← Chapters

ဝမ်ကျီယွီနှင့် ပြန်ဆုံခြင်း

Vol. 15 Ch. 171

ဝမ်ကျီယွီနှင့် ပြန်ဆုံခြင်း

Vol. 15 Ch. 171

​"ဒီနေရာက တကယ် မိုက်တာပဲ"

​" လျူလီမြို့ ဆိုတာထက် အပြတ်အသတ် သာတယ်"

​ကြောင်လေးက အမည်မသိ ခုနစ်ရောင်ခြယ်ငါးတစ်ကောင်ကို ဝါးမြိုနေပြီး ပါးစပ်တစ်ပြင်လုံး ဆီများဖြင့် ပြောင်လက်နေ၏။

​ဧကရာဇ်မြို့ ၏ စည်ကားမှုနှင့် စားသောက်ဖွယ်ရာများက လျူလီမြို့နှင့် နှိုင်းယှဉ်၍မရသည်မှာ အမှန်ပင်။

ရှည်လျားလှသော အစားအသောက်လမ်း တစ်ခုတည်းနှင့်တင် သူတို့တစ်နေ့လုံး ပျော်ပါးရန် လုံလောက်လှပေသည်။

​၎င်းအပြင် အမျိုးမျိုးသော ကျင့်ကြံခြင်းအရင်းအမြစ် ဆိုင်များလည်း ရှိသေး၏။

၎င်းတို့ကို မြင်သောအခါ ထန်ထျန်း၏ ပစ္စည်းစုဆောင်းလိုသော အကျင့်မှာ ရုတ်တရက် ပေါ်လာပြီး ဆိုင်ကြီးများ၏ အဖိုးတန်ပစ္စည်းများကို သိမ်းကျုံးဝယ်ယူရာ အဖိုးတန်အရာများစွာ ရရှိခဲ့သည်။

​မသိမသာပင် သူတို့လျှောက်လည်ရင်း မွန်းလွဲပိုင်းသို့ ရောက်ရှိလာခဲ့၏။

​အခြား လမ်းကြားလေးတစ်ခုထဲသို့ ရောက်သောအခါ ရောင်စုံမီးထိန်ထိန်လင်းနေသော မြင်ကွင်းက ကြောင်လေး၏ မျက်လုံးကို ဆွဲဆောင်သွားတော့သည်။

​"ဒါက ဘာနေရာလဲ ဘာလို့ မိန်းမတွေ အများကြီး တံခါးဝမှာ ရပ်နေကြတာလဲ"

​"ဟမ်... ဒီအဝတ်အစားတွေက ထူးဆန်းလိုက်တာ၊ အဝတ်စ အနည်းငယ်ပဲ ကိုယ်ပေါ်မှာ ပတ်ထားကြတယ်။ တခြားနေရာတွေမှာ ဒီလိုဝတ်တာမျိုး ငါမတွေ့ဖူးပါဘူး"

​ကြောင်လေးမှာ စူးစမ်းလိုစိတ်အပြည့်ဖြင့် အနီးကပ်သွားကြည့်ရန် ပြင်သော်လည်း ထန်ထျန်းက အလျင်အမြန် တားလိုက်သည်။

​"မသွားနဲ့၊ ဒီထဲကရေက အရမ်းနက်တယ်၊ မင်းကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။"

​"ငါတို့ ညဈေးတန်းဘက်ပဲ သွားရအောင်"

​ပြောပြီးသည်နှင့် သူက ကြောင်လေးကိုခေါ်ကာ လှည့်ထွက်ရန် ပြင်လိုက်သည်။

​နောက်ပြောင်နေတာလား... ဆောင်ကြာမြိုင် ကဲ့သို့သော နေရာမျိုးမှာ ဘာမှမသိသေးသည့် ကြောင်လေးတစ်ကောင် ဝင်ရောက်စူးစမ်းရမည့်နေရာ မဟုတ်ပေ။

​သို့သော် ရုတ်တရက်ဆိုသလို သူ၏ မျက်လုံးထောင့်မှ လူရိပ်တစ်ခုကို မြင်လိုက်ရ၏။

​၎င်းမှာ အဖြူရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ကာ ယပ်တောင်ကို ကိုင်ထားသော လူငယ်တစ်ဦး ဖြစ်သည်။

