← Chapters

တက်လှမ်းခြင်း အဆင့် (၈)

Vol. 15 Ch. 168

တက်လှမ်းခြင်း အဆင့် (၈)

Vol. 15 Ch. 168

​လုချန်းကျီ ထွက်သွားခဲ့သည်။

​ထန်ထျန်းသည်လည်း ဝမ်ကန်း၏ ဝိုင်းရံထားမှုများကို ရုပ်သိမ်းစေကာ ၎င်းတို့အား တန်းယွမ် ကုန်သွယ်ရေးအသင်းသို့ ပြန်ခိုင်းလိုက်၏။

​ဤတွင် တုယွမ်ချင်း သေဆုံးမှုကြောင့် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခမှာ အစအဆုံး နိဂုံးချုပ်သွားခဲ့ချေပြီ။

​အနည်းဆုံးတော့ ချင်းယွဲ့ဂိုဏ်းအတွင်း၌ မည်သည့် မုန်တိုင်းမျှ ထပ်မံ ပေါ်ပေါက်လာတော့မည် မဟုတ်ပေ။

အပြင်လောကမှ လှိုင်းတံပိုးများသည်လည်း ဂိုဏ်း၏ အတွင်းပိုင်း ကို မထိခိုက်နိုင်တော့ချေ။

​ထန်ထျန်းက လုချန်းကျီ၏ နာမည်ကို မိုရှောင်းရှောင်းထံ အသိပေးလိုက်သော်လည်း ယွင်ခုံး ပါဝင်ပတ်သက်နေသည့် အပိုင်းကိုတော့ ချန်လှပ်ထားခဲ့သည်။

​မိုရှောင်းရှောင်းက ခဏမျှ တိတ်ဆိတ်နေခဲ့၏။ သူမ တစ်ခုခုကို ရိပ်မိပုံရသော်လည်း နောက်ဆုံးတွင် ဘာမျှ ထပ်မမေးတော့ဘဲ ကျေးဇူးတင်စကားဆိုကာ ဆက်သွယ်မှုကို အဆုံးသတ်လိုက်သည်။

​ထန်ထျန်းက မန်ကျည်း ပင်အိုကြီးအောက်တွင် တစ်ယောက်တည်း ထိုင်ရင်း လက်ဖက်ရည်တစ်အိုးလုံး ကုန်အောင် သောက်လိုက်၏။

​နောင်တွင် အေးချမ်းသော ကျင့်ကြံခြင်း ဘဝကို ခဏ ပြန်လည် ရရှိတော့မည် ဖြစ်သည်။

​တောင်'တောင်ထိပ် ကိစ္စ ကို လီဟုန်က ကိုင်တွယ်နေပြီး ဆဌမ'တောင်ထိပ် ကိစ္စကိုလည်း ချီယွမ်က ကိုယ်တိုင် ကြီးကြပ်နေသည်။

ပြင်ပအင်အားစုများမှာလည်း အခြေတကျ ရှိနေပြီဖြစ်ရာ ထွေထွေထူးထူး လုပ်ဆောင်ရန် မလိုတော့ပေ။

​တန်းယွမ် ကုန်သွယ်ရေးအသင်းဘက်တွင်လည်း နောက်ဆုံး ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ဖြေရှင်းပြီးနောက် ၎င်းမှာ ထန်ထျန်း၏ ကိုယ်ပိုင်ပိုင်ဆိုင်မှု ဖြစ်သွားခဲ့ပြီဖြစ်ရာ မဲပေးပိုင်ခွင့် မှာလည်း သူ့လက်ထဲ ရောက်ရှိနေပြီ ဖြစ်၏။

​အခြား ကုန်သွယ်ရေးအသင်းကြီး လေးခုကိုမူ ထန်ထျန်းက ဝမ်ကန်းအား ဆက်လက် ထိုးဖောက်ခိုင်းထားပြီး နောက်ဆုံးအချိန် မတိုင်မီ မဲပေးပိုင်ခွင့်များ ပိုမိုရရှိရန် ကြိုးပမ်းခိုင်းထားသည်။

​ထို့ပြင် ယနေ့ လုချန်းကျီ ယူလာပေးသည့် စာရင်းနှစ်ခုလည်း ရှိသေး၏။

​အကြီးအကဲ များ စာရင်းကို လီဟုန်ထံ ပေးလိုက်လျှင် ရပေသည်။ အားနည်းချက်များကို လက်ဝယ်ရှိထားသဖြင့် ဤကိစ္စမှာ မခက်ခဲလှဘဲ လီဟုန်အတွက်လည်း အတွေ့အကြုံကောင်း တစ်ခု ဖြစ်လာပေလိမ့်မည်။

