ဝမ်ကျီယွီနှင့် ပြန်ဆုံခြင်း
Vol. 15 Ch. 171
"ဒီနေရာက တကယ် မိုက်တာပဲ"
" လျူလီမြို့ ဆိုတာထက် အပြတ်အသတ် သာတယ်"
ကြောင်လေးက အမည်မသိ ခုနစ်ရောင်ခြယ်ငါးတစ်ကောင်ကို ဝါးမြိုနေပြီး ပါးစပ်တစ်ပြင်လုံး ဆီများဖြင့် ပြောင်လက်နေ၏။
ဧကရာဇ်မြို့ ၏ စည်ကားမှုနှင့် စားသောက်ဖွယ်ရာများက လျူလီမြို့နှင့် နှိုင်းယှဉ်၍မရသည်မှာ အမှန်ပင်။
ရှည်လျားလှသော အစားအသောက်လမ်း တစ်ခုတည်းနှင့်တင် သူတို့တစ်နေ့လုံး ပျော်ပါးရန် လုံလောက်လှပေသည်။
၎င်းအပြင် အမျိုးမျိုးသော ကျင့်ကြံခြင်းအရင်းအမြစ် ဆိုင်များလည်း ရှိသေး၏။
၎င်းတို့ကို မြင်သောအခါ ထန်ထျန်း၏ ပစ္စည်းစုဆောင်းလိုသော အကျင့်မှာ ရုတ်တရက် ပေါ်လာပြီး ဆိုင်ကြီးများ၏ အဖိုးတန်ပစ္စည်းများကို သိမ်းကျုံးဝယ်ယူရာ အဖိုးတန်အရာများစွာ ရရှိခဲ့သည်။
မသိမသာပင် သူတို့လျှောက်လည်ရင်း မွန်းလွဲပိုင်းသို့ ရောက်ရှိလာခဲ့၏။
အခြား လမ်းကြားလေးတစ်ခုထဲသို့ ရောက်သောအခါ ရောင်စုံမီးထိန်ထိန်လင်းနေသော မြင်ကွင်းက ကြောင်လေး၏ မျက်လုံးကို ဆွဲဆောင်သွားတော့သည်။
"ဒါက ဘာနေရာလဲ ဘာလို့ မိန်းမတွေ အများကြီး တံခါးဝမှာ ရပ်နေကြတာလဲ"
"ဟမ်... ဒီအဝတ်အစားတွေက ထူးဆန်းလိုက်တာ၊ အဝတ်စ အနည်းငယ်ပဲ ကိုယ်ပေါ်မှာ ပတ်ထားကြတယ်။ တခြားနေရာတွေမှာ ဒီလိုဝတ်တာမျိုး ငါမတွေ့ဖူးပါဘူး"
ကြောင်လေးမှာ စူးစမ်းလိုစိတ်အပြည့်ဖြင့် အနီးကပ်သွားကြည့်ရန် ပြင်သော်လည်း ထန်ထျန်းက အလျင်အမြန် တားလိုက်သည်။
"မသွားနဲ့၊ ဒီထဲကရေက အရမ်းနက်တယ်၊ မင်းကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။"
"ငါတို့ ညဈေးတန်းဘက်ပဲ သွားရအောင်"
ပြောပြီးသည်နှင့် သူက ကြောင်လေးကိုခေါ်ကာ လှည့်ထွက်ရန် ပြင်လိုက်သည်။
နောက်ပြောင်နေတာလား... ဆောင်ကြာမြိုင် ကဲ့သို့သော နေရာမျိုးမှာ ဘာမှမသိသေးသည့် ကြောင်လေးတစ်ကောင် ဝင်ရောက်စူးစမ်းရမည့်နေရာ မဟုတ်ပေ။
သို့သော် ရုတ်တရက်ဆိုသလို သူ၏ မျက်လုံးထောင့်မှ လူရိပ်တစ်ခုကို မြင်လိုက်ရ၏။
၎င်းမှာ အဖြူရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ကာ ယပ်တောင်ကို ကိုင်ထားသော လူငယ်တစ်ဦး ဖြစ်သည်။
