နာမည်နှင့် စေတနာ
Vol. 15 Ch. 166
သူ့ရှေ့ရှိ မီးခိုး ရောင် သိုလှောင်လက်စွပ်ကို ကြည့်ပြီး ထန်ထျန်းက မည်သည့်လှုပ်ရှားမှုမျှ မပြုဘဲ ငြိမ်သက်နေဆဲပင် ဖြစ်၏။
အမှန်အတိုင်းပြောရလျှင် ယခုအချိန်တွင် သူ့၌ လိုလေသေးမရှိတော့ပေ။
စနစ်နှစ်ခုစလုံးကို အဆင့်မြှင့်တင်ထားပြီးဖြစ်ရာ နောင်တွင် အရင်းအမြစ်များမှာ အကန့်အသတ်မရှိ ရရှိနိုင်တော့မည် ဖြစ်သည်။ သို့ဖြစ်ရာ ဤလက်စွပ်ထဲတွင် မည်သည့်အရာပင် ရှိနေပါစေ သူ စိတ်ဝင်စားမှု သိပ်မရှိလှပေ။
ဤအရာများထက် သူ ပို၍ စိတ်ဝင်စားသည်မှာ ဖြစ်ရပ်မှန် အမှန်တရားပင် ဖြစ်သည်။
သို့သော်လည်း...
လုချန်းကျီ ပြောသွားသည့် စကားများမှာလည်း လုံးဝ အဓိပ္ပာယ်မရှိသည်တော့ မဟုတ်ပေ။
အကယ်၍ ချင်းယွဲ့ဂိုဏ်းသာ တကယ် ပြိုလဲသွားပါက မည်သူ့အတွက်မျှ အကျိုးရှိလိမ့်မည် မဟုတ်ပေ။
အခြားအချက်များကို ခဏထားဦး ချင်းယွဲ့ဂိုဏ်း၏ အကာအကွယ်သာ မရှိတော့ပါက စစ်နတ်ဘုရားခန်းမက သူ့ကို လွယ်လွယ်နှင့် လက်လွှတ်မည် မဟုတ်ပေ။
အင်မော်တယ် ဘုရင် သို့မဟုတ် အင်မော်တယ် အရှင် များသာ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားလာပါက သူတို့လက်ထဲမှ လွတ်အောင် ပြေးနိုင်ရန်မှာ ထန်ထျန်းအတွက် လုံးဝ အာမခံချက် မရှိသေးပေ။
တစ်ဖက်တွင်လည်း သူက ချင်းယွဲ့ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်နေဆဲဖြစ်ပြီး ဂိုဏ်းက သူ့အပေါ် မကောင်းခဲ့သည်မျိုးလည်း မရှိရာ ဂိုဏ်းကို ဖျက်ဆီးပစ်ရန် အကြောင်းမရှိပေ။
ခဏမျှ စဉ်းစားပြီးနောက် ထန်ထျန်းက ဖြည်းဖြည်းချင်း ပြော လိုက်၏။ "ငါ့ကို နာမည်တစ်ခု ပေးပါ"
"အဲဒီနာမည်ကို မသိရဘဲနဲ့တော့ မင်းနဲ့ ငါ အပေးအယူ လုပ်ဖို့ မဖြစ်နိုင်ဘူး"
သူက အမှန်တရားကို သိရှိလိုဆဲ ဖြစ်သည်။
၎င်းကို လက်နက်တစ်ခုအဖြစ် အသုံးမပြုလျှင်ပင် မည်သူက ဤကိစ္စကို လုပ်ခဲ့သည်ဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်း သိထားရန် လိုအပ်ပေသည်။
ဤတောင်းဆိုချက်မှာ အလွန်အကျွံတော့ မဟုတ်ပေ။
လုချန်းကျီကလည်း ထန်ထျန်း၏ ဆိုလိုရင်းကို နားလည်သွားသဖြင့် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချကာ လက်ထဲရှိ ယပ်တောင်ကို ခတ်ရင်း အကျိုးအမြတ်ကို ချိန်ဆနေပုံရသည်။