​တပည့်များ စာရင်းကိုမူ ချီယွမ်ထံ ပေးလိုက်လျှင် ပို၍ပင် လွယ်ကူပေလိမ့်မည်။

​အားလုံးကို သေချာ စဉ်းစားပြီးနောက် ထန်ထျန်းက သူ့ အိမ် သို့ ပြန်လာခဲ့၏။

​သို့သော် ထိုနေ့ မွန်းလွဲပိုင်းမှာပင် ချီယွမ်ထံမှ သတင်းရောက်လာသည်။ ရုတ်တရက် ထိပ်တန်း တပည့်အမြောက်အမြားမှာ ဆဌမ'တောင်ထိပ်သို့ ဝင်ရောက်လိုကြပြီး ထန်ထျန်း ကိုယ်တိုင် လက်ခံပေးရန် တောင်းဆိုနေကြသည်ဟု ဆို၏။

​ချီယွမ်မှာ ဘာဖြစ်မှန်း မသိသဖြင့် အလောတကြီး လာမေးခြင်း ဖြစ်သည်။

ထန်ထျန်းက ဘာမှမဖြစ်ကြောင်းနှင့် ပုံမှန်အတိုင်းသာ လက်ခံလိုက်ရန် ပြန်ပြောလိုက်၏။

​ထို့နောက် သူက လန်ယွဲ့ ညီအစ်မနှစ်ဦးကို ဆဌမ'တောင်ထိပ်သို့ လွှတ်လိုက်ကာ ထိုတပည့်များကို နေရာချထားပေးရန် ချီယွမ်အား ကူညီခိုင်းလိုက်သည်။

​ထို့ကြောင့် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လှုပ်ရှားမှုများပြီးနောက် ခရမ်းရောင်ဝါးခြံဝင်းအတွင်း၌ ထန်ထျန်း တစ်ယောက်တည်းသာ ကျန်ရစ်တော့၏။

ထို့​အပြင် ကြောင်လေး တစ်ကောင် ရှိနေသေးသည်။

​ထန်ထျန်းသည်လည်း တစ်ယောက်တည်း နေရသည်ကို သဘောကျလှ၏။ ယခုအချိန်က သူ အင်မော်တယ် အဆင့် သို့ တက်လှမ်းရန် အရေးကြီးသော အချိန် ဖြစ်နေသည် မဟုတ်ပါလား။

​အလုပ်များ အားလုံး ပြီးစီးသွားသောအခါ သူက ကျင့်ကြံခန်းထဲတွင် အောင်းကာ ပထမဆုံးအကြိမ် တကယ့် အဓိပ္ပာယ်ပြည့်ဝသော တံခါးပိတ်ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။

​လျှို့ဝှက်ကျောက်စိမ်းကို လက်ဝယ်ရှိထားသဖြင့် ကျင့်ကြံခြင်း အတွင်း မူလဝိညာဉ်စွမ်းအင် အမြောက်အမြားမှာ ဒန်ထျန် အတွင်းသို့ စီးဝင်လာကာ သူ၏ ကျင့်ကြံခြင်း အဆင့်ကို လျင်မြန်စွာ မြှင့်တင်ပေးခဲ့သည်။

​သုံးရက်အကြာတွင် တက်လှမ်းခြင်း အဆင့် ၅

​ဆယ့်တစ်ရက်မြောက်နေ့တွင် တက်လှမ်းခြင်း အဆင့် ၆

​နှစ်ဆယ့်လေးရက်မြောက်နေ့တွင် တက်လှမ်းခြင်း အဆင့် ၇

​ရက် လေးဆယ်မြောက်တွင် တက်လှမ်းခြင်း အဆင့် ၈

​အကယ်၍ ဂိုဏ်းပေါင်းစုံ တိုက်ပွဲ စတင်တော့မည့် ရက်နှင့်သာ မတိုက်ဆိုင်ပါက ထန်ထျန်းက နောက်ဆုံး အဟန့်အတားကိုပါ ချိုးဖျက်ပြီး သေမျိုး မှ အင်မော်တယ် သို့ ကူးပြောင်းကာ အင်မော်တယ် နယ်ပယ်ထဲသို့ အမှန်တကယ် ခြေလှမ်းလှမ်းနိုင်မည် ဖြစ်သည်။