ထိုလူငယ်၏ အရှိန်အဝါမှာ နူးညံ့သိမ်မွေ့ပြီး မျက်နှာတွင် ယဉ်ကျေးပျူငှာသော အပြုံးများဖြင့် ပြည့်နှက်နေကာ ခုနက ကြောင်လေး ဖော်ပြခဲ့သည့် မိန်းမလှလေး လေးငါးယောက်ကို ဖက်လျက် ပျော်ရွှင်စွာဖြင့် ပန်းရောင်ခြံဝင်းတစ်ခုထဲသို့ ဝင်သွားလေသည်။

​ထန်ထျန်း မေးစေ့ကို ပွတ်လိုက်မိ၏။ သူ၏ မျက်ဝန်းထဲတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွားသည်။

​သူ... ဘာလို့ ဒီမှာ ရှိနေတာလဲ

​ထိုလူငယ်မှာ ထန်ထျန်း ချင်းယွဲ့ဂိုဏ်းသို့ စရောက်ကာစက ပထမဆုံး သိကျွမ်းခဲ့သည့် ဂုဏ်ထူးဆောင်တပည့် ဝမ်ကျီယွီ ပင် ဖြစ်၏။

​ထိုစဉ်က သူနှင့် ဝမ်ကျီယွီတို့က ပွဲများစွာသို့ အတူတူ သွားခဲ့ကြပြီး ဝမ်ကျီယွီ၏ ပါးစပ်မှတစ်ဆင့် ချင်းယွဲ့ဂိုဏ်းအကြောင်း သတင်းအချက်အလက်များစွာကို သူ သိရှိခဲ့ရသည်။

​သို့သော် တောင်ထိပ် ငါးခု ဖလှယ်ပွဲ ပြီးနောက်တွင် သူတို့နှစ်ဦး ပြန်မဆုံဖြစ်တော့ပေ။

နောက်ပိုင်းတွင် ထန်ထျန်းက ဝမ်ကျီယွီကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း သူက ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားသည့်အလား လုံးဝ သတင်းအစအန မရတော့ပေ။

​ထို့နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဓိကတပည့် ရွေးချယ်ပွဲနှင့် တုယွမ်ချင်း သေဆုံးမှုကြောင့် ဖြစ်ပေါ်လာသည့် မုန်တိုင်းများအတွင်း၌လည်း ဝမ်ကျီယွီ၏ သတင်းကို မကြားရတော့ပေ။

​မထင်မှတ်ဘဲ ဤနေရာတွင် သူနှင့် ပြန်လည်ဆုံတွေ့ရလိမ့်မည်ဟု ထန်ထျန်း မတွေးထားခဲ့မိပေ။

​ခဏ စဉ်းစားပြီးနောက် ထန်ထျန်းက သွားနှုတ်ဆက်ရန် ဆုံးဖြတ်လိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူငယ်ချင်းဟောင်း တစ်ယောက်ဟု ဆိုနိုင်သည် မဟုတ်ပါလား။

​"ဟေး... ဟေး... မင်း ဘာလုပ်တာလဲ"

​"ငါက မကိုင်တွယ်နိုင်ဘူးဆိုပြီး ညဈေးတန်း သွားမယ်ဆို"

ကြောင်လေးက ထန်ထျန်း လမ်းကြားထဲသို့ ဝင်သွားသည်ကို မြင်သောအခါ နားမလည်နိုင်စွာ မေးလာ၏။

​ထန်ထျန်းက ရယ်မောကာ "အဲဒါ မင်းက မကိုင်တွယ်နိုင်တာလေ"

​"ငါ့လက်က ကြီးတယ်၊ ကိုင်ရတာ အေးဆေးပဲ"

​"လာပါ... မင်းကို လောကအမြင် ကျယ်အောင် ခေါ်သွားပေးမယ်"

​ပြောပြီးနောက် သူက ကြောင်လေးကို ခေါ်ကာ ဝမ်ကျီယွီ ခုနက ဝင်သွားသည့် ခြံဝင်းဆီသို့ လျှောက်သွားတော့သည်။