အတန်ကြာပြီးနောက် နောက်ဆုံးတွင် သူက ဖြည်းညှင်းစွာ ပြောလာ၏။ "ဂိုဏ်းပေါင်းစုံ တိုက်ပွဲ စဖို့ တစ်လကျော်ပဲ လိုတော့တယ်"
"ဒါပေမဲ့ ဘာကြောင့်လဲတော့ မသိဘူး၊ ငါ ဂိုဏ်းချုပ်လေး ကို မတွေ့ရတာ တော်တော်ကြာနေပြီ။ သူက ဒီတိုက်ပွဲအတွက် တိုက်ရိုက် တာဝန်ခံရမယ့်သူလေ။"
"မကြာခင်က သူ မင်းကို ဆက်သွယ်ခဲ့သေးလား"
သူက လက်ရှိပြောနေသော အကြောင်းအရာနှင့် လုံးဝ မသက်ဆိုင်ဟု ထင်ရသည့် ကိစ္စတစ်ခုကို ရုတ်တရက် ပြောလိုက်ခြင်း ဖြစ်သည်။
ထန်ထျန်း၏ စိတ်ထဲ၌ လှုပ်ခတ်သွားမိ၏။
ဪ... သူပါလား။
ယွင်ခုံး၊ သူက ဂိုဏ်းချုပ်လေး အဖြစ် ဆယ်စုနှစ်ပေါင်းများစွာ တာဝန်ယူခဲ့ပြီး ထိုအတောအတွင်း ဂိုဏ်း၏ စွမ်းဆောင်ရည်ကို တိုးတက်အောင် ကြိုးပမ်းခဲ့သူ ဖြစ်သည်။
မထင်မှတ်ထားသော အမှားအယွင်းမျိုး မရှိပါက သူက ချင်းယွဲ့ဂိုဏ်း၏ အနာဂတ် ဂိုဏ်းချုပ် ဖြစ်လာမည်မှာ သေချာလှပေသည်။
ဂိုဏ်း၏ အရေးကိစ္စ အဝဝကိုလည်း ယွင်ခုံးကသာ အမှန်တကယ် ထိန်းချုပ်ထားခြင်း ဖြစ်ပြီး ရာထူးတရားဝင် ပြောင်းလဲရန်သာ လိုတော့ခြင်း ဖြစ်၏။
သူက ဤကိစ္စကို လုပ်ရန် အကြောင်းပြချက် အရှိဆုံးနှင့် လုပ်နိုင်စွမ်း အရှိဆုံးသူ ဖြစ်ပေသည်။
ထိုစဉ်က တောင်'တောင်ထိပ်ပေါ်တွင် သူနှင့် ထျန်းယန်ရှန်းတို့ ထိပ်တိုက်တွေ့လုနီးပါး ဖြစ်ချိန်၌ ယွင်ခုံး ရောက်လာပြီး ပဋိပက္ခကို တားဆီးခဲ့သည်ကို ထန်ထျန်း ပြန်လည် မြင်ယောင်မိသွား၏။
ထိုစဉ်က ယွင်ခုံး၏ စကားအနည်းငယ်ကြောင့်ပင် လုချန်းကျီမှာ ချက်ချင်း လှည့်ပြန်သွားခဲ့ရသည်။
ယခု ပြန်စဉ်းစားကြည့်လျှင် အရာအားလုံး၌ အကြောင်းရင်း ရှိနေပါလား။
ထန်ထျန်း သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။
အမှန်ပင်... ဂိုဏ်းချုပ်လေး ရာထူးကို ရယူထားနိုင်သူမှာ လွယ်ကူသော လူစားမျိုး မဟုတ်ပေ။
အာဏာကို ကစားရာတွင်လည်း ထိပ်တန်းကျွမ်းကျင်သူ ဖြစ်ရပေမည်။
လက်တစ်ဖက်က မိုးဖြစ်စေ၊ လက်တစ်ဖက်က မြေဖြစ်စေ လှည့်စားနိုင်စွမ်း ရှိ၏။
လူတိုင်းကို သူ့လက်ဖဝါးထဲ၌ ကစားနေသော်လည်း မည်သူမျှ ရိပ်မိခြင်း မရှိပေ။
တကယ့်ကို...