ထိုလူငယ်၏ အရှိန်အဝါမှာ နူးညံ့သိမ်မွေ့ပြီး မျက်နှာတွင် ယဉ်ကျေးပျူငှာသော အပြုံးများဖြင့် ပြည့်နှက်နေကာ ခုနက ကြောင်လေး ဖော်ပြခဲ့သည့် မိန်းမလှလေး လေးငါးယောက်ကို ဖက်လျက် ပျော်ရွှင်စွာဖြင့် ပန်းရောင်ခြံဝင်းတစ်ခုထဲသို့ ဝင်သွားလေသည်။
ထန်ထျန်း မေးစေ့ကို ပွတ်လိုက်မိ၏။ သူ၏ မျက်ဝန်းထဲတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွားသည်။
သူ... ဘာလို့ ဒီမှာ ရှိနေတာလဲ
ထိုလူငယ်မှာ ထန်ထျန်း ချင်းယွဲ့ဂိုဏ်းသို့ စရောက်ကာစက ပထမဆုံး သိကျွမ်းခဲ့သည့် ဂုဏ်ထူးဆောင်တပည့် ဝမ်ကျီယွီ ပင် ဖြစ်၏။
ထိုစဉ်က သူနှင့် ဝမ်ကျီယွီတို့က ပွဲများစွာသို့ အတူတူ သွားခဲ့ကြပြီး ဝမ်ကျီယွီ၏ ပါးစပ်မှတစ်ဆင့် ချင်းယွဲ့ဂိုဏ်းအကြောင်း သတင်းအချက်အလက်များစွာကို သူ သိရှိခဲ့ရသည်။
သို့သော် တောင်ထိပ် ငါးခု ဖလှယ်ပွဲ ပြီးနောက်တွင် သူတို့နှစ်ဦး ပြန်မဆုံဖြစ်တော့ပေ။
နောက်ပိုင်းတွင် ထန်ထျန်းက ဝမ်ကျီယွီကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း သူက ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားသည့်အလား လုံးဝ သတင်းအစအန မရတော့ပေ။
ထို့နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဓိကတပည့် ရွေးချယ်ပွဲနှင့် တုယွမ်ချင်း သေဆုံးမှုကြောင့် ဖြစ်ပေါ်လာသည့် မုန်တိုင်းများအတွင်း၌လည်း ဝမ်ကျီယွီ၏ သတင်းကို မကြားရတော့ပေ။
မထင်မှတ်ဘဲ ဤနေရာတွင် သူနှင့် ပြန်လည်ဆုံတွေ့ရလိမ့်မည်ဟု ထန်ထျန်း မတွေးထားခဲ့မိပေ။
ခဏ စဉ်းစားပြီးနောက် ထန်ထျန်းက သွားနှုတ်ဆက်ရန် ဆုံးဖြတ်လိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူငယ်ချင်းဟောင်း တစ်ယောက်ဟု ဆိုနိုင်သည် မဟုတ်ပါလား။
"ဟေး... ဟေး... မင်း ဘာလုပ်တာလဲ"
"ငါက မကိုင်တွယ်နိုင်ဘူးဆိုပြီး ညဈေးတန်း သွားမယ်ဆို"
ကြောင်လေးက ထန်ထျန်း လမ်းကြားထဲသို့ ဝင်သွားသည်ကို မြင်သောအခါ နားမလည်နိုင်စွာ မေးလာ၏။
ထန်ထျန်းက ရယ်မောကာ "အဲဒါ မင်းက မကိုင်တွယ်နိုင်တာလေ"
"ငါ့လက်က ကြီးတယ်၊ ကိုင်ရတာ အေးဆေးပဲ"