​သို့သော် နှမြောစရာကောင်းသည်မှာ သူ၏ လက်ရှိ အဆင့်အတန်းအရ ဤပွဲကြီးတွင် သူ မရှိ၍ မဖြစ်ပေ။

ထို့ကြောင့် တက်လှမ်းခြင်း အဆင့် ၈ သို့ ရောက်ရှိပြီးနောက် ထန်ထျန်းက ကျင့်ကြံခြင်းမှ ထွက်လာရန် ရွေးချယ်လိုက်သည်။

​ယခုအခါ သူ၏ ဒန်ထျန်အတွင်းရှိ ဝိညာဉ်စွမ်းအင် အမြောက်အမြားမှာ အင်မော်တယ် စွမ်းအား အဖြစ်သို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်။

​အကယ်၍ ယခုအချိန်တွင် သူက ထို ဆန်းကြယ် အင်မော်တယ် သုံးဦးနှင့် ပြန်လည် ရင်ဆိုင်ရပါက အရင်ကကဲ့သို့ ခက်ခဲတော့မည် မဟုတ်သလို ပြိုင်ဘက်ကို ထိခိုက်စေရန် သူ့ကိုယ်ကို ဖောက်ခွဲစရာလည်း လိုတော့မည် မဟုတ်ပေ။

​သူ၏ နည်းလမ်းအားလုံးကို သုံးလိုက်လျှင် ၎င်းတို့ကို အချိန်တိုအတွင်း ဖိနှိပ်ကာ အနိုင်ယူနိုင်မည်မှာ အသေအချာပင်။

​သူ၏ အဆင့်တက် နှုန်းမှာ အခြားလူများကို ထားဉီး ထန်ထျန်း ကိုယ်တိုင်ပင် အံ့ဩမိရသည်။

အခြားလူများမှာ တက်လှမ်းခြင်း အဆင့်တွင် အချိန်အတော်ကြာအောင် ရုန်းကန်ရသော်လည်း သူကမူ ဒုံးပျံစီးထားသည့်အလား တဟုန်ထိုး အဆင့် တက်နေခဲ့ခြင်း ဖြစ်သည်။

​အနည်းငယ်မျှ ဂုဏ်ယူပြီးနောက် ထန်ထျန်းက ကျင့်ကြံခန်းမှ ထွက်ကာ ခြံဝင်းအတွင်းသို့ ပြန်လာခဲ့၏။

​ခြံထဲရောက်ပြီး မကြာမီမှာပင် အဖြူရောင် အရိပ်လေးတစ်ခုမှာ ဟင်းလင်းပြင်ထဲမှ ပေါ်လာကာ မီးဖိုချောင်ဘက်သို့ အပြင်းအထန် ပြေးသွားသည်ကို တွေ့လိုက်ရသည်။

​၎င်းမှာ ကြောင်လေးပင် ဖြစ်၏။

​ထန်ထျန်း ခြံဝင်းထဲတွင် ရှိနေသည်ကို မြင်သောအခါ ကြောင်လေးမှာ ချက်ချင်း ရပ်တန့်သွားပြီး သူ့ဆီသို့ ပျံသန်းလာသည်။

​"အဖိုးကြီးထန်... မင်း နောက်ဆုံးတော့ ကျင့်ကြံတာ ပြီးသွားပြီပေါ့"

​ကြောင်လေး၏ ရင်ခွင်ထဲတွင် အမည်မသိ ဟင်းချက်စရာ အမြောက်အမြားကို ပိုက်ထားပြီး နှုတ်ခမ်းနားတွင်လည်း မုန့်စအချို့ ပေကျံနေ၏။

​ဤကောင်လေးမှာ ခရမ်းရောင်ဝါးခြံဝင်းသို့ ရောက်လာပြီးနောက် သုံးရက်မျှသာ ငြိမ်ငြိမ်နေခဲ့ပြီး နောက်ပိုင်းတွင် အပြင်သို့ ထွက်ကာ လျှောက်သွားနေတော့သည်။ ကမ္ဘာဦးဝိညာဉ် ဖြစ်သဖြင့် ဤနေရာတွင် သူ့ကို ဖမ်းဆီးနိုင်မည့်သူ မရှိပေ။

