ရွေးချယ်မှု
Vol. 15 Ch. 165
"ထန်ထျန်း... အရင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ အများကြီး ဖြစ် ပြီးတဲ့နောက်မှာ ငါ မင်းကို လုံးဝ အထင်မသေးတော့ဘူး။"
လုချန်းကျီက ထန်ထျန်းကို ကြည့်ကာ သက်ပြင်းချရင်း ပြော ၏။ "မင်းက ပေါင်းစည်းခြင်း အလယ်အလတ်အဆင့် ကို တိတ်တဆိတ် တက်လှမ်းသွားနိုင်တယ်ဆိုတာ သိရပြီးနောက်မှာ မင်းရဲ့ စွမ်းအားကို ငါ တတ်နိုင်သမျှ အမြင့်ဆုံး ခန့်မှန်းခဲ့တယ်။"
"ဒါပေမဲ့ ငါ ခန့်မှန်းတာ မှားခဲ့ပြန်တာပဲ။"
"လျှို့ဝှက်နယ်မြေထဲမှာ စစ်နတ်ဘုရားခန်းမ ရဲ့ အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့် ကျွမ်းကျင်သူ ၅ ယောက်ကို ရှင်းပစ်ခဲ့သလို အပြင်လောကမှာလည်း ထျန်းယန်ရှန်းနဲ့အတူ ဆန်းကြယ်အင်မော်တယ် ၃ ယောက်၊ ရွှေအင်မော်တယ် ၁ ယောက်တို့ကိုပါ သတ်ဖြတ်နိုင်ခဲ့တယ်။"
" မင်း ဒါတွေကို ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ ဆိုတာပဲ အခုထိ ငါ စဉ်းစားလို့ မရသေးဘူး"
"မင်း လုပ်ခဲ့တဲ့ အရာတွေက ငါ့တစ်သက်လုံး စုဆောင်းခဲ့တဲ့ အသိပညာတွေထက်တောင် ကျော်လွန်နေပြီ"
လုချန်းကျီက သက်ပြင်းချ လိုက်သည်။
ထန်ထျန်းကမူ ခပ်ပြုံးပြုံးဖြင့်သာ " လျှောက်မပြောနဲ့"
"လျှို့ဝှက်နယ်မြေထဲမှာ စစ်နတ်ဘုရားခန်းမက ထိပ်တန်း ၅ ယောက်ကို သတ်နိုင်တဲ့ စွမ်းအား ငါ့မှာ မရှိဘူး။"
"အပြင်လောကမှာလည်း ထျန်းယန်ရှန်းနဲ့ အင်မော်တယ် အဆင့် ကျွမ်းကျင်သူတွေကို သတ်နိုင်စွမ်း ငါ့မှာ မရှိဘူး။"
"သူတို့ ဘယ်လို သေသွားကြသလဲဆိုတာ ငါ တကယ် မသိဘူး"
စစ်နတ်ဘုရားခန်းမက ယခုအချိန်တွင် အသည်းအသန် လိုက်လံ စုံစမ်းနေသဖြင့် ဤကိစ္စများကို သူ ဝန်ခံ၍ မရပေ။
သို့သော် လုချန်းကျီက ထိုအချက်ကို ဂရုမစိုက်ဘဲ ထန်ထျန်း၏ စကားကို ကြားသောအခါ ပေါင်ကို ဖြတ်ခနဲ ပုတ်ကာ အားတက်သရော ပြော လာ၏။ "မှန်တယ်... အဲဒါပဲလေ။"
"မင်း ဒါတွေကို လုပ်ခဲ့ရုံတင်မကဘူး၊ အင်မော်တယ် အရှင် တွေတောင်မှ ခိုင်လုံတဲ့ သက်သေ ရှာမတွေ့အောင် လုပ်နိုင်ခဲ့တယ်။ မင်းကို စစ်မေး ဖို့ အကြောင်းပြချက် တစ်ခုတောင် သူတို့ ရှာမရဘူးလေ။"
"ဒါက တကယ့်ကို အံ့ဩဖို့ ကောင်းလွန်းတယ်။"
"မင်းရဲ့ ခွန်အားထက် ဒီအချက်က ငါ့ကို ပိုပြီး နားမလည်နိုင်အောင် လုပ်နေတာပဲ။"
"ငါ့ဦးနှောက်ထဲမှာ အကြိမ်ကြိမ် တွက်ချက်ကြည့်ပေမဲ့လည်း ဒီလို အခြေအနေမျိုး ရောက်လာဖို့ ဘယ်လို လမ်းကြောင်းမျိုးမှ ရှာမတွေ့ခဲ့ဘူး။"
"ငါ တကယ်ပဲ..."