"လာပါ... မင်းကို လောကအမြင် ကျယ်အောင် ခေါ်သွားပေးမယ်"
ပြောပြီးနောက် သူက ကြောင်လေးကို ခေါ်ကာ ဝမ်ကျီယွီ ခုနက ဝင်သွားသည့် ခြံဝင်းဆီသို့ လျှောက်သွားတော့သည်။
ခြံဝင်းရှေ့သို့ ရောက်သည်နှင့် နွဲ့နှောင်းသော မိန်းကလေး အချို့က အနားသို့ တိုးကပ်လာကာ ချိုသာသော အသံများဖြင့် ကြိုဆိုကြ၏။ သူတို့၏ အမူအရာမှာ သိမ်မွေ့ကာ စကားပြောပုံမှာလည်း အလွန်အဆင့်အတန်း ရှိလှသဖြင့် အထူးလေ့ကျင့်ထားမှန်း သိသာလှသည်။
ထန်ထျန်းကလည်း အတင်းအကျပ် ငြင်းဆန်မနေပေ၊ ၎င်းမှာ သူတို့၏ အလုပ်ဖြစ်သည် မဟုတ်ပါလား။
မိန်းကလေး နှစ်ဦးကို ရွေးချယ်ကာ သူက ခြံဝင်းထဲသို့ ဝင်လာခဲ့၏။
ဤခြံဝင်းမှာ အလွန်ကြီးမားပြီး အပြင်အဆင်မှာလည်း မဆိုးလှပေ။ သို့သော် အဓိကအချက်မှာ မီးရောင်များပင် ဖြစ်သည်။
မှိန်ပျပျ ပန်းရောင်မီးရောင်များထဲတွင် လူသားတို့၏ မူလရမ္မက်ကို နှိုးဆွပေးနိုင်သော အရာအချို့ ရောနှောနေကာ ဤကဲ့သို့သော နေရာမျိုးနှင့် အလွန် လိုက်ဖက်လှပေသည်။
ခြံဝင်းအတွင်း၌ သီးသန့် အခန်းငယ်များစွာ ရှိပြီး အပြင်ဘက်တွင် စွမ်းအားကြီးမားသော လျှို့ဝှက်အစီအရင်များ ချထားသဖြင့် အတွင်းမှ ဧည့်သည်များ၏ သီးသန့်ဖြစ်မှုကို အာမခံထားသည်။
သူက ရှေ့သို့ ဆက်လက်လျှောက်လှမ်းလာရာ ခြံဝင်းအလယ်ရှိ ဥယျာဉ်ကြီးတစ်ခုသို့ ရောက်ရှိလာခဲ့၏။
ဥယျာဉ်အလယ်တွင် စင်မြင့်တစ်ခု ရှိပြီး မိန်းကလေး အချို့မှာ ကခုန်ဖျော်ဖြေနေကြသည်။
စင်မြင့်ပတ်ပတ်လည်တွင် ဧည့်သည်များစွာ ရှိနေကြပြီး သီချင်းနားထောင်ရင်း အကအလှကို ခံစားရင်း ဘေးတွင် အဖော်ပြုပေးနေသော မိန်းမလှလေးများနှင့်အတူ ဝိုင်သောက်ကာ ပျော်ပါးနေကြသည်။
ဤနေရာတွင် ထန်ထျန်းသည် ခုနက ဝင်လာသော ဝမ်ကျီယွီကို တွေ့လိုက်ရ၏။
"မင်းတို့ သွားလို့ရပြီ"
ထန်ထျန်းက မိန်းကလေး နှစ်ဦးကို လွှတ်လိုက်ပြီး ဝမ်ကျီယွီဆီသို့ လျှောက်သွားသည်။
ထိုအချိန်တွင် ဝမ်ကျီယွီမှာ ကပြနေသည်ကို စိတ်ဝင်တစား ကြည့်နေသဖြင့် ထန်ထျန်း အနားရောက်လာသည်ကို သတိမပြုမိပေ။
"အက က သိပ်မကောင်းသေးဘူး"