​ခြံဝင်းရှေ့သို့ ရောက်သည်နှင့် နွဲ့နှောင်းသော မိန်းကလေး အချို့က အနားသို့ တိုးကပ်လာကာ ချိုသာသော အသံများဖြင့် ကြိုဆိုကြ၏။ သူတို့၏ အမူအရာမှာ သိမ်မွေ့ကာ စကားပြောပုံမှာလည်း အလွန်အဆင့်အတန်း ရှိလှသဖြင့် အထူးလေ့ကျင့်ထားမှန်း သိသာလှသည်။

​ထန်ထျန်းကလည်း အတင်းအကျပ် ငြင်းဆန်မနေပေ၊ ၎င်းမှာ သူတို့၏ အလုပ်ဖြစ်သည် မဟုတ်ပါလား။

​မိန်းကလေး နှစ်ဦးကို ရွေးချယ်ကာ သူက ခြံဝင်းထဲသို့ ဝင်လာခဲ့၏။

​ဤခြံဝင်းမှာ အလွန်ကြီးမားပြီး အပြင်အဆင်မှာလည်း မဆိုးလှပေ။ သို့သော် အဓိကအချက်မှာ မီးရောင်များပင် ဖြစ်သည်။

မှိန်ပျပျ ပန်းရောင်မီးရောင်များထဲတွင် လူသားတို့၏ မူလရမ္မက်ကို နှိုးဆွပေးနိုင်သော အရာအချို့ ရောနှောနေကာ ဤကဲ့သို့သော နေရာမျိုးနှင့် အလွန် လိုက်ဖက်လှပေသည်။

​ခြံဝင်းအတွင်း၌ သီးသန့် အခန်းငယ်များစွာ ရှိပြီး အပြင်ဘက်တွင် စွမ်းအားကြီးမားသော လျှို့ဝှက်အစီအရင်များ ချထားသဖြင့် အတွင်းမှ ဧည့်သည်များ၏ သီးသန့်ဖြစ်မှုကို အာမခံထားသည်။

​သူက ရှေ့သို့ ဆက်လက်လျှောက်လှမ်းလာရာ ခြံဝင်းအလယ်ရှိ ဥယျာဉ်ကြီးတစ်ခုသို့ ရောက်ရှိလာခဲ့၏။

​ဥယျာဉ်အလယ်တွင် စင်မြင့်တစ်ခု ရှိပြီး မိန်းကလေး အချို့မှာ ကခုန်ဖျော်ဖြေနေကြသည်။

စင်မြင့်ပတ်ပတ်လည်တွင် ဧည့်သည်များစွာ ရှိနေကြပြီး သီချင်းနားထောင်ရင်း အကအလှကို ခံစားရင်း ဘေးတွင် အဖော်ပြုပေးနေသော မိန်းမလှလေးများနှင့်အတူ ဝိုင်သောက်ကာ ပျော်ပါးနေကြသည်။

​ဤနေရာတွင် ထန်ထျန်းသည် ခုနက ဝင်လာသော ဝမ်ကျီယွီကို တွေ့လိုက်ရ၏။

​"မင်းတို့ သွားလို့ရပြီ"

​ထန်ထျန်းက မိန်းကလေး နှစ်ဦးကို လွှတ်လိုက်ပြီး ဝမ်ကျီယွီဆီသို့ လျှောက်သွားသည်။

ထိုအချိန်တွင် ဝမ်ကျီယွီမှာ ကပြနေသည်ကို စိတ်ဝင်တစား ကြည့်နေသဖြင့် ထန်ထျန်း အနားရောက်လာသည်ကို သတိမပြုမိပေ။

​"အက က သိပ်မကောင်းသေးဘူး"

​"မီးရောင်က နည်းနည်း မှောင်နေတယ်၊ အဝတ်အစားတွေက ဒီထက် နည်းနည်း ပိုပါးရင် ကောင်းမှာ"

သူက ဝေဖန်ချက်ပင် ပေးနေသေးသည်။

​ထန်ထျန်း စိတ်ပျက်သွားမိကာ ချောင်းတစ်ချက် ဟန့်လိုက်ပြီး "မင်းနဲ့ ပြန်တွေ့ရမယ်လို့ ငါ မထင်ထားဘူး"