လုချန်းကျီမှာ ပုံမှန်ထက် ပို၍ စိတ်လှုပ်ရှားနေပုံ ရသည်။
နှစ်ပေါင်းများစွာ ပြိုင်ဘက်မရှိခဲ့သော စစ်တုရင် ထိပ်တန်းကစားသမားတစ်ဦးက ရုတ်တရက် ပေါ်လာသော လူစိမ်းတစ်ဦး၏ လက်ကွက် အနည်းငယ်အောက်တွင် အပြတ်အသတ် ရှုံးနိမ့်သွားရသည့် အခြေအနေနှင့် တူနေ၏။
သို့သော် ထန်ထျန်းကမူ သူ့အား ရှင်းပြလိုသည့် စိတ်ဆန္ဒ မရှိပေ။
"အခု ကုန်သွယ်ရေးအသင်းရဲ့ အဲဒီ ရှယ်ယာ ၁၀ ရာခိုင်နှုန်း အကြောင်းကိုပဲ ပြန်ပြောရအောင်"
သူက စကားလမ်းကြောင်းကို မူလနေရာသို့ ပြန်ခေါ်လိုက်သည်။
"ဟင်း..."
လုချန်းကျီက စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ဆက်ပြော၏။ "အဲဒီ ရှယ်ယာတွေကလည်း ငါ့ရဲ့ အမှားတွေထဲက တစ်ခုပဲပေါ့။"
"မူလကတော့ တန်းယွမ် ကုန်သွယ်ရေးအသင်း ပြိုလဲသွားတဲ့အခါ အဲဒီ ရှယ်ယာကို သုံးပြီး အသင်းကို ငါ့ရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှု ဖြစ်အောင် လုပ်ဖို့ ရည်ရွယ်ခဲ့တာ။"
"ဒါပေမဲ့ မထင်မှတ်ဘဲ ဝမ်ကန်းက အသင်းကို အတင်း တောင့်ခံထားနိုင်ခဲ့တယ်။"
"ငါ အခြေအနေကို စုံစမ်းဖို့ ပြင်နေတုန်းမှာပဲ ဝမ်ကန်းက ရှယ်ယာအားလုံးကို အပြင်းအထန် စတင် စစ်ဆေးတော့တာပဲ။"
"အဲဒါကြောင့် ငါ့လူတွေကို ခေတ္တ ငြိမ်နေဖို့ပဲ အမိန့်ပေးနိုင်ခဲ့ရတယ်။"
"ထျန်းဖုန်း သေသွားပြီဆိုတော့ ငါ့မှာ ကြိုတင်သတိပေးမယ့်သူ မရှိတော့ဘူးလေ။ ဝမ်ကန်းသာ တစ်ခုခု ရှာတွေ့သွားရင် မကောင်းဘူးလို့ ငါ တွေးမိခဲ့တယ်။"
"ဒါပေမဲ့..."
လုချန်းကျီက ခေါင်းခါယမ်းကာ "မင်းက ကုန်သွယ်ရေးအသင်းကို ငွေထုတ်ပြီး ထောက်ပံ့နေတာမှန်း ငါသာ ကြိုသိရင် ဒီလို ဟာကွက်လေးကို ချန်ထားခဲ့မှာ မဟုတ်ပါဘူး။"
"ပြီးတော့ မင်းရဲ့ လှုပ်ရှားမှုက အရမ်း မြန်လွန်းတယ်။"
"ငါ သတိပြုမိတဲ့ အချိန်မှာတော့ အားလုံးက နောက်ကျသွားပြီ။"
"အရေးကြီးဆုံး သဲလွန်စက မင်းလက်ထဲကို ရောက်သွားခဲ့ပြီလေ။"
"အခု မင်း အမိန့်ပေးလိုက်တာနဲ့ တုယွမ်ချင်း ဖြစ်ရပ်ရဲ့ အမှန်တရားအားလုံးက ဘူးပေါ်သလို ပေါ်တော့မှာပဲ"
သူ ပြောရင်း လုချန်းကျီ သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။
ထန်ထျန်းသည်လည်း အနည်းငယ် အံ့ဩမိသွား၏။
အစကနေ ပြန်ကြည့်လျှင် တိုက်ဆိုင်မှုများစွာ ရှိနေသော်လည်း သေချာ စဉ်းစားကြည့်သောအခါ အားလုံးမှာ ဖြစ်သင့်ဖြစ်ထိုက်သည့်အတိုင်း ဖြစ်လာခြင်းသာ ဖြစ်သည်။
နောက်ဆုံးတွင် ဤကဲ့သို့သော နည်းလမ်းဖြင့် အမှန်တရား၏ ရှေ့မှောက်သို့ ရောက်ရှိလာလိမ့်မည်ဟု သူကိုယ်တိုင်လည်း မထင်ထားခဲ့ပေ။
