← Chapters

ရွေးချယ်မှု

Vol. 15 Ch. 165

ရွေးချယ်မှု

Vol. 15 Ch. 165

​"ထန်ထျန်း... အရင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ အများကြီး ဖြစ် ပြီးတဲ့နောက်မှာ ငါ မင်းကို လုံးဝ အထင်မသေးတော့ဘူး။"

​လုချန်းကျီက ထန်ထျန်းကို ကြည့်ကာ သက်ပြင်းချရင်း ပြော ၏။ "မင်းက ပေါင်းစည်းခြင်း အလယ်အလတ်အဆင့် ကို တိတ်တဆိတ် တက်လှမ်းသွားနိုင်တယ်ဆိုတာ သိရပြီးနောက်မှာ မင်းရဲ့ စွမ်းအားကို ငါ တတ်နိုင်သမျှ အမြင့်ဆုံး ခန့်မှန်းခဲ့တယ်။"

​"ဒါပေမဲ့ ငါ ခန့်မှန်းတာ မှားခဲ့ပြန်တာပဲ။"

​"လျှို့ဝှက်နယ်မြေထဲမှာ စစ်နတ်ဘုရားခန်းမ ရဲ့ အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့် ကျွမ်းကျင်သူ ၅ ယောက်ကို ရှင်းပစ်ခဲ့သလို အပြင်လောကမှာလည်း ထျန်းယန်ရှန်းနဲ့အတူ ဆန်းကြယ်အင်မော်တယ် ၃ ယောက်၊ ရွှေအင်မော်တယ် ၁ ယောက်တို့ကိုပါ သတ်ဖြတ်နိုင်ခဲ့တယ်။"

​" မင်း ဒါတွေကို ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ ဆိုတာပဲ အခုထိ ငါ စဉ်းစားလို့ မရသေးဘူး"

​"မင်း လုပ်ခဲ့တဲ့ အရာတွေက ငါ့တစ်သက်လုံး စုဆောင်းခဲ့တဲ့ အသိပညာတွေထက်တောင် ကျော်လွန်နေပြီ"

လုချန်းကျီက သက်ပြင်းချ လိုက်သည်။

​ထန်ထျန်းကမူ ခပ်ပြုံးပြုံးဖြင့်သာ " လျှောက်မပြောနဲ့"

​"လျှို့ဝှက်နယ်မြေထဲမှာ စစ်နတ်ဘုရားခန်းမက ထိပ်တန်း ၅ ယောက်ကို သတ်နိုင်တဲ့ စွမ်းအား ငါ့မှာ မရှိဘူး။"

​"အပြင်လောကမှာလည်း ထျန်းယန်ရှန်းနဲ့ အင်မော်တယ် အဆင့် ကျွမ်းကျင်သူတွေကို သတ်နိုင်စွမ်း ငါ့မှာ မရှိဘူး။"

​"သူတို့ ဘယ်လို သေသွားကြသလဲဆိုတာ ငါ တကယ် မသိဘူး"

​စစ်နတ်ဘုရားခန်းမက ယခုအချိန်တွင် အသည်းအသန် လိုက်လံ စုံစမ်းနေသဖြင့် ဤကိစ္စများကို သူ ဝန်ခံ၍ မရပေ။

​သို့သော် လုချန်းကျီက ထိုအချက်ကို ဂရုမစိုက်ဘဲ ထန်ထျန်း၏ စကားကို ကြားသောအခါ ပေါင်ကို ဖြတ်ခနဲ ပုတ်ကာ အားတက်သရော ပြော လာ၏။ "မှန်တယ်... အဲဒါပဲလေ။"

​"မင်း ဒါတွေကို လုပ်ခဲ့ရုံတင်မကဘူး၊ အင်မော်တယ် အရှင် တွေတောင်မှ ခိုင်လုံတဲ့ သက်သေ ရှာမတွေ့အောင် လုပ်နိုင်ခဲ့တယ်။ မင်းကို စစ်မေး ဖို့ အကြောင်းပြချက် တစ်ခုတောင် သူတို့ ရှာမရဘူးလေ။"

​"ဒါက တကယ့်ကို အံ့ဩဖို့ ကောင်းလွန်းတယ်။"

​"မင်းရဲ့ ခွန်အားထက် ဒီအချက်က ငါ့ကို ပိုပြီး နားမလည်နိုင်အောင် လုပ်နေတာပဲ။"

​"ငါ့ဦးနှောက်ထဲမှာ အကြိမ်ကြိမ် တွက်ချက်ကြည့်ပေမဲ့လည်း ဒီလို အခြေအနေမျိုး ရောက်လာဖို့ ဘယ်လို လမ်းကြောင်းမျိုးမှ ရှာမတွေ့ခဲ့ဘူး။"

​"ငါ တကယ်ပဲ..."