"မီးရောင်က နည်းနည်း မှောင်နေတယ်၊ အဝတ်အစားတွေက ဒီထက် နည်းနည်း ပိုပါးရင် ကောင်းမှာ"
သူက ဝေဖန်ချက်ပင် ပေးနေသေးသည်။
ထန်ထျန်း စိတ်ပျက်သွားမိကာ ချောင်းတစ်ချက် ဟန့်လိုက်ပြီး "မင်းနဲ့ ပြန်တွေ့ရမယ်လို့ ငါ မထင်ထားဘူး"
"ဝမ်ကျီယွီ"
နာမည်ခေါ်သံ ကြားသောအခါ ဝမ်ကျီယွီ လှည့်ကြည့်လာသည်။
ဘေးတွင် ရပ်နေသော ထန်ထျန်းကို မြင်သောအခါ သူ ကြောင်အသွား၏။
အတန်ကြာမှ သူက ထိုင်နေရာမှ ဝုန်းကနဲ ထရပ်လိုက်ရာ ပခုံးကို နှိပ်ပေးနေသော မိန်းကလေး မှာ လဲကျလုနီးပါး ဖြစ်သွားသည်။
"ဟာ...ညီကို ထန် "
"မင်း ဘာလို့ ဒီကို ရောက်နေတာလဲ"
ဝမ်ကျီယွီက အံ့ဩတကြီး အော်လိုက်သည်။
ထန်ထျန်းက ရယ်မောကာ "အဲဒါ ငါက မင်းကို မေးရမယ့် မေးခွန်း မဟုတ်ဘူးလား"
"မင်း ဂိုဏ်းမှာ မနေဘဲ ဧကရာဇ်မြို့ထဲမှာ ဘာလုပ်နေတာလဲ"
"ပြီးတော့ ပျောက်ချင်းမလှ ပျောက်သွားသေးတယ်"
"မင်း သေသွားပြီလို့တောင် ငါ ထင်နေတာ"
ဝမ်ကျီယွီမှာ ခဏမျှ ဆွံ့အသွားပြီးမှ "မဟုတ်တာ... ငါက အကောင်းကြီး ရှိနေသေးတာပဲ"
"ပြီးတော့ ငါ ဘယ်လို လူစားလဲဆိုတာ မင်း မေ့နေပြီလား"
သူက ပြုံးလျက် "ငါက ပျော်ရွှင်မှုကို ရှာတဲ့သူလေ၊ ပျော်စရာရှိတဲ့ နေရာတိုင်းမှာ ငါ ရှိမှာပေါ့"
"ဂိုဏ်းပေါင်းစုံ တိုက်ပွဲက မကြာခင် စတော့မှာဆိုတော့ ဒီလို ပျော်စရာကြီးကို ငါ ဘယ်လွတ်သွားခံမလဲ"
ပြောပြီးနောက် သူက အံ့ဩမှုကို ထိန်းချုပ်လိုက်ကာ ထန်ထျန်းကို ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
ထို့နောက် သူတို့နှစ်ဦး မျက်နှာချင်းဆိုင် ထိုင်လိုက်ကြ၏။
"မင်း ဘာလို့ တစ်ယောက်တည်းလဲ၊ မိန်းမလှလေးတွေ မခေါ်ဘူးလား"
"ဟီးဟီး... ငါ ပြောပြမယ်၊ ဒီက မိန်းမလှလေးတွေက ငါတို့ ဂိုဏ်းကလူတွေထက် အပြတ်အသတ် သာတယ်"
"ငါ့ဆီက နှစ်ယောက်လောက် ခွဲပေးရမလား"
ဝမ်ကျီယွီက ပြုံး ကာ မေးသည်။
ထန်ထျန်းက လက်ကာပြကာ ငြင်းဆန်လိုက်၏။
ယခုအချိန်တွင် သူက ထိုကဲ့သို့ ဟန်ဆောင်နေရန် မလိုတော့ပေ။
သို့သော် ဝမ်ကျီယွီမှာမူ အနည်းငယ် အံ့ဩသွားပုံရပြီး ထန်ထျန်း၏ စရိုက်က ဘာကြောင့် ရုတ်တရက် ပြောင်းလဲသွားသနည်းဟု နားမလည်နိုင်သလို ဖြစ်နေသည်။