ထန်ထျန်း ဘာပြောရမှန်း မသိတော့ပေ၊ သူက ပို၍ ရိုးသားဖြောင့်မတ်သော လူများနှင့်သာ ဆက်ဆံလို၏။
အကယ်၍ သူသာ တိုက်ဆိုင်မှုကြောင့် တန်းယွမ် ကုန်သွယ်ရေးအသင်း တစ်ခုလုံးကို ဝယ်ယူခဲ့ခြင်း မရှိပါက နောက်ဆုံးအထိ ယွင်ခုံးကို သံသယဝင်မိမည် မဟုတ်ပေ။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက လက်လှမ်းကာ ထိုသိုလှောင်လက်စွပ်ကို ယူလိုက်သည်။
ထန်ထျန်း၏ လှုပ်ရှားမှုကို မြင်သောအခါ လုချန်းကျီက နောက်ဆုံးတွင် သက်ပြင်းချကာ ရင်ထဲမှ အလုံးကြီး ကျသွားတော့၏။
"မိုရှောင်းရှောင်း ဘက်ကရော..."
လုချန်းကျီက အကဲခတ်သလို မေးလိုက်သည်။
ထန်ထျန်းက သူ့ကို တစ်ချက်ကြည့်ကာ "စိတ်ချပါ၊ ငါ ဘာလုပ်ရမလဲဆိုတာ သိပါတယ်။"
"ဒါပေမဲ့ သူမကိုတော့ မင်းရဲ့ နာမည်ကို ပြောပြလိုက်မယ်။"
လုချန်းကျီက ပုခုံးတွန့်ပြကာ ဂရုမစိုက်ကြောင်း ပြ၏။
ကြည့်ရတာ သူက ဤခြံဝင်းထဲသို့ မလာခင်ကပင် ကြိုတင် ပြင်ဆင်ထားပုံ ရသည်။
ထန်ထျန်းက သူ့ကို ဆက်၍ အာရုံမစိုက်တော့ဘဲ မီးခိုးရောင် "စေတနာ" ကို ဖွင့်ကြည့်လိုက်၏။
သူ့ကို အနည်းငယ် အံ့ဩသွားစေသည်မှာ သိုလှောင်လက်စွပ်ထဲ၌ တန်ဖိုးကြီး ကျင့်ကြံခြင်း အရင်းအမြစ်များ သို့မဟုတ် ဝိညာဉ်ကျောက်များ မပါခြင်း ဖြစ်သည်။
မကျယ်ဝန်းလှသော နေရာလွတ်ထဲ၌ အဖြူရောင် ကျောက်စိမ်းပြား နှစ်ခုသာ ရှိနေ၏။
ကျောက်စိမ်းပြားအတွင်းမှ အကြောင်းအရာများကို ဖတ်ရှုပြီးနောက်မှသာ သူတို့ဆိုလိုသော "စေတနာ" ဆိုသည်မှာ ဘာလဲဆိုသည်ကို ထန်ထျန်း နားလည်သွားတော့သည်။
ကျောက်စိမ်းပြားနှစ်ခု၊ သတင်းအချက်အလက် နှစ်မျိုး။
တစ်ခုမှာ အတိတ်က ဖြစ်ရပ်ဖြစ်ပြီး နောက်တစ်ခုမှာ အနာဂတ်အတွက် ဖြစ်၏။
အတိတ်နှင့်ဆိုင်သော အချက်အလက်မှာ လုချန်းကျီ ကိုယ်တိုင် မှတ်တမ်းတင်ထားခြင်း ဖြစ်ပုံရသည်။
၎င်းထဲတွင် ချင်းယွဲ့ဂိုဏ်းအတွင်းရှိ အာဏာရှိ ပုဂ္ဂိုလ်များ၏ အမည်စာရင်း ရှည်လျားစွာ ပါဝင်နေ၏။
ထိုသူများမှာ အာဏာကြီးမားသူများဖြစ်ပြီး ရာထူးဆုံးဖြတ်ချက်များအပေါ် သြဇာညောင်းနိုင်သူများ ဖြစ်ကြသည်။
