်လူထက် နိမ့်ကျပါသည်။
“ရွမ်း”
သို့ပေမယ့် ဓားနှစ်ချောင်း ထိပ်တိုက်တွေ့သွားတဲ့အခါ မုတ်ဆိတ်ရှည်နှင့်လူ၏ မျက်နှာထား ပြောင်းလဲသွားလေ၏။ စူးချန်ခုန်းရဲ့ သာမန်တိုက်ခိုက်မှုနောက်ကွယ်မှာ ရပ်တန့်လို့မရတဲ့ အင်အားတစ်ခုကို သူ ခံစားလိုက်ရသည်။ အလင်းရောင်က ခဏလေးသာ လက်ကနဲ ဖြစ်သွားသည်။ သူတို့ရဲ့ဓားတွေဆုံတွေ့တဲ့အချိန်မှာ သူ့ရဲ့ဓားရှည်ဟာ ဖန်လိုကွဲသွားကြေပြီး စူးချန်ခုန်းရဲ့ဓားရဲ့အရှိန်အဟုန်ဟာ အထိန်းအကွပ်မရှိသည့်နှယ် သူ့ရဲ့အံ့အားသင့်နေတဲ့မျက်လုံးတွေကြားမှာ သူ့လည်ပင်းကို ခုတ်ဖြတ်လိုက်လေတော့သည်။
“ဒုတ်”
ချက်ချင်းပင် မုတ်ဆိတ်ရှည်နဲ့လူရဲ့ခေါင်းဟာ လည်ပင်းပြတ်ကြီးကနေ မီတာအနည်းငယ်အမြင့်အထိ မြောက်တက်လျက် သွေးတွေ ပန်းထွက်ကာ ခေါင်းမရှိတဲ့အလောင်းဟာ မြေပြင်ပေါ် လဲကျသွားလေ၏။
စူးချန်ခုန်းရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေက အတော်လေးဆိုးရွားနေပြီး သူစုဆောင်းနိုင်တဲ့ အမြန်နှုန်းနဲ့ စွမ်းအားက သာမန်လူတစ်ယောက်ရဲ့အမြန်နှုန်းထက် အနည်းငယ်မျှ အားကောင်းပေမယ့် သူဟာ စစ်မှန်တဲ့ချီကို အသုံးမချနိုင်ခဲ့ပါ။
ဒါပေမယ့် စူးချန်ခုန်းရဲ့ဓားနည်းစနစ်က ရှိနေဆဲဖြစ်ပြီး ဓားစွမ်းအားကို ကိုင်ဆောင်နိုင်ဆဲပင်။ ဓားစွမ်းအားက သာမန်တိုက်ခိုက်မှုတစ်ခုတောင် မြှင့်တင်ပေးတာကြောင့် နတ်ဘုရားရဲစွမ်းသတ္တိနယ်ပယ်မှာ ခန္ဓာကိုယ်သန့်စင်မှုမဟာအောင်မြင်မှုကို ရရှိထားတဲ့သူတစ်ယောက်တောင် သူ့ရဲ့ဓားချက်ကို မခံနိုင်ရာ နတ်ဘုရားစွမ်းအားနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကိုဆိုလျှင် ပြောစရာမလိုတော့ပြီ။
“သေလိုက်တော့။”
မုတ်ဆိတ်ရှည်နှင့်လူဟာ စူးချန်ခုန်းရဲ့ ဓား တစ်ချက်တည်းနှင့် သေဆုံးသွားခဲ့ရာ ဂတုံးပြောင်တဲ့လူဟာ ထိတ်လန့်မှုနဲ့ ဒေါသတွေနဲ့ ပြည့်နှက်နေတာကြောင့် ကျယ်လောင်တဲ့အော်သံတစ်ခု ထွက်ပေါ်လာပြီး သူ့ရဲ့ညာဘက်လက်သီးဟာ စူးချန်ခုန်းရဲ့မျက်နှာဆီ ပြင်းထန်တဲ့လေပြင်းတစ်ချက်နဲ့အတူ ရောက်လာလေ၏။
သို့ပေမယ့် စူးချန်ခုန်းဟာ ကြွက်သားတွေတုန်ခါမှုကြောင့် ဂတုံးပြောင်နဲ့လူရဲ့လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းထားပြီးသားပင်။ သူဟာ ပြင်းထန်တဲ့ထိုးချက်ကို ရှောင်တိမ်းပြီး တစ်ချိန်တည်းမှာပဲ သူ့ရဲ့သံဖြတ်ဓားကို အလျားလိုက်ဝှေ့ယမ်းလိုက်သည်။