​လုချန်းကျီမှာ ပုံမှန်ထက် ပို၍ စိတ်လှုပ်ရှားနေပုံ ရသည်။

နှစ်ပေါင်းများစွာ ပြိုင်ဘက်မရှိခဲ့သော စစ်တုရင် ထိပ်တန်းကစားသမားတစ်ဦးက ရုတ်တရက် ပေါ်လာသော လူစိမ်းတစ်ဦး၏ လက်ကွက် အနည်းငယ်အောက်တွင် အပြတ်အသတ် ရှုံးနိမ့်သွားရသည့် အခြေအနေနှင့် တူနေ၏။

​သို့သော် ထန်ထျန်းကမူ သူ့အား ရှင်းပြလိုသည့် စိတ်ဆန္ဒ မရှိပေ။

​"အခု ကုန်သွယ်ရေးအသင်းရဲ့ အဲဒီ ရှယ်ယာ ၁၀ ရာခိုင်နှုန်း အကြောင်းကိုပဲ ပြန်ပြောရအောင်"

သူက စကားလမ်းကြောင်းကို မူလနေရာသို့ ပြန်ခေါ်လိုက်သည်။

​"ဟင်း..."

​လုချန်းကျီက စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ဆက်ပြော၏။ "အဲဒီ ရှယ်ယာတွေကလည်း ငါ့ရဲ့ အမှားတွေထဲက တစ်ခုပဲပေါ့။"

​"မူလကတော့ တန်းယွမ် ကုန်သွယ်ရေးအသင်း ပြိုလဲသွားတဲ့အခါ အဲဒီ ရှယ်ယာကို သုံးပြီး အသင်းကို ငါ့ရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှု ဖြစ်အောင် လုပ်ဖို့ ရည်ရွယ်ခဲ့တာ။"

​"ဒါပေမဲ့ မထင်မှတ်ဘဲ ဝမ်ကန်းက အသင်းကို အတင်း တောင့်ခံထားနိုင်ခဲ့တယ်။"

​"ငါ အခြေအနေကို စုံစမ်းဖို့ ပြင်နေတုန်းမှာပဲ ဝမ်ကန်းက ရှယ်ယာအားလုံးကို အပြင်းအထန် စတင် စစ်ဆေးတော့တာပဲ။"

​"အဲဒါကြောင့် ငါ့လူတွေကို ခေတ္တ ငြိမ်နေဖို့ပဲ အမိန့်ပေးနိုင်ခဲ့ရတယ်။"

​"ထျန်းဖုန်း သေသွားပြီဆိုတော့ ငါ့မှာ ကြိုတင်သတိပေးမယ့်သူ မရှိတော့ဘူးလေ။ ဝမ်ကန်းသာ တစ်ခုခု ရှာတွေ့သွားရင် မကောင်းဘူးလို့ ငါ တွေးမိခဲ့တယ်။"

​"ဒါပေမဲ့..."

​လုချန်းကျီက ခေါင်းခါယမ်းကာ "မင်းက ကုန်သွယ်ရေးအသင်းကို ငွေထုတ်ပြီး ထောက်ပံ့နေတာမှန်း ငါသာ ကြိုသိရင် ဒီလို ဟာကွက်လေးကို ချန်ထားခဲ့မှာ မဟုတ်ပါဘူး။"

​"ပြီးတော့ မင်းရဲ့ လှုပ်ရှားမှုက အရမ်း မြန်လွန်းတယ်။"

​"ငါ သတိပြုမိတဲ့ အချိန်မှာတော့ အားလုံးက နောက်ကျသွားပြီ။"

​"အရေးကြီးဆုံး သဲလွန်စက မင်းလက်ထဲကို ရောက်သွားခဲ့ပြီလေ။"

​"အခု မင်း အမိန့်ပေးလိုက်တာနဲ့ တုယွမ်ချင်း ဖြစ်ရပ်ရဲ့ အမှန်တရားအားလုံးက ဘူးပေါ်သလို ပေါ်တော့မှာပဲ"

သူ ပြောရင်း လုချန်းကျီ သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။

​ထန်ထျန်းသည်လည်း အနည်းငယ် အံ့ဩမိသွား၏။

အစကနေ ပြန်ကြည့်လျှင် တိုက်ဆိုင်မှုများစွာ ရှိနေသော်လည်း သေချာ စဉ်းစားကြည့်သောအခါ အားလုံးမှာ ဖြစ်သင့်ဖြစ်ထိုက်သည့်အတိုင်း ဖြစ်လာခြင်းသာ ဖြစ်သည်။

​နောက်ဆုံးတွင် ဤကဲ့သို့သော နည်းလမ်းဖြင့် အမှန်တရား၏ ရှေ့မှောက်သို့ ရောက်ရှိလာလိမ့်မည်ဟု သူကိုယ်တိုင်လည်း မထင်ထားခဲ့ပေ။