​"ဝမ်ကျီယွီ"

​နာမည်ခေါ်သံ ကြားသောအခါ ဝမ်ကျီယွီ လှည့်ကြည့်လာသည်။

ဘေးတွင် ရပ်နေသော ထန်ထျန်းကို မြင်သောအခါ သူ ကြောင်အသွား၏။

​အတန်ကြာမှ သူက ထိုင်နေရာမှ ဝုန်းကနဲ ထရပ်လိုက်ရာ ပခုံးကို နှိပ်ပေးနေသော မိန်းကလေး မှာ လဲကျလုနီးပါး ဖြစ်သွားသည်။

​"ဟာ...ညီကို ထန် "

​"မင်း ဘာလို့ ဒီကို ရောက်နေတာလဲ"

ဝမ်ကျီယွီက အံ့ဩတကြီး အော်လိုက်သည်။

​ထန်ထျန်းက ရယ်မောကာ "အဲဒါ ငါက မင်းကို မေးရမယ့် မေးခွန်း မဟုတ်ဘူးလား"

​"မင်း ဂိုဏ်းမှာ မနေဘဲ ဧကရာဇ်မြို့ထဲမှာ ဘာလုပ်နေတာလဲ"

​"ပြီးတော့ ပျောက်ချင်းမလှ ပျောက်သွားသေးတယ်"

​"မင်း သေသွားပြီလို့တောင် ငါ ထင်နေတာ"

​ဝမ်ကျီယွီမှာ ခဏမျှ ဆွံ့အသွားပြီးမှ "မဟုတ်တာ... ငါက အကောင်းကြီး ရှိနေသေးတာပဲ"

​"ပြီးတော့ ငါ ဘယ်လို လူစားလဲဆိုတာ မင်း မေ့နေပြီလား"

​သူက ပြုံးလျက် "ငါက ပျော်ရွှင်မှုကို ရှာတဲ့သူလေ၊ ပျော်စရာရှိတဲ့ နေရာတိုင်းမှာ ငါ ရှိမှာပေါ့"

​"ဂိုဏ်းပေါင်းစုံ တိုက်ပွဲက မကြာခင် စတော့မှာဆိုတော့ ဒီလို ပျော်စရာကြီးကို ငါ ဘယ်လွတ်သွားခံမလဲ"

​ပြောပြီးနောက် သူက အံ့ဩမှုကို ထိန်းချုပ်လိုက်ကာ ထန်ထျန်းကို ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။

​ထို့နောက် သူတို့နှစ်ဦး မျက်နှာချင်းဆိုင် ထိုင်လိုက်ကြ၏။

​"မင်း ဘာလို့ တစ်ယောက်တည်းလဲ၊ မိန်းမလှလေးတွေ မခေါ်ဘူးလား"

​"ဟီးဟီး... ငါ ပြောပြမယ်၊ ဒီက မိန်းမလှလေးတွေက ငါတို့ ဂိုဏ်းကလူတွေထက် အပြတ်အသတ် သာတယ်"

​"ငါ့ဆီက နှစ်ယောက်လောက် ခွဲပေးရမလား"

ဝမ်ကျီယွီက ပြုံး ကာ မေးသည်။

​ထန်ထျန်းက လက်ကာပြကာ ငြင်းဆန်လိုက်၏။

ယခုအချိန်တွင် သူက ထိုကဲ့သို့ ဟန်ဆောင်နေရန် မလိုတော့ပေ။

​သို့သော် ဝမ်ကျီယွီမှာမူ အနည်းငယ် အံ့ဩသွားပုံရပြီး ထန်ထျန်း၏ စရိုက်က ဘာကြောင့် ရုတ်တရက် ပြောင်းလဲသွားသနည်းဟု နားမလည်နိုင်သလို ဖြစ်နေသည်။

​"ကြည့်ရတာ မင်း ဒီနေရာနဲ့ တော်တော် ရင်းနှီးပုံရတယ်"