ယခုကဲ့သို့ အခြေအနေတွင် လုချန်းကျီက သူ့ဘာသာ ပေါ်လာပြီး အကြောင်းစုံကို ရှင်းပြလိုက်ခြင်း၏ ရည်ရွယ်ချက်မှာ အလွန်ပင် ရှင်းလင်းလှပေသည်။
သူက ဂိုဏ်းအတွင်း၌ ဤကိစ္စတွင် တိတ်တဆိတ် ပါဝင်ခဲ့ကြသည့် "လူအနည်းငယ်" ကို ကာကွယ်ပေးလိုနေခြင်း ဖြစ်၏။
ထိုအချက်ကို တွေးမိပြီးနောက် ထန်ထျန်းက ဖြည်းဖြည်းချင်း ပြော လိုက်သည်။ "မင်း နားလည်ထားသင့်တာက... ဒီလောက် ကိစ္စတွေ အများကြီး ကြုံပြီးတဲ့နောက်မှာ ငါလည်း နောက်ကွယ်က ကြိုးကိုင်သူ အစစ်အမှန်က ဘယ်သူလဲဆိုတာ တကယ် သိချင်နေတာပဲ။"
လုချန်းကျီက သက်ပြင်းသဲ့သဲ့ ချကာ "အဲဒီလို သိဖို့ လိုအပ်လို့လား"
"ဒီကိစ္စက ပြီးသွားပါပြီ။"
"မိုရှောင်းရှောင်းကတော့ ဘာမှ ရှာတွေ့မှာ မဟုတ်ဘူး။ ဂိုဏ်းထဲက လူတစ်ချို့ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တာ သိရင်တောင် သူမ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။"
"ပြီးတော့ ငါ မင်းကို ကတိပေးနိုင်တာ တစ်ခုက... မင်းသာ ဝမ်ကန်းတို့ကို ဝင်မစီးခိုင်းဘူးဆိုရင် မိုရှောင်းရှောင်း မင်းကို ကမ်းလှမ်းခဲ့တဲ့ အကျိုးခံစားခွင့်ထက် ဆယ်ဆ ပိုပေးဖို့ ငါ အသင့်ပဲ။"
"မင်း တောင်'တောင်ထိပ်မှာ ပြောခဲ့တဲ့ စကားအတိုင်းပေါ့"
ထန်ထျန်းက ခေါင်းခါပြလိုက်၏။ "အမှန်တရားက ဘာလဲဆိုတာ ခဏ ထားလိုက်ဦး"
"မင်း ငါ့ကို ဒီလောက်အထိ အကြိမ်ကြိမ် အကွက်ဆင်ခဲ့ပြီးမှ ငါက မင်းနဲ့ ဒီမှာ ထိုင်ပြီး အပေးအယူ လုပ်နေမယ်လို့ မင်း ထင်နေတာလား?"
သူတို့နှစ်ဦးကြားက ရန်ငြိုးမှာ ဖြေဖျောက်၍ မရနိုင်တော့ပေ။
ယခင်က အကွက်ဆင်မှုများကြောင့်သော်လည်းကောင်း နောင်တွင် ထိုရာထူးအတွက် ပြိုင်ဆိုင်ရမည် ဖြစ်သောကြောင့်သော်လည်းကောင်း သူတို့နှစ်ဦးမှာ ရန်သူများ ဖြစ်ရန် သတ်မှတ်ပြီးသားပင် ဖြစ်သည်။
၎င်းမှာ ထမင်းစားဖိတ်ကျွေး ရုံဖြင့် ပြေလည်သွားမည့် ကိစ္စမျိုး မဟုတ်ဘဲ အသေအကြေ တိုက်ပွဲသာ ဖြစ်၏။
လုချန်းကျီကလည်း ဤအချက်ကို သိပုံရသဖြင့် သက်ပြင်းချကာ "ဒီကမ္ဘာမှာ ညှိနှိုင်းလို့ မရတဲ့ အပေးအယူမျိုး မရှိဘူးလို့ ငါ အမြဲ ယုံကြည်ထားတယ်။"
"ပြီးတော့ အရာအားလုံးကို ဖွင့်ချလိုက်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကိုရော မင်း သိရဲ့လား"
ထန်ထျန်းက ရယ်လိုက်ကာ "ငါ့အတွက် အသက်အန္တရာယ် ရှိလာနိုင်တယ်လို့ ပြောချင်တာလား"