​ယခုကဲ့သို့ အခြေအနေတွင် လုချန်းကျီက သူ့ဘာသာ ပေါ်လာပြီး အကြောင်းစုံကို ရှင်းပြလိုက်ခြင်း၏ ရည်ရွယ်ချက်မှာ အလွန်ပင် ရှင်းလင်းလှပေသည်။

​သူက ဂိုဏ်းအတွင်း၌ ဤကိစ္စတွင် တိတ်တဆိတ် ပါဝင်ခဲ့ကြသည့် "လူအနည်းငယ်" ကို ကာကွယ်ပေးလိုနေခြင်း ဖြစ်၏။

​ထိုအချက်ကို တွေးမိပြီးနောက် ထန်ထျန်းက ဖြည်းဖြည်းချင်း ပြော လိုက်သည်။ "မင်း နားလည်ထားသင့်တာက... ဒီလောက် ကိစ္စတွေ အများကြီး ကြုံပြီးတဲ့နောက်မှာ ငါလည်း နောက်ကွယ်က ကြိုးကိုင်သူ အစစ်အမှန်က ဘယ်သူလဲဆိုတာ တကယ် သိချင်နေတာပဲ။"

​လုချန်းကျီက သက်ပြင်းသဲ့သဲ့ ချကာ "အဲဒီလို သိဖို့ လိုအပ်လို့လား"

​"ဒီကိစ္စက ပြီးသွားပါပြီ။"

​"မိုရှောင်းရှောင်းကတော့ ဘာမှ ရှာတွေ့မှာ မဟုတ်ဘူး။ ဂိုဏ်းထဲက လူတစ်ချို့ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တာ သိရင်တောင် သူမ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။"

​"ပြီးတော့ ငါ မင်းကို ကတိပေးနိုင်တာ တစ်ခုက... မင်းသာ ဝမ်ကန်းတို့ကို ဝင်မစီးခိုင်းဘူးဆိုရင် မိုရှောင်းရှောင်း မင်းကို ကမ်းလှမ်းခဲ့တဲ့ အကျိုးခံစားခွင့်ထက် ဆယ်ဆ ပိုပေးဖို့ ငါ အသင့်ပဲ။"

​"မင်း တောင်'တောင်ထိပ်မှာ ပြောခဲ့တဲ့ စကားအတိုင်းပေါ့"

​ထန်ထျန်းက ခေါင်းခါပြလိုက်၏။ "အမှန်တရားက ဘာလဲဆိုတာ ခဏ ထားလိုက်ဦး"

​"မင်း ငါ့ကို ဒီလောက်အထိ အကြိမ်ကြိမ် အကွက်ဆင်ခဲ့ပြီးမှ ငါက မင်းနဲ့ ဒီမှာ ထိုင်ပြီး အပေးအယူ လုပ်နေမယ်လို့ မင်း ထင်နေတာလား?"

​သူတို့နှစ်ဦးကြားက ရန်ငြိုးမှာ ဖြေဖျောက်၍ မရနိုင်တော့ပေ။

​ယခင်က အကွက်ဆင်မှုများကြောင့်သော်လည်းကောင်း နောင်တွင် ထိုရာထူးအတွက် ပြိုင်ဆိုင်ရမည် ဖြစ်သောကြောင့်သော်လည်းကောင်း သူတို့နှစ်ဦးမှာ ရန်သူများ ဖြစ်ရန် သတ်မှတ်ပြီးသားပင် ဖြစ်သည်။

​၎င်းမှာ ထမင်းစားဖိတ်ကျွေး ရုံဖြင့် ပြေလည်သွားမည့် ကိစ္စမျိုး မဟုတ်ဘဲ အသေအကြေ တိုက်ပွဲသာ ဖြစ်၏။

​လုချန်းကျီကလည်း ဤအချက်ကို သိပုံရသဖြင့် သက်ပြင်းချကာ "ဒီကမ္ဘာမှာ ညှိနှိုင်းလို့ မရတဲ့ အပေးအယူမျိုး မရှိဘူးလို့ ငါ အမြဲ ယုံကြည်ထားတယ်။"

​"ပြီးတော့ အရာအားလုံးကို ဖွင့်ချလိုက်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကိုရော မင်း သိရဲ့လား"

​ထန်ထျန်းက ရယ်လိုက်ကာ "ငါ့အတွက် အသက်အန္တရာယ် ရှိလာနိုင်တယ်လို့ ပြောချင်တာလား"

​လုချန်းကျီက လက်ခါပြလျက် "အဲဒါက ငါ နောက်ပြောင်တာပါ။"