ထန်ထျန်းက ပြော လိုက်၏။

​ဝမ်ကျီယွီက ထန်ထျန်းအတွက် ဝိုင်တစ်ခွက် ငှဲ့ပေးရင်း "မဆိုးပါဘူး၊ ငါ ရောက်နေတာ တစ်လကျော်ပြီ"

​"တခြားတော့ မသိဘူး၊ ဒီဝန်းကျင်ကိုတော့ ငါ တော်တော် သိထားတယ်"

သူ ပြောရင်း ဝိုင်ခွက်ကို ထန်ထျန်းရှေ့သို့ တိုးပေးလိုက်သည်။

​ထန်ထျန်း ဝိုင်တစ်ခွက် သောက်လိုက်ပြီးမှ "မင်း ဘယ်တုန်းက ဂိုဏ်းက ထွက်လာတာလဲ၊ ဘာလို့ ကြိုမပြောတာလဲ"

​"ပြီးတော့ ဘာလို့ ဆက်သွယ်လို့တောင် မရတာလဲ"

​ဝမ်ကျီယွီက နောက်ထပ် ဝိုင်တစ်ခွက် ထပ်ငှဲ့ရင်း "ငါ ထွက်လာတာ တောင်ထိပ် ငါးခု ဖလှယ်ပွဲ ပြီးကတည်းကပဲ"

​"မတတ်နိုင်ဘူးလေ၊ ဧကရာဇ်မြို့က အရမ်းဝေးတာကိုး"

​"ငါက မင်းတို့လို တည်နေရာကူးပြောင်း အစီအရင် ကို သုံးနိုင်တာ မဟုတ်ဘူး၊ ငါ့ဘာသာ လမ်းလျှောက်လာရတာဆိုတော့ တစ်နှစ်နီးပါး ကြာတာပေါ့"

​"ငါ ထွက်လာတုန်းက မင်းကို လာရှာသေးတယ်၊ ဒါပေမဲ့ မင်းက အရမ်း အလုပ်ရှုပ်နေပုံရလို့ မနှောင့်ယှက်တော့ဘဲ တစ်ယောက်တည်း ထွက်လာခဲ့တာ"

​"ဆက်သွယ်တာ ကတော့..."

​ဝမ်ကျီယွီက ခေါင်းခါကာ "ဒီခရီးလမ်းက တော်တော် အန္တရာယ်များတယ်၊ ဒါကြောင့် ပြင်ပနဲ့ ဆက်သွယ်မှု ပြတ်တောက်သွားအောင် အထူးနည်းလမ်းအချို့ သုံးခဲ့ရတယ်။"

​"နောက်ပိုင်း ဝေးလာတဲ့အခါမှာတော့ ဆက်သွယ်ရေး ကျောက်စိမ်းပြားရဲ့ အကွာအဝေးက မမီတော့ဘူး"

​"ငါက တမင် ပျောက်သွားတာ မဟုတ်ပါဘူးကွာ"

​ထန်ထျန်း တိတ်ဆိတ်သွားပြီး ဝမ်ကျီယွီနှင့် နောက်ထပ် ဝိုင်တစ်ခွက် တိုက်လိုက်သည်။

​ဤရှင်းပြချက်မှာ ဟာကွက်များစွာ ရှိနေ၏။

​သို့သော် လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်နှင့် ဝှက်ဖဲ များ ရှိကြစမြဲ ဖြစ်ရာ ကျင့်ကြံသူအချင်းချင်းအနေဖြင့် ထန်ထျန်းက အတင်းအကျပ် မေးမနေတော့ပေ။

​သို့သော် မည်သို့ပင်ဆိုစေကာမူ သာမန် ဂုဏ်ထူးဆောင်တပည့် တစ်ဦးအနေဖြင့် ချင်းယွဲ့ဂိုဏ်းမှသည် ဤမျှဝေးလံသော ဧကရာဇ်မြို့အထိ ဘေးကင်းလုံခြုံစွာ ရောက်ရှိလာနိုင်ခြင်းမှာ...

​သူကလည်း လုံးဝ သာမန်လူတစ်ယောက် မဟုတ်သည်မှာ အသေအချာပင် ဖြစ်လေတော့သည်။

All Chapters