လုချန်းကျီက လက်ခါပြလျက် "အဲဒါက ငါ နောက်ပြောင်တာပါ။"
"ထျန်းယန်ရှန်းကိုတောင် ဖြေရှင်းနိုင်တဲ့သူဆိုတော့ တစ်ဂိုဏ်းလုံးမှာ မင်းကို ဘယ်သူမှ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။"
"ငါ ဆိုလိုတဲ့ နောက်ဆက်တွဲ ဆိုးကျိုးဆိုတာ အမှန်တရား ပေါ်ပေါက်ပြီးနောက် ဖြစ်လာမယ့် သက်ရောက်မှုကို ပြောတာ"
သူက လေးနက်စွာ ဆက်ပြော၏။ "ထန်ထျန်း... အကယ်၍ မင်းက အမှန်တရားကို ဖွင့်ချဖို့ ရွေးချယ်လိုက်ရင် ချင်းယွဲ့ဂိုဏ်း ခက်ခက်ခဲခဲ တည်ဆောက်ထားရတဲ့ တည်ငြိမ်မှုတွေ အားလုံး ပျက်ပြားသွားလိမ့်မယ်။"
"နှစ်ပေါင်း ရာနဲ့ချီပြီး ကြိုးပမ်းခဲ့ရတဲ့ အရာတွေအားလုံးဟာ ဒီကိစ္စကြောင့် ပြိုလဲသွားနိုင်တယ်။"
"ငါတို့အားလုံးက ချင်းယွဲ့ဂိုဏ်းရဲ့ တပည့်တွေပဲ။ ဂိုဏ်းပြိုလဲသွားတာက ငါတို့ထဲက ဘယ်သူ့အတွက်မှ အကျိုးရှိမှာ မဟုတ်ဘူး။"
ထန်ထျန်း မေးစေ့ကို ပွတ်နေမိ၏။
လုချန်းကျီ ဤသို့ ပြောနိုင်သည်မှာ နောက်ကွယ်မှလူက ဂိုဏ်းအတွင်း၌ အဆင့်အတန်းနှင့် ရာထူး အလွန်မြင့်မားသူ၊ အလွန်အရေးကြီးသူ ဖြစ်ကြောင်း သက်သေပြနေသည်။
ထို့ပြင် ဤကိစ္စကြောင့် အကျိုး ထိခိုက်မည့်သူနှင့် အထိနာမည့်သူများမှာလည်း အလွန် များပြားနေပေလိမ့်မည်။
အမှန်တရားသာ ပေါ်ပေါက်သွားပါက ချင်းယွဲ့ဂိုဏ်းသည် ယခင်ကထက် ပိုမိုကြီးမားသော ရှုပ်ထွေးမှုများအတွင်းသို့ နစ်မွန်းသွားပေတော့မည်။
မဟုတ်ပါက သူတို့ ဤမျှအထိ စိုးရိမ်နေကြလိမ့်မည် မဟုတ်ပေ။
သို့သော် လက်တစ်ကမ်းအလို ရောက်နေသည့် အခွင့်အရေးကို တကယ်ပဲ လက်လျှော့ရမည်လော။
ခဏမျှ စဉ်းစားပြီးနောက် ထန်ထျန်းက ခေါင်းခါလိုက်ပြန်သည်။
"ဒီအကြောင်းပြချက်က မလုံလောက်သေးဘူး။"
ရှုပ်ထွေးမှုဆိုသည်မှာ နောင်မှလာမည့် အရာသာ ဖြစ်၏။
သူက အခြေအနေကို သူ့လက်ထဲတွင်သာ ထားရှိရမည် ဖြစ်သည်။
လုချန်းကျီက သက်ပြင်းရှည်ကြီးကို ချလိုက်၏။
"မင်း ဘာတွေးနေလဲဆိုတာ ငါ သိပါတယ်။"
"ဒါပေမဲ့ ဒါက မီးနဲ့ ကစားနေတာပဲ။ သတိမထားရင် ပြန်ပြင်လို့မရတဲ့ ဆိုးကျိုးတွေ ဖြစ်လာလိမ့်မယ်။"
"ငါတို့က အဲဒီလို ရလဒ်မျိုးကို လက်မခံနိုင်ဘူး။ ဒါကြောင့် မင်းကို အခုလို အခြေအနေမျိုးမှာ အမှန်တရားကို လက်ဝယ်ပိုင်ဆိုင်ခွင့် မပေးနိုင်တာပဲ"
ပြောရင်းနှင့် သူက မီးခိုးရောင် သိုလှောင်လက်စွပ် တစ်ကွင်းကို ထုတ်ကာ ထန်ထျန်း၏ ရှေ့သို့ တိုးပေးလိုက်သည်။
"ဒါက ငါတို့ဘက်က ပြသတဲ့ စေတနာပါ"
လုချန်းကျီက အသံတိုးတိုးဖြင့် ပြောလိုက်လေတော့သည်။