​"ထျန်းယန်ရှန်းကိုတောင် ဖြေရှင်းနိုင်တဲ့သူဆိုတော့ တစ်ဂိုဏ်းလုံးမှာ မင်းကို ဘယ်သူမှ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။"

​"ငါ ဆိုလိုတဲ့ နောက်ဆက်တွဲ ဆိုးကျိုးဆိုတာ အမှန်တရား ပေါ်ပေါက်ပြီးနောက် ဖြစ်လာမယ့် သက်ရောက်မှုကို ပြောတာ"

​သူက လေးနက်စွာ ဆက်ပြော၏။ "ထန်ထျန်း... အကယ်၍ မင်းက အမှန်တရားကို ဖွင့်ချဖို့ ရွေးချယ်လိုက်ရင် ချင်းယွဲ့ဂိုဏ်း ခက်ခက်ခဲခဲ တည်ဆောက်ထားရတဲ့ တည်ငြိမ်မှုတွေ အားလုံး ပျက်ပြားသွားလိမ့်မယ်။"

​"နှစ်ပေါင်း ရာနဲ့ချီပြီး ကြိုးပမ်းခဲ့ရတဲ့ အရာတွေအားလုံးဟာ ဒီကိစ္စကြောင့် ပြိုလဲသွားနိုင်တယ်။"

​"ငါတို့အားလုံးက ချင်းယွဲ့ဂိုဏ်းရဲ့ တပည့်တွေပဲ။ ဂိုဏ်းပြိုလဲသွားတာက ငါတို့ထဲက ဘယ်သူ့အတွက်မှ အကျိုးရှိမှာ မဟုတ်ဘူး။"

​ထန်ထျန်း မေးစေ့ကို ပွတ်နေမိ၏။

​လုချန်းကျီ ဤသို့ ပြောနိုင်သည်မှာ နောက်ကွယ်မှလူက ဂိုဏ်းအတွင်း၌ အဆင့်အတန်းနှင့် ရာထူး အလွန်မြင့်မားသူ၊ အလွန်အရေးကြီးသူ ဖြစ်ကြောင်း သက်သေပြနေသည်။

​ထို့ပြင် ဤကိစ္စကြောင့် အကျိုး ထိခိုက်မည့်သူနှင့် အထိနာမည့်သူများမှာလည်း အလွန် များပြားနေပေလိမ့်မည်။

​အမှန်တရားသာ ပေါ်ပေါက်သွားပါက ချင်းယွဲ့ဂိုဏ်းသည် ယခင်ကထက် ပိုမိုကြီးမားသော ရှုပ်ထွေးမှုများအတွင်းသို့ နစ်မွန်းသွားပေတော့မည်။

​မဟုတ်ပါက သူတို့ ဤမျှအထိ စိုးရိမ်နေကြလိမ့်မည် မဟုတ်ပေ။

​သို့သော် လက်တစ်ကမ်းအလို ရောက်နေသည့် အခွင့်အရေးကို တကယ်ပဲ လက်လျှော့ရမည်လော။

​ခဏမျှ စဉ်းစားပြီးနောက် ထန်ထျန်းက ခေါင်းခါလိုက်ပြန်သည်။

​"ဒီအကြောင်းပြချက်က မလုံလောက်သေးဘူး။"

​ရှုပ်ထွေးမှုဆိုသည်မှာ နောင်မှလာမည့် အရာသာ ဖြစ်၏။

​သူက အခြေအနေကို သူ့လက်ထဲတွင်သာ ထားရှိရမည် ဖြစ်သည်။

​လုချန်းကျီက သက်ပြင်းရှည်ကြီးကို ချလိုက်၏။

​"မင်း ဘာတွေးနေလဲဆိုတာ ငါ သိပါတယ်။"

​"ဒါပေမဲ့ ဒါက မီးနဲ့ ကစားနေတာပဲ။ သတိမထားရင် ပြန်ပြင်လို့မရတဲ့ ဆိုးကျိုးတွေ ဖြစ်လာလိမ့်မယ်။"

​"ငါတို့က အဲဒီလို ရလဒ်မျိုးကို လက်မခံနိုင်ဘူး။ ဒါကြောင့် မင်းကို အခုလို အခြေအနေမျိုးမှာ အမှန်တရားကို လက်ဝယ်ပိုင်ဆိုင်ခွင့် မပေးနိုင်တာပဲ"

​ပြောရင်းနှင့် သူက မီးခိုးရောင် သိုလှောင်လက်စွပ် တစ်ကွင်းကို ထုတ်ကာ ထန်ထျန်း၏ ရှေ့သို့ တိုးပေးလိုက်သည်။

​"ဒါက ငါတို့ဘက်က ပြသတဲ့ စေတနာပါ"

လုချန်းကျီက အသံတိုးတိုးဖြင့် ပြောလိုက်လေတော့သည်။

All Chapters