ထိုအမည်များ၏ နောက်ကွယ်တွင် ၎င်းတို့ အတိတ်က လုပ်ခဲ့သည့် "လျှို့ဝှက်အမှားများ" ကို အသေးစိတ် မှတ်သားထား၏။
တစ်နည်းအားဖြင့် ၎င်းတို့၏ အားနည်းချက် များပင် ဖြစ်သည်။
လုချန်းကျီက ဤလူများ၏ အမည်နှင့် အားနည်းချက်များကို ထန်ထျန်းအား ပေးအပ်ခြင်းမှာ သူ၏ ဂိုဏ်းအတွင်း သြဇာအာဏာ တစ်စိတ်တစ်ဒေသကို ခွဲဝေပေးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်၏။
အကယ်၍ ထန်ထျန်းက ဤလူအားလုံးကို ထိန်းချုပ်နိုင်ခဲ့ပါက ဂိုဏ်းအတွင်းရှိ သူ၏ အင်အားမှာ လုချန်းကျီထက်ပင် သာလွန်သွားပေလိမ့်မည်။
၎င်းမှာ တကယ့်ကို စေတနာ အရင်းခံသော အပေးအယူ ဖြစ်သည်ဟု ဆိုရပေမည်။
ဒုတိယမြောက် သတင်းအချက်အလက်မှာမူ ယွင်ခုံးထံမှ ဖြစ်ပေလိမ့်မည်။
ထိုစာရင်းထဲတွင် စွမ်းဆောင်ရည် အလွန်မြင့်မားသော အဓိကတပည့် အများအပြား၏ အမည်များ ပါဝင်နေသည်။
၎င်းတို့မှာ မည်သည့်ဘက်မှ မပါဝင်သေးသော တပည့်များ ဖြစ်ကြ၏။
သတင်းအရ ထိုတပည့်များက ဆဌမ'တောင်ထိပ် (သို့မဟုတ်) တောင်'တောင်ထိပ်သို့ ဝင်ရောက်ရန် ဆန္ဒရှိနေကြပြီး မကြာမီ ကာလအတွင်း လက်တွေ့ လုပ်လာကြလိမ့်မည် ဖြစ်သည်။
၎င်းမှာ ယွင်ခုံး၏ စေတနာမှန်း ထန်ထျန်း နားလည်လိုက်၏။
ထိုရာထူးအတွက် သတ်မှတ်ချက်များထဲတွင် ဂိုဏ်းအတွက် အကျိုးပြုမှု လည်း ပါဝင်သည်။
ဂိုဏ်းအတွက် အကျိုးပြုမှုတွင် ဂိုဏ်းတည်ဆောက်ရေးနှင့် ထူးချွန်သော တပည့်များကို မွေးထုတ်ပေးနိုင်စွမ်းတို့ ပါဝင်၏။
ထန်ထျန်းက ဂိုဏ်းတည်ဆောက်ရေးတွင် အပြည့်အဝ လုပ်ဆောင်ထားပြီးဖြစ်သော်လည်း တပည့်မွေးထုတ်ပေးနိုင်မှုအပိုင်းတွင် အားနည်းနေသေးသည်။
သူ ရောက်လာသည်မှာ တစ်နှစ်ခန့်သာ ရှိသေးသည် မဟုတ်ပါလား။
ယခုအခါ ဆဌမ'တောင်ထိပ်နှင့် တောင်'တောင်ထိပ်၏ ထောက်ခံမှု ရှိနေသော်လည်း ယေဘုယျအားဖြင့် လုချန်းကျီထက် များစွာ နောက်ကျနေသေးသည်။