​သို့သော် သူ အပြင်မထွက်မီက ထန်ထျန်းက မဆင်မခြင် မလုပ်ရန် သေချာစွာ မှာကြားထားခဲ့သည်။

​ထန်ထျန်း ကြည့်နေသည်ကို မြင်သောအခါ ကြောင်လေးက အလျင်အမြန် ပြောလာ၏။ "ငါ သူတို့ကို ပိုက်ဆံပေးခဲ့တယ်"

​"ဒါပေမဲ့ အဲဒီလူက ငွေတစ်တေး တည်း လိုချင်တာတဲ့။ ငါက ငွေဆိုတာ ဘာမှန်း မသိတာနဲ့ ကျောက်ခဲတစ်လုံး ပစ်ပေးခဲ့တာ"

​ထန်ထျန်း နှာခေါင်းကို ပွတ်လိုက်မိ၏။

​ကြောင်လေး ပိုက်ထားသော အရာများမှာ သာမန် သေမျိုး လောကမှ ပစ္စည်းများသာ ဖြစ်သဖြင့် တကယ့်တန်ဖိုးမှာ ငွေတစ်တေး ခန့်သာ ရှိမည် ဖြစ်သည်။

​သို့သော် သူ ပစ်ပေးခဲ့သည့် ကျောက်ခဲဆိုသည်မှာ အဆင့်မြင့် ဝိညာဉ်ကျောက် ဖြစ်နေသည်။

​သာမန်လူတစ်ယောက်အနေဖြင့် အဆင့်မြင့် ဝိညာဉ်ကျောက်ကို ပိုင်ဆိုင်ရခြင်းမှာ ကံကောင်းခြင်းလား၊ ကံဆိုးခြင်းလားဆိုသည်ကိုတော့ မပြောတတ်တော့ပေ။

​"နောက်နေ့ကျရင် ငါ လီဟုန်ကို ပြောပြီး မင်းကို ငွေကြေး အမျိုးမျိုး ပေးထားခိုင်းမယ်"

​ထန်ထျန်းက ဆက်ပြော၏။ "ဒါပေမဲ့ မင်း သတိထားဦး။ နေရာတိုင်းကို မလျှောက်သွားနဲ့။ ဒီကမ္ဘာမှာ မသိနိုင်တဲ့ အန္တရာယ်တွေ အများကြီး ရှိသေးတယ်။"

​"ပြီးတော့ နောက်ထပ် ခဏနေရင် ငါ တခြားနေရာတစ်ခုကို သွားရတော့မယ်။ အဲဒီမှာဆိုရင် နိယာမ တွေကို ကျော်လွန်နေတဲ့ တည်ရှိမှုတွေ ရှိနေနိုင်တယ်။"

​"မင်းရဲ့ ဒီလို ပေါ့ပေါ့ဆဆ နေတတ်တဲ့ အကျင့်ကို ပြင်ထား"

​ကြောင်လေးမှာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် သူ နားလည်ကြောင်း ပြကာ မီးဖိုချောင်ထဲသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

ဤကောင်လေးမှာ တကယ်ပင် ဟင်းချက်နည်းတွေကို လေ့ကျင့်နေပါလား။

​ထန်ထျန်း ခေါင်းခါယမ်းကာ ကျောက်စိမ်းပြားကို ထုတ်ယူပြီး လီဟုန်နှင့် လန်ယွဲ့ ညီအစ်မတို့အား သူ ကျင့်ကြံခြင်းမှ ထွက်လာပြီဖြစ်ကြောင်း သတင်းပို့လိုက်၏။

​ခဏအကြာတွင် သူတို့သုံးဦးမှာ ခရမ်းရောင်ဝါးခြံဝင်းသို့ ရောက်ရှိလာကြသည်။

​"သခင်လေး ကျင့်ကြံခြင်းကနေ ပြန်ထွက်လာတာကို ဂုဏ်ပြုပါတယ်"

သူတို့​သုံးဦးက ပြိုင်တူ နှုတ်ဆက်ကြ၏။

​ထန်ထျန်းက လက်ကာပြကာ သူတို့ကို ကျောက်စားပွဲတွင် ထိုင်ခိုင်းလိုက်သည်။

​သူ၏ လက်အောက်ငယ်သား သုံးဦးကို ကြည့်လိုက်သောအခါ တစ်လကျော်အတွင်း လေ့ကျင့်မှုများကြောင့် အသီးသီး ပြောင်းလဲသွားကြသည်ကို တွေ့ရသည်။