"ကြည့်ရတာ မင်း ဒီနေရာနဲ့ တော်တော် ရင်းနှီးပုံရတယ်"
ထန်ထျန်းက ပြော လိုက်၏။
ဝမ်ကျီယွီက ထန်ထျန်းအတွက် ဝိုင်တစ်ခွက် ငှဲ့ပေးရင်း "မဆိုးပါဘူး၊ ငါ ရောက်နေတာ တစ်လကျော်ပြီ"
"တခြားတော့ မသိဘူး၊ ဒီဝန်းကျင်ကိုတော့ ငါ တော်တော် သိထားတယ်"
သူ ပြောရင်း ဝိုင်ခွက်ကို ထန်ထျန်းရှေ့သို့ တိုးပေးလိုက်သည်။
ထန်ထျန်း ဝိုင်တစ်ခွက် သောက်လိုက်ပြီးမှ "မင်း ဘယ်တုန်းက ဂိုဏ်းက ထွက်လာတာလဲ၊ ဘာလို့ ကြိုမပြောတာလဲ"
"ပြီးတော့ ဘာလို့ ဆက်သွယ်လို့တောင် မရတာလဲ"
ဝမ်ကျီယွီက နောက်ထပ် ဝိုင်တစ်ခွက် ထပ်ငှဲ့ရင်း "ငါ ထွက်လာတာ တောင်ထိပ် ငါးခု ဖလှယ်ပွဲ ပြီးကတည်းကပဲ"
"မတတ်နိုင်ဘူးလေ၊ ဧကရာဇ်မြို့က အရမ်းဝေးတာကိုး"
"ငါက မင်းတို့လို တည်နေရာကူးပြောင်း အစီအရင် ကို သုံးနိုင်တာ မဟုတ်ဘူး၊ ငါ့ဘာသာ လမ်းလျှောက်လာရတာဆိုတော့ တစ်နှစ်နီးပါး ကြာတာပေါ့"
"ငါ ထွက်လာတုန်းက မင်းကို လာရှာသေးတယ်၊ ဒါပေမဲ့ မင်းက အရမ်း အလုပ်ရှုပ်နေပုံရလို့ မနှောင့်ယှက်တော့ဘဲ တစ်ယောက်တည်း ထွက်လာခဲ့တာ"
"ဆက်သွယ်တာ ကတော့..."
ဝမ်ကျီယွီက ခေါင်းခါကာ "ဒီခရီးလမ်းက တော်တော် အန္တရာယ်များတယ်၊ ဒါကြောင့် ပြင်ပနဲ့ ဆက်သွယ်မှု ပြတ်တောက်သွားအောင် အထူးနည်းလမ်းအချို့ သုံးခဲ့ရတယ်။"
"နောက်ပိုင်း ဝေးလာတဲ့အခါမှာတော့ ဆက်သွယ်ရေး ကျောက်စိမ်းပြားရဲ့ အကွာအဝေးက မမီတော့ဘူး"
"ငါက တမင် ပျောက်သွားတာ မဟုတ်ပါဘူးကွာ"
ထန်ထျန်း တိတ်ဆိတ်သွားပြီး ဝမ်ကျီယွီနှင့် နောက်ထပ် ဝိုင်တစ်ခွက် တိုက်လိုက်သည်။
ဤရှင်းပြချက်မှာ ဟာကွက်များစွာ ရှိနေ၏။
သို့သော် လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်နှင့် ဝှက်ဖဲ များ ရှိကြစမြဲ ဖြစ်ရာ ကျင့်ကြံသူအချင်းချင်းအနေဖြင့် ထန်ထျန်းက အတင်းအကျပ် မေးမနေတော့ပေ။
သို့သော် မည်သို့ပင်ဆိုစေကာမူ သာမန် ဂုဏ်ထူးဆောင်တပည့် တစ်ဦးအနေဖြင့် ချင်းယွဲ့ဂိုဏ်းမှသည် ဤမျှဝေးလံသော ဧကရာဇ်မြို့အထိ ဘေးကင်းလုံခြုံစွာ ရောက်ရှိလာနိုင်ခြင်းမှာ...
သူကလည်း လုံးဝ သာမန်လူတစ်ယောက် မဟုတ်သည်မှာ အသေအချာပင် ဖြစ်လေတော့သည်။