သို့သော် အကယ်၍ ဤစာရင်းပါ အမာခံတပည့်များကိုသာ ရရှိခဲ့လျှင် ထိုအားနည်းချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်ပြီး အနည်းဆုံးတော့ လုချန်းကျီနှင့် ရင်ဘောင်တန်းနိုင်မည် ဖြစ်သည်။
ဤသို့ဖြင့် ဂိုဏ်းအတွက် အကျိုးပြုမှုနှင့် ဂိုဏ်းအတွင်း သြဇာအာဏာ နှစ်ရပ်စလုံးတွင် သူက ထိပ်ဆုံးသို့ ရောက်ရှိသွားမည်ဖြစ်ပြီး ဂိုဏ်းပြင်ပ သြဇာအာဏာ တစ်ခုသာ ကျန်တော့မည် ဖြစ်သည်။
အနိုင်ရရန် အခွင့်အရေးမှာ အလွန်ပင် ကြီးမားသွားချေပြီ။
ထန်ထျန်း သက်ပြင်းတစ်ချက် ခပ်ဖွဖွ ချလိုက်မိ၏။
ဤသိုလှောင်လက်စွပ်မှာ တကယ်ပင် စေတနာ အပြည့်ပါဝင်နေပါလား။
သူ့အား အောက်ခြေမှ ထိပ်ဆုံးသို့ ရောက်ရှိစေပြီး ထိုရာထူးကို ရရှိရန် အလားအလာ အရှိဆုံးသူ ဖြစ်လာစေခဲ့သည်။
"ဘယ်လိုလဲ"
လုချန်းကျီက စိုးရိမ်တကြီး မေးလိုက်သည်။
ထန်ထျန်း ခဏမျှ တိတ်ဆိတ်နေပြီးနောက် "နောက်ထပ် ကိစ္စတစ်ခု ကျန်သေးတယ်"
လုချန်းကျီက "ပြောပါ၊ ငါတို့ တတ်နိုင်တဲ့ အတိုင်းအတာထဲမှာဆိုရင် ပြဿနာမရှိပါဘူး"
ထန်ထျန်းက ခေါင်းညိတ်ကာ "ကုရှောင်းရွှယ် ကိစ္စပဲ။"
"မင်းတို့ သူမကို ဘယ်လို အကွက်ဆင်မှုတွေမှာမှ အသုံးမချတော့ဖို့နဲ့ သူမကို လွတ်လွတ်လပ်လပ် ကြီးပြင်းခွင့်ပေးဖို့ အာမခံရမယ်။"
လုချန်းကျီ ခဏမျှ မှင်တက်သွား၏။ ထန်ထျန်းက ဤကဲ့သို့သော တောင်းဆိုချက်မျိုး လုပ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ဒါ... ဒါကတော့ ပြဿနာမရှိပါဘူး"
"ငါတို့က အဲဒီ ကောင်မလေးကို ဒုက္ခပေးဖို့ ရည်ရွယ်ချက် မရှိဘူး"
"အကယ်၍ မင်း အလိုရှိရင် သူမကို အခုပဲ မင်းဆီ ပြန်လွှတ်ပေးလို့ ရပါတယ်"
ထန်ထျန်းက ခေါင်းခါလျက် "မလိုပါဘူး၊ သူမကို ဆက်ပြီး မနှောင့်ယှက်ဖို့ပဲ အာမခံပေးပါ။"
ထိုစဉ်က ကုရှောင်းရွှယ် မထွက်သွားမီကပင် သူမ၏ ကိစ္စများကို သူမဘာသာ ဖြေရှင်းလိုကြောင်း ပြောခဲ့ဖူးသည်။
လူတိုင်းတွင် ကိုယ်ပိုင် ကြီးပြင်းရာ လမ်းကြောင်း ရှိကြစမြဲပင်။
ထန်ထျန်းအနေဖြင့်လည်း ၎င်းကို အထူးတလည် တားဆီးရန် ရည်ရွယ်ချက် မရှိပေ။