​လီဟုန်မှာ ပို၍ တည်ငြိမ်လာပြီး ဤအတောအတွင်း သူက အာဏာရှိသူများနှင့် ပိုမို ထိတွေ့ဆက်ဆံခဲ့ရသဖြင့် သူ၏ ခန္ဓာကိုယ်မှ သာမန်လူတစ်ယောက်၏ အငွေ့အသက် များ ပျောက်ကွယ်သွားကာ အထက်လူကြီးတစ်ဦး၏ အော်ရာ များ ကိန်းအောင်းလာခဲ့သည်။

​လန်ယွဲ့ ညီအစ်မနှစ်ဦးမှာမူ ပို၍ပင် ပြောင်းလဲသွားခဲ့၏။

မူလက သူတို့မှာ တိတ်ဆိတ်ငြိမ်သက်ပြီး ကြောက်တတ်သော်လည်း ဆဌမ'တောင်ထိပ်တွင် လေ့ကျင့်ပြီးနောက်၌မူ ကြောက်ရွံ့ခြင်းများ မရှိတော့ဘဲ အမူအရာများမှာ ပို၍ နေသား ကျလာခဲ့သည်။

စကားနည်းနေဆဲ ဖြစ်သော်လည်း သူတို့၏ ပြောင်းလဲမှုမှာ သိသာလှပေသည်။

​ကြည့်ရသည်မှာ သူတို့ကို အပြင်သို့ လွှတ်ကာ အလုပ်များများ ခိုင်းသင့်သည်ဟု ထန်ထျန်း တွေးမိ၏။

​"ဂိုဏ်းရဲ့ လက်ရှိ အခြေအနေကို ပြောပြပါဦး"

ထန်ထျန်းက ပြော လိုက်သည်။

သူတို့​သုံးဦး ခေါင်းညိတ်ကာ ထန်ထျန်း တံခါးပိတ်ကျင့်ကြံနေစဉ် တစ်လအတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စအဝဝကို စတင် တင်ပြကြတော့သည်။

​ပထမဆုံးမှာ တောင်'တောင်ထိပ် ကို ပြန်လည် ပေါင်းစည်းခြင်း ဖြစ်၏။

ယင်ကျဲ့ ၏ အကူအညီဖြင့် လီဟုန်က နန်ဖုန်း(တောင်'တောင်ထိပ်) ရှိ ဂုဏ်ထူးဆောင်တပည့် အင်အားစု အားလုံးကို အောင်မြင်စွာ လွှဲပြောင်းရယူနိုင်ခဲ့သည်။ ထိုအတောအတွင်း အခက်အခဲ အချို့ ရှိခဲ့သော်လည်း ၎င်းတို့ကို ပြတ်သားသော နည်းလမ်းများဖြင့် လျင်မြန်စွာ ဖြေရှင်းနိုင်ခဲ့သည်။

​အကြီးအကဲ စာရင်းနှင့် ပတ်သက်၍လည်း ပြဿနာ မရှိခဲ့ပေ။

ထိုသူများ၏ အားနည်းချက်မှာ အသက်အန္တရာယ်အထိ စိုးရိမ်ရသဖြင့် ၎င်းတို့ကို ချုပ်ကိုင်ထားရန် မခက်ခဲလှပေ။

ယခုအခါ ထိုအကြီးအကဲ များက ထန်ထျန်း၏ အမာခံ ထောက်ခံသူများ ဖြစ်လာကြပြီ ဖြစ်သည်။

​ထို့နောက် ဆဌမ'တောင်ထိပ်တွင်လည်း ချီယွမ်၏ ဦးဆောင်မှုအောက်၌ တစ်တောင်လုံးမှာ ထန်ထျန်းဘက်သို့ ပါဝင်လာခဲ့သည်။

အနားယူနေကြသော ဝါရင့်ပုဂ္ဂိုလ်များစွာကိုလည်း ချီယွမ်က ပြန်လည် ခေါ်ထုတ်လာခဲ့ပြီး ထန်ထျန်းကို ထောက်ခံကြောင်း လူသိရှင်ကြား ကြေညာစေခဲ့သည်။

​ယခုအခါ ဂိုဏ်းအတွင်း၌ ထန်ထျန်း၏ သြဇာအာဏာမှာ လုချန်းကျီကို အပြတ်အသတ် ကျော်လွန်သွားခဲ့ပြီ ဖြစ်လေတော့သည်။

All Chapters